မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်အိမ်ထောင်ရေးကို ကယ်ဆယ်နိုင်!

သင့်အိမ်ထောင်ရေးကို ကယ်ဆယ်နိုင်!

သင့်အိမ်ထောင်ရေးကို ကယ်ဆယ်နိုင်!

သမ္မာကျမ်းစာတွင် လင်မယားတို့ကို အကျိုးကျေးဇူးရရှိစေနိုင်သည့် လက်တွေ့ကျဆုံးမစကား အမြောက်အမြားပါရှိ၏။ သမ္မာကျမ်းစာကို မှုတ်သွင်းသောပုဂ္ဂိုလ်မှာ အိမ်ထောင်ရေးအစီအစဉ်ကို အစပြုသူဖြစ်ရာ ယင်းသည် အံ့အားသင့်စရာမဟုတ်ချေ။

သမ္မာကျမ်းစာက အိမ်ထောင်ရေးကို ကွင်းကွင်းကွက်ကွက်သရုပ်ဖော်ထား၏။ လင်မယားတို့တွင် “လောကညှဉ်းဆဲခြင်း၊” သို့မဟုတ် အင်္ဂလိပ်ကျမ်းစာသစ်အရ “နာကျင်မှုနှင့် ပူဆွေးမှု” ကိုခံရမည်ဟု ယင်းက အသိအမှတ်ပြုသည်။ (၁ ကောရိန္သု ၇:၂၈) သို့တိုင် သမ္မာကျမ်းစာက အိမ်ထောင်ရေးသည် ရွှင်လန်းမှု၊ ဝမ်းသာပီတိပင်ဖြစ်စေနိုင်ကြောင်းနှင့် ဖြစ်စေသင့်ကြောင်းလည်းဆိုထား၏။ (သု. ၅:၁၈၊ ၁၉) ဤယူဆချက်နှစ်ရပ်မှာ ဆန့်ကျင်မနေပါ။ ယင်းတို့က ကြီးလေးသောပြဿနာများရှိစေကာမူ မောင်နှံစုံတို့သည် ရင်းနှီး၍ မေတ္တာပါသောဆက်ဆံရေး ရနိုင်ကြောင်း ဖော်ပြခြင်းမျှသာဖြစ်၏။

သင့်အိမ်ထောင်ရေး၌ ယင်းသည် မရှိဘဲဖြစ်နေသလော။ နာကျင်မှုနှင့် စိတ်ပျက်မှုတို့သည် တစ်ကြိမ်တစ်ခါက သင်တို့၏ဆက်ဆံရေးတွင် ထင်ရှားခဲ့သော ရင်းနှီးကျွမ်းဝင်မှုနှင့် ရွှင်လန်းမှုကို လွှမ်းမိုးခဲ့ပြီလော။ သင့်အိမ်ထောင်ရေးသည် နှစ်ချီ၍ မေတ္တာမဲ့အခြေအနေ၌ရှိခဲ့စေကာမူ ပျောက်ဆုံးသွားခဲ့ရာကို ပြန်တွေ့နိုင်ပါ၏။ အမှန်ပင်၊ သင်သည် အရှိကိုအရှိအတိုင်းရှုမြင်တတ်ရန်လိုအပ်သည်။ မစုံလင်သော မည်သည့်အမျိုးသား၊ အမျိုးသမီးတစ်ဦးမျှ စုံလင်သောအိမ်ထောင်ရေးကို ရနိုင်မည်မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ အပျက်သဘောစိတ်တိမ်းယိမ်းမှုကို ပျက်ပြယ်သွားစေနိုင်သည့် ခြေလှမ်းများသင်လှမ်းနိုင်ပေသည်။

အောက်ပါအကြောင်းအရာကို ဖတ်ရှုနေစဉ် သင့်အိမ်ထောင်အတွက် မည်သည့်အချက်အလက်များကို အထူးကျင့်သုံးရမည်ဖြစ်ကြောင်း သိမှတ်ဖို့ကြိုးစားပါ။ သင့်ကြင်ဖော်၏ချွတ်ယွင်းချက်များကို အာရုံစိုက်မည့်အစား သင်လက်တွေ့အသုံးပြုနိုင်သည့် အကြံပြုချက်အချို့ကိုရွေးချယ်၍ သမ္မာကျမ်းစာဆုံးမစကားကို ကျင့်သုံးပါ။ သင့်အိမ်ထောင်အတွက် သင်သိထားသည်ထက် မျှော်လင့်ချက်ပိုရှိကြောင်း တွေ့ရှိပေလိမ့်မည်။

ကတိကဝတ်ပြုခြင်းဆိုင်ရာ သင့်အမြင်နှင့် သင့်အိမ်ထောင်ဖက်အပေါ် သင်၏ခံစားချက်တို့သည် အရေးကြီးဆုံးဖြစ်သောကြောင့် ဦးစွာ စိတ်နေသဘောထားကို ဆွေးနွေးသုံးသပ်ကြည့်ကြစို့။

ကတိကဝတ်ပြုခြင်းဆိုင်ရာ သင့်အမြင်

အိမ်ထောင်ပြုတော့မည်ဆိုလျှင် ရေရှည်အမြင်မှာ မရှိမဖြစ်လိုအပ်သည်။ ထိုထက်ကား အိမ်ထောင်ရေးအစီအစဉ်မှာ လူသားနှစ်ဦးအား မခွဲမခွာနိုင်အောင်စုံဖက်ပေးရန် ဘုရားသခင် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။ (ကမ္ဘာဦး ၂:၂၄; မဿဲ ၁၉:၄၊ ၅) သို့ဖြစ်၍ သင့်အိမ်ထောင်ဖက်နှင့် သင်၏ဆက်ဆံရေးမှာ မလုပ်လိုတော့၍ အလုပ်ထွက်နိုင်သည့် လုပ်ငန်းတစ်ခု သို့မဟုတ် အငှားစာချုပ်ကိုပယ်ဖျက်ရုံမျှနှင့် နေရာဖယ်ပေးနိုင်သော တိုက်ခန်းတစ်ခန်းကဲ့သို့ မဟုတ်ချေ။ ယင်းအစား အိမ်ထောင်ပြုသောအခါ မည်သို့ပင်ဖြစ်လာပါစေ သင့်ကြင်ဖော်နှင့် ရာသက်ပန်စွဲမြဲနေရန် အလေးအနက်ကတိပြုခြင်းဖြစ်သည်။ လေးလေးနက်နက်ကတိကဝတ်ပြုခြင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ နီးပါးက ယေရှုခရစ်၏ ဤဖော်ပြချက်နှင့် ကိုက်ညီပါသည်– “ဘုရားသခင်ဖက်စပ်၍ထမ်းပိုးတင်သောအရာကို လူမခွဲမခွာစေနှင့်။”—⁠မဿဲ ၁၉:⁠၆

တချို့က ‘ငါတို့အတူတူနေကြတာပဲ၊ အဲဒါက ကတိကဝတ်အတိုင်း ငါတို့နေကြတယ်ဆိုတာကို သက်သေပြမနေဘူးလား’ ဟုဆိုပေမည်။ ဖြစ်နိုင်ပါသည်။ သို့သော် ဤအခန်းဆက်များ၏ရှေ့ဆောင်းပါးတွင် ဖော်ပြထားသည့်အတိုင်း အတူနေမောင်နှံစုံအချို့သည် ရေသေတွင်ရှိနေကြပြီး မေတ္တာမဲ့သောအိမ်ထောင်ရေး၌ ကျော့မိနေကြ၏။ သင်၏ပန်းတိုင်မှာ သင့်အိမ်ထောင်ရေးကို ရေရှည်တည်မြဲစေဖို့သာမက သာယာချမ်းမြေ့စေဖို့ဖြစ်သည်။ ကတိကဝတ်ပြုခြင်းသည် အိမ်ထောင်ရေးစည်းမျဉ်းဥပဒေကို လေးမြတ်တန်ဖိုးထားကြောင်း ပေါ်လွင်စေရုံမျှမကဘဲ သင်အဓိဋ္ဌာန်ပြုခဲ့သူအပေါ် ချစ်ခင်မြတ်နိုးကြောင်းလည်း ထင်ဟပ်ပြသင့်သည်။—⁠ဧဖက် ၅:⁠၃၃

သင့်ကြင်ဖော်ကို ပြောဆိုသောစကားများက သင်၏ကတိကဝတ်မှာ မည်မျှအထိနက်ရှိုင်းကြောင်း ဖော်ပြနိုင်သည်။ ဥပမာ၊ အငြင်းပွားမှု၏အရှိန်ကြောင့် လင်မယားအချို့သည် “ငါ မင်းကိုကွာတော့မယ်!” သို့မဟုတ် “ငါ့ကို တန်ဖိုးထားတဲ့သူတစ်ယောက်ယောက်ကိုပဲ ရှာလိုက်တော့မယ်!” စသဖြင့် စိတ်လိုက်မာန်ပါပြောဆိုကြသည်။ ထိုသို့သော ပြောဆိုချက်များမှာ အမှန်တကယ်မရည်ရွယ်လင့်ကစား တံခါးမှာအမြဲတမ်းဖွင့်ထားပြီး အချိန်မရွေးကွာရှင်းနိုင်သည်ဟူသည့် သဘောသက်ရောက်သွားစေခြင်းဖြင့် သူတို့၏ကတိကဝတ်ပြုခြင်းကို လှိုက်စားစေ၏။

သင့်အိမ်ထောင်၌ မေတ္တာပြန်သစ်လွင်လာစေရန် သင်တို့စကားပြောဆိုရာတွင် ထိုသို့သောကြိမ်းဝါးမှုများကို မပြောဆိုပါနှင့်။ ထိုထက်ကား တစ်နေ့နေ့ နေရာဖယ်ပေးရတော့မည်ဟု သိထားလျက်နှင့် အခန်းတစ်ခန်းကို အလှဆင်ပါမည်လော။ ထိုသို့ဆိုလျှင် တည်မြဲမည်မဟုတ်သည့် အိမ်ထောင်ရေးတစ်ခုအတွက် သင့်ကြင်ဖော်ကို ကြိုးစားလုပ်ဆောင်ဖို့ အဘယ်ကြောင့်မျှော်လင့်နေဦးမည်နည်း။ ဖြေရှင်းချက်များနှင့်စပ်လျဉ်း၍ စိတ်ရင်းမှန်ဖြင့် သင်ကြိုးစားမည်ဟု ပိုင်းဖြတ်ထားပါလေ။

ဇနီးတစ်ဦးသည် သူ၏ခင်ပွန်းနှင့်မုန်တိုင်းကာလဖြတ်ကျော်ပြီးနောက် ဤသို့ပြုလုပ်လေသည်။ “တစ်ခါတလေ ကျွန်မ သူ့ကိုအတော်မကြိုက်တဲ့အခါရှိပေမဲ့ သူနဲ့အဆက်အသွယ်ဖြတ် ကွာရှင်းပစ်လိုက်ဖို့ မစဉ်းစားခဲ့ပါဘူး” ဟုပြောပြသည်။ “ဘယ်လိုပဲ ချွတ်ယွင်းချက်ရှိရှိ ကျွန်မတို့ဟာ တစ်နည်းနည်းနဲ့ ဒါကိုပြုပြင်ကြတာပဲ။ အခုဆိုရင် နှစ်နှစ်တာ အလွန်ကြမ်းတမ်းတဲ့ခယောင်းလမ်းမှာ လျှောက်လှမ်းခဲ့ပြီးလို့ ကျွန်မတို့ဟာ အတူပြန်နေရတာ အတော့်ကိုပျော်ရွှင်နေကြပြီဆိုတာ စိတ်ရင်းခံနဲ့ပြောနိုင်ပါတယ်။”

မှန်ပါသည်၊ ကတိကဝတ်ပြုခြင်းဟူသည် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်၏၊ ယင်းသည် အတူယှဉ်တွဲတည်ရှိခြင်းသာမဟုတ်ဘဲ ပန်းတိုင်တစ်ခုသို့ တူနှစ်ကိုယ်တက်လှမ်းခြင်းဖြစ်သည်။ သို့ရာတွင် ဤအခြေအနေ၌ သင်သည် တာဝန်အရသာ သင်၏အိမ်ထောင်ရေးကို တူနှစ်ကိုယ်လျှောက်လှမ်းနေသည်ဟု ခံစားမိပေမည်။ ထိုသို့ဖြစ်မည်ဆိုလျှင် စိတ်မပျက်ပါနှင့်။ မေတ္တာကို ပြန်လည်ရယူနိုင်ပါသည်။ အသို့နည်း။

သင့်အိမ်ထောင်ဖက်ကို ဂုဏ်တင်ခြင်း

သမ္မာကျမ်းစာက ဤသို့ဆိုသည်– “သင်တို့ရှိသမျှတွင် အိမ်ထောင်ပြုခြင်းအမှုကိုဂုဏ်တင် . . . လော့။” (ဟေဗြဲ ၁၃:၄ကဘ; ရောမ ၁၂:⁠၁၀) ဤတွင် “ဂုဏ်တင်” ဟုဘာသာပြန်ဆိုထားသော ဂရိစကားလုံး၏ပုံစံများကို သမ္မာကျမ်းစာ၏အခြားနေရာတွင် “ချစ်ခင်ခြင်း၊” “ကြည်ညိုလေးမြတ်ခြင်း” နှင့် “တန်ဖိုးထားခြင်း” ဟုပြန်ဆိုထားသည်။ တစ်စုံတစ်ခုကို ကျွန်ုပ်တို့အလွန်တန်ဖိုးထားသောအခါ ယင်းကို ဂရုစိုက်ရန် ဝီရိယရှိရှိကြိုးစားအားထုတ်ကြသည်။ ဈေးကြီးကြီးကားသစ်တစ်စီး ပိုင်ဆိုင်သူတစ်ဦးနှင့်ပတ်သက်၍ ယင်းသည် မှန်ကန်ကြောင်း သင်သတိပြုမိပေမည်။ သူ၏အဖိုးတန်ကားကို တောက်ပြောင်နေစေ၍ အခြေအနေကောင်းနေစေသည်။ သေးငယ်သောခြစ်ရာသည်ပင် သူ့အတွက် ဧရာမဘေးဆိုးတစ်ခုပင်! အလားတူ အခြားသူတို့လည်း မိမိတို့၏ကျန်းမာရေးကို ဂရုစိုက်ကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျန်းမာရေးကောင်းခြင်းကို တန်ဖိုးထား၍ဖြစ်သည်၊ သို့ဖြင့် ယင်းကိုထိန်းထားလိုကြသည်။

သင့်အိမ်ထောင်ရေးအတွက် အလားတူ ကာကွယ်ဂရုစိုက်ပါ။ သမ္မာကျမ်းစာက မေတ္တာသည် “ခပ်သိမ်းသောအရာကိုမျှော်လင့်တတ်၏” ဟုဆိုသည်။ (၁ ကောရိန္သု ၁၃:⁠၇) “ငါတို့ တစ်ခါမှတကယ် ချစ်ခဲ့ကြတာမဟုတ်ဘူး၊” “ငယ်ငယ်ရွယ်ရွယ်နဲ့ ငါတို့လက်ထပ်ကြတာ၊” “ငါတို့ ဘာလုပ်လို့လုပ်မှန်းတောင် မသိခဲ့ဘူး” ဟုပြောဆိုခြင်းဖြင့် တိုးတက်ကောင်းမွန်စရာရှိသည့် အလားအလာကို ဖျက်သိမ်းပစ်သည့် အရေးနိမ့်နေသည်ဟူသော ယူဆချက်ကူးစက်ခံမည့်အစား သာ၍ကောင်းသောအရာများကို မျှော်လင့်ကာ တိုးတက်မှုအတွက် လုပ်ဆောင်ပြီး ရလဒ်များကို စိတ်ရှည်စွာ စောင့်ဆိုင်းပါလေ။ အိမ်ထောင်ရေးဆိုင်ရာရှေ့နေတစ်ဦးက “ကျွန်မရဲ့အမှုသည် အတော်များများက ‘ဒါကို မကိုင်တွယ်နိုင်တော့ဘူး’ လို့ပြောဆိုကြတာကို ကျွန်မကြားကြားနေရတယ်” ဟူ၍ပြောပြ၏။ “ဘယ်အပိုင်းမှာ တိုးတက်မှုလိုသေးတယ်ဆိုပြီး ဆက်ဆံရေးကို အသေအချာဆန်းစစ်ကြမယ့်အစား သူတို့နှစ်ဦးအတူလုပ်ဆောင်ခဲ့ကြတဲ့တန်ဖိုးရှိတဲ့အရာတွေ၊ ဂရုတစိုက်နဲ့စုစည်းခဲ့ကြတဲ့ ဘဝသမိုင်းကြောင်းနဲ့ အနာဂတ်အတွက် ဘယ်အလားအလာကိုမဆိုပါဝင်တဲ့ ကြိုးစားမှုတစ်ရပ်လုံးကို အလျင်စလိုလွှတ်ပစ်လိုက်ကြတယ်။”

သင့်ကြင်ဖော်နှင့် အဘယ်ဘဝသမိုင်းကို ပါဝင်ရေးသားနေသနည်း။ သင်တို့၏ဆက်ဆံရေး၌ အခက်အခဲများရှိစေကာမူ သာယာချမ်းမြေ့သောအချိန်များ၊ အထမြောက်သောဆောင်ရွက်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အနေဖြင့် သင်တို့ရင်ဆိုင်ခဲ့ရသောစိန်ခေါ်ချက်များကို ပြန်စဉ်းစားကြည့်နိုင်သည်။ ဤအခါသမယများကို ပြန်လည်စဉ်းစားကာ သင်တို့၏ဆက်ဆံရေးကို တိုးတက်ကောင်းမွန်လာစေဖို့ စိတ်ရင်းမှန်နှင့်ကြိုးစားခြင်းဖြင့် သင့်အိမ်ထောင်ရေးနှင့် သင့်ကြင်ဖော်ကိုဂုဏ်တင်ကြောင်း တင်ပြပါ။ ယေဟောဝါဘုရားသခင်သည် အိမ်ထောင်ဖက်အချင်းချင်း ပြုမူဆက်ဆံပုံကို အထူးစိတ်ဝင်စားတော်မူကြောင်း သမ္မာကျမ်းစာကဖော်ပြသည်။ ဥပမာ၊ ပရောဖက်မာလခိအချိန်က အကြောင်းမည်မည်ရရမရှိဘဲ မိမိတို့၏ဇနီးများအား ကောက်ကျစ်စဉ်းလဲစွာ ကွာရှင်းခဲ့ကြသောဣသရေလခင်ပွန်းတို့ကို ယေဟောဝါအပြစ်တင်တော်မူခဲ့သည်။ (မာလခိ ၂:၁၃-၁၆) ခရစ်ယာန်များသည် မိမိတို့၏အိမ်ထောင်ဖြင့် ယေဟောဝါဘုရားသခင်အား ဂုဏ်တင်ချီးမွမ်းလိုကြသည်။

သဘောထားကွဲလွဲမှု—⁠မည်မျှပြင်းထန်သနည်း

မေတ္တာမဲ့အိမ်ထောင်ရေးများတွင် အဓိကအချက်တစ်ချက်မှာ လင်မယားတို့သည် သဘောထားကွဲလွဲမှုကို ကိုင်တွယ်နိုင်စွမ်းမရှိကြခြင်း ဖြစ်ပုံရသည်။ လူနှစ်ဦးသည် တစ်ထေရာတည်းမဖြစ်နိုင်သောကြောင့် အိမ်ထောင်အားလုံးသည် မကြာခဏဆိုသလို လျှာနှင့်သွားကဲ့သို့ဖြစ်ကြပါလိမ့်မည်။ သို့သော် မောင်နှံစုံများသည် တစ်ချိန်လုံးသဘောကွဲလွဲနေပါက အတန်ကြာသောအခါ သူတို့၏မေတ္တာမှာ အေးစက်လာသည်ကို တွေ့ရှိကြပေမည်။ ‘ငါတို့ဟာ မလိုက်ဖက်ကြဘူး။ တစ်ချိန်လုံးရန်ဖြစ်နေရတာပဲ!’ ဟူ၍ပင် ကောက်ချက်ချပေမည်။

သို့တိုင်၊ သဘောကွဲလွဲရုံမျှဖြင့် အိမ်ထောင်ရေးတစ်ခုကို အဆုံးတိုင်စရာမလိုချေ။ မေးခွန်းမှာ သဘောထားကွဲလွဲမှုကို မည်သို့ဖြေရှင်းမည်နည်း။ အောင်မြင်သောအိမ်ထောင်တစ်ခုတွင် လင်မယားတို့သည် ဒေါက်တာတစ်ဦး အမည်တပ်သည့် “လက်ပွန်းတတီးရန်သူများ” အဖြစ်သို့ရောက်မလာစေဘဲ သူတို့၏ပြဿနာများနှင့်ပတ်သက်၍ ပြောဆိုတတ်ခဲ့ကြပြီ။

‘တန်ခိုးရှိသောလျှာ’

သင်နှင့် သင့်ကြင်ဖော်သည် သင်တို့၏ပြဿနာများနှင့်စပ်လျဉ်း၍ မည်သို့ပြောရမည်ကို သိကြပါသလော။ နှစ်ဦးစလုံး ယင်းတို့ကို လိုလိုလားလားပြောဆိုသင့်၏။ အမှန်ပင် ယင်းသည် သင်ယူရန်စိန်ခေါ်ချက်ဖြစ်နိုင်သည့် ကျွမ်းကျင်မှုတစ်ရပ်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းတစ်ခုမှာ မစုံလင်မှုကြောင့် ကျွန်ုပ်တို့အားလုံး အခါအားလျော်စွာ “စကားအားဖြင့်မှား” တတ်ကြသည်။ (ယာကုပ် ၃:⁠၂) ထိုမျှမက အချို့သူတို့သည် အမြဲတမ်းလိုလို မိဘတစ်ဦး၏အထိန်းအချုပ်မဲ့ဒေါသ ထွက်လေ့ရှိသည့်အိမ်များ၌ ကြီးပြင်းလာခဲ့သည်။ တစ်နည်းဆိုရလျှင် စိတ်မထိန်းနိုင်ဘဲပေါက်ကွဲ၍ ဆဲရေးတိုင်းထွာသောစကားများမှာ သာမန်ဖြစ်သည်ဟုယူမှတ်ရန် ငယ်စဉ်ကတည်းက သူတို့လေ့ကျင့်ခံရကြသည်။ ယင်းသို့သောဝန်းကျင်တွင် ကြီးပြင်းလာသောသူငယ်တစ်ဦးသည် ကြီးလာသောအခါ “အမျက်ထွက်လွယ်သောသူ၊” “ဒေါသပြင်းထန်သောသူ” ဖြစ်လာ၏။ (သု. ၂၉:၂၂သမ) အလားတူစွာ၊ ထိုသို့ကြီးပြင်းလာသော မိန်းကလေးတစ်ဦးသည် “လျှာကြမ်းအာကြမ်း၍ ဒေါသကြီးသူတစ်ဦး” ဖြစ်လာပေမည်။ (သု. ၂၁:၁၉အခြေခံအင်္ဂလိပ်သမ္မာကျမ်းစာ) စဉ်းစားတွေးခေါ်မှုနှင့် တုံ့ပြန်မှုပုံစံများတွင် အခိုင်အမာစွဲမြဲနေခြင်းကို အမြစ်မှဆွဲနုတ်ပစ်ရန် ယင်းသည် ခက်ခဲနိုင်ပေသည်။ *

ထိုအခါ သဘောကွဲလွဲမှုကို ကိုင်တွယ်ရာ၌ တစ်ဖက်သား၏စဉ်းစားရာကို ဖော်ပြဖို့ နည်းလမ်းသစ်များကို သင်ယူခြင်းပါဝင်သည်။ သမ္မာကျမ်းစာဆိုရိုးတစ်ခု၌ ဤသို့ဖော်ပြထားသောကြောင့် ယင်းသည် အသေးအဖွဲကိစ္စမျှမဟုတ်ချေ– “လျှာသည် အသက်ရှင်စေရန်၊ သေစေရန်တန်ခိုးရှိ၏။” (သု. ၁၈:၂၁သမ) မှန်ပါသည်၊ ရိုးရိုးလေးပြောရလျှင် သင့်အိမ်ထောင်ဖက်ကို သင်ပြောဆိုပုံက သင်တို့၏ဆက်ဆံရေးကို ဖျက်ဆီးပစ်နိုင်သလို ပြန်၍ကောင်းမွန်စေနိုင်သည်။ သမ္မာကျမ်းစာ၏ အခြားဆိုရိုးတစ်ခုက “သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ်သောလူတချို့ရှိ၏။ ပညာရှိတို့၏လျှာမူကား အနာကိုပင်ပျောက်စေတတ်၏” ဟုဖော်ပြသည်။—⁠သု. ၁၂:⁠၁၈

ဤကိစ္စတွင် သင့်ကြင်ဖော်သည် အဓိကမှားနေသူဖြစ်နေသည့်တိုင် ကတောက်ကဆတ်ဖြစ်ချိန်၌ သင်ပြောဆိုသောစကားများကို စဉ်းစားကြည့်ပါ။ သင့်စကားများသည် ထိခိုက်စေသလော၊ အနာပျောက်စေသလော။ အမျက်ကိုနှိုးဆွသလော၊ ပြေငြိမ်းစေသလော။ “ကြမ်းတမ်းသောစကားမူကား အမျက်ကိုနှိုးဆော်တတ်၏” ဟုသမ္မာကျမ်းစာကဆိုသည်။ ယင်းနှင့်ခြားနားလျက် “ဖြည်းညင်းသောစကားသည် စိတ်ကိုဖြေတတ်၏။” (သု. ၁၅:⁠၁) ထိုးနှက်သောစကားများသည် ညင်ညင်သာသာပြောစေကာမူ မီးလောင်ရာလေပင့်ပေးပါလိမ့်မည်။

တစ်စုံတစ်ရာသည် သင့်စိတ်ကိုယောက်ယက်ခတ်စေလျှင် သင်ကိုယ်နှိုက်ထုတ်ဖော်ပြောဆိုခွင့်ရှိသည်မှာ မှန်ပါသည်။ (ကမ္ဘာဦး ၂၁:၉-၁၂) သို့သော် ခနဲ့တဲ့တဲ့၊ စော်ကားမော်ကား၊ မှိုချိုးမျှစ်ချိုးမဟုတ်ဘဲ သင်ပြောဆိုနိုင်ပါသည်။ သင်ကိုယ်နှိုက်အတွက် ခိုင်မြဲသောနယ်နိမိတ်များချမှတ်ထားပါ—⁠“မင်းကို ငါမုန်းတယ်၊” သို့မဟုတ် “မင်းကို လက်မထပ်မိခဲ့ရင်အကောင်းသား” စသဖြင့် သင့်ကြင်ဖော်အား ပြောမိဖို့ သင်ဆုံးဖြတ်ထားရလိမ့်မည်။ ထို့အပြင် ခရစ်ယာန်တမန်တော်ပေါလုသည် အိမ်ထောင်ရေးအကြောင်း သီးသန့်ဆွေးနွေးနေခြင်းမဟုတ်လင့်ကစား သူပြောဆိုခဲ့သည့် ‘စကားကြောင့်သာငြင်းခုံခြင်း’ နှင့် “အချည်းနှီးဆွေးနွေးခြင်း” သို့ ကျော့မိခြင်းမှ ရှောင်ရှားခြင်းသည် ပညာရှိရာကျ၏။ * (၁ တိမောသေ ၆:၄၊ ၅) သင့်အိမ်ထောင်ဖက်က ထိုသို့သောနည်းများကိုအသုံးပြုလျှင် ယင်းအတိုင်း သင်ပြန်တုံ့ပြန်စရာမလိုချေ။ သင့်အပေါ် မူတည်နေသည်မှာ ငြိမ်သက်မှုကို မီအောင်လိုက်ပါလေ။—⁠ရောမ ၁၂:၁၇၊ ၁၈; ဖိလိပ္ပိ ၂:⁠၁၄

ဝန်ခံရမည်ကား ဒေါသအိုးပေါက်ကွဲသောအခါ လူတစ်ဦး၏အပြောအဆိုကို ထိန်းချုပ်ရန် ခက်ခဲပေသည်။ “လျှာသည်မီးဖြစ်၏” ဟုကျမ်းရေးသူယာကုပ်ကဆိုသည်။ “လျှာကိုကား၊ အဘယ်လူမျှမအောင်နိုင်၊ မဆုံးမနိုင်သောအဆိုးအညစ်ဖြစ်၏။ သေစေတတ်သောအဆိပ်အတောက်နှင့် ပြည့်စုံ၏။” (ယာကုပ် ၃:၆၊ ၈) ဒေါသစထွက်လာသောအခါ သင်ဘာလုပ်နိုင်သနည်း။ မီးလောင်ရာလေပင့်ပေးမည့်အစား အဆုံးတိုင်စေမည့်နည်းဖြင့် သင့်ကြင်ဖော်ကို မည်သို့ပြောဆိုနိုင်သနည်း။

ငြင်းခုံမှုကိုပေါက်ကွဲစေသည့် စနက်တံဖြုတ်ခြင်း

မိမိကြင်ဖော်၏လုပ်ရပ်များအစား ကိုယ်တိုင်၏ခံစားချက်များကို ဂရုပြုမည်ဆိုလျှင် အမျက်ဒေါသလျော့ချဖို့နှင့် အရင်းခံပြဿနာများကိုပြောဆိုဖို့ သာ၍လွယ်ကူကြောင်း တချို့တွေ့ရှိခဲ့ကြပြီ။ ဥပမာ၊ “မင်း ငါ့ကိုစိတ်ထိခိုက်စေတယ်” သို့မဟုတ် “အဲလိုမပြောသင့်ဘူးဆိုတာ သိသင့်တယ်” ဟူသောစကားများထက် “ပြောလိုက်တဲ့စကားကြောင့် ငါစိတ်ထိခိုက်မိတယ်” ဟူသည့်စကားက သာ၍ထိရောက်မှုရှိသည်။ သင်မည်သို့ခံစားရကြောင်း ဖော်ပြသောအခါ သင်အသံနေအသံထားတွင် ခါးသီးမှု သို့မဟုတ် စက်ဆုပ်ရွံရှာမှု မပါသင့်ချေ။ သင်၏ရည်ရွယ်ချက်မှာ ထိုသူကိုပြစ်တင်ပြောဆိုမည့်အစား ပြဿနာကိုပေါ်လွင်စေရန် ဖြစ်သင့်သည်။—⁠ကမ္ဘာဦး ၂၇:၄၆–၂၈:⁠၁

ထို့အပြင် “တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်လည်းရှိ” ကြောင်း အမြဲသတိရရမည်။ (ဒေ. ၃:⁠၇) တစ်ချိန်တည်းတွင် လူနှစ်ဦးစလုံးစကားပြောသောအခါ နားထောင်မည့်သူမရှိ၍ ဘာမျှအရာထင်မည်မဟုတ်ချေ။ သို့ဖြစ်၍ သင်နားထောင်ရန်အလှည့်ရောက်သောအခါ “နားကြားခြင်းငှာလျင်မြန်ကြစေ။ စကားပြောခြင်းငှာ . . . နှေးကြစေ။” ထပ်တူအရေးကြီးသည်မှာ ‘အမျက်ထွက်ခြင်းငှာ နှေးကြစေ။’ (ယာကုပ် ၁:၁၉) သင့်ကြင်ဖော်ပြောဆိုသမျှသော ရုန့်ရင်းကြမ်းတမ်းသည့်စကားတိုင်းကို အထအနမကောက်ပါနှင့်; “အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။” (ဒေ. ၇:⁠၉) ယင်းအစား သင့်ကြင်ဖော်စကားများ၏ နောက်ဝယ်ရှိခံစားချက်များကို သိမြင်နားလည်ဖို့ကြိုးစားပါလေ။ “သတိရှိသောသူသည် မိမိအမျက်ဒေါသကိုချုပ်တည်းတတ်၏။ သူတစ်ပါးပြစ်မှားခြင်းကို သည်းခံသောသူသည်လည်း ဘုန်းအသရေရှိ၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (သု. ၁၉:၁၁) ထိုးထွင်းသိမြင်တတ်ခြင်းက ခင်ပွန်း သို့မဟုတ် ဇနီးတစ်ဦးအား သဘောထားကွဲလွဲမှုတစ်ရပ်၏ အခြေခံအကြောင်းရင်းကို တွေ့မြင်စေနိုင်သည်။

ဥပမာ၊ ဇနီးတစ်ဦးက သူ၏ခင်ပွန်းသည် မိမိအား အချိန်မပေးဟု ပြစ်တင်ပြောဆိုခြင်းမှာ အချိန်နာရီကိုသာပြောဆိုနေခြင်း မဟုတ်ချေ။ ယင်းက လျစ်လျူရှုခံရသည် သို့မဟုတ် တန်ဖိုးထားခြင်းမခံရဟူသော သူ၏ခံစားချက်နှင့် သာ၍သက်ဆိုင်သည်။ အလားတူ ဇနီးဖြစ်သူမှ စိတ်ပေါက်ရာဝယ်ခြမ်းတတ်ခြင်းကြောင့် ခင်ပွန်းတစ်ဦး၏မကျေနပ်ချက်က သူ၏ငွေကြေးသုံးစွဲခြင်းကိုသာ မဟုတ်ချေ။ ဆုံးဖြတ်ချက်ချရာ၌ မိမိအား ထည့်မတွက်ဘဲထားသည်ဟူသော သူ၏ခံစားချက်နှင့် သာ၍ဆိုင်သည်။ ထိုးထွင်းသိမြင်မှုရှိသော ခင်ပွန်း သို့မဟုတ် ဇနီးသည် အခြေခံအကြောင်းရင်းကို နှိုက်နှိုက်ချွတ်ချွတ်စိစစ်မည်ဖြစ်ပြီး ပြဿနာ၏ရင်းမြစ်ကိုသိရှိကြပေလိမ့်မည်။—⁠သု. ၁၆:⁠၂၃

အပြောလွယ်သလောက် အလုပ်ခက်သည်မဟုတ်လော။ လုံးဝမှန်ပါသည်! ရံဖန်ရံခါ အတတ်နိုင်ဆုံးကြိုးစားလျက်နှင့် ညှာတာမှုမဲ့သောစကားများကို ပြောဆိုမိပြီး ဒေါသအိုးပေါက်ကွဲပါလိမ့်မည်။ ယင်းသို့စဖြစ်လာပြီဟု သင်သတိပြုမိသည်နှင့် နယပုံပြင် ၁၇:၁၄ တွင်ပါရှိသော “ရန်မတွေ့မီ တွေ့စရာအကြောင်းကိုရှောင်လော့” ဟူသည့် အကြံပြုချက်ကို သင်လိုက်နာရန်လိုအပ်ပေမည်။ ခံစားချက်များပြေငြိမ်းသွားချိန်အထိ ဆွေးနွေးခြင်းကို ခေတ္တရွှေ့ဆိုင်းထားလိုက်ခြင်းက မမှားချေ။ ထိန်းချုပ်၍ပြောဆိုဖို့ ခဲယဉ်းနေမည်ဆိုလျှင် သင်တို့၏သဘောထားကွဲလွဲမှုများကိုရှင်းလင်းဖို့ကူညီပေးရန် သင်တို့နှစ်ဦးနှင့်အတူ ရင့်ကျက်သောမိတ်ဆွေတစ်ဦးပါထိုင်ရန် အကြံပေးလိုပါသည်။ *

အရှိအတိုင်းမြင်တတ်သည့်သဘောကို ဆက်ထိန်းထားပါ

သင့်အိမ်ထောင်ရေးသည် သမီးရည်းစားဘဝက ယူဆထားသည့်အတိုင်းဖြစ်မလာလျှင် စိတ်ဓာတ်မကျလိုက်ပါလေနှင့်။ ပညာရှင်အဖွဲ့တစ်ဖွဲ့က ဤသို့ဆိုသည်– “လူများစွာအတွက် အိမ်ထောင်ရေးဟာ မကုန်ဆုံးနိုင်တဲ့ သုခချမ်းသာမျှသာမဟုတ်ပါဘူး။ သိပ်ကောင်းတဲ့အချိန်တွေရှိသလို သိပ်ခက်ခဲတဲ့အချိန်တွေလည်း ရှိတတ်ပါတယ်။”

မှန်ပါသည်၊ အိမ်ထောင်ရေးသည် အချစ်ဝတ္ထုတစ်အုပ်မဟုတ်သကဲ့သို့ အလွမ်းအဆွေးဇာတ်လမ်းတစ်ပုဒ်လည်းမဟုတ်ချေ။ သင်နှင့် သင့်အိမ်ထောင်ဖက်သည် အချင်းချင်းသည်းခံကြရသောအချိန်ရှိသော်လည်း သင်တို့၏သဘောထားကွဲလွဲမှုများကို စိတ်ထဲမှဖျောက်၍ အတူတကွပျော်ရွှင်မြူးထူးချိန်နှင့် သူငယ်ချင်းများသဖွယ် တစ်ဦးနှင့်တစ်ဦးစကားပြောချိန်တို့လည်း ရှိပေလိမ့်မည်။ (ဧဖက် ၄:၂; ကောလောသဲ ၃:၁၃) ဤအချိန်များသည် ညှိုးနွမ်းသွားသော မေတ္တာကို ပြန်လည်ပွင့်လန်းလာစေနိုင်သောအချိန် ဖြစ်ပါသည်။

မစုံလင်သောလူနှစ်ဦးသည် စုံလင်သောအိမ်ထောင်ရေးတစ်ခုမရနိုင်ကြောင်း သတိရပါ။ သို့သော် သူတို့သည် အတိုင်းအတာတစ်ခုအထိ ပျော်ရွှင်မှုကိုရရှိနိုင်ကြပါသည်။ မှန်ပါသည်၊ အခက်အခဲများရှိစေကာမူ သင်နှင့် သင့်အိမ်ထောင်ဖက်၏ဆက်ဆံရေးသည် အတိုင်းမသိကျေနပ်မှုပေးသည့် ရင်းမြစ်တစ်ခုဖြစ်နိုင်ပါသည်။ သေချာသည့်အရာတစ်ခုမှာ– သင်နှင့် သင့်ကြင်ဖော် နှစ်ဦးစလုံးက ကြိုးပမ်းအားထုတ်၍ အလိုက်သင့်ရှိဖို့နှင့် သူတစ်ပါး၏အကျိုးကိုရှာဖို့ လိုလိုလားလားရှိမည်ဆိုလျှင် သင်တို့၏အိမ်ထောင်ရေးကို ကယ်ဆယ်နိုင်ကြောင်း ယုံကြည်ရန်အကြောင်းကောင်း ရှိပါသည်။—⁠၁ ကောရိန္သု ၁၀:⁠၂၄

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 22 မိဘများ၏သြဇာက ကြင်ဖော်တစ်ဦးအား ရုန့်ရင်းကြမ်းတမ်းသောစကားပြောဆိုခြင်းအတွက် ဆင်ခြေမဟုတ်ချေ။ သို့ရာတွင်၊ ယင်းက ထိုသို့သောစိတ်သဘောတိမ်းယိမ်းမှုမှာ မည်မျှစွဲမြဲနေနိုင်၍ အမြစ်မှဆွဲနုတ်ပစ်ရန် ခက်ခဲရကြောင်းကို ရှင်းလင်းစေသည်။

^ အပိုဒ်၊ 25 “အချည်းနှီးဆွေးနွေးခြင်း” ဟုပြန်ဆိုထားသော မူရင်းဂရိစကားလုံးကို “အပြန်အလှန်အမျက်နှိုးဆော်ခြင်း” ဟူ၍လည်း ဘာသာပြန်ဆိုနိုင်သည်။

^ အပိုဒ်၊ 31 ယေဟောဝါသက်သေများသည် အသင်းတော်အကြီးအကဲများ၏ အထောက်အကူကိုရရှိကြသည်။ အိမ်ထောင်သည်စုံတွဲများ၏ ကိုယ်ရေးကိုယ်တာကိစ္စများတွင် သူတို့ဝင်စွက်ဖက်ရန်အကြောင်းမရှိသော်လည်း စိတ်ဆင်းရဲစရာများကြုံတွေ့စဉ် အကြီးအကဲများသည် မောင်နှံစုံတို့အတွက် အားတက်ဖွယ်အကူအညီတစ်ရပ် ဖြစ်နိုင်သည်။

[စာမျက်နှာ ၁၂ ပါ အကျဉ်းဖော်ပြချက်]

သင့်စကားများသည် ထိခိုက်စေသလော၊ အနာပျောက်စေသလော

[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

ဘောလုံးကိုညင်ညင်သာသာ ပစ်ပေးပါ

သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “လူအသီးအသီးတို့အား အဘယ်သို့ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း၊ သင်တို့စကားသည် ဆားအားဖြင့်ငန်သောအရသာနှင့်ပြည့်စုံလျက်၊ အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။” (ကောလောသဲ ၄:⁠၆) ယင်းသည် အိမ်ထောင်ရေး၌ အမှန်ပင်သက်ဆိုင်လှသည်! ဥပမာ– ပစ်ပေးဖမ်းယူကစားနည်းတစ်ခုတွင် ဘောလုံးကို ညင်ညင်သာသာ ပစ်ပေးရ၏၊ သို့မှသာ ယင်းကို လွယ်လင့်တကူဖမ်းယူနိုင်သည်။ သင်သည် သင့်ကစားဖော်ကို ထိခိုက်စေရန် အားစိုက်ပစ်ပေးမည်မဟုတ်ချေ။ သင့်အိမ်ထောင်ဖက်နှင့် စကားပြောသောအခါ ထပ်တူမူကို ကျင့်သုံးပါလေ။ ကြမ်းတမ်းခက်ထန်စွာပြောဆိုခြင်းက ထိခိုက်စေပါလိမ့်မည်။ ယင်းအစား ယဉ်ယဉ်ကျေးကျေး ညင်ညင်သာသာပြောဆိုပါ—⁠သင်၏ဆိုလိုရင်းကို သင့်ကြင်ဖော်က ဖမ်းယူနိုင်ရန်အလို့ငှာဖြစ်သည်။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]

ရှေးဟောင်းနှောင်းဖြစ်!

အတိတ်က စာများနှင့် ကတ်များကိုဖတ်ပါ။ ဓာတ်ပုံများကို ကြည့်ပါ။ ‘ဘာက ငါ့လက်တွဲဖော်အပေါ် ငါ့ကိုဆွဲဆောင်စေခဲ့တာလဲ၊ ဘယ်အရည်အသွေးတွေကို ငါသဘောအကျဆုံးလဲ၊ ငါတို့ဘာတွေ အတူတူလုပ်ခဲ့ကြသလဲ၊ ငါတို့ကို ဘာက ရယ်ရယ်မောမောဖြစ်စေခဲ့သလဲ’ ဟူ၍မိမိကိုယ်ကိုမေးမြန်းပါ။ ထို့နောက် ဤအမှတ်ရဖွယ်ရာများကို သင့်အိမ်ထောင်ဖက်နှင့် ပြောဆိုကြည့်ပါ။ “. . . တဲ့အချိန်ကိုမှတ်မိသေးသလား” ဟူသောစကားဖြင့်အစချီကာ စကားစမြည်ပြောဆိုခြင်းက သင်နှင့် သင့်အိမ်ထောင်ဖက်အား တစ်ချိန်က ဝေမျှခံစားခဲ့ကြသော ခံစားချက်များကို စိတ်တွင်ပြန်ပေါ်လာစေပေမည်။

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]

အဖော်အသစ်၊ ပြောင်းလဲမသွားသောပြဿနာများ

မေတ္တာမဲ့အိမ်ထောင်ရေး၌ ကျော့မိနေသည်ဟု ခံစားရသောအိမ်ထောင်ဖက်တချို့သည် လက်တွဲဖော်အသစ်နှင့် တစ်မှပြန်စဖို့ ကြိုးစားကြည့်ကြ၏။ သို့သော် သမ္မာကျမ်းစာက အိမ်ထောင်ရေးဖောက်ပြန်ခြင်းကိုရှုတ်ချထားပြီး ဤပြစ်မှုတွင်ပါဝင်သူသည် “နှလုံးလိုအပ်ချက် [ကဘ]” ရှိကာ “ဉာဏ်မရှိ” ၍ “မိမိအသက်ကိုဖျက်ဆီးတတ်၏” ဟုဆိုသည်။ (သု. ၆:၃၂) အဆုံးတွင် နောင်တမယူသော အိမ်ထောင်ရေးဖောက်ပြန်သူသည် ဘုရားသခင့်မျက်နှာသာတော်ဆုံးရှုံးပြီး အဆိုးဝါးဆုံးပျက်စီးမှုကို ကြုံတွေ့ရသည်။—⁠ဟေဗြဲ ၁၃:⁠၄

လုံးလုံးလျားလျားမိုက်မဲသည့် အိမ်ထောင်ရေးဖောက်ပြန်သည့်လမ်းစဉ်ကို အခြားနည်းများဖြင့်လည်း ဖော်ပြသည်။ တစ်နည်းမှာ လက်တွဲဖော်အသစ်နှင့် လက်ထပ်လိုက်သောအိမ်ထောင်ရေးဖောက်ပြန်သူတစ်ဦးသည် ပထမအိမ်ထောင်၌ ဘေးသင့်စေခဲ့သော ထပ်တူပြဿနာများကို ထိပ်တိုက်ရင်ဆိုင်ရဖွယ်ရှိ၏။ ဒေါက်တာ ဒိုင်နာ မက်ဒ်ဗက်က ထည့်သွင်းစဉ်းစားရန် အခြားအချက်ကို ဤသို့ထုတ်နုတ်ပေးသည်– “သင့်အကြောင်း သင့်ရဲ့လက်တွဲဖော်အသစ် ဦးဆုံးသိမြင်တာက သင်ဟာ စိတ်မချရတဲ့သူဖြစ်တယ်ဆိုတာပါပဲ။ သင်ဟာ ဂုဏ်တင်ဖို့ ကတိကဝတ်ပြုထားသူတစ်ဦးကို လှည့်စားတတ်တယ်ဆိုတာ သူသိတယ်။ သင်ဟာ ဆင်ခြေဆင်လက်သိပ်ပေးတတ်တယ်။ ကတိကဝတ်ပြုပြီး စိတ်ပြောင်းသွားနိုင်တယ်။ သဘောကျနှစ်ခြိုက်ရာ ဒါမှမဟုတ် အတ္တအလိုပြည့်ရာနောက် သင်လိုက်သွားလိမ့်မယ်။ . . . ဒုတိယမြောက်ကြင်ဖော်က သင်ဟာ ငါးစိမ်းမြင်ရင် ငါးကင်ပစ်မှာမဟုတ်ဘူးဆိုတာ ဘယ်လိုသိတော့မှာလဲ။”

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်]

နယပုံပြင်ကျမ်းမှ ပညာရှိအဆိုအမိန့်

နယပုံပြင် ၁၀:၁၉“စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသူမူကား ပညာရှိ၏။”

သင်စိတ်မကောင်းဖြစ်နေသောအခါ သင်ရည်ရွယ်သည်ထက် ပိုပြောမိတတ်၏။—⁠နောင်မှ နောင်တရတတ်သည်။

နယပုံပြင် ၁၅:၁၈“မာနကြီးသောသူသည် ရန်ကိုနှိုးဆော်တတ်၏။ သည်းခံနိုင်သောသူမူကား ငြိမ်းတတ်၏။”

နာကြည်းစေသောစွပ်စွဲချက်များက သင့်အိမ်ထောင်ဖက်ကို ခုခံစေဖွယ်ရှိပြီး စိတ်ရှည်ရှည်ဖြင့် နားထောင်ခြင်းက သင်တို့နှစ်ဦးစလုံးအား ဖြေရှင်းမှုတစ်ရပ်ဆီသို့ ဦးတည်စေပါလိမ့်မည်။

နယပုံပြင် ၁၇:၂၇“သိပ္ပံအတတ်နှင့်ပြည့်စုံသောသူသည် စကားမများတတ်။ ဉာဏ်ကောင်းသောသူသည်လည်း အေးသောစိတ်ရှိတတ်၏။”

ဒေါသထွက်လာပြီဟု သင်သတိပြုမိပါက ထိပ်တိုက်ရင်ဆိုင်ခြင်းမှ ရှောင်ရှားရန် တိတ်တဆိတ်နေလိုက်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။

နယပုံပြင် ၂၉:၁၁“မိုက်သောသူသည် မိမိကြံစည်သမျှကို ဖော်ပြတတ်၏။ ပညာရှိသောသူမူကား အဆင်မသင့်မီ ထိမ်ဝှက်တတ်၏။”

ချုပ်တည်းခြင်းသည် အရေးပါ၏။ စိတ်မထိန်းနိုင်ဘဲ ရုန့်ရင်းသောစကားများဖြင့် ပေါက်ကွဲခြင်းက သင့်အိမ်ထောင်ဖက်ကို စိမ်းကားသွားစေပါလိမ့်မည်။