မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အောက်ဆီဂျင်ပြတ်လပ်နေသော မျက်လုံးများ

မျက်ကပ်မှန်တပ်ဆင်ကြသူတချို့သည် သူတို့၏မျက်လုံးများကို အောက်စီဂျင်ပြတ်လပ်စေနေပေမည်ဟု သည်ဂလုပ်အဲန်မေးလ်သတင်းစာကဆိုသည်။ “မျက်ကြည် [မျက်လုံး၏အရောင်ကြည်အခွံ] သည် လေနှင့်ထိတွေ့ခြင်းမှ ၎င်းလိုအပ်သော အောက်ဆီဂျင်မရနိုင်သည့်အခါ မျက်လုံးသွေးကြောများမဖွံ့ဖြိုးဘဲ အစားထိုးပေးရန် သွေးကြောများပွားလာလေသည်။” သို့ဖြင့် စက္ခုအာရုံဆုတ်ယုတ်ခြင်း သို့မဟုတ် မျက်စိကွယ်ခြင်းတို့ ဖြစ်သွားနိုင်၏။ တိုရွန်တိုဆေးရုံမှ မျက်စိရောဂါဗေဒဦးစီးမှူး ဒေါက်တာ ရေမွန်စတိန်းက “အဆိုးဝါးဆုံးအခြေအနေမှာ လူနာတစ်ဦးသည် မိမိ၏မျက်ကပ်မှန်များကို ဂရုစိုက်ထိန်းသိမ်းခြင်းမရှိ၊ ပြန်စစ်ဆေးခြင်းလည်းမရှိသည့်အခါဖြစ်သည်” ဟုဆိုသည်။ မိမိတို့၏မျက်ကပ်မှန်များသည် မိမိ၏မျက်လုံးများနှင့် သင့်တော်မတော် သေချာစေရန် မျက်လုံးအထူးကုတစ်ဦးနှင့် ဆွေးနွေးတိုင်ပင်ကြပြီးနောက် အကြံပေးထားသည့် တပ်ဆင်အသုံးပြုနည်းဇယားနှင့် မှန်များကိုဂရုစိုက်ရမည့် လမ်းညွှန်ချက်များကိုလိုက်နာရန် အမြင်တိုင်းပညာရှင်များက တိုက်တွန်းကြသည်။

ဘရာဇီးမိတ်ဖွဲ့မှု ဆုတ်ယုတ်ကျဆင်းနေ

ယခု ဘရားဇီးနိုင်ငံသားများသည် လွန်ခဲ့သောဆယ်နှစ်ကထက် မိတ်ဖွဲ့မှုနှုန်း လျော့နည်းသွားကြောင်း အူဂလိုဘူ သတင်းစာကဆိုသည်။ ဆော်ပိုလိုတက္ကသိုလ်မှ စိတ်ပညာရှင် မာရီယာ အဘိဂဲလ် ဒီဆိုဇာ၏အဆိုအရ အလုပ်ဈေးကွက်တွင် အကြိတ်အနယ်ယှဉ်ပြိုင်မှု၊ ဘဝပုံစံတစ်မျိုးတစ်မည်ကို ထိန်းသိမ်းထားနိုင်ရန် ရုန်းကန်မှုနှင့် အားလပ်ချိန်လျော့နည်းမှုတို့သည် အခြေခံအကြောင်းရင်းများဖြစ်ကြသည်။ ဆော်ပိုလို အက်ဒ်ဗဲင်တစ်[စ] ကျန်းမာရေးဌာနမှ ဆေးဘက်ဆိုင်ရာ ဒါရိုက်တာဖြစ်သူ ဆီဇာ ဗက်စ်ကောန်ဆာလိုစ် ဒီဆိုဇာက ဤသို့ဆိုသည်– “မိတ်ဆွေစစ်တွေရှိဖို့ ကျွန်တော်တို့ရဲ့ခံစားချက်တွေကို ဖွင့်ဟပြောဆိုရမယ်၊ ပွင့်လင်းရမယ်၊ ပြီးတော့ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာတွေ၊ ခက်ခဲတဲ့အရာနဲ့ လွယ်ကူတဲ့အရာတွေကို ဖွင့်ပြောပြကြရမယ်။ အဲ့ဒီလိုလုပ်ဖို့ အချိန်ပေးရမယ့်အပြင် သံယောဇဉ်တွယ်တာဖို့လိုတယ်။ လူအများက တခြားသူတွေကို ကိုယ့်ခံစားချက်တွေ ပြောပြလိုကြပေမဲ့ မပြောဝံ့ကြဘူး။ အရှုပ်အယှက်တွေ မဖြစ်ပေါ်လာစေဖို့ လူတွေနဲ့ အပေါ်ယံသာပေါင်းကြတော့တယ်။”

ဝမ်းနည်းကြေကွဲခြင်းနှင့် စိတ်ပျက်အားလျော့ခြင်း

အသက် ၇၀ နှင့် ၇၉ ကြားရှိ အမျိုးသားအမျိုးသမီးများကို လေ့လာဆန်းစစ်ခဲ့ရာ မုဆိုးဖိုနှင့်မုဆိုးမအချို့တို့သည် မိမိတို့၏ကြင်ဖော် ဆုံးရှုံးသွားပြီးနောက် နှစ်နှစ်တိုင် အလွန်စိတ်ပျက်အားလျော့သည့် လက္ခဏာများပြကြောင်း တွေ့ရှိရသည်။ လေ့လာမှုတွင် ပါဝင်ကြသူတို့ကို သူတို့၏ကြင်ဖော်ဆုံးသွားချိန်မှစ၍ ကုန်လွန်ခဲ့သည့် အချိန်ပမာဏအပေါ်အခြေပြုကာ အဖွဲ့ခြောက်ဖွဲ့ ခွဲလိုက်သည်။ စိတ်ပျက်အားလျော့မှုလက္ခဏာများကို ခန့်မှန်းလေ့လာကြည့်ရန် အင်တာဗျူးများနှင့် စစ်တမ်းအမေးလွှာများကိုအသုံးပြုခဲ့ကြသည်။ မေးမြန်းခံရသူများမှ ၃၈ ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကြပြီး ၆၂ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြသည်။ ချစ်ရသူဆုံးပါး၍ လောလောလတ်လတ် ပူဆွေးကျန်ရစ်ရသူတို့၏ စိတ်ပျက်အားလျော့မှုနှုန်းသည် ထပ်တူပူဆွေးဝမ်းနည်းမှုကို မခံစားခဲ့ရဖူးသည့် အိမ်ထောင်သည်များထက် ကိုးဆပို၍မြင့်မားကြောင်း ထိုလေ့လာမှုကတွေ့ရှိခဲ့သည်။

အင်တာနက်ညစ်ညမ်းစာပေကို စွဲလမ်းခြင်း

“အင်တာနက်အသုံးပြုသူ  အနည်းဆုံး ၂၀၀,၀၀၀ သည် ညစ်ညမ်းစာပေဆိုက်စ်များ၊ လူငယ်များနှင့်မအပ်စပ်သော စကားစမြည်ပြောခန်းများ သို့မဟုတ် online ရှိ လိင်ဆိုင်ရာအခြားအကြောင်းအရာတို့ကို စွဲလမ်းနေကြ” ကြောင်း သုတေသီများတွေ့ရှိကြသည်ဟု သည်နယူးယောက်တိုင်းမ်စ် ကအစီရင်ခံသည်။ ထိုလေ့လာမှုကို စတင်းဖို့ဒ်တက္ကသိုလ်နှင့် ဒူကန်တက္ကသိုလ်များမှ စိတ်ပညာရှင်များဆောင်ရွက်ခဲ့ကြရာ ယင်းသည် အင်တာနက် “ဆိုက်ဘာဆက်ခ် စွဲလမ်းသူများ” အရေအတွက်ကို ခန့်မှန်းခဲ့သည့် ပထမဦးဆုံးလေ့လာမှုတစ်ခုဖြစ်သည်။ ထိုစွဲလမ်းသူများသည် တစ်ပတ်လျှင် ၁၁ နာရီထက်မက လူငယ်များနှင့်မအပ်စပ်သော ဝက်ဘ်ဆိုက်စ်များကို ဖွင့်ကြည့်ကြကြောင်း သုတေသီများကဆိုသည်။ သတင်းစာက သုတေသီများ ဤသို့ဆိုသည်ဟု ကိုးကားဖော်ပြ၏– “ယင်းသည် ဘူးပေါ်သလို ပေါ်လာနေသည့် မထင်ရှားသော ပြည်သူ့ကျန်းမာရေးအန္တရာယ်တစ်ခုဖြစ်ခြင်းမှာ ယင်းကိုအသိအမှတ်ပြုသူ သို့မဟုတ် အလေးအနက်ထားသောသူ နည်းသောကြောင့်ဖြစ်သည်။”

အာဖရိကတိုက်ကို အေ့ဒ်စ်မွှေနှောက်ဖျက်ဆီးနေ

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်၏အဆိုအရ လွန်ခဲ့သောနှစ်တွင် စစ်ပွဲထက် အေ့ဒ်စ်ကြောင့် အာဖရိကရှိလူတို့ ပိုမိုသေကျေပျက်စီးခဲ့သည်။ ၎င်းစစ်ပွဲများတွင် ကွန်ဂိုဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၊ စီအဲရာလေယွန်၊ အင်ဂိုလာ၊ ကွန်ဂိုပြည်သူ့သမ္မတနိုင်ငံ၊ အီသီယိုးပီးယား၊ ဆိုမားလီးယား၊ အဲရိထရိအာနှင့် ဆူဒန်နိုင်ငံတွင် ဖြစ်ပွားခဲ့သောစစ်ပွဲများ ပါဝင်သည်။ ကမ္ဘာ့အေ့ဒ်စ်ရောဂါသည် ၃၆ သန်းမှ သုံးပုံနှစ်ပုံနီးပါးမျှသည် အာဖရိကရှိ တောင်ပိုင်းဆာဟာရသဲကန္တာရတွင် နေထိုင်ကြသည်။ ကုတ်ဒ်အဗွားနိုင်ငံတွင် အေ့ဒ်စ်ကြောင့် ကျောင်းတက်ရက်တိုင်း ဆရာတစ်ဦးသေဆုံးပြီး ဘော့စ်ဝါးနားနိုင်ငံတွင် လူ့ပျမ်းမျှသက်တမ်းမှာ ၇၀ မှ ၄၁ အထိ ကျဆင်းခဲ့ပြီဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် အိပ်ခ်ျအိုင်ဗွီနှင့်အေ့ဒ်စ်သည် ဇင်ဘာဘွေနိုင်ငံ၏ကျန်းမာရေးဘတ်ဂျက် ၆၀ ရာခိုင်နှုန်းကို အသုံးပြုမည်ဖြစ်၍ ၎င်းသည်ပင် လောက်ငမည်မဟုတ်ဟုယူမှတ်၏။ ကူးစက်ပျံ့ပွားမှုနှုန်း အလွန်မြင့်မားနေသည့် မာလာဝီနှင့်ဇမ်ဘီယာနိုင်ငံတို့တွင် အေ့ဒ်စ်အကြောင်းကို ထည့်မပြောကြတော့ပေ; တောင်အာဖရိကတွင် အေ့ဒ်စ်ဝေဒနာသည်များကို ရှောင်ဖယ်ကြသည်ဟု လန်ဒန်သတင်းစာ သည်ဂါးဒီးယန်းက အစီရင်ခံသည်။ “ဤထိတ်လန့်ဖွယ်ရာသည် အာဖရိက ဘဝအဆင့်အတန်း၊ စီးပွားရေးအတွက်အလားအလာ၊ လူမှုရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုအပေါ် သက်ရောက်မှုအပြည့်အဝကို ကျွန်ုပ်တို့တစ်ဦးကမျှ စ၍နားမလည်သေးပါ” ဟုမစ္စတာ အာနန်ထုတ်ဖော်ပြောဆိုလိုက်သည်။

မြို့ကြီးများ ရာသီဥတုကိုပြောင်းလဲနေ

“မြို့ပြကြီးထွားပေါက်ကွဲလာမှုသည် ‘အပူဇုန်များ’ ကို လွန်လွန်ကဲကဲ ဖန်တီးလျက်ရှိသဖြင့် ဒေသတစ်ခုစီအတွင်း ကိုယ်ပိုင်ရာသီဥတုစနစ်များ ပေါ်ပေါက်စေနေပြီ” ဟုလန်ဒန် သည်တိုင်းမ်စ် ကအစီရင်ခံသည်။ မြို့ကြီးများသည် တစ်နေ့တာအတွင်း အပူရှိန်ကိုဖမ်းထားပြီး ညအချိန်တွင် လေထုထဲသို့ အပူရှိန်ကိုပြန်လွှတ်ပေးသည်။ သို့ဖြစ်၍ ဘေဂျင်းနှင့် အတ္တလန်တာကဲ့သို့သော မြို့ကြီးများ၏အပူချိန်များသည် ၁၀ ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ထိုထက်မက ပို၍တိုးမြှင့်လာခဲ့သည်။ လွန်ခဲ့သော ၁၉ နှစ်အတွင်း အတ္တလန်တာမြို့တွင် လမ်းမကြီးများနှင့် အိမ်များကိုအရိပ်ပေးသော သစ်ပင် ဧကပေါင်း ၃၈၀,၀၀၀ ဆုံးရှုံးခဲ့သည်။ မြို့ကြီးပြကြီးကိုတိုးချဲ့ခြင်းက လေထုညစ်ညမ်းမှုကို တိုးပွားစေပြီး အချိန်အခါမဟုတ် မိုးသက်မုန်တိုင်းများဖြစ်ပေါ်စေသည့်အပြင် လယ်မြေများ၏ အလင်းမှီစုဖွဲ့ထုတ်လုပ်နိုင်မှုစွမ်းပကားကို ယုတ်လျော့စေသည်။ ဤ ‘အပူဇုန်များ’ ၏အကျိုးဆက်များအကြောင်း အမျိုးသားလေကြောင်းသိပ္ပံနှင့် အာကာသစီမံခန့်ခွဲရေးရုံးမှ သိပ္ပံပညာရှင် ဒေါက်တာ မာ့ခ်အီဟော့ဖ်က ဤသို့ဆိုသည်– “လူတို့အသက်ရှင်ရေးသည် တောတောင်ရေမြေ၏ အစာထုတ်လုပ်မှုစွမ်းရည်အပေါ် မူတည်သည်။ တောတောင်ရေမြေ၏ အလင်းမှီစုဖွဲ့ခြင်းစွမ်းရည် အကြီးအကျယ်ကျဆင်းသွားပါက လူတို့အသက်ရှင်ရေးကို ထောက်ပံ့သည့် ကမ္ဘာဂြိုဟ်၏စွမ်းပကားသည်လည်း လျော့နည်းသွားပေမည်။” များသောအားဖြင့် မြို့ပြတိုးချဲ့ရေးအတွက် လယ်ယာစိုက်ပျိုးခင်းကောင်းများ အဆုံးရှုံးခံလိုက်ကြသည်။

ညစ်ညမ်းမှုက ဝေလငါး အများအလိုရှိမှုကို လျော့နည်းစေ

ညစ်ညမ်းမှုသည် ဝေလငါးများကို ပူးပေါင်းကယ်ဆယ်နေပေမည်။ မကြာသေးမီက ဂျပန်ကမ်းရိုးတန်းမှ ဖမ်းမိသော ဝေလငါးများနှင့် လင်းပိုင်များ၌ ဒီဒီတီ၊ ဒိုင်အောက်စင်း၊ ပီစီဘီ နှင့် မီသိုင်းပြဒါးဓာတ်များ အပြည့်တွေ့ရှိရကြောင်း စုံစမ်းလေ့လာမှုများက ဖော်ပြခဲ့ကြသည်။ ထိုဓာတ်များပါ လင်းပိုင်သား တစ်အောင်စခွဲကိုသာစားသုံးခြင်းက လူတစ်ဦး၏ကျန်းမာရေးကို အလွန်ဘေးသင့်နိုင်ကြောင်း စမ်းသပ်မှုတစ်ခုကဖော်ပြသည်။ ထိုသို့သောသတင်းက ဝေလငါးသားစားလိုစိတ်ကို အဆုံးသတ်စေမည်ဟု အချို့သူများယူမှတ်ကြသည်။

“အလိုအလျောက်သန့်စင်” သည့်ကြာပင်

အရှေ့တိုင်းဘာသာတရားတွင် ရှေးအချိန်ကတည်းက အထွတ်အမြတ်ထားလာခဲ့သော ကြာပင်သည် အဘယ်ကြောင့် အမြဲသန့်စင်ပုံရှိသနည်း။ ဇီဝဗေဒပညာရှင်များအတွက် ကြာမြင့်စွာကတည်းက စိတ်ဝင်စားစရာဖြစ်ခဲ့သည့် ဤမေးခွန်း၏အဖြေကို ယခုရှာတွေ့ပြီဟု ဂျာမန်သိပ္ပံပညာရှင်များကဆိုသည်။ “အပင်မှာ ရေစိမ့်မဝင်နိုင်တဲ့အပိုင်းများရှိကြောင်းကို သိတာကြာပြီ” ဟု သိပ္ပံပညာရှင် ဒဗလျူ. ဘာ့သ်လော့တ်နှင့် စီ. နင်းဟယူးစ်တို့ကဆိုသည်။ “ဒါပေမဲ့ အလိုအလျောက်သန့်စင်နိုင်တဲ့ ဂုဏ်သတ္တိတွေကိုတော့ . . . လုံးလုံးသတိမထားမိကြပါ။” အိန္ဒိယ သည်ဆန်းဒေးတိုင်းမ်စ်တွင် ရှင်းပြထားသကဲ့သို့ “ကြာရွက်တစ်ရွက်ပေါ်မှ လှိမ့်ကျလာသော ရေစက်ကလေးများသည် မသန့်ရှင်းရာများကို သယ်ဆောင်သွားရာ အရွက်မျက်နှာပြင်ကို လုံးလုံးသန့်ပြန့်စေသည်” ဟူ၏။ အရွက်မျက်နှာပြင်သည် ချောမွတ်နေသောကြောင့်ကား မဟုတ်ချေ။ မိုက်ခရိုစကုပ်ဖြင့် ကြည့်ရှုခဲ့ရာ အရွက်၏မျက်နှာပြင်သည် “အဖုလေးများ၊ အခွေအလိပ်များနှင့် အလုံးလေးများ” ဖြင့်ကြမ်းတမ်းနေပြီး ဘေးစောင်းမှကြည့်လျှင် “ခုံးသော သို့မဟုတ် လိပ်ခုံးပုံ ရေဝေကြော” ရှိသည်။ ထို့ပြင် အပင်ကို ဖယောင်းခဲများဖြင့် ဖုံးလွှမ်းထားသဖြင့် ရေမစုပ်သော သို့မဟုတ် ရေစိမ့်မဝင်စေသော အာနိသင်ရှိ၏။ “ကြာပင်၏ ဤအကျိုးအာနိသင်” သည် ရေနှင့် အညစ်အကြေးစများ စေးကပ်ခြင်းကို အကြီးအကျယ်လျော့နည်းစေသည် ဖြစ်၍ ဆိုးဝါးသောပတ်ဝန်းကျင်အခြေအနေများကြား အပင်သည် ဖယောင်းများကို အသစ်ပြန်၍ဖြစ်ပွားစေနိုင်သည်ဟု သုတေသီများက ထပ်လောင်းပြောဆိုသည်။ ယင်းက ကြာပင်၏ ပင်ကိုစွမ်းဆောင်နိုင်မှုကို လူလုပ်ထားသော ရေဆေး သို့မဟုတ် ချေးချွတ်ဆေးရည်တို့ထက် များစွာသာလွန်စေကြောင်း ပြောဆိုကြ၏။

သောက်သုံးသင့်သလော

ပြင်သစ်နိုင်ငံရှိ ရေအရည်အသွေးသည် “ဖြေရှင်း၍မရနိုင်သည့်အမှတ်” မဆိုက်ရောက်မီ “ကြိုတင်ကာကွယ်ရပေမည်” ဟု သဘာဝထိန်းသိမ်းရေးကမ္ဘာ့ရန်ပုံငွေ (WWF) အဖွဲ့မှလေ့လာချက်တစ်ရပ်က သတိပေးလိုက်သည်။ WWF ၏အဆိုအရ ပြင်သစ်နိုင်ငံ၏ မြေပေါ်မြေအောက်ရေများသည် ပိုးသတ်ဆေးနှင့် နိုက်ထရိတ်များဖြင့် ညစ်ညမ်းလျက်ရှိနေသည်။ ဝက်နှင့်ကျွဲနွားတိရစ္ဆာန်တို့၏မစင်တို့ကို ရေပေးဝေမှုထဲသို့ ရောက်သွားစေသည့်အခါ နိုက်ထရိတ်ညစ်ညမ်းမှုသည် အဓိကဖြစ်ပေါ်လာ၏။ “ဘရစ်တနီခရိုင်ရှိ ဝက်ကောင်ရေ ရှစ်သန်းတို့၏ မစင်များကို မိလ္လာသန့်စင်ရေးစနစ်မရှိသော မြို့နေလူထု ၂၄ သန်း၏စွန့်ပစ်ပစ္စည်းနှင့် နှိုင်းယှဉ်နိုင်၏!” ဟုသတင်းတစ်ပုဒ်ကဆိုသည်။ ထို့အပြင် “ကြီးမားသောအတိုင်းအတာဖြင့်ပြုလုပ်နေသော လယ်ယာလုပ်ငန်းအတွက် အသုံးပြုသည့် မြေသြဇာပမာဏသည်လည်း ရေပေးဝေမှုကို နိုက်ထရိတ်များဖြင့် ညစ်ညမ်းစေ၏” ဟု WWF ကဆိုသည်။ ထပ်ဆင့်၍ ပြောင်းထုတ်လုပ်ရေးတွင်အသုံးပြုသည့် ပိုးသတ်ဆေးပမာဏသည် ပိုးသတ်ဆေးအဆင့်အတန်းကို ပြဋ္ဌာန်းထားသောစံနှုန်းများထက် ၄၀ ရာခိုင်နှုန်းကျော် တိုးမြှင့်စေသည်။ သဘာဝစစ်ထုတ်ရာများအဖြစ်စွမ်းဆောင်ရန် စွတ်စိုမြေများနှင့် သစ်ပင်ထူထပ်သောဖို့မြေများကို ပြန်လည်တည်ဆောက်ရမည်ဟု WWF ကအစီရင်ခံသည်။