မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျှော်လင့်စရာအကြောင်း ရှိသေးသလော

မျှော်လင့်စရာအကြောင်း ရှိသေးသလော

မျှော်လင့်စရာအကြောင်း ရှိသေးသလော

“မသာယာသောအိမ်ထောင်များ၌ ပြဿနာတစ်ရပ်မှာ အရာရာသည် ပိုကောင်းမလာနိုင်တော့ဟူသည့် အရိုးစွဲနေသော ခံယူချက်ဖြစ်၏။ ထိုခံယူချက်သည် ပြောင်းလဲမှုကို ကမောက်ကမဖြစ်စေ၏၊ အကြောင်းမှာ ယင်းက တည်ဆောက်ပေးသော မည်သည့်အရာအတွက်မဆို ကြိုးစားဖို့ စိတ်လှုံ့ဆော်မှုကို ပျောက်လွင့်စေ၏။”—⁠ဒေါက်တာ အဲရုန် တီ.ဘီခ်။

သင်သည် ဝေဒနာခံစားနေရပြီး ဆေးစစ်ရန် ဆရာဝန်ထံသွားသည်ဆိုကြပါစို့။ သင်စိတ်တထင့်ထင့်ဖြစ်မည်မှာ မလွဲချေ။ ထိုထက်ကား သင့်ကျန်းမာရေး—⁠သင့်အသက်ပင်—⁠အန္တရာယ်ရှိနေပေမည်။ သို့သော် ဆေးစစ်ပြီးနောက် ဆရာဝန်က သင့်ရောဂါမှာ အသေးအဖွဲမဟုတ်သော်လည်း ယင်းကို ကုသနိုင်သည်ဟု သတင်းကောင်းပါးလိုက်သည်ဆိုပါစို့။ အမှန်မှာ ဆရာဝန်က သင့်အား ဓာတ်စာစားခြင်းနှင့် လေ့ကျင့်ခန်းအစီအစဉ်တစ်ရပ်ကို ဂရုတစိုက်လိုက်နာမည်ဆိုလျှင် လုံးဝပြန်ကောင်းလာဖို့ မျှော်လင့်နိုင်သည်ဟုပြောလိုက်သည်။ သင်သည် အမှန်ပင် အလွန်စိတ်သက်သာရာရကာ သူ၏အကြံပြုချက်ကို ဝမ်းပန်းတသာ လိုက်လျှောက်ပေမည်!

ဤအဖြစ်သနစ်ကို လက်ရှိအကြောင်းအရာနှင့် နှိုင်းယှဉ်ကြည့်ပါ။ သင့်အိမ်ထောင်ရေး၌ စိတ်ဆင်းရဲနေပါသလော။ အိမ်ထောင်တိုင်း၌ ပြဿနာများနှင့် သဘောထားကွဲလွဲမှုများရှိမည်ကား အမှန်။ သို့ဖြစ်၍ တဒင်္ဂဆက်ဆံရေးကျဲခြင်းက သင်တို့သည် မေတ္တာမဲ့သောအိမ်ထောင်ရေး၌ ရှိနေသည်ဟုဆိုခြင်းမဟုတ်ချေ။ သို့သော် စိတ်ဆင်းရဲသည့်အခြေအနေမှာ ရက်သတ္တပတ်များ၊ လများ သို့မဟုတ် နှစ်များပင်ချီ၍ရှိနေလျှင်ကော အသို့နည်း။ ထိုသို့ဖြစ်လျှင် ယင်းသည် အသေးအဖွဲကိစ္စမဟုတ်သောကြောင့် စိုးရိမ်ကြောင့်ကြသင့်ပေသည်။ အမှန်မှာ သင့်အိမ်ထောင်၏ဂုဏ်ရည်သည် သင့်ဘဝ၏ကဏ္ဍတိုင်းနှင့် သင့်ကလေးများ၏ဘဝကဏ္ဍတိုင်းကို ထိခိုက်နိုင်သည်။ ပမာပြရလျှင် အိမ်ထောင်ရေးမသာယာမှုသည် စိတ်ဓာတ်ကျဆင်းခြင်း၊ အလုပ်ခွင်၌ လုပ်ရည်ကိုင်ရည်ကျဆင်းခြင်းနှင့် ကျောင်း၌ ကလေးများ၏အောင်မြင်မှုမရှိခြင်း စသည့်ပြဿနာများအတွက် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်နိုင်ကြောင်း ယူဆကြ၏။ သို့သော် ထိုမျှမကချေ။ မိမိတို့၏အိမ်ထောင်ဖက်နှင့်ရှိသောဆက်ဆံရေးက ဘုရားသခင်နှင့် ၎င်းတို့၏ဆက်ဆံရေးကို ထိခိုက်နိုင်ကြောင်း ခရစ်ယာန်များအသိအမှတ်ပြုကြသည်။—⁠၁ ပေတရု ၃:⁠၇

သင်နှင့် သင့်အိမ်ထောင်ဖက်စပ်ကြားရှိပြဿနာများက အဆိုပါအခြေအနေသည် မျှော်လင့်စရာမရှိတော့ဟု ဆိုလိုခြင်းမဟုတ်ချေ။ စိန်ခေါ်ချက်များရှိလိမ့်မည်ဖြစ်၍ အိမ်ထောင်ရေးကိုအရှိအတိုင်း ရင်ဆိုင်ခြင်းက မောင်နှံစုံတစ်စုံအား သူတို့၏ပြဿနာများကို အရှိအတိုင်းရှုမြင်စေနိုင်ကာ ဖြေရှင်းပေးစေနိုင်သည်။ အိုင်းဇက်အမည်ရှိ ခင်ပွန်းတစ်ဦးက ဤသို့ပြောသည်– “အိမ်ထောင်သက်တစ်လျှောက် မောင်နှံစုံတွေ ပျော်တလှည့်မပျော်တလှည့်ဖြစ်တာ ဓမ္မတာပဲလို့ ကျွန်တော်တော့မယူမှတ်ဘူး။ ကျွန်တော်တို့နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေလို့ပဲဖြစ်ရမယ်။”

သင့်အိမ်ထောင်သည် မေတ္တာမဲ့အခြေအနေအထိ ဆိုးရွားလာသည့်တိုင် ယင်းကို ကယ်ဆယ်နိုင်ပါသည်။ ပြဿနာဖြစ်ခဲ့သော ဆက်ဆံရေးတစ်ခု၏ဒဏ်ချက်များမှာ နက်ရှိုင်းမည်ကား အမှန်၊ အထူးသဖြင့် ပြဿနာများသည် နှစ်ချီ၍ရှိခဲ့လျှင်ဖြစ်သည်။ သို့တိုင် မျှော်လင့်ချက်အတွက် ခိုင်လုံသောအကြောင်းရှိ၏။ စိတ်လှုံ့ဆော်မှုမှာ အရေးကြီးသောအချက်ဖြစ်သည်။ ယင်းကို နှစ်ဦးစလုံးအရေးတယူပြုမည်ဆိုလျှင် ကြီးလေးသောအိမ်ထောင်ရေးပြဿနာများ ရှိသူနှစ်ဦးပင် တိုးတက်မှုများပြုလုပ်နိုင်ပေသည်။ *

သို့ဖြစ်၍ ‘ကျေနပ်လောက်တဲ့ ဆက်ဆံရေးရှိဖို့ ငါ့ဆန္ဒဘယ်လောက်ပြင်းပြသလဲ’ ဟုကိုယ့်ကိုယ်ကိုမေးပါ။ သင်နှင့် သင့်အိမ်ထောင်ဖက်သည် အိမ်ထောင်ရေးတိုးတက်စေရန် ကြိုးစားအားထုတ်ဖို့ တလိုတလားရှိကြသလော။ အစောပိုင်းတွင် ဖော်ပြခဲ့သော ဒေါက်တာ ဘီခ်က ဤသို့ဆိုသည်– “လက်တွဲဖော်နှစ်ဦးဟာ လိုအပ်ချက်တွေကို အတူတကွပြုပြင်ပြီး မိမိတို့အိမ်ထောင်ရေးရဲ့ အပြုသဘောပါတဲ့အရည်အသွေးတွေကို အားဖြည့်ပေးတဲ့အခါမှာ အတော့်ကိုဆိုးတဲ့ဆက်ဆံရေးကိုတောင် အထောက်အကူဖြစ်စေနိုင်တာမို့ ကျွန်တော်အံ့အားသင့်မိတတ်တယ်။” သို့သော် သင်၏အိမ်ထောင်ဖက်သည် တွန့်ဆုတ်နေမည်ဆိုလျှင် အသို့နည်း။ သူက ပြဿနာတစ်ရပ်ရှိနေသည်ဟူသောအချက်ကို အသိအမှတ်ပြုပုံမရှိလျှင်ကော အသို့နည်း။ အိမ်ထောင်ရေး၌ သင်တစ်ဦးတည်း ကြိုးစားအားထုတ်ခြင်းက အရာမထင်ဘဲရှိသလော။ လုံးဝမဟုတ်ပါ! “သင်က အပြောင်းအလဲတချို့လုပ်လိုက်ရင် အဲဒါကိုယ်နှိုက်က သင့်လက်တွဲဖော်ကို ပြောင်းလဲဖို့ လှုံ့ဆော်မှုဖြစ်စေနိုင်တယ်—⁠အဲဒီလိုပဲဖြစ်လေ့ရှိပါတယ်” ဟုဒေါက်တာ ဘီခ်က ပြောလေသည်။

သင့်ကိစ္စတွင် ယင်းသို့မဖြစ်နိုင်ဟု အဆောတလျင်ကောက်ချက်မချလိုက်ပါနှင့်။ ထိုသို့အရေးနိမ့်နေသည်ဟူသော ယူဆချက်ကိုယ်နှိုက်က သင့်အိမ်ထောင်ရေးအတွက် အကြီးမားဆုံးသောခြိမ်းခြောက်မှုဖြစ်နိုင်ပေသည်! သင်တို့နှစ်ဦးအနက် တစ်ဦးက အစပြုဖို့လိုသည်။ သင်အစပြုနိုင်မည်လော။ အရှိန်ရလာသည်နှင့်တစ်ပြိုက်နက် သင့်အိမ်ထောင်ဖက်သည် သင်နှင့်အတူ သာ၍ပျော်ရွှင်ဖွယ်ကောင်းသော အိမ်ထောင်ရေးတည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ ပူးပေါင်းလုပ်ဆောင်ခြင်း၏အကျိုးကို တွေ့မြင်ပေမည်။

သို့ဖြစ်၍ တစ်ဦးချင်းဖြစ်စေ၊ မောင်နှံစုံလိုက်ဖြစ်စေ သင်၏အိမ်ထောင်ရေးကိုကယ်ဆယ်ဖို့ အဘယ်အရာကို သင်ပြုလုပ်နိုင်သနည်း။ ဤမေးခွန်းကို ဖြေဆိုရာ၌ သမ္မာကျမ်းစာသည် တန်ခိုးပါသောအထောက်အကူတစ်ရပ်ဖြစ်၏။ မည်သို့ဖြစ်ကြောင်း ဆက်ကြည့်ကြပါစို့။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 တရားလွန်ကိစ္စတချို့၌ ခင်ပွန်းနှင့် ဇနီးတို့သည် ခွဲနေဖို့ ခြေမြစ်သောအကြောင်းများ ရှိကောင်းရှိမည်မှာ ဝန်ခံပါသည်။ (၁ ကောရိန္သု ၇:၁၀၊ ၁၁) ထို့အပြင် မတရားမေထုန်ကြောင့် ကွာရှင်းခြင်းကို သမ္မာကျမ်းစာကခွင့်ပြုထား၏။ (မဿဲ ၁၉:⁠၉) ဖောက်ပြန်သောအိမ်ထောင်ဖက်ထံမှ ကွာရှင်းစာရယူမည်မယူမည်မှာ ကိုယ်ရေးကိုယ်တာဆုံးဖြတ်ချက်ဖြစ်ပြီး အခြားသူတို့က အပြစ်မဲ့အိမ်ထောင်ဖက်အား တစ်နည်းမဟုတ် နောက်တစ်နည်းဖြင့်ဆုံးဖြတ်ရန် ဖိအားမပေးသင့်ချေ။—⁠ယေဟောဝါသက်သေများ၊ ထုတ်ဝေသည့် မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်စာအုပ် စာမျက်နှာ ၁၅၈-၆၁ ကိုရှု။