မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကုန်အကျနည်းနည်းဖြင့် သင်ရနိုင်ပါသလော

အကုန်အကျနည်းနည်းဖြင့် သင်ရနိုင်ပါသလော

အကုန်အကျနည်းနည်းဖြင့် သင်ရနိုင်ပါသလော

ကုန်ဈေးနှုန်းသည် လားရာတစ်ဖက်တည်းဖြစ်သော အထက်သို့သာ တရိပ်ရိပ်တက်နေသည်! ယနေ့ လူနေမှုစရိတ်မြင့်တက်နေခြင်းက အချို့သူများ ခြစ်ခြစ်ခြုတ်ခြုတ်စုဆောင်းထားသည့် စုငွေလေးကုန်သွားစေရန် ခြိမ်းခြောက်လျက်ရှိသည်။ အထူးသဖြင့် ပို၍အခက်အခဲကြုံရသူများမှာ ပုံသေဝင်ငွေရသူများဖြစ်သည်။

ကုန်ဈေးနှုန်းမြင့်တက်ခြင်း၏ ဂယက်ရိုက်မှုကိုတားဆီးရန် သင်လုပ်ဆောင်နိုင်သည့်အရာ တစ်စုံတစ်ရာရှိပါသလော။ လက်တွေ့ကျသည်ဟု အချို့သူများတွေ့ရှိခဲ့ကြသည့် ပြဿနာဖြေရှင်းနည်းများကို သုံးသပ်ကြည့်ကြစို့။

ယင်းသည် သင့်တွင်ရှိဖို့လိုသလော

တစ်ခုခုကိုဝယ်မည်ဟု သင်စဉ်းစားသည့်အခါ “ဤအရာသည် ကျွန်ုပ်အတွက် အမှန်လိုအပ်သလော” ဟုမေးခြင်းသည် အကျိုးဖြစ်ထွန်းကြောင်း သင်တွေ့မြင်ရပါမည်။ ဥပမာ၊ ကားမှရရှိသောအသုံးတည့်မှုသည် ကားဈေးကျသွား၍ဆုံးရှုံးခြင်းကိုမဆိုဘဲ ယင်းကိုဝယ်ခြင်း၊ အာမခံကြေးသွင်းခြင်း၊ ကားဆီဖြည့်ခြင်းနှင့် ပြုပြင်ခြင်းတို့ကြောင့်ကုန်သော အကုန်အကျကို ထေမိစေမည်လော။ သင်သည် အမှန်တကယ်ကားတစ်စီးလိုအပ်ပါက အမှုကိစ္စများကိုကြိုတင်စီစဉ်ခြင်း သို့မဟုတ် အခါအားလျော်စွာ လူထုသယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးပြုခြင်းအားဖြင့် ကားအသုံးပြုခြင်းကို လျှော့ချနိုင်မည်လော။ အမျိုးသားများသည် အလုပ်သွားရုံလောက်အတွက်သာမဟုတ်ဘဲ၊ ဈေးသွားရန် သို့မဟုတ် အခြားလုပ်ဆောင်မှုများပြုလုပ်ရန် မိတ်ဆွေများနှင့် ကားစုစီးဖို့စီစဉ်လျှင်ကော မည်သို့နည်း။

အကုန်အကျနည်းနည်းဖြင့် အဝတ်အစားလိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်မည်လော။ ချီလီနိုင်ငံ၊ စန်တီအာဂိုမြို့မှ အိမ်ရှင်မတစ်ဦးသည် တစ်နေ့၌ မိမိ၏ကုတ်အင်္ကျီမှာ အရောင်နွမ်းနေသည်ကို သတိပြုမိ၍ အသစ်မဝယ်နိုင်သောကြောင့် သူကြံရာမရဖြစ်ခဲ့သည်။ သူဤသို့ပြောပြသည်– “တစ်နေ့တော့ ကျွန်မရဲ့သူငယ်ချင်းတစ်ယောက်ကို ကုတ်အင်္ကျီအကြောင်း ဖွင့်ပြောပြလိုက်တယ်။ ကျွန်မရဲ့သူငယ်ချင်းက ‘ငါ့ရဲ့ဒီဆောင်းတွင်းဝတ်ကုတ်အင်္ကျီလည်း ပြောင်းပြန်လှန်ထားတာပါ’ ဟုပြန်ပြောခဲ့တယ်။ ကျွန်မလည်း အဲ့ဒီလိုပဲလုပ်ခဲ့တယ်၊ ကုတ်အင်္ကျီကို အတွင်းနဲ့အပြင်လှန်လိုက်ပြီး ပြန်ပူးချုပ်တာမခက်ဘူးဆိုတာ တွေ့ခဲ့ရတယ်။ ကော်လာနဲ့ အိတ်ကပ်တွေမှာ နည်းနည်းပါးပါးပြောင်းချုပ်ပြီး ချုပ်ရိုးအဟောင်းအတိုင်းလိုက်ချုပ်လိုက်တာ ကျွန်မရဲ့ကုတ်အင်္ကျီဟာ အသစ်နဲ့တူသွားတယ်။”

အသုံးအစွဲချွေတာသည့် ဤအိမ်ရှင်မသည် ဆွယ်တာအင်္ကျီများ၏ အင်္ကျီတံတောင်ဆစ်နေရာတွင်ပိုးထားသည့်ပိတ်သား ပါးလာသည်ကို သတိထားမိပါက သူသည် ပိုးထားသည့်ထိုပိတ်သားကိုဖြုတ်လိုက်ပြီး ပိတ်သားအသစ်တစ်ခုဖြင့် ၎င်းနေရာတွင် ပိုးလိုက်သည်။ သင်၏ငွေများကို ဤနည်းများအတိုင်း ချွေတာနိုင်မည်လော။

အကုန်အကျအနည်းငယ်ဖြင့် ယင်းကိုဝယ်နိုင်မည်လော

သင်သည် အသစ်တစ်ခုခု အမှန်လိုအပ်လျှင်ပင် လျှော့ဈေးရောင်းချိန်ကိုစောင့်ခြင်းဖြင့် အကုန်အကျအနည်းငယ်ဖြင့် ရယူနိုင်ပါသည်။ အချို့နိုင်ငံများတွင် နှစ်စဉ် “လက်ကျန်ကုန်များကို လျှော့ဈေးနှင့်ရောင်း” သည့်အစီအစဉ်ရှိသည်။ ထိုအစီအစဉ်ပြုလုပ်သည့်အချိန်ကို သိအောင်လုပ်ထားခြင်းအားဖြင့် အတန်အရာ ချွေတာစုဆောင်းမိနိုင်ပါသည်။

စတိုးဆိုင်ကောင်းများသည် ပစ္စည်းကောင်းများရောင်းသော်လည်း များစွာသောသူတို့သည် သူတို့၏ကုန်ပစ္စည်းများကို မြန်မြန်ရောင်းကုန်အောင် ကြိုးစားကြသည်။ သူတို့သည် တစ်ရက်နှစ်ရက်သာ အထူးလျှော့ဈေးဖြင့်ရောင်းချပေးပေမည်။ သို့သော်လည်း အရည်အသွေးနှင့်ပတ်သက်၍ ဆိုရိုးစကားတစ်ခုမှာ ဤသို့– အရည်အသွေးပိုကောင်းသောပစ္စည်းများ၊ အထူးသဖြင့် ဝတ်စုံများကဲ့သို့သော ကြာရှည်ခံပြီး အကြမ်းခံသည့်အဝတ်အစားများသည် ဈေးနည်းကာ အရည်အသွေးညံ့သည့်အဝတ်အစားများထက် ရေရှည်တွင် အကုန်အကျနည်းကြောင်း တွေ့ရပါမည်။

သင်သည် “အနာအဆာရှိသော” အဝတ်အစားများကိုဝယ်ပြီး အိမ်တွင်ပြန်ပြင်လျှင် သို့မဟုတ် တစ်ခါတစ်ရံ ဈေးကြီးသောပစ္စည်းအသစ်ထက် ပိုအရည်အသွေးကောင်းသော တစ်ပတ်နွမ်းပစ္စည်းများကိုဝယ်ခြင်းဖြင့် ထပ်၍ချွေတာနိုင်သည်။

ဈေးနှုန်းသက်သက်သာသာရရန် သင်ဈေးဆစ်ဖူးပါသလော။ ဈေးဝယ်ရာတွင်အတွေ့အကြုံများသော အိမ်ရှင်မတစ်ဦးက ဤသို့ပြန်ပြောပြသည်–

“သက်သာတဲ့ဈေးနှုန်းရဖို့အတွက် ဈေးမှာဈေးဆစ်တဲ့အလုပ်ကို နေ့တိုင်းလုပ်ရတဲ့ဒေသမှာ နှစ်နှစ်ကြာနေထိုင်ပြီးတဲ့နောက် အိမ်မှုရေးရာတွေကိုဆောင်ရွက်ဖို့အတွက် ဈေးဆစ်လေ့မရှိတဲ့ အမေရိကန်ပြည်ထောင်စုကို ပြန်လာခဲ့တယ်။ မီးအိမ် အတော်များများလိုနေတဲ့အတွက် သတင်းစာတွေမှာရှာဖွေခဲ့တယ်၊ နောက်ဆုံး လူသိများတဲ့ကုန်ပဒေသာဆိုင်တစ်ဆိုင်ကို ရှာတွေ့ခဲ့တယ်။ ဒါပေမဲ့ ကျွန်မလိုချင်တဲ့မီးအိမ်တွေရဲ့ စုစုပေါင်းတန်ဖိုးကို သိလိုက်ရတဲ့အခါ ကျွန်မတွန့်သွားတယ်။

“အဲ့ဒီတော့ ဈေးသက်သက်သာသာနဲ့ရဖို့ ဈေးဆစ်ကြည့်မယ်လို့စိတ်ကူးပေါ်လာတယ်။ စတိုးဆိုင်က ‘ဈေးဝယ်သူ’ တွေကိုခေါ်တဲ့အခါ ကျွန်မလိုအပ်တဲ့ပစ္စည်းရဲ့ ဈေးနှုန်းနဲ့ပတ်သက်ပြီး ကျွန်မရဲ့ခံစားချက်ကို ရှင်းပြလိုက်တယ်။ သက်သာတဲ့ဈေးနှုန်းနဲ့ပေးဖို့ သဘောတူခဲ့ကြတယ်။ ဒါကြောင့် ဈေးဆစ်တာကို မကောင်းတဲ့အမူအကျင့်လို့မထင်လိုက်ပါနဲ့။ ကုန်သည်တွေ ဈေးတင်တာမမှားဘူးဆိုရင် ဖောက်သည်တွေ ဈေးလျှော့ခိုင်းဖို့ကြိုးစားတာဟာလည်း မမှားပါဘူး။”

သင်သည် ပစ္စည်းများကို ကက်တလောက်စာအုပ်မှတစ်ဆင့်မှာဝယ်နိုင်သည့်ဒေသတွင် နေထိုင်ပါသလော။ ယင်းက နှစ်ချို့ပစ္စည်းများ သို့မဟုတ် အရောင်းမသွက်သောပစ္စည်းများကို အတော်အတန်ဈေးချိုချိုနှင့်ရစေနိုင်သည်။

ဒေသအများတွင် “ကုန်စည်” ကြော်ငြာစာရွက်များကို အိမ်ရှင်များအား အခမဲ့ဝေငှကြသည်။ ယင်းစာတမ်းတိုများတွင် ဒေသခံနေထိုင်သူများ ရောင်းလိုလဲလိုသော ပစ္စည်းများအကြောင်း၊ တစ်ခါတစ်ရံ အထူးဈေးလျှော့ပေးထားသည့် ပစ္စည်းများအကြောင်း အကျယ်တဝင့်ဖော်ပြထားချက်များ ပါဝင်သည်။

အိမ်တွင်းဖြစ်စည်သွတ်ခြင်းဖြင့် အစားအစာများကို သိုလှောင်ခြင်း

ယနေ့အချိန်တွင် အစားအစာများ၏တန်ဖိုးသည် အထူးသဖြင့် မြင့်တက်နေသည်။ သင်သည် အစားအစာများကို သိုလှောင်ခြင်းအားဖြင့် ငွေချွေတာနိုင်မည်လော။ အကုန်အကျနည်းသောနည်းလမ်းတစ်ခုမှာ ယင်းတို့ကို အိမ်တွင်းဖြစ်စည်သွတ်ခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းက တဆေး၊ မှိုတက်ခြင်းနှင့် ဘက်တီးရီးယားပိုးများကို ပျက်စီးစေကာ အစားအစာကိုပုပ်ပျက်သွားစေသည့် ဓာတုတုံ့ပြန်မှုကိုလည်း ကြိုတင်ဆီးတားပေးသည်။

အိမ်တွင်းဖြစ်စည်သွတ်ခြင်းအများစုတွင် မေဆင် (Mason) ဖန်အိုးများကို အသုံးပြုခြင်းပါဝင်သည်။ ဖန်အိုးအဝနှင့်အံကိုက်ဖြစ်သော ရော်ဘာအဝိုင်းတစ်ခုသည် အထဲမှအငွေ့များမထွက်ရန်တားဆီးသည့် “ဂတ်စကတ်” အဖြစ်လုပ်ဆောင်သည်။ လေနှင့် ဘက်တီးရီးယားပိုးများ အထဲမဝင်ရန်တားသည့်အနေဖြင့် လုံနေစေရန် ယင်းအပေါ်တွင် သတ္တုအဖုံးနှင့် အကျပ်ပိတ်ထားသည်။ အချို့နိုင်ငံများတွင် ဖန်အိုးများ၊ အဖုံးများနှင့် အခြားအသုံးအဆောင်များအပါအဝင် အိမ်တွင်းဖြစ်စည်သွတ်ရန်လိုအပ်သော အထူးအသုံးအဆောင်ပစ္စည်းများကို ဝယ်ယူနိုင်ပါသည်။ သို့ရာတွင် ထိုပစ္စည်းများကို ထုတ်လုပ်ရောင်းချခြင်းမရှိသည့် ဒေသတစ်ခုတွင် သင်နေထိုင်ပါက သင်၏ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းများဖြင့် ကြံစည်ပြုလုပ်နိုင်ပါသည်။ မိမိကိုယ်တိုင်စမ်းသပ်လုပ်ကိုင်ခဲ့သော အိမ်ရှင်မတစ်ဦးက ဤသို့အကြံပေးသည်–

“ဖန်အိုးတွေကို ဝက်အူရစ်ပါတဲ့အဖုံးနဲ့ပိတ်ပါ။ ဒါပေမဲ့ ဦးဆုံး ဖန်အိုးရဲ့အပေါ်နှုတ်ခမ်းကို ချောမချောသိရအောင် လက်နဲ့စမ်းကြည့်ပါ။ ထစ်ရာအက်ရာတွေရှိရင် ကောင်းကောင်းလုံမှာမဟုတ်ဘူး။ အဲ့ဒီနောက် လေမှုတ်သွင်းလို့ရတဲ့ အတွင်းကျွတ်လိုမျိုး ရာဘာပစ္စည်းကနေဖြစ်တဲ့ ဖန်ဘူးအဝနဲ့အံကိုက်ဖြစ်မယ့် အဝိုင်းပြားကိုဖြတ်ထုတ်ပါ။ ဝက်အူပါတဲ့အဖုံးကိုကျပ်ကြည့်ပြီး သင်ရဲ့လက်ဖြစ်ကို စမ်းကြည့်ပါ။ ကျပ်ကျပ်လေးဖြစ်ပါသလား။ ဖန်အိုးထဲကို ရေတစ်ဝက်လောက်ထည့်ပြီး ရေမစိမ့်ဘဲအထက်အောက်လှန်လို့ရသလား။ ရရင် အိမ်တွင်းဖြစ်စည်သွတ်ခြင်းကိုစလုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။”

အမဲသား၊ ကြက်ငှက်သား၊ ငါးနှင့် သာမန်ဟင်းသီးဟင်းရွက်များကဲ့သို့သော အက်ဆစ်ဓာတ်နည်းသည့်အစားအစာများကို မပျက်စီးအောင်ထိန်းသိမ်းရာတွင် အထူးရေနွေးငွေ့ဖိအားပေးစည်သွတ်ပစ္စည်းလိုအပ်ပါသည်။ သို့သော် သစ်သီးအားလုံးနီးပါး၊ ခရမ်းချဉ်သီးအများစု (အားလုံးမဟုတ်ပါ) ကဲ့သို့သော အက်ဆစ်ဓာတ်များသည့် အစားအစာများအတွက်မူ ရိုးရိုးရေနွေးဖြင့်ပြင်ဆင်နိုင်ပါသည်။

ဦးဆုံးအဆင့်မှာ အိုးများအားလုံး၊ ရာဘာကွင်းများနှင့် အဖုံးများကို ဆပ်ပြာပါသောရေနှင့် ဆေးခြင်းဖြစ်သည်။ ယင်းအသုံးအဆောင်ပစ္စည်းများကို ဆေးကြောကာ ပြုတ်လိုက်ပြီး ယင်းတို့ကို လေစိမ်းတိုက်သည့်နေရာတွင်မဟုတ်ဘဲ ခြောက်သွေ့သည့်နေရာတွင်ထားပါ။

သင်ရွေးချယ်ထားသည့်အစားအစာများသည် အနာအဆာမရှိ၊ အမှည့်လွန်များမဖြစ်ဘဲ ကောင်းမွန်သည့်အနေအထားတွင်ရှိကြောင်း သေချာစေပါ။ ၎င်းတို့ကို ဖန်အိုးအဝမှလက်မဝက်အကွာအထိ နေသားတကျထည့်သွင်းပြီး ယင်းအပေါ်တွင် ကျိုထားသည့်အရည်လောင်းထည့်ပါ၊ အဝမှလက်မဝက်အကွာတွင် ဆက်ရှိနေစေပါ။ ယင်းအရည်သည် အသီးအရည်၊ ရေရိုးရိုး သို့မဟုတ် အရသာအတွက် ဆား သို့မဟုတ် သကြားအနည်းငယ်ပါသည့် အရည်ဖြစ်ပေမည်။ သင်သည် ခရမ်းချဉ်သီးကို စည်သွတ်ပါက မည်သည့်အရည်ကိုမျှ ထပ်မထည့်ရပါ။ ကိုယ်ပိုင်အရည်ထွက်လာသည်အထိ ယင်းကို ကျပ်ကျပ်ပိတ်ထားပါ။

အဖုံးပိတ်သည့်နေရာတွင် ကျပ်ကျပ်ပိတ်မရဖြစ်စေသည့် အစားအစာအမှုန်များမရှိစေရန် သေချာစေပါ; ထို့ပြင် ချက်ပြုတ်စဉ် ပွတက်လာသည့်အမျိုးအစားဖြစ်မည်ဆိုလျှင် အဖုံးများကို ကျပ်ကျပ်ရစ်၍ပိတ်ပါ။ ဖြည့်ထားသည့်ဖန်အိုးများကို ဆူနေသည့်ရေနွေးအိုးထဲသို့ထည့်ပြီး ဖန်အိုးများအထက်တွင် ရေတစ်လက်မမှနှစ်လက်မ ဖုံးနေသည်အထိ ရေအလုံအလောက်ရှိရမည်ဖြစ်သည်၊ နာနာဆူနိုင်ရန်အလို့ငှာ ရေမျက်နှာပြင်အထက်တွင် နောက်ထပ်တစ်လက်မနှစ်လက်မအလွတ်ရှိနေရမည်။ ဖန်အိုးများကို ရေနွေးအိုး၏အောက်ခြေမှ အနည်းငယ်မြင့်နေစေရန် တင်ထားသင့်သည်၊ သို့မှသာ ယင်းတို့၏အောက်တွင် ဆူနေသည့်ရေများ လှည့်ပတ်နိုင်မည်ဖြစ်သည်။

ရေနွေးအိုးကိုဖုံးထားပြီး ရေနွေးကိုဆူနေစေပါ။ ပြုတ်သည့်အချိန်သည် အစားအစာအမျိုးအစားပေါ်မူတည်ပြီး ကွဲပြားပေမည်။ ခရမ်းချဉ်သီးအတွက် ဆယ်မိနစ်သည် လုံလောက်သည်။ စည်သွတ်ရာတွင် နည်းမှန်လမ်းကျဖြစ်သည့် လုပ်ကိုင်နည်းအချက်အလက်များကို ချက်ပြုတ်နည်းစာအုပ်ကောင်းများ၊ အိမ်တွင်းဖြစ်စည်သွတ်ပစ္စည်းထုတ်လုပ်သူများနှင့် လယ်ယာစိုက်ပျိုးရေးဌာန၏ ပြန်ကြားရေးဌာနမှထုတ်ဝေသော သတင်းလွှာစာစောင်များမှ ရရှိနိုင်ပါသည်။

ဖန်အိုးများကို ဆူနေသည့်ရေနွေးမှထုတ်လိုက်ပြီးနောက် ယင်းတို့ကိုအအေးခံရန် တဘက်တစ်ခုပေါ် သို့မဟုတ် စင်ပေါ်တွင်တင်ထားပါ။ ဖန်အိုးများအေးသွားသည့်အခါ အဖုံး၏အလယ်ပိုင်းသည် ချိုင့်နေခြင်းရှိမရှိကြည့်ပါ။ ချိုင့်ခွက်ပုံဖြစ်နေပါက သင့်ဖန်အိုးများကို ဖြည်းညင်းစွာကိုင်တွယ်ပါ၊ ယင်းအစားအစာကို လနှင့်ချီသိုထားနိုင်ပါသည်။ ချိုင့်ခွက်ပုံမဖြစ်ပါက ယင်းကို အအေးဓာတ်ပေးခြင်းမရှိဘဲ တာရှည်ခံသိမ်းထားနိုင်မည်မဟုတ်သဖြင့် သိပ်မကြာမီစားလိုက်ပါ။

ရေခဲသေတ္တာသည် အကုန်အကျနည်းရန် အထောက်အကူပြုနိုင်မည်လော

အိမ်တွင်းဖြစ်စည်သွတ်ခြင်းအပြင် အအေးဓာတ်ဖြင့်ခဲစေခြင်းသည် အစားအစာကို ကြာရှည်ခံစေရန် အများအသုံးပြုနေသည့် နည်းလမ်းများထဲမှတစ်ခုဖြစ်သည်။ ရေခဲသေတ္တာသည် အကုန်အကျနည်းစေရန် ထောက်ကူပေးနိုင်သလော။

ယင်းသည် အချက်များစွာပေါ်မူတည်ပါသည်။ ၁၉၇၄၊ မေလထုတ် ချိန်းဂျင်းတိုင်းမ်စ်မဂ္ဂဇင်းတွင် ဤသို့ဖော်ပြထားသည့်အတိုင်းဖြစ်သည်–

“ရေခဲသေတ္တာ၏တစ်နှစ်အတွင်း ပျမ်းမျှကုန်ကျစရိတ်မှာ ဒေါ်လာ ၃၀ မှ ၅၀ ဝန်းကျင်တွင်ရှိသည်၊ ထို့ကြောင့် အကုန်အကျကာမိစေဖို့အတွက် အစားအသောက်ထည့်နိုင်သည့် ရေခဲသေတ္တာရှိပြီဖြစ်ရာ အထူးအခွင့်အရေးယူလုပ်ဆောင်ခြင်း သို့မဟုတ် အအေးခံထားနိုင်သော အစားအစာစိုက်ပျိုးခြင်းအားဖြင့် ပို၍ချွေတာရပါမည်။”

ရေခဲသေတ္တာထဲထည့်ရန် သင်ဝယ်ယူခဲ့ရာအားလုံးသည် လက်လီဈေးနှုန်းဖြင့်ဖြစ်လျှင် သင်သည် ချွေတာရာမကျပါ။ သို့ရာတွင် အစားအစာများကို ကိုယ်တိုင်စိုက်ပျိုးခြင်း၊ အပုံလိုက်ဝယ်ခြင်း သို့မဟုတ် ရာသီအလိုက်အထူးလျှော့ဈေးဖြင့်ရောင်းချသည့် အခွင့်အခါကောင်းကို သင်ရရှိခဲ့ပါမူ အကုန်အကျလျှော့နည်းနိုင်ပါသည်။

အစားအစာကို အခြောက်ခံခြင်းဖြင့်ထိန်းသိမ်းခြင်း

ကမ္ဘာ့လူဦးရေအများစုမှာ အစားအစာကိုအခြောက်ခံခြင်းအားဖြင့် ထိန်းသိမ်းကြသည်; ယင်းသည် မည်သည့်ပစ္စည်းပစ္စယမျှမလိုအပ်ပါ။ အားလုံးနီးပါးကို သန့်ရှင်းသောမျက်နှာပြင်တွင်ထားနိုင် သို့မဟုတ် ချိတ်ဆွဲထားနိုင်သည်၊ ယင်ကောင်များကိုတားဆီးရန် အဝတ်ပါးဖြင့်ဖုံးအုပ်ထားနိုင်သည်။ ကျန်အပိုင်းကို လေနှင့်နေက ဆောင်ရွက်သွားမည်ဖြစ်သည်။ သို့သော် ရာသီဥတုသည် အလွန့်အလွန်စိုထိုင်းလျှင်ကော။ အမေရိကန်ပြည်ထောင်စုအနောက်ပိုင်းရှိ အမျိုးသမီးတစ်ဦး၏အတွေ့အမြင်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်–

“သဖန်းသီးတချို့ကို အခြောက်လှန်းဖို့ စင်ပေါ်မှာ ကျွန်မ တင်ထားခဲ့တယ်။ ဒါပေမဲ့ ဒီဒေသမှာ စိုထိုင်းဆဟာ ၈၄ ရာခိုင်နှုန်းလောက်ရှိတဲ့အတွက် တချို့ပုပ်ကုန်တယ်။ ကျွန်မမုန့်ဖုတ်ထားတဲ့အတွက် အာဗန်မီးဖို (oven) က ပူနေတုန်းရှိသေးတယ်။ အဲ့ဒီလေနဲ့ခြောက်နိုင်မယ်လို့ ကျွန်မစဉ်းစားမိတယ်။ ဒါကြောင့် သဖန်းသီးတွေကို အပူချိန်ပြင်းပြင်းနဲ့ ၁၀-၁၅ မိနစ်ထားလိုက်တယ်။ ပြီးတော့ မီးအားနည်းနည်းလျှော့လိုက်ပြီး တစ်နာရီလောက်ထားလိုက်တယ်၊ နောက်ဆုံးမှာ မီးခလုတ်ပိတ်လိုက်တယ်၊ မီးဖိုထဲမှာအေးသွားတဲ့အထိထားပြီးမှ ထုတ်လိုက်တယ်။

“အသီးပြွတ်တချို့အရည်ထွက်လာတဲ့အခါ သကြားဆတူရောလိုက်ပြီး ပြုတ်လိုက်တယ်၊ သဖန်းသီးတွေကို အဲ့ဒီထဲမှာနစ်လိုက်ပြီး မီးဖိုထဲမှာခဏထားဖို့ စင်ပေါ်တင်လိုက်တယ်။ စေးထန်းထန်းဖြစ်လာတဲ့အခါ လနှင့်ချီတွဲလောင်းဆွဲထားနိုင်အောင် အိတ်ထဲထည့်ထားနိုင် (အဝတ်အိတ်ထဲထည့်လျှင်ပိုကောင်း) တယ်။”

အစားအစာအခြောက်ခံရန် အာဗန်မီးဖိုတစ်ခုပင်မလိုပါ။ ဇီဝဆိုင်ရာ ​ဥယျာဉ်နှင့် လယ်ယာစိုက်ပျိုးလုပ်ကိုင်မှုမဂ္ဂဇင်းတွင် ရွိုင် ဒိုင်ကပ်စ်က ဤသို့ရေးသားထောက်ပြထားသည်– “ကတ်ထူသေတ္တာတစ်ခုသည် ပန်းသီး၊ မက်မုံသီး၊ ပဲသီး၊ ရွှေဖရုံသီး၊ ဘူးဖရုံဖရဲမျိုးဝင်များ၊ အမဲသားနှင့် တောကောင်သား၊ သစ်သီးဝလံ၊ စပျစ်သီး၊ ဆီးသီးနှင့် ခရမ်းချဉ်သီးတို့ကို ခြောက်သွားစေရန် ပြောင်းလဲပေးနိုင်သည်။ သင်အလျင်စလိုအလိုရှိပါက သစ်စေ့များနှင့် သစ်ဥသစ်ဖုများကိုပင် ခြောက်သွေ့သွားစေမည်။” ယင်းတို့အားလုံး မည်သို့ဖြစ်နိုင်သနည်း။

ရှည်မျှောမျှောပုံစံရှိသော အစားအစာများကို သေတ္တာ၏အဆုံးတစ်ဖက်တစ်ချက်စီရှိ တန်းထားသောတုတ်ချောင်းများတွင် တွဲလွဲဆွဲထားနိုင်သည်ဟု ဆောင်းပါးတွင် ရှင်းပြထားသည်။ ခြောက်သွေ့စေဖို့အတွက် အပူကို သေတ္တာ၏အစွန်းတစ်ဖက်တွင်တပ်ထားသော မီးသီးတစ်လုံးမှရရှိသည်။ ရိုးရိုးလေးပင်မဟုတ်လော။

ကုန်ဈေးနှုန်းမြင့်တက်နေချိန်အတွင်း ငွေသက်သာစေခြင်းသည် စိန်ခေါ်ချက်တစ်ခုဖြစ်သည်မှာ ဝန်ခံရပါမည်။ သို့သော် သင်သည် သက်သောင့်သက်သာရှိခြင်းနှင့် ကြိုးစားပမ်းစားလုပ်ဆောင်မှုကိုလဲရန် တလိုတလားရှိပါက အကုန်အကျသက်သာနိုင်ပါသည်။