မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေတ္တာမဲ့အိမ်ထောင်ရေး၌ ကျော့မိခြင်း

မေတ္တာမဲ့အိမ်ထောင်ရေး၌ ကျော့မိခြင်း

မေတ္တာမဲ့အိမ်ထောင်ရေး၌ ကျော့မိခြင်း

“ကွာရှင်းမှုနှုန်းများသော လူ့ဘောင်အဖွဲ့အစည်း၌ လင်မယားကွာရှင်းခြင်းဖြင့် အဆုံးသတ်မည့် အလားအလာရှိသော ပျော်ရွှင်မှုမဲ့အိမ်ထောင်များပိုများလာသည်သာမက ပျော်ရွှင်မှုမဲ့လာစရာရှိသော အိမ်ထောင်များမှာလည်း သာ၍တိုးလာလျက်ရှိ၏။”—⁠အမေရိကန်ရှိ မိသားစုရေးရာ အတိုင်ပင်ခံအဖွဲ့အစည်း။

ဘဝ၏ ပျော်ရွှင်မှုများစွာနှင့် စိတ်ဆင်းရဲမှုများစွာတို့မှာ တစ်ခုတည်းသောရင်းမြစ်—⁠အိမ်ထောင်ရေး—⁠မှ ရရှိသည်ဟုဆိုလေ့ရှိ၏။ အမှန်မှာ ဘဝတွင် ဤမျှကြည်နူးမှုပေးသော သို့မဟုတ် စိတ်မချမ်းမြေ့စေသော အရာမရှိချေ။ ပူးတွဲပါလေးထောင့်ကွက်မှ ဖော်ပြသည့်အတိုင်း မောင်နှံစုံများစွာသည် ဒုတိယတစ်ခုကိုသာ ရင်ဆိုင်နေကြရသည်။

သို့သော် ကွာရှင်းမှုစာရင်းဇယားများက ပြဿနာ၏တစ်စိတ်တစ်ပိုင်းကိုသာ ဖော်ပြပေး၏။ အိမ်ထောင်ရေးသင်္ဘောနစ်မြုပ်၍ အခြားမရေမတွက်နိုင်သူများမှာ ပေါလောမျောနေကြသော်လည်း ရေသေတွင်ဖြစ်သည်။ “သာယာတဲ့မိသားစုလေးတစ်ခု ဖြစ်ခဲ့ဖူးပေမဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်မှာတော့ အတော့်ကိုဆိုးလာခဲ့ပါတယ်” ဟုအိမ်ထောင်သက် အနှစ် ၃၀ ကျော်ပြီဖြစ်သော အမျိုးသမီးတစ်ဦးရင်ဖွင့်ခဲ့၏။ “ကျွန်မခင်ပွန်းဟာ ကျွန်မရဲ့ခံစားချက်တွေကို စိတ်မဝင်စားတော့ဘူး။ သူဟာ ကျွန်မရဲ့စိတ်ကို တကယ်ထိခိုက်စေတဲ့ အဆိုးဆုံးရန်သူပါပဲ။” အလားတူ အိမ်ထောင်သက် ၂၅ နှစ်နီးပါးရှိပြီဖြစ်သော ခင်ပွန်းတစ်ဦးက ဤသို့ညည်းတွားခဲ့သည်– “ကျွန်တော့်ကို လုံးဝမချစ်တော့ဘူးလို့ ဇနီးသည်ကပြောလာပါတယ်။ ကျွန်တော်တို့ဟာ အခန်းဖော်တွေလိုပဲနေပြီး အားလပ်အပန်းဖြေချိန်ရောက်တဲ့အခါတွေမှာ ကိုယ့်လမ်းကိုယ်သွားရမယ်ဆိုရင် အဲဒီအခြေအနေကို သူသည်းခံနိုင်ပါတယ်လို့ ပြောတယ်။”

ထိုသို့ဘေးကျပ်နံကျပ်ဖြစ်နေသူအချို့သည် သူတို့၏အိမ်ထောင်ရေးကို အမှန်ပင်ပြည်ဖုံးကားချလိုက်ကြသည်။ သို့ရာတွင် များစွာသောသူတို့အတွက် ကွာရှင်းချင်တိုင်း ကွာရှင်း၍မရချေ။ အဘယ်ကြောင့်နည်း။ သားရေးသမီးရေး၊ အသိုင်းအဝိုင်းကြားအသရေပျက်ဖွယ်၊ ငွေရေးကြေးရေး၊ မိတ်ဆွေများ၊ ဆွေမျိုးများနှင့် ဘာသာရေးယုံကြည်ချက်များကဲ့သို့သော အကြောင်းရင်းများကြောင့် မောင်နှံစုံတို့သည် မေတ္တာမဲ့သည့်အခြေအနေ၌ပင် ဆက်ပေါင်းသင်းနေထိုင်သွားရပေမည်ဟု ဒေါက်တာ ကာရင်း ကစ်ဇာကဆိုသည်။ “တရားဝင်ကွာရှင်းဟန်မတူသော်လည်း ဤအိမ်ထောင်ဖက်များသည် လူပေါင်းစိတ်ခွာဖြင့် ဆက်နေကြဖို့ ရွေးချယ်လိုက်ကြ၏” ဟုသူကပြောသည်။

ဆက်ဆံရေးအေးတိအေးစက်ဖြစ်နေသော မောင်နှံတစ်စုံသည် ကျေနပ်ရောင့်ရဲမှုမရှိသောဘဝ၌ မချစ်သော်လည်းအောင့်ကာနမ်းရပေတော့မည်။ မေတ္တာမဲ့အိမ်ထောင်ရေးအတွက် ကွာရှင်းခြင်းသည် တစ်ခုတည်းသောရွေးစရာနည်းလမ်းလော။ ပြဿနာပေါင်းသောင်းခြောက်ထောင်ရှိသော အိမ်ထောင်များစွာသည် အိမ်ထောင်ပြိုကွဲခြင်း၏ ဝမ်းနည်းဖွယ်အဖြစ်မှသာမက မချစ်မနှစ်သက်ဘဲပေါင်းရခြင်း၏ စိတ်ဆင်းရဲမှုမှလည်း လွတ်မြောက်စေနိုင်ခဲ့ကြောင်း အတွေ့အကြုံများက သက်သေထူသည်။

[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]

ကမ္ဘာတစ်လွှား ကွာရှင်းမှု

ဩစတြေးလျ– ၁၉၆၀ ပြည့်လွန်နှစ် အစောပိုင်းကတည်းက ကွာရှင်းမှုနှုန်းထားမှာ လေးဆနီးပါးတိုးလာခဲ့၏။

ဗြိတိန်– ခန့်မှန်းချက်များအရ အိမ်ထောင် ၁၀ ခုတွင် ၄ ခုမှာ ကွာရှင်းခြင်းဖြင့်နိဂုံးချုပ်လိမ့်မည်။

ကနေဒါနှင့် ဂျပန်– ကွာရှင်းခြင်းသည် အိမ်ထောင်သုံးပုံတစ်ပုံကို ထိခိုက်လျက်ရှိ၏။

အမေရိကန်ပြည်ထောင်စု– ၁၉၇၀ ပြည့်နှစ်ကတည်းက လက်ထပ်ကြသောမောင်နှံစုံများသည် အတူပေါင်းသင်းနေထိုင်ဖို့အလားအလာ ၅၀-၅၀ မျှသာရှိသည်။

ဇင်ဘာဘွေ– အိမ်ထောင် ၅ ခုတိုင်းတွင် ၂ ခုခန့်မှာ ကွာရှင်းခြင်းဖြင့်အဆုံးသတ်၏။