မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

မျိုးစေ့သိုလှောင်ရုံ

“နောင်အနှစ် ၅၀ အတွင်း ကမ္ဘာ့ဒေသပေါက်ပင်များ၏ ၂၅ ရာခိုင်နှုန်း မျိုးသုဉ်းသွားနိုင်သည်ဟု သိပ္ပံပညာရှင်များ ခန့်မှန်းနေကြကြောင်း” ကနေဒါနိုင်ငံ၏ နေရှင်နယ်ပို့စ်ထ်ကဖော်ပြသည်။ ဘေးသင့်ဖွယ်ရှိသောအပင်များကို ကာကွယ်ရန် အင်္ဂလန်နိုင်ငံ၊ ကယူးတော်ဝင်ရုက္ခဗေဒဥယျာဉ်များက ထောင်စုနှစ်မျိုးစေ့ဘဏ် (MSB) ကိုဖွဲ့စည်းခဲ့၏။ “MSB စီမံကိန်းမှာ အပင်မျိုးစိတ် ၂၅,၀၀၀ ကျော်ကို စုဆောင်းဖို့ဖြစ်သည်—⁠ကမ္ဘာ့မျိုးစေ့ပင်များ၏ ၁၀ ရာခိုင်နှုန်းကျော်ပင်” ဟုသတင်းစာကရှင်းပြ၏။ MSB ဖွဲ့စည်းသူများသည် လယ်ယာမြေပြန်လည်ထူထောင်ဖို့၊ အစာခေါင်းပါးရန်အကြောင်း လျှော့ချပစ်ဖို့၊ ထုံးတမ်းစဉ်လာနှင့် ဆေးဖော်ရာ၌သုံးသောအပင်များ ရရှိစေဖို့ လိုအပ်လာသောအခါ မျိုးစေ့များကိုအသုံးပြုရန် မျှော်လင့်ကြသည်။ မျိုးစေ့ဘဏ်စီမံကိန်းကိုဦးဆောင်သူ ရော်ဂျာ စမစ်သ်က “ဦးဆုံးမျိုးသုဉ်းသွားသောအပင်များသည် လူနှင့် တိရစ္ဆာန်အတွက် အသုံးအဝင်ဆုံးဖြစ်လေ့ရှိသည်” ဟုဖော်ပြ၏။

နာကျင်မှုမဲ့ ရုတ်တရက်နှလုံးဖောက်ပြန်မှု

ရုတ်တရက်နှလုံးဖောက်ပြန်မှု၏ အဖြစ်အများဆုံးလက္ခဏာမှာ ပြုတ်တူနှင့်ညှပ်ထားသကဲ့သို့ ရင်ဘတ်အောင့်တတ်ခြင်းဖြစ်ကြောင်း လူအများစုက သိထားကြသည်။ သို့သော် “လူနာသုံးပုံတစ်ပုံမှာ ရုတ်တရက်နှလုံးဖောက်ပြန်မှုဖြစ်စဉ် စိုးစဉ်းမျှ ရင်ဘတ်အောင့်ခြင်းမခံစားရကြောင်း” သိသူ အလွန်နည်းသည်ဟု တိုင်းမဂ္ဂဇင်းကဖော်ပြသည်။ အဘယ်ကြောင့် “ရင်ဘတ်မအောင့်ဘဲ ရုတ်တရက်နှလုံးဖောက်ပြန်သူများသည် ဆေးရုံသွားဖို့အရေး—⁠ပျမ်းမျှနှစ်နာရီကြာကြာ—⁠အချိန်ဆွဲနေလေ့ရှိ” ကြောင်း ယင်းက ရှင်းပြပေးသည်ဟု အမေရိကန်ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းဂျာနယ်မှ လေ့လာချက်တစ်ရပ်ကဖော်ပြ၏။ သို့သော် အသက်ကယ်နိုင်ဖွယ်ရှိသည့်ကုသမှုကို ခံယူဖို့နှောင့်နှေးခြင်းက အန္တရာယ်ရှိသည်။ အဘယ်အရာကို သင်စောင့်ကြည့်သင့်သနည်း။ “နောက်ထပ်ဖြစ်နိုင်ခြေရှိ အကြီးမားဆုံးအချက်ပေးမှုမှာ အလွန်အသက်ရှူကျပ်ခြင်းဖြစ်သည်” ဟုတိုင်းကဆို၏။ အခြားဖြစ်နိုင်ခြေရှိလက္ခဏာများတွင် ပျို့အန်ခြင်း၊ ချွေးထွက်လွန်းခြင်းနှင့် “ဟိုဟိုသည်သည်လမ်းလျှောက်လျှင်၊ အားစိုက်လုပ်ဆောင်လျှင် ပို၍ဆိုးဝါးစွာ ‘ရင်ထဲပူလောင်လာခြင်း’” ပါဝင်သည်ဟု ဆောင်းပါးကဆို၏။

တွယ်ကပ်ခြေချောင်းများ

တောက်တဲ့များသည် မှန်ကဲ့သို့ချောမွတ်သော မျက်နှာကြက်ပေါ်တွင် အလွယ်တကူပြေးလွှားနိုင်ကြသည်။ မည်သို့ပြေးနိုင်ကြသနည်း။ ဆယ်စုနှစ်များစွာ အဖြေရှာခဲ့ကြသော သိပ္ပံပညာရှင်များက ယခု ရှင်းလင်းချက်တစ်ခုပေးနိုင်ပြီဟုယူဆကြ၏။ “တောက်တဲ့၏ခြေပေါ်မှ အမွေးအမျှင်များ သို့မဟုတ် အမွေးအမှင်မာများသည် မျက်နှာပြင်များအပေါ် ပွတ်တိုက်သည့်အခါ အံ့ဖွယ်ကောင်းစွာ တွယ်ကပ်အားထွက်လာ” သည်ဟု သိပ္ပံပညာရှင်နှင့် အင်ဂျင်နီယာအုပ်စုတစ်စုက သတ်မှတ်ဆုံးဖြတ်ကြကြောင်း ဆိုင်းရင့်နယူးစ်မဂ္ဂဇင်းကဖော်ပြသည်။ “အမွေးအမှင်မာတစ်ချောင်းစီ၏ထိပ်တွင် အမွေးအမျှင်ငယ်လေးများ ထွက်နေပြီး ယင်းတို့ကို တွယ်ကပ်ဖုပြားများဟုခေါ်သည်။ တောက်တဲ့တစ်ကောင်သည် မျက်နှာပြင်တစ်ခုပေါ်သို့ တွယ်ကပ်လိုက်သောအခါ ၎င်း၏ခြေဖဝါးကိုဖုံးနေသည့် တွယ်ကပ်ဖုပြား တစ်ဘီလီယံခန့်သည် အဆိုပါမျက်နှာပြင်တွင် မည်မျှနီးကပ်စွာ စွဲမြဲတွယ်ကပ်လိုက်သနည်းဟူမူ မော်လီကျူးစပ်ကြားသက်ရောက်အား . . . ပေါ်လာနိုင်သည်။” တောက်တဲ့များ၏ခြေချပုံသည် “ထိုမျက်နှာပြင်ပေါ် အမွေးအမှင်မာကို တစ်ပြိုင်တည်း ဖိလည်းဖိ ဆွဲလည်းဆွဲလိုက်ပုံရကြောင်း” သုတေသီတို့က ဖော်ပြကြသည်။ ဤသို့ဖိဆွဲခြင်းက “ဖိရုံဖိခြင်းနှင့်စာလျှင် အမွေးအမှင်မာတစ်ခုစီ၏ ကုတ်တွယ်အားကို ၁၀-ဆ” တိုးစေသည်ဟု အဆိုပါမဂ္ဂဇင်းကဆိုသည်။

သဲမုန်တိုင်းများကို တရုတ်ပြည်၏ တန်ပြန်တိုက်ခိုက်မှု

မွန်ဂိုးလီးယားအတွင်းပိုင်း သဲကန္တာရဒေသမှအစပြုသော သဲမုန်တိုင်းများသည် မကြာသေးမီနှစ်များတွင် တရုတ်ပြည်မြောက်ပိုင်းကို တိုက်ခတ်သွားရာ ဒေါ်လာသန်းနှင့်ချီ၍တန်ဖိုးရှိသော ကောက်ပဲသီးနှံများနှင့် အိမ်မွေးတိရစ္ဆာန်များ သေကျေပျက်စီးသွားကြောင်း ချိုင်းနားတူဒေးတွင် ဖော်ပြထားသည်။ ၂၀၀၀ ပြည့်နှစ်၌ သဲမုန်တိုင်းအချို့မှာ မြို့တော်ဘေဂျင်းအထိပင် ရောက်ရှိခဲ့သည်။ ၁၉၉၈ ခုနှစ်တွင်တိုက်ခတ်သော သဲမုန်တိုင်းတစ်ခုသည် လယ်ဧက ၈၂,၀၀၀ ကျော်ကိုဖျက်ဆီးကာ အိမ်မွေးတိရစ္ဆာန် ၁၁၀,၀၀၀ ကိုသေစေခဲ့သည်။ အဓိကအကြောင်းရင်းအဖြစ် မြေကြီးကိုလူတို့ ညံ့ဖျင်းစွာစီမံခန့်ခွဲခြင်းဟု ကင်ပွန်းတပ်ခဲ့ကြသည်။ ဧရာမဒေသကြီးများမှာ သစ်ပင်မြက်ပင်များကင်းမဲ့ကာ သဲကန္တာရအဖြစ် ပြောင်းလဲသွားသည်။ သာဓကအနေနှင့် ၁၉၈၄ ခုနှစ်တွင် တရုတ်နိုင်ငံအလယ်ပိုင်း အနောက်မြောက်ဘက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နင်းရှာဟွေဒေသသားတို့သည် တရုတ်တိုင်းရင်းဆေးအဖြစ်အသုံးပြုရန် နွယ်ချိုမြစ်ကို တူးယူစပြုခဲ့သည်။ “၁၀ နှစ်မပြည့်မီ မြက်ခင်းပြင် ၁,၅၀၀,၀၀၀ ဧကပျက်စီးခဲ့ပြီး ယာမြေ ၃၂,၉၄၀ ဧကမှာ ကန္တာရဒေသများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်” ဟုချိုင်းနားတူဒေးကဆို၏။ အခြားသဲကန္တာရဒေသများ ဖြစ်ပေါ်လာခြင်းမှာ တိရစ္ဆာန်များကို စားကျက်မြေများတွင် လက်လွတ်စပယ်မြက်စားစေခြင်းနှင့် ရေထွက်သယံဇာတပစ္စည်းများ သုံးစွဲလွန်ခြင်းကြောင့်ဖြစ်သည်။ ထိုပြဿနာကိုတားဆီးရန်နှင့် သဲကန္တာရဒေသများကျယ်လာခြင်းကို ထိန်းချုပ်ရန် သစ်ပင်နှင့် မြက်ပင်များပြန်စိုက်ပျိုးဖို့ အကြီးအကျယ်ကြိုးပမ်းနေကြပြီ။

ပုံမှားရိုက်သောသူခိုး

မြီရှင်များကို လိမ်လည်ရန် သင့်အားပုံမှားရိုက်သော ရာဇဝတ်သားများကို သတိထားပါဟု မက္ကစီကိုစီးတီးမှ အဲလ်အီကိုနော့မစ္စတာ သတင်းစာကဖော်ပြသည်။ ကိုယ်ရေးအချက်အလက်များကို သင့် မေးလ် သို့မဟုတ် ပိုက်ဆံအိတ်မှတစ်ဆင့် ခိုးယူရရှိပြီးနောက် ရာဇဝတ်သားများသည် သင့်နာမည်ဖြင့် အကြွေးဝယ်ကတ်ပြားများ လျှောက်ထားကာ ယင်းတို့ကို သူတို့၏လိပ်စာသို့ပို့ပေးစေသည်။ ထို့နောက် သူတို့သည် သင့်ပုံဖမ်း၍ ပစ္စည်းများဝယ်ခြမ်းခြင်းနှင့် တယ်လီဖုန်း သို့မဟုတ် အင်တာနက်မှတစ်ဆင့် အသုံးအဆောင်ငှားရမ်းခြင်းကို ပြုကြသည်။ ဤရာဇဝတ်မှု၏သားကောင်ဖြစ်သူတို့သည် နှစ်ချီ၍၊ ဆယ်စုနှစ်ချီ၍ အခြေအနေအမှန်မရောက်မီ အသုံးချခံရ၏ဟု ထိုသတင်းစာကဆိုသည်။ ပုံမှားရိုက်သောသူခိုးရန်မှ သင့်ကိုယ်ကို မည်သို့ကာကွယ်နိုင်သနည်း။ အဲလ်အီကိုနော့မစ္စတာက ဤသို့အကြံပြုသည်– အသုံးမလိုဘဲ အရေးကြီးစာရွက်စာတမ်းများကို သင်နှင့်တစ်ပါတည်း ယူဆောင်မသွားပါလေနှင့်၊ အကြွေးဝယ်ကတ်ဖြင့် ငွေပေးငွေယူမှန်သမျှကို မှတ်တမ်းတစ်ခုထားပြီး ၎င်းတို့ဖြင့် ကျသင့်သောငွေဖြတ်ပိုင်းများစစ်ဆေးဖို့ အသုံးပြုပါ၊ အကြွေးဝယ်ကတ်ပြားသုံးပြေစာများကို လွှင့်မပစ်မီ ဆုတ်ဖြဲပစ်ပါ၊ ကိုယ်ရေးအချက်အလက်များကို အီးမေးလ်မှတစ်ဆင့် မပို့ပါနှင့်၊ ထို့ပြင် သင့်အကြွေးဝယ်ကတ်ပြားအားလုံး၏နံပါတ်များ၊ ကုန်ဆုံးသည့်ရက်စွဲများ၊ ကတ်များပျောက်ဆုံးသွား သို့မဟုတ် အခိုးခံရပါကတိုင်ကြားရန် အဆိုပါကတ်ထုတ်ပေးသူ၏ဖုန်းနံပါတ်များ စသည်တို့အားလုံးကို စာရင်းပြုစုပါ။

ဗက်တီးရီးယားစစ်ပွဲ ကျိုးကြောင်းမညီ

“အမေရိကန်စားသုံးသူတို့သည် အိမ်တွင်း၌ ပိုးမွှားငယ်များနှင့် မတော်မရော်စစ်ဆင်နွှဲနေကြ၏” တူဒေး ယူ.အက်စ်.အေက အစီရင်ခံသည်။ အဆိုပါသတင်းစာအရ တတ်ဖ်တက္ကသိုလ်မှ ဆရာဝန်နှင့် အဏုဇီဝဗေဒပညာရှင်ဖြစ်သူ စတူအာ့ လူဝီက “ပိုးသတ်ဆေးပါသောထုတ်ကုန်များကို လှိုင်လှိုင်သုံးခြင်းက . . . ပိုးသတ်ဆပ်ပြာများကိုသာမက ပိုးသတ်ဆေးများကိုပါ ဆေးပြီးသွားသော ဗက်တီးရီးယားများ ပေါ်ပေါက်လာစေမည့် အန္တရာယ်ရှိသည်” ဟု ပြောဆိုခဲ့သည်။ နေအိမ်ဝန်းကျင်ကို ပိုးမွှားကင်းစေရန် ပိုးသတ်ဆေးပါသောထုတ်ကုန်များကို သုံးခြင်းသည် “ယင်တစ်ကောင်ကို လက်ရိုက်တုတ်ဖြင့် ရိုက်” သည့်နှယ်ဖြစ်ချေသည်ဟု လူဝီကဆိုသည်။ အခြားတစ်ဖက်တွင် ချွတ်ဆေး၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ပါပစ္စည်းနှင့် ရေနွေးအပြင် ဆပ်ပြာစသည့် အိမ်တွင်းသုံးသန့်ရှင်းရေးပစ္စည်းများသည် အညစ်အကြေးကို ဖယ်ရှားပေးပြီး ဗက်တီးရီးယားများအား အဆိုပါထုတ်ကုန်များကို ပြီးသွားသည့် အခြားဗက်တီးရီးယားမျိုးသို့ ပြောင်းလဲမသွားစေပါ။ “ဗက်တီးရီးယားများသည် ကျွန်ုပ်တို့၏မဟာမိတ်ဖြစ်ရာ ငြိမ်းချမ်းရေးရယူရန်လိုအပ်၏” ဟု လူဝီကပြောသည်။

ဗြိတိသျှလူမျိုးသည် တီဗွီကြည့်သူတို့တွင် ထိပ်ဆုံးဖြစ်

လန်ဒန်သတင်းစာ သည်အင်ဒီပဲန်ဒဲန့်ထ်က “ဗြိတိသျှလူမျိုး လေးတစ်ပုံတစ်ပုံခန့်၏ ရုပ်မြင်သံကြားကြည့်ချိန်မှာ ပတ်စဉ်ပျမ်းမျှ အလုပ်လုပ်ချိန်တမျှရှိ၏” ဟုဆိုသည်။ သုတေသီများ၏အဆိုအရ သာမန်ဗြိတိသျှလူမျိုးတစ်ဦး၏ ရုပ်မြင်သံကြားကြည့်ရှုချိန်မှာ တစ်ပတ်လျှင် ၂၅ နာရီဖြစ်ပြီး ၂၁ ရာခိုင်နှုန်းသည် ၃၆ နာရီကျော်ကြာ ကြည့်ရှုတတ်၏။ “အလွန်အကျွံအချိန်ပေးကြည့်ရှုခဲ့သူများမှာ လူငယ်များသာမက အမျိုးသား၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများ၌ ထိုသို့ပင်ဖြစ်ကြောင်း တွေ့ရှိရသည်” ဟု အဆိုပါသတင်းစာကဆိုသည်။ တစ်ပတ်လျှင် နာရီ ၃၀ ရုပ်မြင်သံကြားကြည့်သော မိသားစုတစ်စုက ရုပ်မြင်သံကြားသည် “မရှိမဖြစ်သည့် ဘဝဖိစီးမှု၏ထွက်ပေါက်” ဟုဆို၏။ သို့သော် ထိုသို့အလွန်အကျွံကြည့်ရှုခြင်းအလေ့အထကြောင့် ပေးဆပ်ရသည်များရှိလာသည်။ ၂၀ ရာစုနှစ်၏လေ့လာမှုတစ်ရပ်အရ ဗြိတိန်နိုင်ငံသည် “တီဗွီကြည့်သူစာရင်းတွင် အပြတ်အသတ် ထိပ်ဆုံးမှဖြစ်၏” ဟုလန်ဒန်ဂါးဒီးယန်းဝိခ်လီက အစီရင်ခံသည်။ ထို့ပြင် “ဗြိတိန်သည် စာတတ်မြောက်မှုနှုန်းမှာ အဆင့်သုံးဆင့်တွင် အနိမ့်ဆုံးအဆင့်ဘက်၌ရှိနေသည်။”

ငယ်ရွယ်သူများအတွက် ဖိုမပညာရေး

ထိုင်းနိုင်ငံ၊ ဗန်ကောက်တွင် သူငယ်တန်း၌ လမ်းလျှောက်တတ်စကလေးများအတွက် ဖိုမပညာရေးအစီအစဉ်ရှိမည်ဟု ဗန်ကောက်ပို့စ်ကအစီရင်ခံသည်။ မိသားစုစီမံကိန်းနှင့် လူဦးရေးထိန်းချုပ်ရေးအဖွဲ့မှ ဒေါက်တာ စွဝါနာ ဝေါခတ်မန်းက “သိပ္ပံနည်းကျ ဖိုမသဘာဝအကြောင်း သွန်သင်ပို့ချရန် ဆရာ/မများနှင့် ကျန်းမာရေးလုပ်သားများကို အထူးလေ့ကျင့်ပေးမည်” ဟု ပြောခဲ့ကြောင်း အဆိုပါအစီရင်ခံစာကဆိုသည်။ ထပ်ဆင့်၍ သူက “သူငယ်တန်းအဆင့်မှစ၍ ဖိုမပညာရေး စသင်ပေးခြင်းသည် ငယ်ရွယ်စဉ်ကတည်းက ကလေးငယ်များအကြား လိင်ဆိုင်ရာအပြုအမူကို ပြုကျင့်ဖို့အားပေးခြင်းမဟုတ်ပါ။ . . . ငယ်ရွယ်စဉ်ကတည်းက အဆိုပါအသိပညာပေးထားခြင်းက သူတို့အား မနှစ်သက်ဖွယ်အပြုအမူနှင့် ဆယ်ကျော်သက်အရွယ်သို့ရောက်သောအခါ မလိုချင်ဘဲကိုယ်ဝန်ရလာခြင်းအန္တရာယ်ကို ရှောင်ကွင်းနိုင်စေလိမ့်မည်” ဟုပြောဆိုကြောင်း ထိုသတင်းစာက အစီရင်ခံသည်။