မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူနာပြုများ၏ အရေးပါသောအခန်းကဏ္ဍ

သူနာပြုများ၏ အရေးပါသောအခန်းကဏ္ဍ

သူနာပြုများ၏ အရေးပါသောအခန်းကဏ္ဍ

“သူနာပြုတစ်ဦးသည် ကြည့်ရှုစောင့်ရှောက်ပေးသူ၊ ကာကွယ်ပေးသူတစ်ဦး—⁠လူနာ၊ ထိခိုက်ဒဏ်ရာရသူနှင့် သက်ကြီးရွယ်အိုတို့ကို ပြုစုပေးရသူတစ်ဦးဖြစ်သည်။”—⁠ယနေ့လောကမှ သူနာပြုလုပ်ငန်း—⁠စိန်ခေါ်ချက်များ၊ အကျိုးဆက်များနှင့် ခေတ်ရေစီးကြောင်းများ။

တစ်ကိုယ်ကောင်းမဆန်ခြင်းသည် မရှိမဖြစ်လိုအပ်သော်လည်း ကျွမ်းကျင်သောသူနာပြုတစ်ဦးမဖြစ်စေနိုင်ပါ။ သူနာပြုကောင်းများသည် ကျယ်ကျယ်ပြန့်ပြန့်လေ့ကျင့်မှုနှင့် အတွေ့အကြုံများဖို့လည်း လိုအပ်ပေသည်။ မရှိမဖြစ်လိုအပ်သောအရာတစ်ခုမှာ တစ်နှစ်မှလေးနှစ်အထိ သို့မဟုတ် ထိုထက်မကလေ့လာပြီး လက်တွေ့သင်ကြားခြင်းဖြစ်သည်။ သို့သော် အဘယ်အရည်အချင်းများက သူနာပြုကောင်းတစ်ဦးဖြစ်စေသနည်း။ နိုးလော့!မှတွေ့ဆုံမေးမြန်းခဲ့သည့် အတွေ့အကြုံရှိသောသူနာပြုများ၏ အဖြေတချို့မှာ ဤသို့ဖြစ်သည်။

“ဆရာဝန်က လူနာကို ကုသပေးတယ်၊ ဒါပေမဲ့ သူနာပြုက ပြုစုပေးတယ်။ ဥပမာအနေနဲ့ နာတာရှည်ရောဂါရှိတယ် ဒါမှမဟုတ် သေခြင်းတရားကိုရင်ဆိုင်ရတော့မယ်လို့ သူတို့အသိပေးခံရတဲ့အခါ စိတ်ရောကိုယ်ပါ ထိခိုက်သွားတဲ့လူနာတွေကို တည်ဆောက်ပေးဖို့ လိုအပ်လေ့ရှိတယ်။ သင်ဟာ လူနာအတွက် မိခင်တစ်ဦးဖြစ်ရမယ်။”—⁠ကားမန် ဂီလ်မာတင်၊ စပိန်။

“လူနာခံစားရတဲ့နာကျင်မှုနဲ့ ပြင်းပြတဲ့ဝေဒနာကို ခံစားပေးနိုင်ဖို့နဲ့ ကူညီပေးနိုင်ဖို့လိုတယ်။ ကြင်နာမှုနဲ့စိတ်ရှည်မှုတို့ လိုတယ်။ သင်ဟာ သူနာပြုလုပ်ငန်းနဲ့ဆေးပညာအကြောင်းကို ပိုသိချင်စိတ် အမြဲရှိရမယ်။”—⁠တာဒါရှီ ဟာတာနို၊ ဂျပန်။

“မကြာသေးမီနှစ်တွေမှာ သူနာပြုတွေဟာ ကျွမ်းကျင်မှုဆိုင်ရာအသိပညာ ပိုလိုအပ်လာပါတယ်။ ဒါကြောင့် လေ့လာလိုတဲ့ဆန္ဒနဲ့ လေ့လာခဲ့တာကို နားလည်နိုင်တဲ့အစွမ်းတို့ဟာ မရှိမဖြစ်လိုတယ်။ အခြေအနေက တောင်းဆိုလာတဲ့အခါ သူနာပြုတွေဟာ ဆုံးဖြတ်ချက်မြန်မြန်ချဖို့နဲ့ အမြန်လှုပ်ရှားဆောင်ရွက်ဖို့လိုတယ်။”—⁠ကေကို ကာဝါနီ၊ ဂျပန်။

“သူနာပြုတစ်ယောက်အနေနဲ့ နွေးထွေးပျူငှာရမယ်။ သည်းခံရမယ်၊ စာနာမှုပြရမယ်။”—⁠အေရာစီလီ ဂါစီအာ ပါဒီရာ၊ မက္ကဆီကို။

“သူနာပြုကောင်းတစ်ယောက်ဟာ စေ့စပ်ရမယ်၊ မျက်စိလျင်ရမယ်၊ အလွန်ပဲကျွမ်းကျင်ရမယ်။ သူနာပြုတစ်ယောက်ဟာ ကိုယ်ကျိုးမစွန့်ရင်—⁠သူ့မှာ တစ်ကိုယ်ကောင်းဆန်တဲ့ဉာဉ်ရှိမယ် ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာမှာ ပိုအဆင့်မြင့်မားတဲ့တခြားသူတွေဆီက အကြံပေးမှုတွေကို မကျေမနပ်ဖြစ်မယ်ဆိုရင်တော့—⁠အဲဒီသူနာပြုဟာ လူနာများနဲ့ရော လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါ မသင့်မမြတ်ဖြစ်လာမယ်။”—⁠ရိုဇန်လာ ဆန်တိုစ်၊ ဘရာဇီး။

“ပြောင်းသာလွှဲသာရှိခြင်း၊ သည်းခံခြင်းနဲ့ စိတ်ရှည်ခြင်းတို့ဟာ မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတချို့ဖြစ်တယ်။ သင်ဟာ အမြင်ကျယ်ရမယ်၊ သင့်လုပ်ဖော်ကိုင်ဖက်တွေ၊ ဆေးဘက်ဆိုင်ရာအကြီးအမှူးတွေနဲ့ အဆင်ပြေနိုင်တဲ့ အရည်အချင်းရှိရမယ်။ လက်ရုံးရည်နှလုံးရည်အမြဲရှိနေဖို့ သစ်လွင်တဲ့ကျွမ်းကျင်မှုတွေကို လေ့ကျက်ဖို့ မြန်ဆန်ရမယ်။”—⁠မာ့ခ် ခိုးလာ၊ ပြင်သစ်။

“သင်ဟာ လူတွေကိုချစ်ရမယ့်အပြင် တခြားသူတွေကို အမှန်တကယ် ကူညီပေးချင်စိတ်ရှိရမယ်။ သူနာပြုလောကမှာ အမှားခံလို့မဖြစ်တဲ့အတွက်ကြောင့် စိတ်ဖိစီးမှုကို ဖြေရှင်းနိုင်ရမယ်။ တစ်ခါတလေ လုပ်ဖော်ကိုင်ဖက်နည်းနည်းနဲ့ အရည်အသွေးကျမသွားစေဘဲ အဲဒီအလုပ်ကိုလုပ်ဖို့ ပြောင်းသာလွှဲသာရှိရမယ်။”—⁠ကလော်ဒီယာ ရာကာ-ဘေကာ၊ နယ်သာလန်။

ပြုစုပေးရသည့်သူနာပြု

“သူနာပြုလုပ်ငန်းသည် ကျန်းမာရေးနှင့်ပတ်သက်သည့် အခြေအနေအမျိုးမျိုး၌ လူတစ်ဦးအား ပြုစုပေးခြင်းနှင့်သက်ဆိုင်သည်။ သို့ဖြစ်၍ လူနာအားကုသမှုနှင့် ထိုလူနာကိုပြုစုရသည့် သူနာပြုလုပ်ငန်းတွင် ဆေးဝါးများပါဝင်ပတ်သက်ခြင်းကို ကျွန်ုပ်တို့ထည့်စဉ်းစားကြသည်” ဟု ယနေ့လောကသူနာပြုလုပ်ငန်း ကဖော်ပြသည်။

သို့ဖြစ်ရကား သူနာပြုတစ်ဦးသည် ပြုစုပေးသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် သူနာပြုသည် ပြုစုရသည်မှာ ထင်ရှားပါသည်။ လွန်ခဲ့သောအချိန်တစ်ချိန်က မှတ်ပုံတင်သူနာပြု ၁,၂၀၀ တို့သည် “သူနာပြုတစ်ယောက်အနေနဲ့ သင့်အလုပ်မှာ ဘာကအရေးအကြီးဆုံးလဲ” ဟုမေးမြန်းခြင်းခံခဲ့ရကြသည်။ ၉၈ ရာခိုင်နှုန်းက အရည်အချင်းရှိရှိပြုစုပေးခြင်းဖြစ်သည်ဟု ဖြေဆိုခဲ့ကြသည်။

တစ်ခါတစ်ရံ သူနာပြုများသည် လူနာများအတွက် မိမိတို့၏တန်ဖိုးကို လျှော့တွက်ကြသည်။ အထက်တွင်ဖော်ပြထားသည့် အတွေ့အကြုံ ၁၂ နှစ်ရှိသော သူနာပြု ကားမန်ဂီလ်မာတင်က နိုးလော့!ကို ဤသို့ပြောပြသည်– “တစ်ခါက အသည်းအသန် ဖျားနာနေတဲ့လူနာတွေကို ပြုစုပေးရတဲ့အခါ ကျွန်မဟာအရေးမပါလှဘူးလို့ မိတ်ဆွေတစ်ယောက်ထံမှာ ဝန်ခံခဲ့တယ်။ ‘ပတ်တီး’ သာသာပဲရှိတယ်လို့ ကိုယ့်ကိုကိုယ်သုံးသပ်မိတယ်။ ဒါပေမဲ့ ကျွန်မရဲ့မိတ်ဆွေက ‘လူတစ်ဦးဖျားနာလာတဲ့အခါ တခြားအရာအားလုံးထက် လိုအပ်တဲ့အရာ—⁠ထောက်ထားစာနာတတ်တဲ့ သူနာပြုတစ်ဦး—⁠ကမင်းဖြစ်နေတဲ့အတွက် တကယ့်ကိုတန်ဖိုးရှိတဲ့ ‘ပတ်တီးပါ’ ” ဟုပြန်ပြောခဲ့တယ်။”

ထိုသို့ပြုစုပေးခြင်းက တစ်နေ့လျှင် ဆယ်နာရီ သို့မဟုတ် ထို့ထက်မက အလုပ်လုပ်ရသည့် သူနာပြုတစ်ဦးအား အလွန်ပင်ပန်းနွမ်းနယ်စေနိုင်သည်မှာ ပြောစရာမလိုပေ! သူနာပြုများဖြစ်လာရန် ဤကိုယ်ကျိုးစွန့်သော ပြုစုပေးသူများကို အဘယ်အရာက လှုံ့ဆော်ပေးခဲ့သနည်း။

အဘယ်ကြောင့် သူနာပြုတစ်ဦးဖြစ်လာရသနည်း

နိုးလော့!သည် ကမ္ဘာတစ်ဝန်းရှိ သူနာပြုများကို တွေ့ဆုံမေးမြန်းခဲ့ပြီး “သူနာပြုတစ်ယောက်ဖြစ်လာဖို့ ဘာကလှုံ့ဆော်ပေးသလဲ” ဟုသူတို့အား မေးမြန်းခဲ့သည်။ သူတို့၏အဖြေများမှတချို့မှာ ဤသို့ဖြစ်သည်။

တယ်ရီ ဝစ်သ်သာဆင်သည် သူနာပြုလုပ်ငန်းအတွေ့အကြုံ ၄၇ နှစ်ရှိသည်။ ယခု သူသည် အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့ရှိ ဆေးရုံတစ်ရုံ၏ ဆီးပညာဌာနမှ ဆေးခန်းတွင် အထူးသူနာပြုတစ်ဦးအဖြစ် ထမ်းဆောင်နေသည်။ “ကျွန်မဟာ ကက်သလစ်ဘာသာဝင်တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ပြီး ကက်သလစ်ဘော်ဒါကျောင်းမှာ ကျောင်းတက်ခဲ့တယ်” ဟုသူဆိုသည်။ “မိန်းကလေးတစ်ယောက်အနေနဲ့ သီလရှင် ဒါမှမဟုတ် သူနာပြုတစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူတစ်ပါးအကျိုးဆောင်ဖို့ဆန္ဒ ကျွန်မမှာရှိခဲ့တယ်။ အဲဒါကို အသက်မွေးလုပ်ငန်းလို့ ခေါ်ရမှာပေါ့။ သိတဲ့အတိုင်းပါပဲ သူနာပြုလုပ်ငန်းကို ကျွန်မရွေးချယ်ခဲ့တယ်။”

ဂျပန်နိုင်ငံ၊ ဆာအီတာမာမြို့မှ ချီဝါ မတ်စူနာဂါသည် ကိုယ်ပိုင်ဆေးခန်းကို ရှစ်နှစ်ကြာဖွင့်လှစ်ခဲ့သည်။ သူဤသို့ဆိုသည်– “ ‘ရာသက်ပန် လုပ်ငန်းအတွက် အရည်အချင်းပြည့်မီစေမယ့် အတတ်ပညာတစ်ခုကို လိုက်စားတာ အကောင်းဆုံးပဲ’ ဆိုတဲ့ အဖေရဲ့အယူအဆကို ကျွန်မလိုက်လျှောက်ခဲ့တယ်။ ဒါကြောင့် သူနာပြုလုပ်ငန်းကို ကျွန်မရွေးချယ်ခဲ့ပါတယ်။”

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှ သူနာပြုလုပ်ငန်းအတွေ့အကြုံ ၃၈ နှစ်ရှိသည့် သူနာပြုအုပ် အစ်ဆူကို ကိုတာနီက ဤသို့ဆိုသည်– “ကျွန်မကျောင်းတက်နေတုန်းက အဖေဟာမူးလဲသွားပြီး သွေးအများကြီးထွက်ခဲ့တယ်။ ဆေးရုံမှာ ကျွန်မအဖေကို စောင့်ကြပ်နေတုန်းမှာပဲ နောင်တစ်ချိန်မှာ လူနာတွေကို ကူညီပေးနိုင်အောင် သူနာပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။”

အခြားသူတို့မူကား ဖျားနာနေစဉ် မိမိတို့ကိုယ်ပိုင်အတွေ့အကြုံအရ လှုံ့ဆော်ခံခဲ့ကြရ၏။ မက္ကဆီကိုနိုင်ငံမှ သူနာပြုတစ်ဦးဖြစ်သူ အီနာဒါ ဘီအရာက ဤသို့ဆိုသည်– “ကျွန်မခြောက်နှစ်သမီးအရွယ်တုန်းက လည်ချောင်းရောင်နာကြောင့် နှစ်ပတ်တိတိ ဆေးရုံတက်ခဲ့ရတယ်၊ အဲဒီကတည်းက သူနာပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။”

သူနာပြုတစ်ဦးဖြစ်ခြင်းတွင် ကြီးမားသော ကိုယ်ကျိုးစွန့်မှုလိုအပ်သည်မှာ ရှင်းနေပါသည်။ ဤမွန်မြတ်သော အသက်မွေးဝမ်းကျောင်းပညာ၏ စိန်ခေါ်ချက်များနှင့် အကျိုးကျေးဇူးများကို အနီးကပ်လေ့လာကြည့်ကြပါစို့။

သူနာပြုတစ်ဦးဖြစ်ခြင်း၏ ရွှင်လန်းမှုများ

သူနာပြုလုပ်ငန်း၏ရွှင်လန်းမှုများကား အဘယ်အရာများနည်း။ ထိုမေးခွန်း၏အဖြေသည် လူတစ်ဦး၏ သူနာပြုလုပ်ငန်းနယ်ပယ်အပေါ် မူတည်ပါလိမ့်မည်။ ဥပမာ သားဖွားဆရာမများသည် အောင်အောင်မြင်မြင် မွေးဖွားသည့်အခါတိုင်း အကျိုးကျေးဇူးခံစားကြရသည်။ “သင်ကြီးကြပ်ခဲ့ရပြီး ကြီးထွားဖွံ့ဖြိုးလာတဲ့ ကျန်းမာတဲ့ကလေးငယ်တစ်ယောက်ကို မွေးဖွားပေးရတာဟာ အံ့ဩစရာပါပဲ” ဟုနယ်သာလန်နိုင်ငံမှ သားဖွားဆရာမတစ်ဦးကဆိုသည်။ နယ်သာလန်နိုင်ငံမှ ရိုလန်ဒါ ကီလင်-ဖန်ဟော့ဖ်ကလည်း ဤသို့ဆိုသည်– “မွေးဖွားပေးရတာဟာ မောင်နှံတစ်စုံ—⁠နဲ့ ကျန်းမာရေးလုပ်သားတစ်ယောက်—⁠တို့ တွေ့ကြုံနိုင်တဲ့ အလှပဆုံးအရာတွေထဲကတစ်ခုဖြစ်တယ်။ အံ့ဖွယ်အမှုပါပဲ!”

ပြင်သစ်နိုင်ငံ၊ ဒရိုမြို့မှ ရာရှစ် အာဆမ်သည် သူ၏အစောပိုင်း အနှစ် ၄၀ ကာလအတွင်း နိုင်ငံတော်အသိအမှတ်ပြု သူနာပြုအထူးမေ့ဆေးဆရာတစ်ဦးဖြစ်သည်။ သူနာပြုလုပ်ငန်းကို သူအဘယ်ကြောင့် နှစ်သက်ရသနည်း။ “အောင်မြင်သောခွဲစိတ်ကုသမှုတွင် ပါဝင်ကူညီရခြင်းနှင့် စိတ်ဝင်စားစရာကောင်းပြီး မပြတ်တိုးတက်နေသည့် အသက်မွေးပညာသည်တစ်ဦးဖြစ်ရခြင်း၏ စိတ်ကျေနပ်မှု” ကြောင့်ဟု သူဆိုသည်။ ပြင်သစ်နိုင်ငံမှ အိုင်းဇက် ဘန်ဂီလီကလည်း ဤသို့ဆိုသည်– “လူနာတွေနဲ့ သူတို့ရဲ့မိသားစုတွေဆီက ကျေးဇူးတင်စကားတွေက ကျွန်တော့်ကိုထိမိခဲ့တယ်၊ အထူးသဖြင့် အရေးပေါ်အခြေအနေတွေမှာ မျှော်လင့်ချက်မရှိတော့ဘူးလို့ ကျွန်တော်တို့ထင်ထားတဲ့ လူနာတစ်ယောက်ကို နာလန်ထူလာဖို့ တာဝန်ယူစီမံပေးရတဲ့အခါမှာဖြစ်တယ်။”

ထိုသို့သောကျေးဇူးတင်စကားကို စောစောပိုင်းကဖော်ပြခဲ့သော တယ်ရီ ဝစ်သ်သာဆင်ထံ ပေးပို့ခဲ့သည်။ မုဆိုးမတစ်ဦးက ဤသို့ရေးသားခဲ့သည်– “ချားလ်စ်ဖျားနာချိန်တစ်လျှောက်လုံး အပါးမှာစိတ်ချလက်ချနဲ့ ရှင့်ရဲ့ တည်ငြိမ်မှုကနေ ကျွန်မတို့ရရှိခဲ့တဲ့ စိတ်သက်သာမှုကို ပြန်မပြောဘဲ မနေနိုင်ပါဘူး။ ရှင့်ရဲ့နွေးထွေးပျူငှာမှုက တောက်ပတဲ့အလင်းတစ်ခုဖြစ်ခဲ့သလို အထောက်အမတစ်ခုဖြစ်လာပြီး အဲဒီကနေ ကျွန်မတို့ခွန်အားရရှိခဲ့ကြတယ်။”

စိန်ခေါ်ချက်များကိုရင်ဆိုင်ခြင်း

သို့သော် သူနာပြုလုပ်ငန်း၏ရွှင်လန်းမှုများနှင့်အတူ စိန်ခေါ်ချက်များစွာ ဒွန်တွဲပါလာသည်။ အမှားခံ၍မဖြစ်ပေ! ဆေးဝါးပေးခြင်းဖြစ်စေ၊ သွေးဖောက်ခြင်းဖြစ်စေ၊ သွေးပြန်ကြောတွင်းသို့ ကိရိယာထည့်သွင်းခြင်းဖြစ်စေ၊ လူနာကိုရွှေ့ခြင်းပင်ဖြစ်စေ သူနာပြုတစ်ဦးသည် အလွန်ဂရုစိုက်ရပါမည်။ သူသည် မှား၍မဖြစ်ချေ၊ တရားစွဲခံရလေ့ရှိသည့်နိုင်ငံများတွင် ယင်းသည် အထူးသဖြင့်မှန်ကန်ပါသည်။ သို့တိုင်၊ တစ်ခါတစ်ရံ သူနာပြုသည် ခဲယဉ်းသောအခြေအနေတစ်ရပ်၌ ရှိနေတတ်သည်။ ဥပမာ၊ ဆရာဝန်သည် လူနာကို ဆေးမှားညွှန်းပေးလိုက်သည် သို့မဟုတ် လူနာကိုအကျိုးအပြုဆုံးမဟုတ်သည့် ညွှန်ကြားချက်များကိုပေးကြောင်း ခံစားရသည် ဆိုကြပါစို့။ သူနာပြုသည် အဘယ်အရာလုပ်ဆောင်နိုင်သနည်း။ ဆရာဝန်ကို စောဒကတက်မည်လော။ ယင်းတွင် သတ္တိ၊ လိမ္မာပါးနပ်မှုရှိဖို့လို၏—⁠ယင်းတွင် စွန့်စားလုပ်ဆောင်ရမှု ပါဝင်သည်။ ဆရာဝန်အချို့သည် လက်အောက်ငယ်သားများအဖြစ် သူတို့ယူမှတ်သူများထံမှ အကြံပေးချက်များကို အလွယ်တကူ လက်မခံကြခြင်းမှာ ဝမ်းနည်းစရာပင်။

ဤကိစ္စနှင့်စပ်လျဉ်း၍ အဘယ်အရာကို သူနာပြုအချို့ သတိပြုမိခဲ့ကြသနည်း။ ယူ.အက်စ်.အေ.၊ ဝီစကောဆင်မှ ၃၄ နှစ်တာအတွင်း မှတ်ပုံတင်သူနာပြုတစ်ဦးဖြစ်သူ ဘာဘရာ ရီးနစ်ခ်က နိုးလော့!ကို ဤသို့ပြောပြသည်– “သူနာပြုတစ်ယောက်ဟာ သတ္တိရှိရမယ်။ အရေးအကြီးဆုံးကတော့ သူပေးလိုက်တဲ့ ဘယ်ဆေးဝါးအတွက်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အဲဒီဆေးဝါးတွေကြောင့်ဖြစ်တဲ့ ဘယ်လိုထိခိုက်မှုအတွက်ပဲဖြစ်ဖြစ် တရားဥပဒေအရ တာဝန်ရှိတယ်။ ဆရာဝန်ဆီကညွှန်ကြားချက်တစ်ခုဟာ သူ့ရဲ့နယ်ပယ်ထက်ကျော်လွန်တယ်လို့ ခံစားရရင် ဒါမှမဟုတ် မမှန်ဘူးလို့ယုံကြည်ရင် အဲဒီညွှန်ကြားချက်ကို ငြင်းပယ်နိုင်ရမယ်။ သူနာပြုလုပ်ငန်းဟာ ဖလောရင့်စ် နိုက်တင်ဂေးလ်ခေတ် ဒါမှမဟုတ် လွန်ခဲ့တဲ့အနှစ် ၅၀ ကလိုမဟုတ်ဘူး။ အခု သူနာပြုဟာ ဘယ်အချိန်မှာ ဆရာဝန်ကို ငြင်းဆန်ရမယ်၊ ညဉ့်နက်သန်းခေါင်အချိန်ဖြစ်ရင်တောင်မှ လူနာကိုကြည့်ဖို့ ဆရာဝန်ကို ဘယ်အချိန်မှာ တိုက်တွန်းရမယ်ဆိုတာကို သိထားဖို့လိုတယ်။ မှားသွားမယ်ဆိုရင်တော့ ဆရာဝန်ဆီကရမယ့် ကဲ့ရဲ့မှုမှန်သမျှကို အရေထူရမယ်။”

သူနာပြုများရင်ဆိုင်ရမည့် နောက်ထပ်ပြဿနာမှာ အလုပ်ခွင်တွင် အကြမ်းဖက်မှုဖြစ်သည်။ သူနာပြုဝန်ထမ်းများသည် “အလုပ်ခွင်တွင် မတော်မတရားပြုခံရမှုနှင့် အကြမ်းဖက်ခံရမှုအန္တရာယ်များသည့် ဝန်ထမ်းဖြစ်ကြကြောင်း အသိအမှတ်ပြုခံရကြသည်။ မှန်ပါသည်၊ သူနာပြုများသည် ထောင်စောင့်များနှင့် ရဲအရာရှိများထက် အလုပ်ခွင်၌ တိုက်ခိုက်ခံရဖို့အလားအလာပိုများကြောင်းနှင့် သူနာပြု ၇၂ ရာခိုင်နှုန်းသည် စော်ကားမှုမှမကင်း” ဟု တောင်အာဖရိကမှ သတင်းတစ်ရပ်ကဆိုသည်။ အလားတူအခြေအနေကို ဗြိတိန်နိုင်ငံကဖော်ပြခဲ့သည်၊ ထိုတွင် မကြာမီကပြုလုပ်သော စူးစမ်းလေ့လာမှုတစ်ရပ်အရ သဘောထားမေးမြန်းခံရသည့် သူနာပြု ၉၇ ရာခိုင်နှုန်းသည် လွန်ခဲ့သောနှစ်အတွင်း ကိုယ်ထိလက်ရောက်စော်ကားခံရသည့် သူနာပြုတစ်ဦးကိုသိရှိကြသည်။ ဤအကြမ်းဖက်မှုကို အဘယ်အရာကဖြစ်စေသနည်း။ ဆေးစွဲနေသည့်လူနာများထံမှဖြစ်စေ၊ အရက်သောက်ထားသည့်လူနာများထံမှဖြစ်စေ၊ စိတ်ဖိစီးနေသည့်လူနာများထံမှဖြစ်စေ၊ ဝမ်းနည်းပူဆွေးနေရသည့်လူနာများထံမှဖြစ်စေ ပြဿနာပေါ်လာလေ့ရှိသည်။

သူနာပြုများသည် ဖိစီးမှုကြောင့် ဖြစ်ပေါ်လာသည့် ပင်ပန်းနွမ်းနယ်မှုကိုလည်း ကြုံတွေ့ ကြရ၏။ ဝန်ထမ်းနည်းပါးမှုများသည် အကြောင်းရင်းတစ်ရပ်ဖြစ်သည်။ ဝတ္တရားကျေပွန်သော သူနာပြုတစ်ဦးသည် အလုပ်ပိသောကြောင့် လူနာတစ်ဦးကို လုံလုံလောက်လောက် မပြုစုပေးနိုင်သည့်အခါမျိုးတွင် စိတ်ဖိစီးမှု ချက်ချင်းဝင်လာသည်။ အားလပ်ချိန်များကို လက်လွတ်လိုက်ခြင်း၊ အချိန်ပိုဆင်းခြင်းတို့အားဖြင့် အခြေအနေကို ကြိုးစားရင်ဆိုင်ဖြေရှင်းခြင်းသည် ပို၍စိတ်ပျက်စေရုံသာရှိဟန်တူသည်။

ကမ္ဘာတစ်ဝန်းရှိ ဆေးရုံများစွာသည် ဝန်ထမ်းမလောက်မငဖြစ်နေသည်။ “ကျွန်တော်တို့ရဲ့ ဆေးရုံတွေမှာ သူနာပြုတွေလိုနေတယ်၊ ကျန်းမာရေးပြုစုမှုလိုအပ်တဲ့ဘယ်သူမဆို သူနာပြုတွေရဲ့ အရေးပါမှုကို အသိအမှတ်ပြုကြပါတယ်” ဟုမက်ဒရစ္စ မွန်ဒိုဆန်နီတာရိုမှ သတင်းတစ်ပုဒ်ကဆိုသည်။ ဤပြတ်လပ်မှု၏အကြောင်းရင်းအနေနှင့် အဘယ်အရာကို ဖော်ပြထားသနည်း။ ငွေချွေတာဖို့ လိုသည်ဟူ၏! မက်ဒရစ် ဆေးရုံများတွင် သူနာပြုလုပ်ငန်းပညာသည် ၁၃,၀၀၀ လိုအပ်ခဲ့ကြောင်း ထိုသတင်းကဖော်ပြခဲ့သည်။

စိတ်ဖိစီးသည့် နောက်အကြောင်းရင်းတစ်ခုမှာ အလုပ်ဆိုင်းအချိန်ရှည်ကြာလွန်ပြီး လုပ်အားခနည်းလွန်းခြင်း ဖြစ်သည်။ သည်စကော့စ်မန်က ဤသို့ဆိုသည်– “လူထုအကျိုးဆောင်သမဂ္ဂ၊ ယူနီစံအဆိုအရ ဗြိတိန်သူနာပြုငါးယောက်တွင် တစ်ယောက်ထက်မကနှင့် သူနာပြုအကူလေးပုံတစ်ပုံတို့သည် စားဝတ်နေရေးကာမိစေရန် အလုပ်ပိုတစ်ခုရှိကြသည်။” သူနာပြုလေးဦးတွင်သုံးဦးမှာ လုပ်ခနည်းလွန်းသည်ဟုယူဆကြသည်။ ရလဒ်အနေဖြင့် များစွာသောသူတို့သည် ထိုအသက်မွေးဝမ်းကျောင်းအလုပ်ကို စွန့်ရန်စဉ်းစားခဲ့ကြပြီ။

သူနာပြုများကို စိတ်ဖိစီးမှုဖြစ်စေသည့် အခြားအကြောင်းရင်းများရှိပါသည်။ ကမ္ဘာတစ်ဝန်း သူနာပြုများထံမှ နိုးလော့!ရရှိခဲ့သည့် မှတ်ချက်များကို သုံးသပ်ကြည့်ရာ လူနာများသေဆုံးခြင်းသည် စိတ်ဓာတ်ကျစေသည့်အကြောင်းရင်းဖြစ်နိုင်သည်။ အီဂျစ်ဘဝနောက်ခံရှိသူတစ်ဦးဖြစ်သည့် မဂ်ဒါ ဆွမ်သည် နယူးယောက်၊ ဘရွတ်ကလင်တွင် အလုပ်လုပ်လျက်ရှိသည်။ သူ၏အလုပ်ကို အဘယ်အရာက အခက်အခဲဖြစ်စေကြောင်း မေးမြန်းသောအခါ သူဤသို့ဖြေဆိုလေသည်– “ကျွန်မ အနီးကပ်ပြုစုခဲ့ရတဲ့ ရောဂါကျွမ်းနေတဲ့လူနာ အနည်းဆုံး ၃၀ ဟာ ဆယ်နှစ်တာအတွင်းမှာ သေဆုံးသွားကြတယ်။ အဲဒါက စိတ်ဓာတ်ကျစေပါတယ်။” လူတစ်ဦးက ဤသို့ဆိုခြင်းမှာ အံ့ဩစရာမဟုတ်ချေ– “သေဆုံးသောလူနာများ၌ ကိုယ့်ကိုယ်ကို မပြတ်တမ်းမြှုပ်နှံထားခြင်းသည် ကိုယ်ပိုင်စွမ်းပကားကို ကြောက်ခမန်းလိလိ ပျက်စီးဆုံးရှုံးစေနိုင်သည်။”

သူနာပြုများအတွက်အနာဂတ်

နည်းပညာတိုးတက်ထွန်းကားမှုနှင့် လွှမ်းမိုးမှုကြောင့် သူနာပြုလုပ်ငန်းနယ်ပယ်တွင် ဖိအားပေးမှုများ တိုးပွားလာသည်။ နည်းပညာနှင့် လူနာများအား ကြင်နာစွာဆက်ဆံသည့်နည်းကို သဟဇာတဖြစ်စေရန်မှာ စိန်ခေါ်ချက်ဖြစ်သည်။ သူနာပြုတစ်ဦး၏အထိအတွေ့နှင့် သနားကြင်နာမှုကို အဘယ်စက်ယန္တရားကမျှ အစားမထိုးနိုင်ချေ။

ဂျာနယ်တစ်စောင်က ဤသို့ဆိုသည်– “သူနာပြုလုပ်ငန်းသည် တည်မြဲသော သက်မွေးပညာတစ်ခုဖြစ်သည်။ . . . လူ့ဘောင်ရှိနေသမျှကာလပတ်လုံး ပြုစုမှု၊ သနားကြင်နာမှုနှင့် နားလည်မှုတို့ အမြဲလိုအပ်နေပါလိမ့်မည်။” သူနာပြုလုပ်ငန်းသည် ထိုလိုအပ်ရာကို ဖြည့်ဆည်းပေးသည်။ သို့သော် ကျန်းမာရေးကိစ္စတွင် သာ၍ပင်တောက်ပသော မျှော်လင့်ချက်တစ်ခုရှိပါသည်။ “ငါနာသည်” ဟုမည်သူမျှ မဆိုရသည့်အချိန် ရောက်လာမည်ဖြစ်ကြောင်း သမ္မာကျမ်းစာကဖော်ပြသည်။ (ဟေရှာယ ၃၃:၂၄) ဘုရားသခင်ကတိပြုထားသည့် ကမ္ဘာသစ်တွင် ဆရာဝန်များ၊ သူနာပြုများနှင့် ဆေးရုံများ လိုအပ်တော့မည်မဟုတ်ချေ။—⁠ဟေရှာယ ၆၅:၁၇; ၂ ပေတရု ၃:၁၃

ထို့အပြင် “ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ” ဟုလည်း သမ္မာကျမ်းစာက ကတိပေးသည်။ (ဗျာဒိတ် ၂၁:၃၊ ၄) သို့ရာတွင် ဤအတောအတွင်း ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသော သူနာပြုများ၏ ဂရုစိုက်မှုနှင့် အနစ်နာခံမှုများအတွက် ကျွန်ုပ်တို့ကျေးဇူးတင်သင့်သည်၊ သူနာပြုများမရှိလျှင် ဆေးရုံတက်ရခြင်းသည် အမှန်ပင် ငြီးငွေ့စရာဖြစ်ပေလိမ့်မည်! သို့ဖြစ်၍ “သူနာပြုများ—⁠သူတို့မရှိလျှင် ကျွန်ုပ်တို့ ဘာလုပ်ကြမည်နည်း” ဟူသည့်မေးခွန်းသည် မည်မျှသင့်လျော်လှသည်တကား။

ဖလောရင့်စ် နိုက်တင်ဂေးလ်—⁠ခေတ်သစ်သူနာပြုလုပ်ငန်းကို ရှေ့ဆောင်လမ်းပြသူ

ချမ်းသာကြွယ်ဝသော ဗြိတိသျှမိဘနှစ်ပါးမှ ၁၈၂၀ ပြည့်နှစ်၌ အီတလီနိုင်ငံတွင်ဖွားမြင်ခဲ့သူ ဖလောရင့်စ် နိုက်တင်ဂေးလ်သည် အလိုလိုက်ခံရကာ ကြီးပြင်းလာသူဖြစ်သည်။ ငယ်ရွယ်သူဖလောရင့်စ်သည် အိမ်ထောင်ပြုရန်ကမ်းလှမ်းချက်များကို ငြင်းပယ်ပြီး ကျန်းမာရေးနှင့် ဆင်းရဲသားများအား ပြုစုပေးခြင်းကို လေ့လာလိုက်စားခဲ့သည်။ မိဘများ၏ဆန့်ကျင်မှုကြားမှ ဖလောရင့်စ်သည် ဂျာမနီနိုင်ငံ ကိုင်ဇာစ်ဗာ့သ်မြို့တွင် သူနာပြုသင်တန်းကျောင်းကိုတက်ရောက်ခဲ့သည်။ နောက်ပိုင်း ပဲရစ်မြို့တွင် ပညာသင်ကြားခဲ့ပြီး အသက် ၃၃ နှစ်အရွယ်တွင် လန်ဒန်အမျိုးသမီးဆေးရုံ၏ ဆေးရုံအုပ်ကြီးဖြစ်လာခဲ့သည်။

သို့သော် ခရိုင်မီယာစစ်ပွဲတွင် ဒဏ်ရာရစစ်သားများကို ပြုစုပေးဖို့ စေတနာအလျောက်အမှုထမ်းခဲ့စဉ်က အကြီးမားဆုံးစိန်ခေါ်ချက်ကို ရင်ဆိုင်ခဲ့ရသည်။ သူနှင့် သူနာပြု ၃၈ ယောက်ပါဝင်သည့် သူ၏အဖွဲ့သည် ကြွက်များပြည့်နေသည့် ဆေးရုံတစ်ရုံကို ရှင်းလင်းသုတ်သင်ခဲ့ရသည်။ ပထမ၌ ဆပ်ပြာမရှိခြင်း၊ လက်ဆေးဇလုံများ သို့မဟုတ် မျက်နှာသုတ်ပဝါများမရှိခြင်း၊ ခေါက်ခုတင်၊ မွေ့ရာများ သို့မဟုတ် ပတ်တီးများအလုံအလောက်မရှိခြင်းတို့ကြောင့် လုပ်ငန်းကို ခက်ခက်ခဲခဲလုပ်ဆောင်ခဲ့ရသည်။ ဖလောရင့်စ်နှင့် သူ့လူစုသည် စိန်ခေါ်ချက်ကို နိုင်နင်းခဲ့ကြပါသည်၊ စစ်ပြီးသောအခါ သူသည် သူနာပြုလုပ်ငန်းနှင့် ဆေးရုံစီမံခန့်ခွဲရေးကို ကမ္ဘာတစ်ဝန်းပြုပြင်ပြောင်းလဲစေခဲ့သည်။ ၁၈၆၀ ပြည့်နှစ်တွင် လန်ဒန်မြို့ စိန့်သောမတ်စ်ဆေးရုံ၌ သူနာပြုများအတွက် နိုက်တင်ဂေးလ်သင်တန်းကျောင်းကို တည်ထောင်ခဲ့သည်—⁠ယင်းသည် ဘာသာရေးဆက်နွှယ်မှုကင်းသော ပထမဆုံးသူနာပြုကျောင်းဖြစ်သည်။ ၁၉၁၀ ပြည့်နှစ် သူမသေမီအထိ နှစ်အတော်ကြာ အိပ်ရာထဲတွင်လှဲနေခဲ့ရသည်။ သို့တိုင် သူသည် ကျန်းမာရေးဆိုင်ရာစံနှုန်းများ တိုးတက်ကောင်းမွန်စေရန် အားထုတ်ရာ၌ စာအုပ်များနှင့် လက်ကမ်းစာစောင်များကို ဆက်ရေးသားခဲ့သည်။

အခြားသူများလည်း သူနာပြုလုပ်ငန်းတွင်ပါဝင်မှုအတွက် အနည်းဆုံး ဂုဏ်ပြုခံထိုက်သည်ဟု ပြောဆိုကာ ဖလောရင့်စ် နိုက်တင်ဂေးလ်၏ ကိုယ်ကျိုးငဲ့ကွက်မှုမရှိသော အသွင်အပြင်ကို အချို့ကကန့်ကွက်ကြသည်။ ထို့ပြင် သူ၏ဂုဏ်သတင်းနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်အငြင်းပွားခဲ့ကြသည်။ သူနာပြုလုပ်ငန်း၏သမိုင်း စာအုပ်အရ သူ၏ “ထက်မြက်မှုနှင့် ဆွဲဆောင်မှု၊ အံ့ဖွယ်ကောင်းလောက်သည့် ဖျတ်လတ်မှုနှင့် ပင်ကိုစရိုက်ဆန့်ကျင်ပုံရှိမှု” တို့ကြောင့် အခြားသူများက သူ့အားစိတ်ဝင်စားကြသော်လည်း သူသည် “စိတ်ဂနာမငြိမ်သူ၊ ငါတကောကောပြုသူ၊ တစ်ယူသန်သူ၊ စိတ်ဆတ်သူ၊ စိုးမိုးတတ်သူ” ဖြစ်သည်ဟု တချို့ကဆိုကြသည်။ သူ၏စရိုက်မှန်သည် မည်သို့ပင်ဖြစ်ပါစေ သေချာရာတစ်ခုမှာ သူနာပြုလုပ်ငန်းနှင့် ဆေးရုံစီမံခန့်ခွဲခြင်းဆိုင်ရာ သူ၏နည်းပညာများသည် နိုင်ငံများစွာအထိ ပျံ့နှံ့ခဲ့သည်။ ယနေ့ကျွန်ုပ်တို့သိထားကြသည့်အတိုင်း သူသည် သူနာပြုအတတ်ပညာတွင် ရှေ့ဆောင်လမ်းပြကောင်းတစ်ဦးအဖြစ် ယူမှတ်ခံရသည်။

သူနာပြုများအတွက် နိုက်တင်ဂေးလ်သင်တန်းကျောင်းကို တည်ထောင်ပြီးနောက် စိန့်သောမတ်စ်ဆေးရုံ

Courtesy National Library of Medicine

သူနာပြုတစ်ဦး၏ဂုဏ်အင်္ဂါများ

သူနာပြု– “သူနာပြုလုပ်ငန်းနှင့်ပတ်သက်၍ သိပ္ပံနည်းကျကျ အထူးပြင်ဆင်လေ့ကျင့်ခံရသူနှင့် တစ်စုံတစ်ရာသောပြဋ္ဌာန်းထားသည့် ပညာရေးစံနှုန်းများကိုပြည့်မီပြီး ဆေးပညာတတ်ကျွမ်းသူဖြစ်သည်။”

မှတ်ပုံတင်သူနာပြု– “နိုင်ငံတော်သူနာပြုစာစစ်ဘုတ်အဖွဲ့မှ စာမေးပွဲစစ်ပြီးနောက် ဆေးကုသရန် တရားဝင်အသိအမှတ်ပြု (မှတ်ပုံတင်) ထားသော သင်တန်းဆင်းသူနာပြုတစ်ဦး . . . ဖြစ်ပြီး R.N. ဟူသောအမည်ကို တရားဝင်အသုံးပြုခွင့်ရသူဖြစ်သည်။”

ဆေးပညာသူနာပြုအထူးကု– “သူနာပြုလုပ်ငန်း၏အထူးနယ်ပယ်တစ်ခုတွင် အသိပညာ၊ ကျွမ်းကျင်မှုနှင့် စွမ်းရည်မြင့်မားသော မှတ်ပုံတင်သူနာပြုတစ်ဦးဖြစ်သည်။”

သားဖွားသူနာပြု– “သူနာပြုလုပ်ငန်းနှင့် သားဖွားပညာရပ်နှစ်မျိုးဖြင့် ပညာသင်ခဲ့သူတစ်ဦးဖြစ်သည်။”

လက်တွေ့သူနာပြု– “သူနာပြုလုပ်ငန်း၌ လက်တွေ့အတွေ့အကြုံရှိထားသူတစ်ဦးဖြစ်သော်လည်း မည်သည့်သူနာပြုသင်တန်းကျောင်းမှ သင်တန်းဆင်းမဟုတ်သူဖြစ်သည်။”

လိုင်စင်ရလက်တွေ့သူနာပြု– “လိုင်စင်ရလက်တွေ့ သို့မဟုတ် သက်မွေးသူနာပြုတစ်ဦးအဖြစ် ဆေးကုသရန် တရားဝင်အသိအမှတ်ပြုခံရသူ . . . လက်တွေ့သူနာပြုသင်တန်းကျောင်းတစ်ကျောင်းမှ သင်တန်းဆင်းတစ်ဦးဖြစ်သည်။”

ယူ.အက်စ်. ထုတ် ဒေါ်လန်၏သရုပ်ဖော်ဆေးအဘိဓာန်မှ

‘ကျန်းမာရေးပြုစုစောင့်ရှောက်မှု၏အမာခံကျောရိုး’

၁၉၉၉ ခုနှစ် ဇွန်လတွင် အပြည်ပြည်ဆိုင်ရာသူနာပြုများကောင်စီ၏ အနှစ်တစ်ရာပြည့်ညီလာခံ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အထွေထွေညွှန်ကြားရေးမှူး ဒေါက်တာ ဂရို ဟာလမ် ဘရွတ်လန် ကဤသို့ဆိုသည်–

“အလွန်အရေးပါသော ကျန်းမာရေးပညာရှင်များအနေနှင့် သူနာပြုများသည် ရောဂါကင်းသောဂြိုဟ်တစ်လုံးဖြစ်ရေးအတွက် ပြောရေးဆိုခွင့်ရှိသူများအဖြစ် လှုပ်ရှားဆောင်ရွက်ရန် ထူးခြားသည့်အနေအထားရရှိထားကြသည်။ . . . အမျိုးသားကျန်းမာရေးစနစ်အများစုတွင် အရည်အချင်းပြည့်မီသော ကျန်းမာရေးလုပ်အား၏ ၈၀% အထိ ပါဝင်နေကြသူများအနေနှင့် သူနာပြုများနှင့် သားဖွားဆရာမများသည် ၂၁ ရာစုရှိလူအားလုံးအတွက် ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လိုအပ်သောပြောင်းလဲမှုများ ဆောင်ကြဉ်းပေးရန်အတွက် ဩဇာရှိသည့်အင်အားတစ်ခုကို ကိုယ်စားပြုကြသည်။ အမှန်မှာ သူတို့၏ ကျန်းမာရေးဝန်ဆောင်မှုသည် ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်တစ်ခွင်လုံးပါဝင်သည်။ . . . သူနာပြုများသည် ကျန်းမာရေးအသင်းအဖွဲ့အများစု၏ အမာခံကျောရိုးဖြစ်ကြသည်မှာ ရှင်းနေပါသည်။”

မက္ကဆီကိုသမ္မတ အာနက်စ်တို ဆီဒီယို ပွန်ဆာဒါလာသည် မိန့်ခွန်းတစ်ခု၌ မက္ကဆီကိုသူနာပြုများအား အထူးချီးမွမ်းကာ ဤသို့ဆိုခဲ့သည်– “နေ့စဉ်နေ့တိုင်း သင်တို့အားလုံးဟာ . . . မက္ကဆီကန်လူမျိုးတွေရဲ့ ကျန်းမာရေးကို ထိန်းသိမ်းပေးရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် သင်တို့၏အသိပညာ၊ စည်းလုံးညီညွတ်မှု၊ ဝန်ဆောင်မှုတွေကို အကောင်းဆုံးပေးဆက်ကြတယ်။ နေ့စဉ်နေ့တိုင်း လိုအပ်နေတဲ့သူတွေကို သင်တို့တတ်ကျွမ်းထားတဲ့ အကူအညီကိုသာမက သင်တို့ရဲ့ကြင်ကြင်နာနာ၊ တာဝန်သိသိနဲ့ နက်နက်ရှိုင်းရှိုင်း လူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်တဲ့ အပြုအမူကနေလာတဲ့ နှစ်သိမ့်မှုကိုလည်း သင်တို့ပေးကြတယ်။ . . . သင်တို့ဟာ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးအဖွဲ့အစည်းများမှာ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်တယ်။ . . . အသက်ကယ်ခံရသူတိုင်း၊ ကာကွယ်ဆေးထိုးခံရတဲ့ကလေးတိုင်း၊ ကူညီမွေးဖွားပေးခြင်းခံရသူတိုင်း၊ ကျန်းမာရေးဟောပြောချက်တိုင်း၊ ကုသမှုတိုင်း၊ ဂရုစိုက်မှုနဲ့ ကူညီမှုကို ရရှိကြတဲ့လူနာတိုင်းမှာ ကျွန်ုပ်တို့သူနာပြုဝန်ထမ်းရဲ့လုပ်ဆောင်မှုရှိနေပါတယ်။”

လေးမြတ်တတ်သော ဆရာဝန်တစ်ဦး

နယူးယောက် ပရက်စ်ဘီတေးရီးယန်း ဆေးရုံမှ ဒေါက်တာ ဆန်ဒိပ် ဂျိုဟာသည် ကျွမ်းကျင်သော သူနာပြုများကို သူအကြွေးတင်နေကြောင်း ဝန်ခံခဲ့သည်။ သေလုမျောပါးဖြစ်နေသော လူနာတစ်ဦးသည် မော်ဖင်းပိုလိုအပ်နေကြောင်း သူနာပြုတစ်ဦးက သူ့ကို လိမ္မာပါးနပ်စွာ သဘောပေါက်စေခဲ့သည်။ သူဤသို့ရေးသားခဲ့သည်– “ကျွမ်းကျင်သောသူနာပြုများသည် ဆရာဝန်များကိုလည်း သင်ကြားပေးကြသည်။ အထူးဂရုစိုက်ကုသမှုပေးသည့် လူနာခန်းကဲ့သို့ အထူးလူနာဆောင်များရှိသူနာပြုများသည် ဆေးရုံတွင် အကောင်းဆုံးလေ့ကျင့်ခံရသည့် ပညာသည်တချို့ဖြစ်ကြသည်။ ကျွန်ုပ် အလုပ်သင်ဆရာဝန်ဖြစ်ချိန်တွင် ဆီးဝမ်းချူတံများ ထည့်သွင်းပုံနှင့် အသက်ရှူကိရိယာများ တပ်ဆင်ပုံတို့ကို သူတို့သင်ပေးခဲ့ကြသည်။ မည်သည့်ဆေးဝါးများကို ရှောင်ကြဉ်ရမည်ကိုလည်း ပြောပြခဲ့ကြသည်။”

သူဤသို့ဆက်ရေးသည်– “သူနာပြုများသည် လူနာများအား မရှိမဖြစ်လိုအပ်သော စိတ်ဓာတ်ရေးနှင့် စိတ်လှုပ်ရှားမှုတို့ကို ထောက်ပံ့ပေးကြသည်၊ အကြောင်းမှာ သူတို့သည် လူနာများနှင့် အချိန်အများဆုံးနေသူများဖြစ်သည်။ . . . ကျွန်ုပ်ယုံကြည်ရသော သူနာပြုတစ်ဦးက လူနာတစ်ဦးကို ချက်ချင်းကြည့်ရမည်ဟု ပြောဆိုသည့်အခါ ခါတိုင်းထက် ပို၍မြန်မြန်ဆန်ဆန် တုံ့ပြန်လေ့ရှိသည်။”

[Caption on page 7]

“သူတစ်ပါးအကျိုးဆောင်ဖို့ဆန္ဒ ကျွန်မမှာရှိခဲ့တယ်။”

—⁠တယ်ရီ ဝစ်သ်သာဆန်၊ အင်္ဂလန်။

[Caption on page 7]

“ဆေးရုံမှာ ကျွန်မအဖေကို စောင့်ကြပ်စဉ်မှာပဲ သူနာပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။”

—⁠အစ်ဆူကို ကိုတာနီ၊ ဂျပန်။

[Caption on page 7]

‘ကလေးမွေးပေးရတာဟာ သားဖွား ဆရာမတစ်ယောက် တွေ့ ကြုံနိုင်တဲ့အလှပဆုံးအရာတွေထဲကတစ်ခုဖြစ်တယ်။’

—⁠ဂျိုလန်ဒါ ဂီလင်-ဗန် ဟုဖ်တ်၊ နယ်သာလန်။

[Caption on page 8]

သားဖွားဆရာမများသည် ကလေးကူညီမွေးပေးခြင်းမှ ရွှင်လန်းမှုနှင့်ကျေနပ်မှုခံစားကြသည်

[Caption on page 8]

UN/J. Isaac

[Caption on page 9]

UN/DPI Photo by Greg Kinch

[Caption on page 9]

UN/DPI Photo by Evan Schneider