တဖြည်းဖြည်းသေဆုံးခြင်းအဖြစ်မှ ပျော်ရွှင်သောဘဝသို့
တဖြည်းဖြည်းသေဆုံးခြင်းအဖြစ်မှ ပျော်ရွှင်သောဘဝသို့
သီအာမန်းတီ သတီရိစ် ပြောပြသည်
‘သေရမယ့်နေ့ကိုခန့်မှန်းရင်းနဲ့ အသက်ရှင်နေရပါလား။’ သွေးပြန်ကြောထဲ သွေးယူနစ်တွေ တဖြည်းဖြည်းကျနေတဲ့ပိုက်တန်းလန်းနဲ့ ဆေးရုံအိပ်ရာပေါ်မှာလဲလျောင်းနေရင်း ကျွန်မရဲ့စိတ်ထဲမှာ အဲဒီအတွေးက အဆက်မပြတ်ဝင်နေတယ်။ ဒီနည်းနဲ့ပဲ ဆက်အသက်ရှင်နေနိုင်တာလို့ ကျွန်မကိုပြောခဲ့တာ အနှစ် ၂၀ ကျော်သွားပါပြီ—ဒါကို တကယ်ပဲဘဝလို့ခေါ်နိုင်မလား။
၁၉၆၉ ခုနှစ်၊ ဂရိနိုင်ငံ၊ ကရေတေကျွန်း၊ အီရာပီတရားမြို့မှာ ကျွန်မကိုမွေးပြီး မကြာခင်မှာပဲ ကျွန်မမိဘတွေ သတင်းဆိုးကြားခဲ့ရတယ်။ ခင်ဗျားတို့သမီးလေးမှာ ဗီတာစက်ဝိုင်းဆဲလ်သွေးအားနည်းရောဂါ ဒါမှမဟုတ် ကူလီသွေးအားနည်းရောဂါရှိနေတယ်လို့ ဆရာဝန်တွေကပြောပါတယ်။ ဗီတာစက်ဝိုင်းဆဲလ်သွေးအားနည်းရောဂါကြီးဟာ ဂရိ၊ အီတလီ၊ အရှေ့အလယ်ပိုင်း၊ အာရှတောင်ပိုင်း၊ ဒါမှမဟုတ် အာဖရိကန်မျိုးနွယ်တွေမှာ အများဆုံးဖြစ်လေ့ရှိတဲ့ မျိုးရိုးလိုက်သွေးရောဂါဖြစ်တယ်။
ကျွန်မမိဘတွေကို ဆရာဝန်တွေရဲ့ရှင်းပြချက်အရ ဒီလိုရောဂါရပြီဆိုရင် ခန္ဓာကိုယ်ထဲကသွေးနီဥတွေဟာ ဆဲလ်တွေဆီ အောက်ဆီဂျင်သယ်ဆောင်ပေးတဲ့ ဟီမိုဂလိုဗင်၊ ပရိုတင်းတွေကို အလုံအလောက်မထုတ်ပေးနိုင်တော့ဘူးတဲ့။ ဒါကြောင့် ကျွန်မဆဲလ်တွေမှာ အောက်ဆီဂျင်အလုံအလောက်မရှိတော့ဘူး။ အသည်းနဲ့သရက်ရွက်က သွေးနီဥတွေကို ဖျက်ဆီးပယ်ရှားလိုက်တဲ့အတွက် ကျွန်မရဲ့သွေးလမ်းကြောင်းထဲမှာ သွေးနီဥတွေ ခဏလောက်ပဲရှိနေနိုင်တယ်။ ဒီအင်္ဂါတွေက ပုံမှန်မဟုတ်တဲ့သွေးနီဥတွေကို ဖျက်ဆီး ဒါမှမဟုတ် ဖယ်ရှားပေးရတာ။
စက်ဝိုင်းဆဲလ်သွေးအားနည်းရောဂါကို လူသိများတဲ့ တစ်ခုတည်းသောကုသနည်းကတော့ သွေးမှန်မှန်သွင်းပေးပြီး စုပုံလာတဲ့သံဓာတ်ကို ဖယ်ရှားပစ်ဖို့ဖြစ်တယ်လို့ ကျွန်မမိဘတွေကိုပြောပြတယ်။ ဒါပေမဲ့ သွေးသွင်းကုသရင်း နှလုံးနဲ့အသည်းမှာ သံဓာတ်တွေ အဆက်မပြတ်စုပုံလာတဲ့အတွက် သေနိုင်တယ်လို့ ဆရာဝန်တွေကရှင်းပြပါတယ်။ ဒီရောဂါသည်တွေရဲ့ ဦးဆုံးဆယ်နှစ်အတွင်း သေခြင်းကနေကာကွယ်ပေးတဲ့ သွေးသွင်းကုသနည်းဟာ သံဆိပ်တက်စေတဲ့ အဓိကပါဝင်မှုကိုဖြစ်စေပြီး နောက်ပိုင်းမှာ သေစေနိုင်တယ်။ ကျွန်မလိုပဲ ကြာရှည်သွေးသွင်းခဲ့ကြရတဲ့ စက်ဝိုင်းဆဲလ်သွေးအားနည်းရောဂါသည်တွေဟာ အသက် ၃၀ မတိုင်ခင် နှလုံးရောဂါနဲ့သေဆုံးတတ်ကြတယ်။
“သေရမယ့်နေ့” ဖြင့်အသက်ရှင်ခြင်း
ကျွန်မကလေးဘဝကတည်းက သေခြင်းတရားဟာ ကျွန်မကို အကြီးအကျယ်ခြိမ်းခြောက်ခဲ့တယ်။ ဒီလိုမျိုးကြောက်စရာအခြေအနေနဲ့ အသက်ရှင်နေရတာ ဘယ်လောက်အထိ ခက်သလဲဆိုတာ ပြောပြဖို့စကားတောင်ရှာမရပါဘူး။ ကျွန်မမှာ အနာဂတ်အတွက်အစီအစဉ်တွေမရှိဘူး၊ သာမန်လူကြီးတစ်ယောက်ရဲ့ ဘဝရည်မှန်းချက်တွေလည်းမရှိဘူး။ ကျွန်မခံစားနေရတဲ့ စက်ဝိုင်းဆဲလ်သွေးအားနည်းရောဂါဟာ ပေါက်ကွဲတော့မယ့်အချိန်ကို စောင့်နေရတဲ့ ချိန်ကိုက်ဗုံးတစ်လုံးလိုပါပဲ။
ကျွန်မရဲ့ကျန်းမာရေးကိုစိုးရိမ်နေကြတဲ့ ကျွန်မမိဘတွေကလည်း အမြဲသတိရှိခဲ့ကြတယ်။ “မပြေးနဲ့!” “စိတ်မလှုပ်ရှားနဲ့!” “သတိထား!” စတဲ့ “မ . . . ” နဲ့အခြားစည်းကမ်းချက်တွေထုတ်ပြီး ကျွန်မကိုထိန်းခဲ့ကြတယ်။
ကျွန်မရဲ့ကျန်းမာရေးအခြေအနေကြောင့် ဂရိသြသဒေါက်ဖြစ်တဲ့အမေဟာ ဘာသာတရားအလွန်ကိုင်းရှိုင်းလာပါတယ်။ အမေဟာ စိတ်ရင်းမှန်နဲ့ ဘာသာရေးရုပ်ပုံတွေအကူအညီကို အမြဲတောင်းခဲ့တယ်။ ကျွန်မရဲ့ကျန်းမာရေးကောင်းလာဖို့ ယုံကြည်ခြင်းကုထုံးနဲ့ကုသပေးတယ်လို့ နာမည်ကြီးတဲ့ အဝေးကြီးက . . . ကျောင်းတွေကို ကျွန်မကို အမေခေါ်သွားပြီး အဆောင်လက်ဖွဲ့အမျိုးမျိုးပေးပါတယ်။ ဒီအဆောင်လက်ဖွဲ့တွေအတွက် ငွေအများကြီးကုန်ခဲ့ပေမဲ့ အလကားပဲ။
ဘုရားသခင်ကို ဘယ်လိုဝတ်ပြုကိုးကွယ်ရမှန်းမသိပေမဲ့ ဘုရားသခင်ကို ကျွန်မယုံကြည်အားကိုးပြီး ချစ်တယ်။ စိတ်ဓာတ်ကျတဲ့အခါ “ဘုရားသခင် ကိုယ်တော်တကယ်ရှိပြီး ကျွန်မကိုချစ်တယ်ဆိုရင်
ကျေးဇူးပြုပြီး ကျွန်မကိုကူညီပါ” လို့မျက်ရည်စက်လက်နဲ့ ကျွန်မဆုတောင်းတတ်တယ်။သက်သာမှုရဖို့အတွက် မရမကကြိုးစားခြင်း
ကျွန်မတဖြည်းဖြည်းကြီးလာတဲ့အခါ သွေးထဲကသံဓာတ်ဟာ လိုတာထက်များနေလို့ ကျွန်မရဲ့ကျန်းမာရေး အကြီးအကျယ်ဆုတ်ယုတ်လာတယ်။ ကျွန်မရဲ့ဆေးကုသနည်းတစ်ခုက သွေးထဲကသံဓာတ်လျော့သွားဖို့ ကိရိယာတစ်ခုကိုအသုံးပြုရတယ်။ တစ်ညလုံး ကျွန်မကိုယ်ထဲက သံဓာတ်ပျော်ကျစေဖို့ ဗိုက်အရေပြားအောက်မှာ အပ်တစ်ချောင်းကို ညတိုင်းထည့်ထားရတယ်။ ဒီလိုဝေဒနာမျိုးကို ကျွန်မ ညတိုင်းခံခဲ့ရတယ်။ တစ်ခါတလေ အိပ်မပျော်တဲ့ညတွေဆိုရင် ကျွန်မသေချင်တယ်။ ကျွန်မတောင်းတဲ့အကူအညီကို ဘုရားသခင်လျစ်လျူရှုထားတယ်လို့ ကျွန်မခံစားရတယ်။
ကျွန်မအသက် ၁၆ နှစ်ရောက်တော့ ဟဲဗီးမက်တဲလ်တေးဂီတမှာ နစ်မျောနေကြတဲ့ လူငယ်အုပ်စုနဲ့ စပြီးပေါင်းသင်းခဲ့တယ်။ သက်သာမှုရလိုရငြားရှာဖွေနေတုန်းမှာ ကြမ်းကြုတ်မှု၊ ရက်စက်တဲ့အကြမ်းဖက်မှုနဲ့ စာတန်ကိုးကွယ်မှုကို အမွှမ်းတင်ထားတဲ့ ဒီတေးဂီတဟာ အတိုင်းအတာတစ်ခုအထိ ထွက်ပေါက်ရစေတယ်ဆိုတာ ကျွန်မသိရှိခဲ့တယ်။ ကျွန်မရဲ့ဝန်းကျင်နေရာတကာမှာ မကောင်းမှုတွေရှိနေတာကြောင့် ဆိုးသွမ်းယုတ်မာတဲ့ အစွမ်းတန်ခိုးရှင်တစ်ပါး စကြဝဠာကို အုပ်ချုပ်နေတယ်ဆိုတဲ့အချက်ကို ကျွန်မလက်ခံတယ်။ ဒါပေမဲ့ မကြာခင်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ စာတန်ဝတ်ပြုရေး အကျိုးဆက်တွေ ထင်ရှားလာပါလေရော။ ကျွန်မရဲ့အပေါင်းအသင်းတွေက အမြဲတမ်းလိုလို ဝရမ်းပြေးဖြစ်နေရတယ်။
မခြားမလပ်သွေးသွင်းနေရလို့လည်း ကျွန်မကိုယ်မှာ မြင်သာတဲ့အရာတွေရှိနေတယ်။ သံဓာတ်တွေများလွန်းလို့ ကျွန်မမျက်ကွင်းတွေညိုနေပြီး အသားအရေဝါသွားတယ်။ ကျွန်မအပေါင်းအသင်းတွေလို သံဖနောင့်တွေ၊ ဦးခေါင်းခွံတွေပါတဲ့ အနက်ရောင်အဝတ်အစားတွေနဲ့ သားရေဂျာကင်တွေဝတ်တော့လည်း ကျွန်မရဲ့ရုပ်ရည်က ဘယ်ကြည့်ကောင်းမလဲ။ ဝမ်းသာစရာကတော့ ကျွန်မတစ်ခါမှမူးယစ်ဆေးဝါးမသုံးခဲ့ဖူးဘူး။
သေခြင်း၊ မူးယစ်ဆေး၊ နတ်ဆိုး၊ နတ်ပညာနဲ့ သွေးကို အလေးပေးတဲ့ ဟဲဗီးမက်တဲလ်တေးဂီတကို ဆက်ပြီးနားထောင်နေရင်းနဲ့ ကျွန်မကို စာတန်ဖမ်းချုပ်လိုက်ပြီးလို့ ခံစားမိတယ်။ ညဆိုရင် ကျွန်မ စိတ်အားငယ်ပြီး ငိုတတ်ပါတယ်။ ဒီလိုစိတ်ဓာတ်ကျနေတဲ့အချိန်မျိုးမှာ မျှော်လင့်ချက်ရောင်ခြည်တန်းတစ်ခု ကျွန်မရဲ့ဘဝမှာ ပေါ်ထွက်လာခဲ့တယ်။
ကျွန်မဘဝရဲ့အလှည့်အပြောင်း
ကျွန်မအသက် ၂၀ ရောက်တဲ့တစ်နေ့မှာ သူငယ်ချင်းတစ်ယောက်က ယေဟောဝါသက်သေတွေဆီကရခဲ့တဲ့ စာအုပ်တစ်အုပ် ကျွန်မကိုပေးတယ်။ အဲဒီစာအုပ်က သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်စကားတော်လော၊ လူ့နှုတ်ထွက်လော ဆိုတဲ့စာအုပ်ပါပဲ။ * တကယ်တော့ ဒီစာအုပ်ကို သူစိတ်မဝင်စားဘူး၊ ကျွန်မကျတော့ စာအုပ်ကို ဟိုဟိုသည်သည်လှန်လှောဖတ်လိုက်တာနဲ့ သဘောကျမိတယ်။ ကျမ်းစာမူတွေဟာ လူတစ်ယောက်ရဲ့ဘဝကို တိုးတက်စေနိုင်တယ်လို့ ရိုးရိုးရှင်းရှင်းဖော်ပြထားတယ်လေ။ အစောပိုင်းခရစ်ယာန်တွေ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာ၊ သူတို့ရဲ့ယုံကြည်ချက်တွေအတွက် သူတို့အသက်စွန့်ဖို့ တလိုတလားရှိခဲ့တာတွေကို သိလာရလို့လည်း ကျွန်မစိတ်စွဲမှတ်စရာဖြစ်ခဲ့တယ်။ ဒီစာအုပ်ကို ကျွန်မဖတ်ပြီးတဲ့အခါ အခြားသူတွေကို ဒီအကြောင်းတွေပြောပြချင်ခဲ့တယ်။ ဒါကြောင့်လည်း မာနောလီစ်နဲ့ ကျွန်မတွေ့ဆုံခဲ့တယ်၊ သူ့ဆွေမျိုးတွေက ယေဟောဝါသက်သေတွေဖြစ်ကြလို့ ယေဟောဝါနဲ့ ကျမ်းစာသတင်းတရားကို သူသိထားတယ်။ သူက ကျွန်မကို ဒေသခံယေဟောဝါသက်သေတွေ စည်းဝေးကျင်းပတဲ့နေရာကို ခေါ်သွားတယ်၊ ၁၉၉၀၊ နွေရာသီမှာ သူတို့နဲ့ ကျွန်မကျမ်းစာစလေ့လာခဲ့တယ်။
ကျွန်မကျမ်းစာလေ့လာရင်း ဖန်ဆင်းရှင်ဟာ ကျွန်မတို့ကို အမှန်တကယ်ပဲဂရုစိုက်တယ်ဆိုတာရယ်၊ ကျွန်မတို့ခံစားနေကြရတဲ့ ရောဂါဝေဒနာတွေဟာ ကိုယ်တော်ကြောင့်မဟုတ်ဘူးဆိုတာကိုပါ ကျွန်မသိလာခဲ့ရတယ်။ (၁ ပေတရု ၅:၇) ဒီလောကထဲ အပြစ်နဲ့သေခြင်းယူဆောင်လာတာဟာ စာတန်ဖြစ်တယ်၊ မကြာခင် ဒီစနစ်ဟောင်းကိုဖယ်ရှားပစ်ပြီး စုံလင်ဖြောင့်မတ်တဲ့ ကမ္ဘာသစ်ကို အစားထိုးပေးတဲ့အခါ စာတန်ရဲ့လုပ်ရပ်တွေကို ယေဟောဝါပယ်ဖျက်တော့မယ်ဆိုတာလည်း ကျွန်မသိလာရပါတယ်။ (ဟေဗြဲ ၂:၁၄၊ ၁၅) ပရဒိသုအခြေအနေမျိုးအောက်မှာ ဘုရားသခင်ကိုကြောက်ရွံ့တဲ့သူတွေဟာ လူ့စုံလင်မှုကို ပြန်ရတော့မယ်။ အဲဒီအခါ ဘယ်သူမှ “ငါနာ” တယ်လို့ မပြောကြတော့ဘူး။—ဟေရှာယ ၃၃:၂၄။
တစ်ချိန်တည်းမှာ ‘သွေးကိုကြဉ်ရှောင်’ ရမယ်လို့ ကျမ်းစာပြောထားတာကိုလည်း ကျွန်မသိခဲ့ရတယ်။ (တမန်တော် ၁၅:၂၀၊ ၂၈၊ ၂၉; ကမ္ဘာဦး ၉:၄) မြင့်မြတ်တဲ့စံနှုန်းတွေနဲ့ ကျမ်းစာမူတွေက ကျွန်မရဲ့သိစိတ်ကို စပြီးပုံသွင်းလေ့ကျင့်ပေးတဲ့အခါ သွေးသွင်းခြင်းနဲ့ပတ်သက်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖို့ လှုံ့ဆော်ခံခဲ့ရတယ်။ သွေးဆက်မသွင်းတော့ဘူးလို့ ကျွန်မဆုံးဖြတ်ခဲ့တယ်။
သွေးမှန်မှန်သွင်းမှပဲ ကျွန်မဆက်အသက်ရှင်နိုင်မှာလို့ အနှစ် ၂၀ ကျော်အထိ ကျွန်မယုံကြည်ခဲ့တာ။ ကျမ်းစာပညတ်ကိုနားထောင်တဲ့အတွက် ကိုယ့်သေတမ်းစာကို ကိုယ်လက်မှတ်ထိုးရာကျနေမှာလား။ ကျွန်မသွေးသွင်းမခံတာကို မိဘတွေက ဘယ်လိုထင်ကြမလဲ။ ကျွန်မရဲ့ဆရာဝန်တွေနဲ့ အခြားဆေးဝန်ထမ်းတွေက ကျွန်မကိုဖိအားပေးမလား။
အရေးကြီးသောဆုံးဖြတ်ချက်များချရခြင်း
စိတ်ထက်သန်စွာနဲ့ ဆုတောင်းပြီး ကျွန်မရဲ့စိုးရိမ်မှုတွေအားလုံးကို ယေဟောဝါဆီမှာ အပ်လိုက်တယ်။ (ဆာလံ ၅၅:၂၂) ဆေးဘက်ဆိုင်ရာ တခြားဖြေရှင်းနည်းတွေကိုလည်း လိုက်ရှာမယ်လို့ ကျွန်မဆုံးဖြတ်ခဲ့တယ်။ အတော်များများလေ့လာပြီးတဲ့နောက်မှာ သွေးသွင်းမယ့်အစား သံဓာတ်နဲ့ ဗီတာမင်များများပါတဲ့ ဓာတ်စာကို သေချာရွေးစားရင် ဖြစ်နိုင်တယ်လို့ ကျွန်မသိခဲ့ရတယ်။ အဲဒါထက် ကျမ်းစာမှာဖော်ပြထားတဲ့ ဘုရားသခင့်ပညတ်တော်နဲ့အညီ ကျွန်မလိုက်လျှောက်ဖို့ သန္နိဋ္ဌာန်ချခဲ့တယ်။
မိဘတွေက အတော့်ကိုစိတ်ဆိုးကြမှာ သေချာတယ်။ ကျွန်မနို့စို့အရွယ်ကတည်းက ကျွန်မအသက်ဆက်ရှင်ရအောင် သူတို့အကောင်းဆုံးပြုစုပေးခဲ့ကြတာ၊ အခု ကျွန်မသွေးမသွင်းတော့ဘူးလို့ ပြောလိုက်မယ်ဆိုရင်! ဒါပေမဲ့ နောက်ဆုံးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို သူတို့လေးစားပါမယ်လို့ သဘောတူခဲ့ကြတယ်။
အဲဒီနောက်တော့ သွေးသွင်းမယ့်အစား တခြားနည်းတွေကို အသုံးပြုလိုတယ်လို့ ဆေးရုံဝန်ထမ်းအဖွဲ့ကို အသိပေးပြီး ကျွန်မရဲ့ဘာသာရေးရပ်တည်ချက်ကို ရှင်းပြခဲ့တယ်။ ကျွန်မရဲ့ဆန္ဒကို ဆရာဝန်တွေက မလိုက်လျောချင်ဘဲ လိုက်လျောခဲ့ကြတယ်။
အရင်သွေးသွင်းခဲ့တုန်းက စက်ဝိုင်းဆဲလ်သွေးအားနည်းရောဂါခံစားနေကြရတဲ့ တခြားလူငယ်တွေနဲ့ ကျွန်မမိတ်ဆွေဖြစ်ခဲ့တယ်။ အခုတော့ သွေးနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ရပ်တည်ချက်ကြောင့် သူတို့စဉ်းစားရခက်ကုန်ကြပြီ။ မကြာခင် ကျွန်မကို “လူလေးယောက်ကခေါ်သွား” လိမ့်မယ်လို့ သူတို့ထဲကတစ်ယောက်က ခနဲ့တဲ့တဲ့ပြောပါတယ်—ကျွန်မသေမယ်လို့ဆိုလိုတဲ့ ဂရိအသုံးအနှုန်းပါပဲ။ ဝမ်းနည်းစရာကတော့ နောက်ပိုင်းမှာ မသန့်ရှင်းတဲ့သွေးသွင်းမိလို့ သေသွားတဲ့လူနာငါးယောက်ထဲမှာ သူလည်းပါတယ်လေ!
၁၉၉၁၊ ဩဂုတ်လကတည်းက ကျွန်မသွေးမသွင်းတော့ပါဘူး။ ကြိုတင်ခန့်မှန်းထားချက်တွေအားလုံးနဲ့ တခြားစီပဲ၊ ကျွန်မအခုထိအသက်ဆက်ရှင်နေပြီး အတော်လေးကျန်းမာနေပါတယ်။ ဗီတာမင်နဲ့သံဓာတ်များများပါတဲ့ ဓာတ်စာကိုစားရင်း စက်ဝိုင်းဆဲလ်သွေးအားနည်းရောဂါကြောင့် ဆင့်ပွားရောဂါတွေနဲ့ အားနည်းတာတွေဖြစ်ပေမဲ့လည်း ကျန်းမာရေးကို ကျွန်မအတော်အသင့် ဆက်ထိန်းထားနိုင်ပါပြီ။
ဒါပေမဲ့ အရေးကြီးဆုံးကတော့ ရည်ရွယ်ချက်ရှိတဲ့ဘဝမျိုး၊ ကျွန်မရဲ့ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကြောင့် ကြွယ်ဝချမ်းသာတဲ့ဘဝကို ကျွန်မပိုင်ဆိုင်ထားပါပြီ။ ၁၉၉၂၊ ဇူလိုင်လမှာ ကျွန်မနှစ်ခြင်းခံခြင်းဖြင့် ယေဟောဝါထံဆက်ကပ်အပ်နှံကြောင်း ပြခဲ့ပါတယ်။ ကျွန်မအတွက် အရေးပါပြီးထောက်ပံ့မှုဖြစ်တဲ့ ယေဟောဝါသက်သေတွေရဲ့ ခရစ်ယာန်အသင်းတော်နဲ့ ဆက်သွယ်ပေးခဲ့တဲ့ ကျွန်မချစ်မြတ်နိုးရတဲ့သူငယ်ချင်း မာနောလီစ်လည်း အဲဒီနေ့မှာပဲ နှစ်ခြင်းခံခဲ့တယ်။ နောက် ၁၈ လလောက်ကြာတော့ ကျွန်မတို့လက်ထပ်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ကျွန်မအမေနဲ့ညီမလေးပါ နှစ်ခြင်းခံပြီးတဲ့ ယေဟောဝါရဲ့ကျေးကျွန်တွေဖြစ်လာတာကို မြင်ရတဲ့ပျော်ရွှင်မှုခံစားခဲ့ရတယ်။ ယေဟောဝါသက်သေတွေအပေါ်ထားရှိတဲ့ ကျွန်မအဖေရဲ့အမြင်လည်း ပြောင်းလဲသွားပြီး အခုအသင်းတော်အစည်းအဝေးတွေကို တစ်ခါတလေလိုက်တက်တယ်။
သေခြင်းတရားဟာ ရန်သူဖြစ်ပေမဲ့လည်း ကြောက်စရာကောင်းတဲ့ရန်သူမဟုတ်ဘူးဆိုတာကို ကျွန်မသိလာရပြီ။ (ဆာလံ ၂၃:၄) ကျွန်မတို့ အသက်ရှင်တာပဲဖြစ်ဖြစ်၊ သေတာပဲဖြစ်ဖြစ် ယေဟောဝါအတွက်ပါပဲ။ ကျွန်မတို့ရဲ့အသက်ဟာ ကိုယ်တော်ရဲ့လက်ထဲမှာရှိပါတယ်။ (ရောမ ၁၄:၈) တဖြည်းဖြည်းသေရမယ့်ဘဝကနေ ကျွန်မကိုကယ်မပေးခဲ့တဲ့အတွက် ကိုယ်တော်ကို ကျွန်မအမြဲတမ်းကျေးဇူးတင်နေမှာပါ။ တကယ်တော့ ကိုယ်တော်ဟာ ကျွန်မကို ထာဝရအသက်မျှော်လင့်ချက်ဆီ ဦးတည်ပေးခဲ့တယ်!—ဗျာဒိတ် ၂၁:၁-၄။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 18 ယေဟောဝါသက်သေများ၊ နယူးယောက်မှ ထုတ်ဝေသည်။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
သက်သာမှုရဖို့အတွက် ကျွန်မ မရမကရှာဖွေခဲ့
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ကျွန်မခင်ပွန်း မာနောလီစ်နှင့်အတူ