သူနာပြုများ—သူတို့ကို အဘယ်ကြောင့် ကျွန်ုပ်တို့လိုအပ်ရသနည်း
သူနာပြုများ—သူတို့ကို အဘယ်ကြောင့် ကျွန်ုပ်တို့လိုအပ်ရသနည်
“သူနာပြုလုပ်ငန်းသည် အခက်ခဲဆုံးအတတ်ပညာများထဲမှ တစ်ခုဖြစ်သည်။ သနားကြင်နာမှုသည် အကြောင်းရင်းခံဖြစ်နိုင်၏၊ သို့သော် အသိပညာမှာ ကျွန်ုပ်တို့၏ တစ်ခုတည်းသောလုပ်ဆောင်မှုစွမ်းပကားဖြစ်သည်။”—မေရီ အဒဲလက်ဒ် နက်တင်း၊ ၁၉၂၅၊ ကမ္ဘာ့ပထမဦးဆုံးသောသူနာပြုပါမောက္ခ။
သူနာပြုလုပ်ငန်း၏ အရိုးရှင်းဆုံးအသွင်သဏ္ဌာန်သည် နှစ်ပေါင်းထောင်နှင့်ချီ၍ ကျမ်းစာခေတ်ကတည်းကပင် စတင်ခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁:၂-၄) သမိုင်းတစ်လျှောက် အထင်ကရအမျိုးသမီးများစွာသည် လူနာများကို ပြုစုခဲ့ကြသည်။ ဥပမာ၊ ဟန်ဂေရီနိုင်ငံ ဒုတိယမြောက် အင်ဒရူးဘုရင်၏သမီးတော် အယ်လီဇဘက် (၁၂၀၇-၃၂) ကို သုံးသပ်ကြည့်ပါ။ သူသည် ၁၂၂၆ ခုနှစ်၊ အစာခေါင်းပါးစဉ်ကာလအတွင်း အစားအစာဖြန့်ဝေမှုကို စီမံဖွဲ့စည်းပေးခဲ့သည်။ ထို့နောက် ဆေးရုံများဆောက်လုပ်ရန် စီစဉ်ပေးခဲ့ပြီး ထိုတွင် အနာကြီးရောဂါသည်များကို ပြုစုပေးခဲ့သည်။ အယ်လီဇဘက်၏ တိုတောင်းသောအသက်တာ၏အများစုမှာ လူနာများကို ပြုစုစောင့်ရှောက်ခြင်းဖြင့် ကုန်လွန်ခဲ့ပြီး၊ အသက် ၂၄ နှစ်အရွယ်သာရှိသေးစဉ် ကွယ်လွန်သွားခဲ့သည်။
ဖလောရင့်စ် နိုက်တင်ဂေးလ်အကြောင်းမပြောဘဲ သူနာပြုလုပ်ငန်း၏သမိုင်းကြောင်း ပြောဆိုရန်မဖြစ်နိုင်ပါ။ ဤရဲစွမ်းသတ္တိရှိသော အင်္ဂလိပ်အမျိုးသမီးသည် သူနာပြု ၃၈ ယောက်ပါဝင်သောအုပ်စုတစ်စုနှင့် ၁၈၅၃-၅၆ ခုနှစ် ခရိုင်မီယာတိုက်ပွဲကာလအတွင်း ကောစတန်တီနိုပဲလ်မြို့ဆင်ခြင်ဖုံးမှ စကူတာရီရပ်ကွက်ရှိ စစ်ဆေးရုံကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုနေရာသို့ သူရောက်ရှိခဲ့ချိန်က သေသည့်နှုန်းသည် ၆၀ ရာခိုင်နှုန်းနီးပါးရှိခဲ့သည်; ၁၈၅၆ ခုနှစ်တွင် သူထွက်သွားသည့်အခါ ၂ ရာခိုင်နှုန်းလျော့နည်းသွားခဲ့သည်။—စာမျက်နှာ ၆ လေးထောင့်ကွက်ကိုရှု။
သူနာပြုလုပ်ငန်းအပေါ် အပြင်းအထန်သြဇာသက်ရောက်မှုနောက်တစ်ခုမှာ ခရိုင်မီယာသို့မသွားမီ နိုက်တင်ဂေးလ်တက်ရောက်ခဲ့သည့် ဂျာမနီနိုင်ငံ ကိုင်ဇာစ်ဗာ့သ်မြို့ရှိ ပရိုတက်စတင့် သင်းထောက်အမျိုးသမီးများအသင်းဖြစ်သည်။ အချိန်တန်သော် အခြားအထင်ကရသူနာပြုအုပ်စုများ ပေါ်ပေါက်လာခဲ့သည်။ ဥပမာ၊ ၁၉၀၃ ခုနှစ်တွင် အဂ်နီးစ် ကားလ်သည် ဂျာမန်သူနာပြုများအတွက် ပညာသည်အဖွဲ့ကို တည်ထောင်ခဲ့သည်။
ယနေ့ သူနာပြုများသည် ကျွန်ုပ်တို့၏ကျန်းမာရေးစောင့်ရှောက်မှုစနစ်၌ အကြီးမားဆုံးပညာသည်အုပ်စုအဖြစ် ယူမှတ်ခံရကြသည်။ လောလောဆယ်တွင် နိုင်ငံပေါင်း ၁၄၁ နိုင်ငံ၌ အမှုထမ်းနေကြသော သူနာပြုနှင့် သားဖွားဆရာမ ၉,၀၀၀,၀၀၀ ကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖော်
ပြသည်။ တကယ့်အရေးပါလှသောအလုပ်ကို သူတို့ဆောင်ရွက်နေကြသည်! သူနာပြုများသည် လူနာများအသက်ရှင်ရပ်တည်ရေးအတွက် အရေးပါသည့် “ဂရုစိုက်မှု၊ အသိပညာနှင့် ယုံကြည်စိတ်ချမှုတို့ကို ပေါင်းစပ်လုပ်ဆောင်” ပေးကြကြောင်း အတ္တလန္တိတ်လစဉ်က ဖော်ပြသည်။ ထို့ကြောင့် သူနာပြုများနှင့်စပ်လျဉ်း၍ သူတို့မရှိလျှင် ကျွန်ုပ်တို့ဘာလုပ်ကြမည်နည်းဟု လျော်ကန်စွာ မေးနိုင်ပါသည်။နာလန်ထူရေး၌ သူနာပြု၏ကဏ္ဍ
စွယ်စုံကျမ်းတစ်ကျမ်းက သူနာပြုလုပ်ငန်းကို “လူနာတစ်ဦးအား မကျန်းမာမှု သို့မဟုတ် ထိခိုက်ဒဏ်ရာရမှုမှ နာလန်ထူလာဖို့ သို့မဟုတ် အတတ်နိုင်ဆုံး အမှီအခိုကင်းသည့်အခြေအနေကို ပြန်ရစေဖို့ သူနာပြုတစ်ဦးက ကူညီပေးရသည့် လုပ်ငန်းစဉ်” ဟုအဓိပ္ပာယ်ဖွင့်ဆိုသည်။
ထိုလုပ်ငန်းစဉ်တွင် ထိုထက်မကပါဝင်သည်မှာ မှန်ပါသည်။ သွေးခုန်နှုန်းနှင့် သွေးဖိအားတိုင်းခြင်းကဲ့သို့သော လုပ်ရိုးလုပ်စဉ်စမ်းသပ်မှုများထက်မကပေ။ လူနာတစ်ဦးနာလန်ထူရေး၌ သူနာပြုသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်။ အမေရိကန်ဆေးဘက်ဆိုင်ရာအသင်း ဆေးစွယ်စုံကျမ်း၏အဆိုအရ “သူနာပြုသည် ရောဂါကိုယ်နှိုက်ထက် ယင်းကို လူနာတုံ့ပြန်မှုနှင့်ပတ်သက်၍ ပို၍စိုးရိမ်ကြောင့်ကြသည်၊ ကာယရေးနာကျင်မှုကို လျော့နည်းစေခြင်း၊ စိတ်ဝေဒနာကိုသက်သာစေခြင်းနှင့် ဖြစ်နိုင်ပါက ရောဂါဆင့်ပွားမှုများမှ ရှောင်ကြဉ်ဖို့ စောင့်ရှောက်သည်။” ထို့အပြင်၊ သူနာပြုသည် “စိုးရိမ်ပူပန်မှုများနှင့် ကြောက်ရွံ့မှုများကို စိတ်ရှည်ရှည်နားထောင်ပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာထောက်မမှုနှင့် နှစ်သိမ့်မှုပေးခြင်းတို့ ပါဝင်သည့် နားလည်မှုရှိသောပြုစုစောင့်ရှောက်မှု” ပေးသည်။ လူနာတစ်ဦးသေအံ့ဆဲဆဲဖြစ်နေချိန် သူနာပြု၏အခန်းကဏ္ဍမှာ “လူနာကို ပူပင်သောကနည်းနိုင်သမျှနည်းစေပြီး အတတ်နိုင်ဆုံး ဂုဏ်သိက္ခာရှိရှိဖြင့် သေခြင်းတရားကိုရင်ဆိုင်ဖို့ ကူညီပေးခြင်း” ဖြစ်သည်ဟု ယင်းစွယ်စုံကျမ်းက ဖော်ပြသည်။
သူနာပြုများစွာတို့သည် လိုအပ်သည်ထက်ပို၍ လုပ်ဆောင်ကြသည်။ ဥပမာ၊ အယ်လင် ဒီ. ဘားက နယူးယောက်စီးတီးရှိ မွန်တီဖိုင်ယာ ဆေးကုဌာန၌ သူတွေ့ကြုံရသည့်အကြောင်းကို ရေးသားခဲ့သည်။ သူသည် ခွဲစိတ်ကုသသည့်အဖွဲ့နှင့်အတူ နံနက်ပိုင်းအလုပ်ကို အလောတကြီးမလုပ်ချင်ပေ။ “ကျွန်မ လူနာတွေနဲ့ နေချင်တယ်” ဟုသူရေးသည်။ “သူတို့အသက်ရှူဖို့၊ သွားလာလှုပ်ရှားနိုင်ဖို့၊ ကောင်းကောင်းမွန်မွန် ဆေးလိမ်းပတ်တီးစည်းပေးဖို့၊ သူတို့မေးခွန်းတွေကိုဖြေဖို့၊ ရှင်းပြပေးပြီး သက်သောင့်သက်သာရှိစေဖို့ ကျွန်မလုပ်ပေးချင်ပါတယ်။ ကျွန်မ လူနာတွေနဲ့ လက်ပွန်းတတီးနေရတာကို ကြိုက်တယ်။”
လူနာတစ်ဦးအဖြစ် ဆေးရုံတက်ခဲ့ဖူးသူမှန်သမျှသည် ထိုသို့သောကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိသည့် စာနာထောက်ထားသောသူနာပြုတစ်ဦးကို ပြန်အမှတ်ရနိုင်ကြသည်မှာအမှန်ပင်။ သို့သော် ကျွမ်းကျင်သောသူနာပြုတစ်ဦးဖြစ်လာရန် အဘယ်အရာလိုအပ်သနည်း။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
ဖလောရင့်စ် နိုက်တင်ဂေးလ်
[Credit Line]
Courtesy National Library of Medicine