မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်ချိန်းတွေ့ရန် ငယ်လွန်းသည်ဟု မိဘများ ထင်ကြပါက အသို့နည်း

ကျွန်ုပ်ချိန်းတွေ့ရန် ငယ်လွန်းသည်ဟု မိဘများ ထင်ကြပါက အသို့နည်း

လူငယ်များအမေး . . .

ကျွန်ုပ်ချိန်းတွေ့ရန် ငယ်လွန်းသည်ဟု မိဘများ ထင်ကြပါက အသို့နည်း

“အမေကလည်း ခေတ်နောက်ကျလိုက်တာ။ ဟိုအရင် ၅၀ ပြည့်လွန်နှစ်တုန်းကလို မဟုတ်တော့ဘူး။ လူတိုင်း ချိန်းတွေ့နေကြတာပဲ! သမီးဟာ ချာတိတ်ကလေး မဟုတ်တော့ဘူး။” —⁠အသက် ၁၆ နှစ်အရွယ် ဂျဲနီ။ *

သင်သည် ချိန်းတွေ့ရန်အဆင်သင့်မဖြစ်သေးဟု အပြောခံရပါက ယင်းသည် မကျေနပ်စရာဖြစ်နိုင်ပါသည်။ “ကျမ်းစာထဲမှာပြောတဲ့အတိုင်း ကျွန်တော့်အဖေနဲ့အမေကို ဂုဏ်တင်ချင်ပါတယ်၊ ဒါပေမဲ့ သူတို့မှန်တယ်လို့ ကျွန်တော်မထင်ဘူး။ ဒီကိစ္စကို သူတို့နဲ့ဘယ်လိုဆွေးနွေးရမှန်းတောင် ကျွန်တော်မသိဘူး” ဟုလူငယ်တစ်ဦးကဆိုသည်။ ဤလူငယ်ပြောသကဲ့သို့ပင် သင့်မိဘများသည် အကျိုးသင့်အကြောင်းသင့်မရှိ၊ ကိုယ်ချင်းမစာတတ်ကြဟု သင်ခံစားရပေမည်။ သင်အမှန်တကယ် ကြိုက်နှစ်သက်သူတစ်ဦးကို တွေ့ဆုံကောင်းတွေ့ဆုံခဲ့မည်ဖြစ်ပြီး သူ့ကို ပို၍သိကျွမ်းလိုပေမည်။ သို့မဟုတ် ချိန်းတွေ့ခြင်းဖြင့် သင့်ရွယ်တူချင်းများနှင့် ပိုအဆင်ပြေစေမည်ဟု သင်ယူဆကောင်းယူဆပေမည်။ “ချိန်းမတွေ့ဘူးဆိုရင် ကျောင်းကလူငယ်တွေက လူထူးလူဆန်းလို့ ထင်ကြမယ်။ အဲဒါကမှ တကယ်ခံရခက်တာ” ဟုမစ်ရှဲလ်ကဆိုသည်။

မိသားစုရေးရာအကြံပေးအရာရှိတစ်ဦးက ချိန်းတွေ့ ခြင်းနှင့်ပတ်သက်၍ ဤသို့ဆိုသည်– “မိဘများ ပို၍အကျိုးသင့်အကြောင်းသင့်ရှိကြပုံမပေါ်ချေ။” သို့သော် သင့်မိဘများ အကျိုးသင့်အကြောင်းသင့်ရှိပုံမပေါ်ကြသောကြောင့် သူတို့အမှန်တကယ် အကျိုးသင့်အကြောင်းသင့်မရှိဟု ဆိုလိုပါသလော။ အမှန်ဆိုရလျှင် ဘုရားသခင်သည် သင့်ကို သွန်သင်ပေးရန်၊ လေ့ကျင့်ပေးရန်၊ ကာကွယ်ပေးရန်နှင့် လမ်းညွှန်ပေးရန် သင့်မိဘများအား တာဝန်ယူစေသည်။ (တရားဟောရာ ၆:၆၊ ၇) မိဘများသည် သင့်ကောင်းကျိုးအတွက် စိုးရိမ်ပူပန်ထိုက်သည်ဟု ဆိုနိုင်ပါမည်လော။ “တကယ့်ကိုထိတ်လန့်စရာကောင်းတဲ့ အန္တရာယ်ကို ကျွန်မရေးရေးလေးမြင်နေရတယ်” ဟုမိဘတစ်ဦးကဆိုသည်။ အချိန်မတန်ချိန်းတွေ့ ခြင်းသည် မိဘများစွာတို့အား အဘယ်ကြောင့် ထိတ်လန့်စေသနည်း။

အန္တရာယ်ရှိသောခံစားချက်များ

“ကျွန်မမိဘတွေက တစ်ယောက်ယောက်ကို ကြိုက်နေတာဟာ တစ်ခုခုတော့မှားနေပြီလို့ ယူမှတ်ကြပုံရတယ်” ဟုအသက် ၁၄ နှစ်အရွယ် ဘာ့သ်ကမကျေမနပ်ပြောဆိုသည်။ သို့ရာတွင် သင့်မိဘများသည် ခရစ်ယာန်များဖြစ်ကြမည်ဆိုလျှင် လိင်ကို တစ်ဦးနှင့်တစ်ဦးဆွဲဆောင်ရန် ဘုရားသခင်ပုံစံပြုထားကြောင်း သူတို့ကောင်းစွာသိကြသည်။ (ကမ္ဘာဦး ၂:၁၈-၂၃) ဤဆွဲဆောင်မှုသည် သဘာဝဖြစ်ကြောင်း၊ “ကမ္ဘာမြေကြီးကိုပြည့်စေ” ရန် လူသားထုအတွက် ဖန်ဆင်းရှင်၏ရည်ရွယ်တော်မူချက်နှင့်အညီ ယင်းကလုပ်ဆောင်ကြောင်း သူတို့သိကြသည်။—⁠ကမ္ဘာဦး ၁:⁠၂၈

ထို့အပြင်၊ သင်သည် “လူငယ်ဘဝ၏အပွင့်လန်းဆုံး” အချိန်တွင်ရှိနေသည့်အခါ လိင်ဆန္ဒများ ပြင်းထန်နိုင်ကြောင်းကို သင့်မိဘများသဘောပေါက်ကြသည်။ (၁ ကောရိန္သု ၇:၃၆ကဘ) ထိုဆန္ဒများအား မည်သို့ထိန်းချုပ်ရမည်နှင့်ပတ်သက်၍ သင်၌အတွေ့အကြုံလုံးဝမရှိသေးကြောင်းလည်း သူတို့သိကြသည်။ သင်သည် ဆန့်ကျင်ဘက်လိင်ရှင်တစ်ဦးနှင့်အတူ လူချင်းဖြစ်စေ၊ ဖုန်း သို့မဟုတ် စာရေးသားခြင်း၊ အီးမေးလ်ဖြင့်ပင်ဖြစ်စေ အချိန်များများအကုန်ခံမည်ဆိုလျှင် ဆွဲဆောင်မှုသည် ကြီးထွားလာပေလိမ့်မည်။ ‘အဲဒါနဲ့ပတ်သက်လို့ ဘာအန္တရာယ်ရှိလို့လဲ’ ဟုသင်မေးပေမည်။ ထိုလိုအင်ဆန္ဒများအတွက်သင်၌ အဘယ်ထွက်ပေါက်ရှိသနည်း။ ထိုခံစားချက်များကိုလက်စသတ်ဖို့—⁠အိမ်ထောင်ပြုဖို့—⁠အထိ သင်အမှန်တကယ် ပြင်ဆင်ထားပြီလော။ ပြင်ဆင်ထားမည်မဟုတ်ချေ။

သို့ဖြစ်၍ အချိန်မတန်ချိန်းတွေ့ခြင်းသည် စိုးရိမ်ဖွယ်အန္တရာယ်များကို ဖြစ်ပေါ်စေ၏။ သမ္မာကျမ်းစာက ဤသို့သတိပေးသည်– “လူသည်အဝတ်မလောင်ဘဲ မီးကိုပိုက်ဖက်နိုင်သလော။” (သု. ၆:၂၇) အချိန်မတန်ချိန်းတွေ့ခြင်းသည် လက်မထပ်မီ သံဝါသပြုခြင်း၊ လူငယ်များအား လိင်ဆိုင်ရာကူးစက်ရောဂါနှင့် လက်မထပ်ဘဲကိုယ်ဝန်ဆောင်ခြင်းတို့ကို ဖြစ်စေသည်။ (၁ သက်သာလောနိတ် ၄:၄-၆) ဥပမာအနေနှင့်၊ မိဘများက တမ်မီလေးအား ချိန်းတွေ့ခွင့်မပေးသောအခါ သူတို့မတရားဘူးဟု သူထင်ခဲ့သည်။ ထို့ကြောင့် သူသည် လူတစ်ဦးနှင့် ကျောင်းတွင် တိတ်တဆိတ် စတင်ချိန်းတွေ့ခဲ့ကြသည်။ မကြာမီ တမ်မီသည် ကိုယ်ဝန်ရလာကာ သူ၏ဘဝပါ ပြောင်းလဲသွားခဲ့၏။ ယခု သူဤသို့ဝန်ခံ၏– “ချိန်းတွေ့ခြင်းဟာ ပြောသလောက် စိတ်ဝင်စားစရာမကောင်းပါဘူး။”

သို့သော် ငယ်ရွယ်သည့်စုံတွဲတစ်တွဲသည် မတော်လျော်သော ဆက်သွယ်မှုကို ဂရုတစိုက်ရှောင်ကြဉ်မည်ဆိုလျှင် အသို့နည်း။ သို့ဖြစ်လျက်ပင် မေတ္တာနှင့်ပတ်သက်သည့် ခံစားချက်များ အချိန်မတန် နိုးထမည့်အန္တရာယ်ရှိနေဆဲပင်။ (ရှောလမုန်သီချင်း ၂:⁠၇) အနာဂတ်နှစ်များတွင်သာ တရားဝင်ပြည့်စုံစေနိုင်မည့် ထိုလိုအင်ဆန္ဒများကို လှုံ့ဆော်ပေးခြင်းသည် စိတ်ပျက်အားလျော့မှုနှင့် စိတ်ဆင်းရဲမှုတို့ကိုဖြစ်စေနိုင်သည်။

စဉ်းစားသုံးသပ်ရမည့် အချက်အချို့မှာ ဤသို့ဖြစ်သည်– သင်သည် အိမ်ထောင်ဖက်တစ်ဦးရှာသင့်ကြောင်း သိနိုင်လောက်သည့် ဘဝအတွေ့အကြုံ အမှန်ပင်ရှိသလော။ (သု. ၁:၄) အခြားတစ်ဖက်တွင် အမှန်တကယ် ချစ်မြတ်နိုးလေးစားခံရမည့် ခင်ပွန်း သို့မဟုတ် ဇနီးတစ်ဦးဖြစ်ရန် လိုအပ်သောအရည်အချင်းများနှင့် စွမ်းရည်များကို သင်ပိုင်ဆိုင်ထားပြီလော။ ရေရှည်ဆက်ဆံရေးကိုထိန်းသိမ်းရန် လိုအပ်သောစိတ်ရှည်မှုနှင့် စိတ်ပိုင်းဖြတ်မှုအမှန်ရှိသလော။ ဆယ်ကျော်သက်အရွယ် စိတ်ကူးယဉ်ဆန်သော အချစ်ရေးအများစုသည် ဝမ်းနည်းစရာကောင်းလောက်အောင် ကြာကြာမခံခြင်းမှာ အံ့ဩစရာမဟုတ်ချေ။ အနည်းငယ်သောအိမ်ထောင်များသာ တည်မြဲကြသည်။

ထို့ကြောင့် အသက်ဆယ့်ရှစ်နှစ်အရွယ် မော်နီကာက ဤသို့ကောင်းစွာအကျဉ်းချုပ်လိုက်သည်– “ကျောင်းက ကျွန်မသူငယ်ချင်းတွေအားလုံး သူတို့ရဲ့ရည်းစားတွေအကြောင်း ကျွန်မကိုပြောပြကြတယ်။ ဒါပေမဲ့ အိမ်ထောင်ပြုဖို့အထိ သူတို့အဆင်သင့်မဖြစ်ကြသေးတဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျရင်ကျ ဒါမှမဟုတ် ဇာတ်သိမ်းမလှဖြစ်သွားကြတယ်။” ဘရန်ဒွန်အမည်ရှိသော လူငယ်တစ်ဦးကလည်း ဤသို့ဆိုသည်– “ချိန်းတွေ့နေကြတဲ့အတွက် တစ်ယောက်ယောက်ကို ကတိကဝတ်ပြုလောက်အောင် အဆင်သင့်မဖြစ်သေးဘူးဆိုတာသိသိကြီးနဲ့ အဆင်သင့်ဖြစ်ပြီလို့ခံစားရတဲ့အခါ တကယ့်ကိုစိတ်ပျက်စရာပါပဲ။ တစ်ဖက်သားကို စိတ်မထိခိုက်စေဘဲနဲ့ ဘယ်လိုတပ်ခေါက်ရမလဲ။”

သင့်မိဘများသည် အိမ်ထောင်ရေးကတိကဝတ်ပြုရမည့် အရွယ်မရောက်သေးမီ မချိန်းတွေ့ရန် အခိုင်အမာပြောဆိုခြင်းဖြင့် သင့်အား ထိုနာကျင်မှုနှင့် စိတ်ပျက်မှုတို့မဖြစ်စေရန် ကြိုးစားကြမည်မှာ သံသယမရှိပေ။ ဧကန်စင်စစ် သူတို့သည် “စိတ်ညှိုးငယ်ခြင်းအကြောင်းနှင့် ကိုယ်ဆင်းရဲခြင်းအကြောင်းကို ပယ်ရှားလော့” ဟူသည့် ဒေ. ၁၁:၁၀ ၌ မှုတ်သွင်းထားသော အကြံပေးချက်နှင့်အညီ ပြုမူကြခြင်းသာဖြစ်သည်။

‘ကျယ်ပြန့်စေခြင်း’

ဆန့်ကျင်ဘက်လိင်ရှင်နှင့်ပေါင်းသင်းခြင်းမှ သင်ပျော်ရွှင်မှုမရနိုင်ဟု ဆိုလိုခြင်းမဟုတ်ပါ။ သို့သော် သင့်ပေါင်းသင်းဆက်ဆံရေးကို တစ်ဦးတစ်ယောက်အတွက် အဘယ်ကြောင့်ကျဉ်းမြောင်းစေရသနည်း။ ကျွန်ုပ်တို့၏ပေါင်းသင်းဆက်ဆံရေးကို ‘ကျယ်ပြန့်’ စေရန်သမ္မာကျမ်းစာက အားပေးထားသည်။ (၂ ကောရိန္သု ၆:၁၂၊ ၁၃) ယင်းသည် လူငယ်များအတွက် ကောင်းသောအကြံပေးချက်ဖြစ်၏။ ထိုသို့ပြုလုပ်ရန်နည်းတစ်နည်းမှာ ကျားမ,ပါသည့် အုပ်စုများနှင့်ပေါင်းသင်းခြင်းဖြစ်သည်။ “အဲဒါက ပိုလို့တောင်ပျော်စရာကောင်းတယ်လို့ ကျွန်မထင်တယ်၊ သူငယ်ချင်းများများရတော့ ပိုကောင်းတာပေါ့” ဟုတမ်မီကဆိုသည်။ “အုပ်စုလိုက်ပေါင်းသင်းမှုအယူအဆဟာ တကယ့်ကိုကောင်းပါတယ်။ ဥပဓိရုပ်အမျိုးမျိုးတွေ့ရတော့ တစ်ခါမှမတွေ့ဖူးသေးတဲ့လူတွေ အများကြီးရှိသေးတယ်ဆိုတာ သဘောပေါက်လာတယ်” ဟု မော်နီကာကဆိုသည်။

သင်၏မိဘများသည် အခြားလူငယ်များနှင့် အကျိုးဖြစ်ထွန်းစေသော ပေါင်းသင်းမှုများအတွက် စီစဉ်ပေးရန်ပင် တလိုတလားရှိကြပေမည်။ ကလေးနှစ်ယောက်မိခင် အန်းက ဤသို့ရှင်းပြသည်– “ကျွန်မတို့ရဲ့အိမ်ကို ကလေးတွေအလိုရှိကြတဲ့ ပျော်ရွှင်စရာရိပ်မြုံ အမြဲဖြစ်စေတယ်။ သူတို့ရဲ့သူငယ်ချင်းတွေကို ဖိတ်ခေါ်ပြီး သရေစာတွေကျွေးတယ်၊ ပျော်ပျော်ပါးပါးကစားခွင့်ပေးတယ်။ ဒီနည်းလမ်းကြောင့် ပျော်ဖို့ပါးဖို့ အိမ်ပြင်ထွက်ရမယ်ဆိုတဲ့ခံစားချက်မျိုး သူတို့မခံစားကြဘူး။”

မှန်ပါသည်၊ အုပ်စုအတွင်း၌ပင် လူတစ်ဦးအား စိတ်ဝင်စားမှုပြလွန်းခြင်းနှင့်ပတ်သက်၍ သတိထားဖို့လိုနေဆဲပင်။ လူငယ်တချို့သည် အခြားသူတို့နှင့် အတူတကွရှိနေသမျှကာလပတ်လုံး သူတို့အမှန်ချိန်းတွေ့ကြသည်မဟုတ်ဟု ဆင်ခြေပေးကြသည်။ ထိုသို့ ကိုယ့်ကိုယ်ကိုမလှည့်စားပါနှင့်။ (ဆာလံ ၃၆:⁠၂) သင့်သူငယ်ချင်းများနှင့်အတူ တွေ့ဆုံကြသည့်အချိန်တိုင်း တစ်ယောက်တည်းနှင့်တွဲနေမည်ဆိုလျှင် ချိန်းတွေ့ရာကျသည်။ * ဆန့်ကျင်ဘက်လိင်ရှင်နှင့် မိတ်ဖွဲ့ပေါင်းသင်းရာတွင် ကောင်းကောင်းချင့်ချိန်ပါ။—⁠၁ တိမောသေ ၅:⁠၂

စောင့်ဆိုင်းခြင်း၏တန်ဖိုး

သင်သည် စတင်ချိန်းတွေ့ဖို့ ငယ်လွန်းသည်ဟုပြောရန် မလွယ်ကူလှပေ။ သို့သော် သင့်မိဘများသည် သင့်အားစိတ်ထိခိုက်စေခြင်းမဟုတ်ချေ။ ယင်းနှင့်ဆန့်ကျင်လျက် သင့်ကို ကူညီပေးဖို့နှင့်ကာကွယ်ပေးဖို့ သူတို့တတ်နိုင်သ၍ လုပ်ဆောင်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် သင့်စိတ်နှလုံးကိုကိုးစားပြီး သူတို့၏အကြံပေးချက်ကို ငြင်းပယ်မည့်အစား သူတို့၏အတွေ့အကြုံမှ အကျိုးရယူပါလေ။ ဥပမာ၊ ဆန့်ကျင်ဘက်လိင်ရှင်နှင့်ပတ်သက်သော ပြဿနာကြုံလာသည့်အခါ နောက်နောင် သူတို့၏အကြံဉာဏ်ကိုရယူပါလေ။ နယပုံပြင် ၂၈:၂၆ တွင် ကျွန်ုပ်တို့အား ဤသို့သတိပေးထားသည်– “မိမိစိတ်နှလုံးကိုကိုးစားသောသူသည် လူမိုက်ဖြစ်၏။” မိန်းမငယ်လေးဖြစ်သော ကော်နီက ဤသို့ဆိုသည်– “ကောင်လေးတစ်ယောက် ကျွန်မကိုသဘောကျတုန်းက ချိန်းတွေ့ဖို့ဖိအားကို တွန်းလှန်နိုင်ခဲ့တာက မေမေနဲ့ အဲဒီအကြောင်းပြောဆိုကြလို့ပဲ။ တစ်ချိန်တုန်းက မေမေ့သူငယ်ချင်းတွေနဲ့ မိသားစုမှာဖြစ်ပျက်ခဲ့တဲ့ အတွေ့အကြုံတွေကို သူပြောပြတယ်။ အဲဒါဟာ တကယ်ပဲအထောက်အကူဖြစ်စေတယ်။”

မချိန်းတွေ့မီ ခေတ္တစောင့်ဆိုင်းခြင်းသည် သင်၏စိတ်လှုပ်ရှားမှုဆိုင်ရာဖွံ့ဖြိုးမှုကို ဟန့်တားမည် သို့မဟုတ် သင်၏လွတ်လပ်မှုကို ပိတ်ပင်မည်မဟုတ်ချေ။ အကြောင်းမှာ ပိုးပန်းမှုနှင့် အိမ်ထောင်ရေးတာဝန်များကို မယူသေးသောကြောင့် ‘သင်၏လူငယ်ဘဝတွင် ပျော်မွေ့’ ရန် လွတ်လပ်မှုရှိနေသည်။ (ဒေ. ၁၁:၉ကဘ) ထို့အပြင် စောင့်ဆိုင်းခြင်းသည် သင့်ကိုယ်ရည်ကိုယ်သွေး၊ ရင့်ကျက်မှုနှင့် အရေးကြီးဆုံးအရာဖြစ်သည့် ဝိညာဉ်ရေးကို တိုးတက်စေရန် အချိန်ပေးပေလိမ့်မည်။ (ယေရမိမြည်တမ်း ၃:၂၆၊ ၂၇) ခရစ်ယာန်လုံမငယ်တစ်ဦးက “တခြားဘယ်သူ့ကိုမဆိုထက် ယေဟောဝါကို အရင်ကတိကဝတ်ပြုထားသင့်တယ်” ဟုဖော်ပြသည်။

သင်အရွယ်ရောက်လာပြီး သင်၏တိုးတက်မှုသည် လူအပေါင်းတို့ရှေ့၌ ထင်ရှားလာသောအခါ သင့်မိဘများသည် သင့်အား ခြားနားစွာ စတင်ရှုမြင်လာကြလိမ့်မည်။ (၁ တိမောသေ ၄:၁၅) ထို့အပြင် ချိန်းတွေ့ရန် အဆင်သင့်တကယ်ဖြစ်လာသောအခါ သူတို့၏အလိုကျလုပ်ဆောင်နိုင်မည်မှာ သေချာပါသည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 3 အမည်များကိုပြောင်းထားသည်။

^ အပိုဒ်၊ 17 ထပ်ဆင့်အချက်အလက်အတွက် ယေဟောဝါသက်သေများထုတ်ဝေသော လူငယ်များအမေး—⁠တာသွားသည့်အဖြေစာအုပ်၊ စာမျက်နှာ ၂၃၂-၃ ကိုရှု။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဆန့်ကျင်ဘက်လိင်ရှင် တစ်ဦးဦးကို အထူးဂရုပြု ရွေးထုတ်ခြင်းသည် . . .

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

. . များသောအားဖြင့် စိတ်ကူးယဉ်ဆန်သော ခံစားချက်များကို နှိုးဆွပေးပါလိမ့်မည်

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

လူတစ်ဦးအပေါ် သင်၏စိတ်ဝင်စားမှုများကို ကျဉ်းမြောင်းထားမည့်အစား မိတ်ဖွဲ့ ခြင်းကို ကျယ်ပြန့်စေပါ