မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ်ကြောင့် မေတ္တာညှိုးနွမ်းရသနည်း

အဘယ်ကြောင့် မေတ္တာညှိုးနွမ်းရသနည်း

အဘယ်ကြောင့် မေတ္တာညှိုးနွမ်းရသနည်း

“မေတ္တာသက်ဝင်ဖို့က မေတ္တာဖြင့်စွဲမြဲနေထိုင်ဖို့ထက် သာ၍လွယ်ကူပုံရှိ၏။”—⁠ဒေါက်တာ ကားရင် ကစ်ဇာ။

မေတ္တာမဲ့အိမ်ထောင်ရေး တိုးများလာခြင်းမှာ အံ့အားသင့်စရာမဟုတ်ချေ။ အိမ်ထောင်ရေးဟူသည် လူသားတို့၏ ရှုပ်ထွေးသောပေါင်းသင်းဆက်ဆံရေးတစ်ရပ်ဖြစ်ပြီး များစွာသောသူတို့က ပြင်ဆင်မှုမရှိဘဲ အိမ်ထောင်ပြုကြ၏။ “ကားလိုင်စင်ရလိုတဲ့အခါ ကျွန်တော်တို့ဟာ ကားမောင်းကျွမ်းကျင်ကြောင်း လက်တွေ့ပြဖို့လိုတယ်။ ဒါပေမဲ့ လက်ထပ်ခွင့်လိုင်စင်တွေကိုတော့ လက်မှတ်တစ်ခုထိုးလိုက်ရုံနဲ့ ရနိုင်ပါတယ်” ဟု ဒေါက်တာ ဒင်း အက်စ်. အီဒဲလ်ကဆိုသည်။

သို့ဖြစ်၍ အိမ်ထောင်များစွာသည် အောင်မြင်ပြီး အမှန်ပျော်ရွှင်ကြစဉ် အချို့မှာ အားခဲကြရ၏။ အိမ်ထောင်ဖက်တစ်ဦး သို့မဟုတ် နှစ်ဦးစလုံးသည် မျှော်လင့်ချက်ကြီးကြီးဖြင့် လက်ထပ်လိုက်ကြသော်လည်း ရေရှည်ဆက်ဆံရေးအတွက် လိုအပ်သောကျွမ်းကျင်မှုများ မရှိ၍ဖြစ်ကောင်းဖြစ်ပေမည်။ ဒေါက်တာ ဟယ်ရီ ရိုက်စ်က “လူတွေဟာ ဦးဆုံးကျွမ်းဝင်လာတဲ့အခါ တစ်ဦးနဲ့တစ်ဦး အလွန်ယုံကြည်စိတ်ချရပါတယ်လို့ ခံစားတတ်ကြတယ်” ဟုရှင်းပြသည်။ သူတို့သည် လက်တွဲဖော်ကို “မိမိလို ရှုမြင်တတ်တာ တစ်မိုးအောက်မှာ ဒီတစ်ယောက်တည်း” ဟုယူမှတ်တတ်ကြသည်။ “တစ်ခါတလေ အဲဒီခံစားချက်ပျောက်သွားတတ်တယ်၊ အဲဒီလိုပျောက်သွားတဲ့အခါ အိမ်ထောင်ရေးကို တကယ်ပဲထိခိုက်နစ်နာစေနိုင်ပါတယ်။”

အိမ်ထောင်များစွာသည် ထိုအခြေအနေသို့ မဆိုက်ရောက်ကြခြင်းမှာ ဝမ်းသာစရာပင်။ သို့သော် မေတ္တာညှိုးနွမ်းစေသည့် အကြောင်းရင်းတချို့ကို ကျွန်ုပ်တို့ အကျဉ်းချုံးသုံးသပ်ကြည့်ကြစို့။

အထင်နှင့်အမြင်လွဲခြင်း—⁠“ငါမျှော်လင့်ထားတာ ဒီလိုမဟုတ်ဘူး”

“ဂျင်းကို ကျွန်မလက်ထပ်တုန်းက ကျွန်မတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြ၊ ကြင်နာကြ၊ စာနာကြနဲ့ အိပ်မောကျနေတဲ့မင်းသမီးလေးနဲ့ စွဲမက်စရာကောင်းတဲ့မင်းသားလေးပုံပြင်လို ဖြစ်မယ်လို့ထင်ခဲ့မိတာ” ဟုရို့စ်ကပြောသည်။ သို့တိုင် အတော်လေးကြာပြီးနောက် ရို့စ်၏ “မင်းသားလေး” မှာ စွဲမက်စရာသိပ်ကောင်းပုံ မရှိတော့ချေ။ “သူနဲ့ပတ်သက်လို့ အတော့်ကိုစိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့တယ်” ဟုသူကဆိုသည်။

ရုပ်ရှင်များ၊ စာအုပ်များနှင့် လူကြိုက်များသောတေးသီချင်းများစွာက ချစ်ခြင်းကို စိတ်ကူးယဉ်ဆန်ဆန်သရုပ်ဖော်တတ်ကြ၏။ သမီးရည်းစားဘဝ၌ရှိစဉ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် မိမိတို့၏အိပ်မက်လေး တကယ်ဖြစ်လာမည်ဟု ယူမှတ်ကြပေမည်; သို့သော် အိမ်ထောင်သက်အနည်းငယ်ရပြီးနောက်မှ မိမိတို့သည် အမှန်ပင် အိပ်မက်မက်ခဲ့ကြောင်း ကောက်ချက်ချကြသည်! လူတစ်ဦး၏အိမ်ထောင်ရေးသည် အချစ်ဝတ္ထုထဲကအတိုင်း ဖြစ်မလာသည့်အခါ တက်တက်စင်အောင်လွဲသွားသည့်အလားဖြစ်ပေမည်။

အိမ်ထောင်ရေး၌ မျှော်လင့်ထားရာအချို့မှာ လုံးဝလျောက်ပတ်သည်မှာ မှန်ပါသည်။ ဥပမာ၊ မေတ္တာ၊ ဂရုစိုက်မှုနှင့် အိမ်ထောင်ဖက်တစ်ဦး၏ထောက်မမှုတို့ကို မျှော်လင့်ခြင်းမှာ လျောက်ပတ်ပါသည်။ သို့တိုင် ဤဆန္ဒများပင် မပြည့်ဘဲဖြစ်ပေလိမ့်မည်။ “ကျွန်မဟာ အိမ်ထောင်သည်မဟုတ်သလိုဘဲ ခံစားရတယ်” ဟု အိန္ဒိယမှ အိမ်ထောင်ပြုပြီးခါစမိန်းမငယ် မီနာကဆိုသည်။ “အထီးကျန်ပြီး လျစ်လျူရှုခံရတယ်လို့ ကျွန်မခံစားရတယ်။”

အသွင်မတူခြင်း—⁠“ဘယ်နေရာမှာမှ အသွင်မတူကြဘူး”

“ကျွန်မခင်ပွန်းနဲ့ ကျွန်မဟာ အရာရာမှာ ပြဒါးတစ်လမ်းသံတစ်လမ်းပါပဲ” ဟု အမျိုးသမီးတစ်ဦးက ပြောသည်။ “သူ့ကိုလက်ထပ်ဖို့ ကျွန်မဆုံးဖြတ်ခဲ့တာ နောင်တရလို့ကိုမဆုံးဘူး။ ကျွန်မတို့ဟာ လုံးဝကိုမလိုက်ဖက်ကြတာ။”

သမီးရည်းစားဘဝက မိမိတို့ယူဆထားသလို မဟုတ်ကြောင်း အိမ်ထောင်သည်မောင်နှံတစ်စုံ သိရှိလာရန်မှာ အချိန်သိပ်မကြာတတ်ပါ။ “အိမ်ထောင်ရေးက အိမ်ထောင်ဖက်များကို တစ်ကိုယ်ရေဘဝတစ်လျှောက် သူတို့ကိုယ်တိုင်သတိမထားမိခဲ့သော ကိုယ်ရည်ကိုယ်သွေးများအား လှစ်ဟဖော်ပြပေးလေ့ရှိ၏” ဟု ဒေါက်တာ နီနာ အက်စ်. ဖီးလ်စ်က ရေးသားခဲ့သည်။

ရလဒ်အနေဖြင့် အိမ်ထောင်ပြုပြီးနောက် မောင်နှံစုံတချို့က မိမိတို့သည် လုံးဝလိုက်ဖက်မှုမရှိကြောင်း ကောက်ချက်ချကြပေမည်။ “အကြိုက်နှင့် ကိုယ်ရည်ကိုယ်သွေးတူညီမှုတချို့ရှိစေကာမူ လူအများစုသည် အဓိကမတူညီမှုများဖြစ်သည့် ဟန်ပန်၊ အမူအကျင့်နှင့် သဘောထားတို့ဖြင့် အိမ်ထောင်ပြုလိုက်ကြသည်” ဟု ဒေါက်တာ အာရွန် တီ. ဘီခ်ကပြောသည်။ မောင်နှံစုံများစွာသည် ဤမတူညီမှုများကို မည်သို့ကိုင်တွယ်ဖြေရှင်းရမှန်း မသိကြချေ။

သဘောထားမတိုက်ဆိုင်ခြင်း—⁠“တစ်ချိန်လုံး စကားများကြရတယ်”

“ကျွန်မတို့ ဘယ်လောက်တောင်ရန်ဖြစ်ခဲ့ကြတာတွေကို အံ့သြမိခဲ့တယ်—⁠အော်ဟစ်ငေါက်ငေါ်ကြနဲ့ ပိုဆိုးတာက နေ့ရက်များစွာ ဒေါသစိတ်နဲ့ စကားမပြောဘဲ နေခဲ့ကြတယ်” ဟုစင်ဒီက သူ၏အိမ်ထောင်သက်အစောပိုင်းအချိန်ကို ပြန်ပြောပြ၏။

အိမ်ထောင်၌ သဘောထားကွဲလွဲမှုများကို ရှောင်လွဲ၍မရနိုင်ချေ။ သို့သော် ယင်းတို့ကို မည်သို့ဖြေရှင်းကြသနည်း။ “ကြံ့ခိုင်တဲ့အိမ်ထောင်ရေး၌ လင်နှင့်မယားသည် မကျေနပ်ချက်တစ်ရပ်ကို လွတ်လွတ်လပ်လပ်ပြောဆိုကြသည်။ သို့သော် မကြာခဏဆိုသလို မကျေနပ်ချက်များကို ဒေါသတကြီးဖြင့် အပျက်သဘောထုတ်ဖော်ပြောဆိုမိခဲ့သည့်အတွက် အိမ်ထောင်ဖက်၏စရိုက်ကို ပုတ်ခတ်သကဲ့သို့ဖြစ်သွားတတ်သည်” ဟု ဒေါက်တာ ဒန်နီရယ်လ် ဂိုးလ်မင်းကဆိုသည်။

ယင်းသို့ဖြစ်လာသောအခါ ရှုမြင်ပုံများကို ခိုင်မာသောသန္နိဋ္ဌာန်ဖြင့် ကာကွယ်သည့် စစ်တလင်းဖြစ်သွားပြီး စကားလုံးများမှာ ဆက်သွယ်ရေးကိရိယာများဖြစ်မည့်အစား လက်နက်များဖြစ်လာ၏။ ပညာရှင်အသင်းတစ်သင်းက ဤသို့ဆိုသည်– “စကားစစ်ထိုးမှုနဲ့ပတ်သက်လို့ အရှိန်တရိပ်ရိပ်တက်လာတာက အိမ်ထောင်ဖက်တွေပြောဆိုတတ်တဲ့ အိမ်ထောင်ရေးကို ခြိမ်းခြောက်တဲ့စကားတွေပါပဲ။”

လျစ်လျူရှုခြင်း—⁠“လက်လျှော့လိုက်ပြီ”

“ကျွန်မတို့ရဲ့အိမ်ထောင်ရေး အောင်မြင်ဖို့ကြိုးစားတာကို ကျွန်မလက်လျှော့လိုက်ပြီ” ဟုအိမ်ထောင်သက်ငါးနှစ်ကြာပြီးနောက် အမျိုးသမီးတစ်ဦးကဝန်ခံခဲ့သည်။ “အခု လုပ်လို့ဘာမှမထူးတော့ဘူးဆိုတာ ကျွန်မသိသွားပြီ။ ကျွန်မစိုးရိမ်တာ ကလေးတွေအတွက်ပါပဲ။”

အချစ်၏ဆန့်ကျင်ဘက်အမှန်တရားမှာ အမုန်းမဟုတ်ဘဲ လျစ်လျူရှုခြင်းဖြစ်၏ဟု အဆိုရှိသည်။ ဥပေက္ခာပြုခြင်းသည် အိမ်ထောင်တစ်ခုကို ရန်မူခြင်းတမျှ အဖျက်သဘောသက်ရောက်စေနိုင်သည်မှာ အမှန်။

သို့သော် ဝမ်းနည်းစရာမှာ အိမ်ထောင်ဖက်တချို့သည် မေတ္တာမဲ့အိမ်ထောင်တစ်ခုနှင့်စပ်လျဉ်း၍ မည်မျှကျင့်သားရလာသနည်းဟူမူ ပြောင်းလဲလာနိုင်ဖွယ် မျှော်လင့်ချက်အားလုံးကို စွန့်လွှတ်လိုက်ကြသည်။ ဥပမာ၊ အိမ်ထောင်သက် ၂၃ နှစ်ရှိနေပြီဖြစ်သော ခင်ပွန်းတစ်ဦးက “သင်မနှစ်သက်တဲ့အလုပ်တစ်ခုကို လုပ်ကိုင်နေရခြင်း” နှင့်တူကြောင်း ပုံခိုင်းနှိုင်းခဲ့သည်။ ထပ်ဆင့်၍ သူက “အဲဒီအခြေအနေမျိုးမှာ သင်အတတ်နိုင်ဆုံးလုပ်ပါ” ဆိုသည်။ အလားတူ အိမ်ထောင်သက်ခုနစ်နှစ်ရှိပြီဖြစ်သော ဝင်ဒီအမည်ရှိ ဇနီးသည်တစ်ဦးမှာ သူ၏ခင်ပွန်းသည်အပေါ် မျှော်လင့်ချက်မထားတော့ချေ။ “ကျွန်မအကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်၊ သူက ကျွန်မကိုအမြဲပဲစိတ်ပျက်စေခဲ့တယ်။ ကျွန်မ စိတ်ဓာတ်ကျသွားပြီ။ ဒါမျိုးထပ်မကြုံချင်တော့ဘူး။ ကျွန်မရဲ့ မျှော်လင့်ချက်တွေခေါင်းထောင်လာရင် ကျွန်မစိတ်ဆင်းရဲရုံပဲရှိမယ်။ ကျွန်မ မျှော်လင့်ချက်မထားတော့ဘူး—⁠ကျွန်မသိပ်လည်းပျော်မှာမဟုတ်တော့ဘူး၊ ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်မ စိတ်ဓာတ်ကျသွားတော့မှာမဟုတ်ဘူး။”

အထင်နှင့်အမြင်လွဲခြင်း၊ အသွင်မတူခြင်း၊ သဘောထားမတိုက်ဆိုင်ခြင်းနှင့် လျစ်လျူရှုခြင်းတို့သည် မေတ္တာမဲ့အိမ်ထောင်ရေး ဖြစ်စေနိုင်သော အချက်တချို့သာဖြစ်၏။ ထိုထက်မကရှိသည်မှာ ထင်ရှားပါသည်—⁠ယင်းတို့အနက်အနည်းငယ်ကို စာမျက်နှာ ၅ လေးထောင့်ကွက်တွင် ဖော်ပြပေးထားပါသည်။ မည်သည့်အကြောင်းကြောင့်မဆို မေတ္တာမဲ့အိမ်ထောင်ရေးတွင် ကျော့မိနေဟန်ရှိသော အိမ်ထောင်ဖက်များအတွက် မျှော်လင့်ချက်ရှိပါသလော။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

မေတ္တာမဲ့အိမ်ထောင်များ—⁠အခြားအခြေခံအကြောင်းတချို့

ငွေကြေး– “ဘတ်ဂျက်ထားခြင်းက မောင်နှံစုံတစ်စုံကို အတူတကွ ပူးပေါင်းဆောင်ရွက်စေပြီး အခြေခံလိုအပ်ရာများအတွက် သူတို့၏ငွေကြေးဥစ္စာအင်ခွင်များကို ထည့်ဝင်စေကာ မိမိတို့ အားထုတ်လုပ်ဆောင်မှု အသီးအပွင့်များကို မွေ့လျော်စေသောကြောင့် စည်းလုံးစေမည်ဟု တစ်ဦးတစ်ယောက်ကစဉ်းစားမည်။ သို့သော် ဤတွင်လည်း ဖက်စပ်လုပ်ငန်းတစ်ခု၌ မောင်နှံစုံတစ်စုံကို စည်းလုံးစေနိုင်သောအရာကပင် သူတို့ကို စိတ်ဝမ်းကွဲပြားစေတတ်၏။”—⁠ဒေါက်တာ အာရွန် တီ.ဘီခ်။

မိဘဖြစ်ခြင်း– “သားဦးသမီးဦးမွေးဖွားပြီးနောက် မောင်နှံစုံ ၆၇ ရာခိုင်နှုန်းသည် အိမ်ထောင်ရေးရောင့်ရဲမှု သိသိသာသာကျဆင်းသွားပြီး သဘောကွဲလွဲမှု ရှစ်ဆပိုများလာကြောင်း ကျွန်ုပ်တို့တွေ့ ရှိရသည်။ ယင်းသို့ဖြစ်ရသည့်တစ်စိတ်တစ်ပိုင်းမှာ မိဘတို့သည် မောပန်းနွမ်းနယ်ပြီး မိမိတို့ကိုယ်နှိုက်အတွက် အချိန်မကျန်ခြင်းတို့ကြောင့်ဖြစ်သည်။”—⁠ဒေါက်တာ ဂျွန် ဂေါ့ဒ်မန်း။

လှည့်ဖြားခြင်း– “အိမ်ထောင်ရေးဖောက်ပြန်ခြင်း၌ လှည့်ဖြားခြင်းပါဝင်လေ့ရှိပြီး လှည့်ဖြားခြင်းက အမှန်အားဖြင့် ယုံကြည်မှုကိုပျက်ပြားသွားစေသည်။ အောင်မြင်သည့် ရာသက်ပန်အိမ်ထောင်ရေးအားလုံးတွင် ယုံကြည်စိတ်ချမှုသည် အရေးကြီးသောအမှတ်အသားတစ်ရပ်ဖြစ်ရာ လှည့်ဖြားခြင်းက အိမ်ထောင်တစ်ခု၏ဆက်ဆံရေးအပေါ် အကြီးအကျယ်ဘေးသင့်စေနိုင်သည်မှာ အံ့အားသင့်စရာမဟုတ်ချေ။”—⁠ဒေါက်တာ နီနာ အက်စ်. ဖီးလ်စ်။

လိင်ကိစ္စ– “ကွာရှင်းမှုအတွက် အမှုဖွင့်ချိန်တွင် နှစ်ချီ၍ လိင်ဆက်ဆံခြင်းကိုရှောင်ခြင်းမှာ ထိတ်လန့်စရာပင်ဖြစ်သည်။ အချို့ကိစ္စရပ်များတွင် လိင်ဆက်ဆံခြင်း ဘယ်သောအခါမျှ မဖြစ်ခဲ့ချေ၊ အခြားသူများတွင်မူ လိင်ကိစ္စသည် ယန္တရားဆန်ဆန် ခံစားချက်မဲ့ကာ အိမ်ထောင်ဖက်တစ်ဦး၏အလိုဆန္ဒများအတွက် ထွက်ပေါက်တစ်ခုမျှသာဖြစ်သည်။”—⁠ဂျူဒစ် အက်စ်.ဝေါလ်လာစတင်း၊ ဆေးဘက်ဆိုင်ရာ စိတ်ပညာရှင်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သားသမီးများကို မည်သို့ ထိခိုက်သနည်း

သင့်အိမ်ထောင်၏ဂုဏ်ရည်က သင့်ကလေးအပေါ် ထိခိုက်နိုင်သလော။ အိမ်ထောင်သည်စုံတွဲများကို အနှစ် ၂၀ ကြာသုတေသနပြုခဲ့သော ဒေါက်တာဂျွန်ဂေါ့ဒ်မန်းအဆိုအရ အဖြေမှာ ထိခိုက်သည်ဟူ၏။ သူက “ဆယ်နှစ်ကြာ လေ့လာမှုနှစ်ခုအရ မပျော်ရွှင်သောမိဘများ၏ ကလေးငယ်များသည် အပြန်အလှန်နောက်ပြောင်ကျီစယ်ချိန်အတွင်း နှလုံးခုန်နှုန်းမှာ ပိုမြင့်မားပြီး ပုံမှန်ဖြစ်စေဖို့သိပ်မလွယ်ချေ။ အတန်ကြာလေသော် အိမ်ထောင်ရေးပဋိပက္ခက ကလေး၏ဉာဏ်ရည်အဆင့် မည်မျှပင်ရှိပါစေ ကျောင်းတွင်ဖြစ်မြောက်အောင်မြင်မှု ပိုလျော့နည်းစေ၏။” ယင်းနှင့်ခြားနားလျက် ဒေါက်တာဂျွန်ဂေါ့ဒ်မန်းက လူ့ဘောင်နှင့်အံဝင်ခွင်ကျသော အိမ်ထောင်သည်များ၏ ကလေးများသည် “ပညာသင်ကြားမှုနှင့် လူမှုရေးနှစ်တန်စလုံးတွင် သာလွန်ကောင်းမွန်ကြသည်၊ အကြောင်းမှာ သူတို့၏မိဘများသည် သူတို့အား အခြားသူတို့ကို မည်သို့ ရိုသေလေးစားစွာဆက်ဆံရန်နှင့် စိတ်ဆင်းရဲစရာများကို မည်သို့ကိုင်တွယ်ရန် ပြသခဲ့ကြ၍ဖြစ်သည်။”