သင်ရွေးချယ်သော ဆေးဝါးကုသနည်း—ယင်းသည် အရေးကြီးသလော
သမ္မာကျမ်းစာရှုထောင့်
သင်ရွေးချယ်သော ဆေးဝါးကုသနည်း—ယင်းသည် အရေးကြီးသလော
ဖျားနာခြင်း၊ ရောဂါနှင့် ထိခိုက်ဒဏ်ရာရခြင်းတို့သည် လူခပ်သိမ်းအတွက် မဆန်းတော့ပေ။ ကောင်းကျိုးချမ်းသာ၏ ဤရန်သူများနှင့် ရင်ဆိုင်ရသောအခါ လူများစွာသည် ဆေးဝါးကုသမှုခံယူခြင်းဖြင့် သက်သာရာရရန် ရှာကြံကြသည်။ ထိုသို့သော ကြိုးစားအားထုတ်မှုများ၏ အကျိုးကျေးဇူးကို ယေရှုခရစ် အသိအမှတ်ပြုခဲ့ပြီး “ကျန်းမာသောသူတို့သည် ဆေးသမားကိုအလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏” ဟုဝန်ခံလေ၏။—လုကာ ၅:၃၁။
ထိုစကားများကို ရေးသားခဲ့သော ကျမ်းရေးသူလုကာကိုယ်တိုင် ဆေးဆရာတစ်ဦးဖြစ်သည်။ (ကောလောသဲ ၄:၁၄) အတူတကွခရီးလှည့်လည်ခဲ့စဉ် တမန်တော်ပေါလုသည် လုကာ၏ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုမှ အကျိုးရကောင်းရခဲ့ပေမည်။ သို့သော် ခရစ်ယာန်များအတွက် အဘယ်ဆေးကုသမှုပုံစံများသည် လက်ခံနိုင်ဖွယ်ရှိ၏ဟူသည့် လမ်းညွှန်ချက်များကို ကျမ်းစာဖော်ပြသလော။ သင်ရွေးချယ်သည့် ဆေးဝါးကုသနည်းသည် အရေးကြီးသလော။
ကျမ်းစာဆိုင်ရာလမ်းညွှန်ချက်များ
ဆေးဝါးကုသမှုနှင့်စပ်လျဉ်း၍ ပညာရှိဆုံးဖြတ်ချက်များချရန် သမ္မာကျမ်းစာက လမ်းညွှန်ပေးနိုင်ပါသည်။ ဥပမာ၊ ရှေ့ဖြစ်ဟောခြင်းနှင့် မှော်အတတ်ပညာကဲ့သို့သော အလေ့အကျင့်များကို ယေဟောဝါ “စက်ဆုပ်ရွံရှာ” တော်မူကြောင်း တရားဟောရာ ၁၈:၁၀-၁၂ က ရှင်းရှင်းဖော်ပြသည်။ ပေါလုသတိပေးခဲ့သည့် “နတ်[ဆိုး]ပညာ” တွင် ထိုတားမြစ်ချက်များပါဝင်ပေမည်။ (ဂလာတိ ၅:၁၉-၂၁) ထို့ကြောင့် ခရစ်ယာန်စစ်များသည် နတ်ဆိုးပညာနှင့်ပတ်သက်သည့် မည်သည့်ရောဂါရှာဖွေနည်း သို့မဟုတ် ကုထုံးကိုမဆို ရှောင်ကြဉ်ကြသည်။
အသက်နှင့်အသွေး၏ မြင့်မြတ်မှုကိုလည်း ဖန်ဆင်းရှင်တန်ဖိုးထားကြောင်း သမ္မာကျမ်းစာက ဖော်ပြပေးသည်။ (ကမ္ဘာဦး ၉:၃၊ ၄) ‘အသွေးကိုကြဉ်ရှောင်’ ရန်အမိန့်ကို လိုက်နာဖို့စိတ်ပိုင်းဖြတ်ထားကြရာ ယေဟောဝါသက်သေများသည် သွေးကိုရှောင်ရန် သမ္မာကျမ်းစာမိန့်မှာချက်ကို ချိုးဖောက်သည့် ဆေးဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ငြင်းဆိုကြသည်။ (တမန်တော် ၁၅:၂၈၊ ၂၉) ယင်းကြောင့် ဆေးဝါးကုသမှုမှန်သမျှကို သူတို့ငြင်းပယ်ကြသည်ဟု မဆိုလိုပါ။ သို့အစား၊ သူတို့သည် မိမိတို့နှင့် မိမိတို့၏ကလေးများအတွက် အကောင်းဆုံးကုထုံးကို အတတ်နိုင်ဆုံးရှာယူကြသည်။ သို့ရာတွင် မိမိတို့၏ ဘာသာရေးယုံကြည်ချက်များ နှင့်ကိုက်ညီသည့် ကုသမှုကိုသာပေးရန် ကျန်းမာရေးပညာရှင်များကို တောင်းဆိုကြသည်။
သင့်လုပ်ဆောင်မှုများကိုသုံးသပ်ပါ
ရှောလမုန်ဘုရင်က “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကိုယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏” ဟုသတိပေးခဲ့သည်။ (သု. ၁၄:၁၅) ဆေးဘက်ဆိုင်ရာဆုံးဖြတ်ချက်တစ်ခုသည် သမ္မာကျမ်းစာမူများနှင့်တိုက်ရိုက် မဆန့်ကျင်သည့်တိုင် ‘မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှု’ သင့်ပေသည်။ ဆေးဝါးကုသနည်းမှန်သမျှသည် အထောက်အကူဖြစ်သည်မဟုတ်။ ‘နာသောသူတို့သည် ဆေးသမားကိုအလိုရှိကြသည်’ ဟုယေရှုဆိုခဲ့စဉ်က ကိုယ်တော့်ခေတ်တွင် အသုံးပြုကြသော ဆေးဝါးကုသမှုအားလုံးကို ကိုယ်တော်ထောက်ခံနေခြင်းမဟုတ်ပါ။ ဆေးကုသနည်းအချို့သည် ခြေမြစ်ပြီး အခြားမှာမူ လှည့်စားမှုမျှဖြစ်ကြောင်း ကိုယ်တော်သိတော်မူသည်။ *
ယနေ့လည်း၊ ကုသမှုတချို့သည် အချည်းနှီးဖြစ်ပြီး ကလိမ်ကကျစ်ပင်ဖြစ်နိုင်၏။ ကောင်းစွာချင့်ချိန်မှုမရှိခြင်းက မလိုလားသော ဘေးအန္တရာယ်များ သင့်စေနိုင်သည်။ လူတစ်ဦးကို အထောက်အကူပြုသောကုသမှုသည် အခြားသူတစ်ဦးအတွက် ထိရောက်မှုမရှိ—ဘေးပင်သင့်—နိုင်ကြောင်း သိထားသင့်၏။ ဆေးဘက်ဆိုင်ရာဆုံးဖြတ်ချက်တစ်ခုပြုရန် အကြောင်းပေါ်သည့်အခါ ပညာသတိရှိသူသည် မိမိအကျိုးလိုလားသော ရင်းနှီးကျွမ်းဝင်သူမိတ်ဆွေများ၏ အကြံပြုချက် ‘စကားလုံးတိုင်းကို ယုံကြည်’ မည့်အစား မိမိရွေးချယ်ပြုမူရာကို ဂရုတစိုက် ချင့်ချိန်ပြုလုပ်ပေမည်။ အသိကြွယ်စွာ ရွေးချယ်ပြုမူနိုင်သည့် အခြေအနေ၌ရှိရန် ယုံကြည်စိတ်ချလောက်သော သတင်းအချက်အလက်များကို ရှာဖွေခြင်းအားဖြင့် “[ကောင်းသော]သတိ” ရှိကြောင်းတင်ပြပေမည်။—တိတု ၂:၁၂၊ ကဘ။
လက်တွေ့ကျပြီး ကျိုးကြောင်းညီညွတ်မှုရှိပါ
မိမိ၏ကျန်းမာရေးအတွက် စိုးရိမ်ခြင်းသည် လျောက်ပတ်ပေသည်။ ကာယရေးကောင်းမွန်မှုကို မျှမျှတတ အာရုံစိုက်ခြင်းသည် အသက်ဆုနှင့် ၎င်းကိုပေးသည့်မြင့်မြတ်သောအရှင်ကို ကျေးဇူးတင်လေးစားကြောင်း တင်ပြ၏။ (ဆာလံ ၃၆:၉) သင့်တော်သော ဆေးဝါးကုသမှုခံယူရန် ကြိုးစားသော်လည်း ကျန်းမာရေးနှင့်ပတ်သက်၍ ခရစ်ယာန်များသည် ချင့်ချင့်ချိန်ချိန်ရှိလိုကြပေသည်။ ဥပမာ၊ အတော်အသင့် ကျန်းမာသောလူတစ်ဦးသည် ကျန်းမာသန်စွမ်းရေးကို အလွန်အမင်း အာရုံစိုက်လာပါက “သာ၍အရေးကြီးသောအရာများ” ကို မျက်ခြည်ပျက်လုမတတ် ဖြစ်သွားနိုင်၏။—ဖိလိပ္ပိ ၁:၁၀ [ကဘ]; ၂:၃၊ ၄။
ယေရှုခေတ်က ဆိုးဝါးစွာရောဂါစွဲကပ်နေသော အမျိုးသမီးတစ်ဦးသည် သူ၏နာတာရှည်ရောဂါကိုကုသရေးအတွက် “ဥစ္စာရှိသမျှကုန်” ခံ၍ဆေးဆရာများထံမှ အကူအညီရှာယူခဲ့သည်။ ရလဒ်ကား အဘယ်နည်း။ ရောဂါပျောက်ကင်းမည့်အစား အခြေအနေပိုဆိုးလာရာ ယင်းက သူ့ကို များစွာစိတ်ဓာတ်ကျစေခဲ့ပေမည်။ (မာကု ၅:၂၅၊ ၂၆) ရောဂါသက်သာရန် အတတ်နိုင်ဆုံး ကုသသော်လည်း အကျိုးမရခဲ့ချေ။ သူ၏အတွေ့အကြုံက သူ့ခေတ်ကာလမှ ဆေးသိပ္ပံပညာ၏ ကန့်သတ်ချက်များကို မီးမောင်းထိုးသည်။ ယနေ့ပင် ဆေးသုတေသနနှင့် နည်းပညာတို့၌ တိုးတက်မှုများရှိသည့်ကြား အလားတူအခြေအနေမျိုး၌ လူများစွာရှိနေကြသည်။ ထို့ကြောင့် ဆေးသိပ္ပံပညာသည် အဘယ်အရာကိုတတ်နိုင်ကြောင်း လက်တွေ့ကျကျသိမြင်ဖို့ အရေးကြီး၏။ ယခုလောလောဆယ်တွင် ကျန်းမာရေးလုံးဝကောင်းသည့်အဖြစ်မျိုး မရရှိနိုင်ပါ။ “လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်း” ရန် ဘုရားသခင်ကန့်သတ်ထားချိန်သည် အနာဂတ်တွင်ရှိနေသေးကြောင်း ခရစ်ယာန်များ အသိအမှတ်ပြုကြသည်။ (ဗျာဒိတ် ၂၂:၁၊ ၂) ထို့ကြောင့် ဆေးဝါးကုသမှုနှင့်ပတ်သက်၍ မျှတသောအမြင်ကို ကျွန်ုပ်တို့ပြုစုပျိုးထောင်ပေးကြရမည်။—ဖိလိပ္ပိ ၄:၅။
ကျွန်ုပ်တို့ရွေးချယ်ရာများသည် အရေးကြီးကြောင်းရှင်းပါသည်။ ထိုအကြောင်းကြောင့် ဆေးဝါးကုသမှုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များချရန်လိုအပ်သည့်အခါ ကျွန်ုပ်တို့၏ရွေးချယ်မှုက ကျန်းမာရေးကောင်းလိုခြင်းနှင့် ဘုရားသခင်နှင့်ကောင်းသောဆက်ဆံရေး ဆက်ထိန်းသိမ်းလိုခြင်းတို့ကို ထင်ဟပ်သင့်ပေသည်။ ထိုသို့ပြုကြရာတွင် လာမည့်ဘုန်းထွန်းတောက်သောကမ္ဘာသစ်တွင် “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ” တော့မည့် ယေဟောဝါ၏ကတိတော်ပြည့်စုံမည့်အချိန်ကို ယုံကြည်စိတ်ချစွာ ဆက်၍မျှော်ကိုးနိုင်ပေသည်။—ဟေရှာယ ၃၃:၂၄။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 9 ဥပမာ၊ ပထမရာစုမှ ဒိုင်အိုစကိုရိုင်ဒီးစ်၏ ဆေးစွယ်စုံကျမ်းတွင် အသားဝါရောဂါအတွက် ရည်ညွှန်းထားသည့်ဆေးကုသနည်းမှာ ဝိုင်နှင့်ဆိတ်မစင်ရောစပ်ထားသည့်ဆေးရည်ကို သောက်သုံးခြင်းဖြစ်သည်! ထိုကဲ့သို့သောဆေးညွှန်းသည် ဝေဒနာရှင်၏ရောဂါကို ပို၍ဆိုးရွားစေနိုင်ကြောင်း ယခုကျွန်ုပ်တို့သိရှိကြပြီ။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ဆာ လုခ်ဖီးလ်ဒ်စ် ၏ “ဆရာဝန်၊” ၁၈၉၁
[Credit Line]
Tate Gallery, London/Art Resource, NY