မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တောကြီးမျက်မည်းထဲ၌ သားပေါက်လေးကို ပြုစုပျိုးထောင်ပေးခြင်း

တောကြီးမျက်မည်းထဲ၌ သားပေါက်လေးကို ပြုစုပျိုးထောင်ပေးခြင်း

တောကြီးမျက်မည်းထဲ၌ သားပေါက်လေးကို ပြုစုပျိုးထောင်ပေးခြင်း

ကင်ညာနိုင်ငံမှ နိုးလော့! စာရေးသူပေးပို့သည်

အာဖရိက၏ ကျယ်ပြော၍ မြက်ခင်းထူထပ်သောလွင်ပြင်တွင် သားပေါက်လေးတစ်ကောင် မွေးဖွားလာခဲ့သည်။ နံနက်ခင်းစောစောပိုင်းတွင် ဘုတ်ခနဲမြည်သံနှင့်အတူ မြေကြီးပေါ်သို့ပြုတ်ကျသွားသည်။ ၎င်း၏မိခင်သည် သူ၏စွတ်စိုတောက်ပြောင်နေသော မွေးကင်းစသားပေါက်လေးကို တုန်ယင်နေသောခြေထောက်လေးအပေါ် ပြန်ရပ်ရန် ဖြည်းညင်းစွာမချီလိုက်သည်။ အခြားမိခင်များနှင့်အစ်မများပါ စုပြုံရောက်ရှိလာကြပြီး အလွန်သေးငယ်သောသားပေါက်လေးကို ကြည့်ရှုကြ၊ တို့ထိကြ၊ နမ်းရှုပ်ကြသည်။ အလေးချိန်ပေါင် ၂၆၀ မျှရှိပြီး ရပ်လိုက်ပါက သုံးပေသာမြင့်သည့် ဆင်ပေါက်စလေးတစ်ကောင်သည် ဆင်အုပ်ရှိအခြားဆင်များအလယ် စိတ်ဝင်စားစရာဖြစ်၏။

မိုင်ပေါင်းထောင်နှင့်ချီ၍ဝေးသော အမေရိကတိုက်တွင် အပ်ချုပ်လက်စွပ်အရွယ်ရှိ ငှက်သိုက်ကလေးတစ်ခုသည် သစ်ပင်တစ်ပင်၏အကိုင်းတစ်ခုတွင် တွယ်ကပ်နေ၏။ ဤတွင် ပျံတတ်သောအင်းဆက်ပိုးမွှားများထက်မကြီးသော ပျားပိတုန်းငှက်မောင်နှံတစ်စုံသည် ငှက်သားငယ်နှစ်ကောင်ကို ကြည့်ရှုစောင့်ရှောက်နေ၏။ အလွန်အံ့အားသင့်ဖွယ်ကောင်းသော လှုပ်ရှားမှုနှုန်းများဖြင့်ပျံသန်းသည့် ဤရောင်စုံငှက်ကလေးများသည် ရဲစွမ်းသတ္တိရှိသောမိဘများဖြစ်ကြ၏၊ မိမိတို့၏သေးငယ်သောသားငယ်လေးများအနီး ချဉ်းကပ်လာသည့် အကောင်ကြီးသောတိရစ္ဆာန်များနှင့် လူများကိုပင် မောင်းထုတ်ဖို့ ကြိုးပမ်းကြ၏။

တိရစ္ဆာန်သားပေါက်လေးများကို ကျွန်ုပ်တို့အားလုံး ချစ်ကြ၏။ ကလေးငယ်များသည် ခွေးပေါက်စကလေးများကို အလွန်စိတ်ဝင်စားကြ၏။ ကြောင်ကလေးတစ်ကောင်၏ ကိုးရိုးကားရားနိုင်သော ဆော့ကစားပုံ၊ မိခင်ကိုဖက်တွယ်နေသော မျောက်ကလေး၏ချစ်စဖွယ်အမူအရာ သို့မဟုတ် ၎င်း၏လုံခြုံသောအသိုက်မှ ပြူးတူးပြဲတဲဖြင့် စိုက်ကြည့်နေသော ဇီးကွက်ပေါက်စလေးတစ်ကောင်ကို အဘယ်သူ သဘောမကျဘဲနေမည်နည်း။

တိရစ္ဆာန်သားပေါက်လေးများသည် လူသားငယ်လေးကဲ့သို့ ခိုကိုးရာမဲ့ အမြဲမဖြစ်ပေ။ အချို့သားပေါက်လေးများသည် သူတို့၏သေးငယ်သောခြေထောက်လေးများ မြေကြီးကိုထိပြီး မကြာမီပင် ပြေးလွှားနိုင်စွမ်းရှိ၏။ အခြားသားပေါက်လေးများမှာမူ ကိုယ့်အားကိုယ်ကိုးပြီး အသက်ရှင်ကြရသည်။ သို့ရာတွင် တိရစ္ဆာန်ငယ်လေးများနှင့် အင်းဆက်ပိုးမွှားများစွာတို့၏ အသက်ရှင်ရပ်တည်ရေးသည် မိဘတို့၏ပြုစုပေးမှု၊ ကာကွယ်မှု၊ ကျွေးမွေးမှု၊ လေ့ကျင့်ပေးမှု၊ ဂရုစိုက်မှုတို့အပေါ်မူတည်၏၊ ၎င်းတို့သည် မိဘနှင့်ကလေးစပ်ကြား သံယောဇဉ်ရှိ၍ ဖြစ်ပေါ်လာ၏။

ဖြစ်နိုင်ဖွယ်မရှိသော ထောက်ပံ့ပေးသူများ

အင်းဆက်ပိုးမွှားများ၊ ငါးများ၊ ကုန်းနေရေနေသတ္တဝါများနှင့် တွားသွားသတ္တဝါအများစုသည် သူတို့မျိုးဆက်ကို စိတ်မဝင်စားကြချေ။ သို့ရာတွင် မှတ်သားဖွယ်ကောင်းသော ခြွင်းချက်အနည်းငယ်ရှိပါသည်။ ထောက်ပံ့ပေးလိမ့်မည်ဟု လုံးဝမထင်ရသောတိရစ္ဆာန်တစ်ကောင်မှာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းသည့် နိုင်းလ်မြစ်မှမိကျောင်းဖြစ်သည်။ ဤသွေးအေးတွားသွားသတ္တဝါသည် မိဘမေတ္တာကို လက်ဖျားခါရလောက်အောင် ပြတတ်၏။ ပူနွေးသောသဲပြင်ထဲတွင် ဥများကိုဥချပြီးနောက် သူတို့၏အနာဂတ်မျိုးဆက်ကို ကာကွယ်ပေးရန် အနီးအနားတွင်နေတတ်ကြ၏။ မိကျောင်းပေါက်စလေးများ ဥမှပေါက်အံ့ဆဲဆဲအချိန်တွင် စ၍အသံပေးကြရာ မိခင်မိကျောင်းက ဥများကိုဖော်လေသည်။ ၎င်းနောက် မိခင်သည် သူ၏အားကြီးသောမေးရိုးများကိုအသုံးပြုလျက် မိကျောင်းပေါက်လေးများကို သိမ်မွေ့နူးညံ့စွာစုရုံးပြီး ၎င်းတို့မှသဲများကို ဆေးကြောပေးရန် ရေစပ်နားသို့ သယ်ဆောင်သွား၏။ ထို့အတူ ဖခင်မိကျောင်းကြီးသည်လည်း သားပေါက်လေးများကို ရေစပ်သို့သယ်သွား၍ ဆေးကြောပေးဖူးကြောင်း သိရှိရသည်။ သားပေါက်လေးများသည် ဘဲပေါက်စများကဲ့သို့ ရက်အနည်းငယ်တိုင် ရေထဲ၌ မိခင်နောက် တကောက်ကောက်လိုက်လေ့ရှိသည်။ ဤသို့ဖြင့် သူတို့လေးများသည် မိခင်၏ကြောက်မက်ဖွယ်ရာစွမ်းအားမှ အကာအကွယ်ရရှိကြသည်။

အံ့ဩစရာမှာ ငါးအချို့ကို မိဘကောင်းများဟု ယူမှတ်နိုင်ခြင်းဖြစ်သည်။ ရေချိုငါးများဖြစ်သည့် တီလားပီးယားငါးအများစုသည် ဥ,ဥပြီးနောက် ၎င်းတို့၏ပါးစပ်ထဲတွင် လုံလုံခြုံခြုံသိမ်းဆည်းထားကြသည်။ ဥမှပေါက်လာသည့်အခါ ထိုသေးငယ်သောငါးပေါက်များသည် မိဘနှစ်ပါးအနီး လွတ်လပ်စွာကူးခပ်သွားလာကြသည်။ အန္တရာယ်ပေါ်လာလျှင် ငါးမိဘသည် ၎င်း၏ပါးစပ်ထဲ ငါးပေါက်လေးများကို လှစ်ကနဲပြေးဝင်ပုန်းစေရန် ကျယ်ကျယ်ဖွင့်ပေးလိုက်သည်။ အန္တရာယ်လွန်သွားသောအခါ ငါးပေါက်လေးများ ပြန်ထွက်လာကြပြီး ထုံးစံအတိုင်းကူးခပ်သွားလာကြပြန်သည်။

ပုရွက်ဆိတ်များ၊ ပျားများနှင့် ခြများသည်လည်း ၎င်းတို့၏သားငယ်လေးများကို စောင့်ရှောက်ကာကွယ်ပေးလိုစိတ် ထူးထူးခြားခြားရှိကြသည်။ အုံလိုက်နေတတ်သော အင်းဆက်ပိုးမွှားများဟုသိထားကြသည့် ဤအင်းဆက်များသည် အုပ်စုလိုက်အုံဖွဲ့နေထိုင်ကြကာ ၎င်းတို့၏ဥများအတွက် အိမ်များဆောက်လေ့ရှိကြပြီး သားငယ်လေးများကို အစာရှာကျွေးမွေးပေးသည်။ ပျားရည်ပျားသည် ထိုသို့ပြုတတ်ကြောင်း လူသိများသည်။ သောင်းနှင့်ချီသော ဤဝီရိယရှိပျားများသည် ပျားအုံရှိသားငယ်လေးများကို ဝိုင်းဝန်းပြုစုစောင့်ရှောက်ကြသည်။ ပင်ကိုအသိဖြင့် ၎င်းတို့သည် သားအုပ်ခန်းကို တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းနှင့် သန့်ရှင်းခြင်းပြုကြသည့်အပြင်၊ ထိုအခန်း၏အပူချိန်နှင့် စိုထိုင်းဆကိုပင် ထိန်းချုပ်နိုင်သည်။

ငှက်များ သားငယ်ကို ပြုစုပျိုးထောင်ပေးခြင်း

ငှက်အများစုသည် မိဘကောင်းများဖြစ်ကြသည်၊ နေရာရွေး အသိုက်ဆောက်ပြီး သားငယ်ကိုပြုစုကျွေးမွေးဖို့အတွက် အချိန်နှင့်ခွန်အား များစွာအကုန်ခံကြသည်။ မေတ္တာကြီးမားသော အာဖရိကအောက်ချင်းငှက်ဖိုတစ်ကောင်ကို လေ့လာကြည့်ခဲ့ရာ၊ ၎င်း၏အသိုက်တည်နေရာသို့ အကြိမ်ပေါင်း ၁,၆၀၀ ထက်မကသွားပြီး သားပေါက်ချိန် ရက်ပေါင်း ၁၂၀ ကာလအတွင်း သူ၏အဖော်ထံ သစ်သီးအစအန ၂၄,၀၀၀ ပို့ပေးခဲ့ကြောင်း တွေ့ရှိရ၏!

လှည့်လည်သွားလာသည့် ပင်လယ်စင်ရော်ငှက်ကြီးမျိုးသည် ကျွေးမွေးပြုစုတတ်သော ငှက်နောက်တစ်မျိုးဖြစ်သည်။ ငှက်ဖိုသည် မိုင်ပေါင်းများစွာ အစာရှာထွက်စဉ် ၎င်း၏သစ္စာရှိအဖော်မှာ အသိုက်တွင် လည်တဆန့်ဆန့်စောင့်မျှော်နေ၏။

သဲကန္တာရများတွင်မူ ငှက်အချို့သည် ၎င်းတို့၏သားပေါက်လေးများကို ရေငတ်ပြေစေသည့်နည်းကောင်းတစ်ခုကို အသုံးပြုကြသည်။ ရေထွက်တွင်းတစ်ခုသို့ ပျံသန်းသွား၍ ၎င်းတို့၏ရင်အုံမွေးများကို ရေစိမ်ပြီးနောက် အသိုက်သို့ပြန်သွားကာ အမွေးများမှရေကို ငှက်ပေါက်စလေးများအား သောက်သုံးစေကြသည်။

ငှက်ပေါက်စများလွန်း၍ ကျွေးမွေးရသည့်ဝန် လေးလံလာသောအခါ ငှက်မျိုးစိတ်တချို့သည် “သားထိန်း” အဖြစ် အခြားငှက်များကို အသုံးပြုကြသည်။ ကူထိန်းပေးသောငှက်များမှာ များသောအားဖြင့် မိဘများ၏ အရွယ်ရောက်ပြီးသား ငှက်များဖြစ်ကြပြီး သားပေါက်လေးများကို ကျွေးမွေးစောင့်ရှောက်ပေးလိုကြ၏။

မိဘ အကာအကွယ်

ငှက်ကလေးများကို ကာကွယ်ပေးခြင်းသည် အချိန်ပြည့်လုပ်ငန်းတစ်ခုဖြစ်၏။ မိုးသည်းထန်စွာရွာသွန်းသည့်အချိန်တွင် မိမိတို့၏သားငယ်လေးများ နွေးထွေးခြောက်သွေ့နေစေရန် အေဗီရမ်ငှက်မိဘများသည် အသိုက်ကို ၎င်းတို့၏အတောင်များဖြင့် ဖုံးအုပ်ထားလေ့ရှိသည်။ ကျွဲဆက်ရက်များသည် ထူးခြားစွာအိမ်မှုထိန်းသိမ်းတတ်သည်။ မိမိတို့၏အသိုက်ကို သန်းနှင့်လှေးများမတက်ရန် ဤအကြံပိုင်သောငှက်များသည် အဆိပ်အတောက်ဖြစ်စေသောအပင်များမှ အစေးကိုစုဆောင်းယူလာကာ အသိုက်အတွင်းနှင့်ပတ်လည်တွင် ချထားကြသည်။ ယင်းက ဘေးဖြစ်စေသောပိုးမွှားများကို သေစေသည်၊ သို့မဟုတ် ဟန့်တားသည်။

ချောင်းတလိုင်းငှက်မိခင်တစ်ကောင်သည် ၎င်း၏သားပေါက်တို့ကို ကာကွယ်ပေးရာတွင် ထူးထူးခြားခြား ကြံဖန်ပြုလုပ်တတ်သည်။ ခြောက်လှန့်ခံရသည့်အခါ သားပေါက်လေးကို မိမိ၏ခြေထောက်များနှင့် ကိုယ်ခန္ဓာစပ်ကြား မြဲမြဲဆုပ်ကိုင်ထားပြီး တောင်ပံများကိုဖြန့်ကာ ၎င်း၏အဖိုးတန်ကုန်စည်လေးကို သယ်ဆောင်ယူသွားလျက် အန္တရာယ်ကင်းသောနေရာသို့ ပျံသန်းသွားလေသည်။ ရဲရင့်သောငှက်ဖိုငှက်မအချို့သည် မိမိတို့၏သားပေါက်လေးများဆီသို့ သားရဲငှက် အာရုံမရောက်စေရန် မိမိတို့၌ ဒဏ်ရာရနေသည့်အလား ဟန်ဆောင်ပြကြသည်။ ဒဏ်ရာရနေသည့်အလား မြေပေါ်တွင် တဖျပ်ဖျပ်လူးနေရင်း မိခင်ငှက်သည် သားရဲငှက်အား အသိုက်မှသွေးဆောင်သွား၍ အန္တရာယ်ကျော်လွန်သွားမှသာ သူ၏ဟန်ဆောင်မှုပြီးဆုံးသွားကာ လုံခြုံရာသို့ ပျံသန်းသွားလေသည်။ မြေပေါ်အသိုက်ဆောက်သည့်ငှက်များမူ သားရဲငှက်များကို ခြောက်လှန့်မောင်းထုတ်ရန် အသံဖြင့်လှည့်စားတတ်ကြသည်။ မြောက်အမေရိက မြေအောင်းဇီးကွက်သည် ၎င်း၏မြေတွင်းကို စစ်ဆေးရှာဖွေကြသည့်အခါ မြွေကဲ့သို့ မြည်သံပြု၏။ ဤဇီးကွက်ငယ်လေးများသည် တွင်းတစ်တွင်း၌ ခလောက်မြွေများနှင့်အတူ နေထိုင်ကြကြောင်း အစောပိုင်း အခြေချနေထိုင်သူများကဆိုသည်၊ ထိုမြွေများသည် ဇီးကွက်များကို အန္တရာယ်မပေးကြချေ!

မိခင်စိတ်ရှိ နို့တိုက်သတ္တဝါများ

သတ္တလောကတွင် နို့တိုက်သတ္တဝါများသည် သားပေါက်များကို အများဆုံးကြည့်ရှုပြုစုကြသည်။ ဆင်မိခင်များသည် နှစ်ပေါင်း ၅၀ တိုင် မိမိတို့သားငယ်များကို သံယောဇဉ်တွယ်တတ်ကြသည်။ ဆင်သားငယ်လေးသည် ၎င်း၏မိခင်ကို အတော်အတန်မှီခိုအားထား၏။ သူ၏မိခင်သည် ၎င်း၏ကြီးမားသောကိုယ်ခန္ဓာဖြင့် သားငယ်လေးကို ပူပြင်းသောနေဒဏ်မှကွယ်ကာပေးသည်၊ ညင်သာစွာ နို့တိုက်ကျွေးမွေးသည်၊ သူ၏ပါးစပ်ထဲမှ မြက်စိမ်းရွက်စိမ်းအစအနများကိုစားဖို့ သားငယ်လေးအား ၎င်း၏နှာမောင်းသေးသေးလေးဖြင့် လှမ်းဆွဲယူခွင့်ပြုသည်။ သားငယ်လေး၏ကျောပေါ် ရေပန်းထုတ်ပြီး သူ၏နှာမောင်းဖြင့်ပွတ်တိုက်ပေးကာ ပုံမှန်ဆေးကြောသန့်စင်ပေးသည်။ ဆင်ငယ်ကလေးကို မွေးမြူပြုစုခြင်းသည် မိသားစုကိစ္စဖြစ်သည်၊ ဆင်အုပ်ရှိအခြားဆင်မများသည် ဆင်သားငယ်လေးများကို အစာကျွေးခြင်း၊ သွန်သင်ပေးခြင်းနှင့် ကာကွယ်ပေးခြင်းတို့တွင် အရေးပါသောအပိုင်းကဏ္ဍမှ ပါဝင်ကြ၏။

နောက်ထပ်ကြီးမားသောနို့တိုက်သတ္တဝါတစ်မျိုးဖြစ်သော ရေမြင်းသည် ၎င်း၏သားငယ်လေးကို ရေအောက်တွင် မွေးဖွားပေမည်။ သားငယ်လေးများသည် ရေအောက်တွင် လုံးဝစုံးစုံးမြုပ်ပြီး ကောင်းစွာနို့စို့နိုင်သည်၊ တစ်ခါတစ်ခါလေရှူရန် ရေပေါ်တက်လာပြီး ရေထဲပြန်မြုပ်သွားကာ နို့ဆက်စို့တတ်သည်။ မိခင်ရေမြင်းမသည် သူ၏ပေါက်ခါစရေမြင်းလေးကို မာန်ဖီ၍ကာကွယ်ပေးတတ်သည်။

အာဖရိကဗာဗစ်မျောက်များသည်လည်း မိခင်ကောင်းများဖြစ်ကြသည်။ သားငယ်ကိုမွေးဖွားပြီးသည့်နောက် ပထမနာရီပိုင်းများအတွင်း မိခင်သည် ၎င်း၏ကလေးကို အနည်းဆုံးလက်မောင်းတစ်ဖက်ဖြင့် လည်ပင်း သို့မဟုတ် ပခုံးကိုဖက်ထားပြီး လုံခြုံစွာပွေ့ပိုက်ထားတတ်သည်။ ပထမသီတင်းပတ်တွင် မျောက်ကလေးသည် ၎င်းမိခင်၏အမွေးကို ပင်ကိုသိစိတ်ဖြင့် တွယ်ကပ်၍သာနေသည်။ မိခင်သည် ချစ်စရာကောင်းသော ပေါက်ခါစမျောက်ကလေးကို အခြားမျောက်မများအား ပိုက်ချီခွင့်ပေးပေမည်၊ ထိုအခါ ၎င်းမျောက်မတို့သည် တို့ထိပွတ်သပ်ခြင်း၊ သန်းရှာပေးခြင်း၊ မျောက်ကလေးနှင့်ကစားခြင်းတို့ကို ပြုတတ်ကြသည်။

သတ္တဝါများစွာတို့သည် “ပင်ကိုသိစိတ်ဖြင့် လုပ်တတ်ကိုင်တတ်” ကြပြီး မိမိတို့၏သားငယ်များကိုဂရုစိုက်ကြည့်ရှုရာတွင် သိသိသာသာအကင်းပါးကြသည်။ (သု. ၃၀:၂၄-၂၈) လိုအပ်ရာကို ၎င်းတို့ပိုင်းခြားသိမြင်နိုင်ခြင်း၊ သို့မဟုတ် အခြေအနေတစ်ခုကို ခန့်မှန်းနိုင်ကာ ပါးနပ်စွာတုံ့ပြန်တတ်ခြင်းသည် ဘယ်တော့မျှ မတော်တဆဖြစ်လာခြင်း မဖြစ်နိုင်ချေ။ ၎င်းသည် အရာခပ်သိမ်းကိုဖန်ဆင်းသောအရှင် ယေဟောဝါဘုရားသခင်၊ အသိဉာဏ်ရှိရင်းမြစ်တစ်ခု၏ ပညာပါဒီဇိုင်းရေးဆွဲမှုဖြစ်သည်။—⁠ဆာလံ ၁၀၄:၂၄

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဇီးကွက်ပေါက်စကလေးများ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

တီလားပီးယားငါးများသည် ဥများကို ၎င်းတို့၏ ပါးစပ်ထဲတွင် သိမ်းဆည်းထား

[Credit Line]

Courtesy LSU Agricultural Center

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

မိကျောင်း ခေါင်းရှည်များသည် ၎င်းတို့၏သားငယ်လေးများကို သယ်ဆောင်နေကြ

[Credit Line]

© Adam Britton, http://crocodilian.com

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

အောက်ချင်းငှက်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ပင်လယ်စင်ရော် ငှက်ကြီးနှင့် ငှက်ပေါက်စကလေး

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ကျွဲဆက်ရက်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ချောင်းတလိုင်းငှက်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဗာဗစ်မျောက်များ

[Credit Line]

© Joe McDonald

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

မိခင်ရေမြင်းများသည် မာန်ဖီ၍ကာကွယ်ပေးတတ်ကြ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဘာဘွန်းမိခင်များ ၎င်းတို့၏သားငယ်လေးများကို သန်းရှာပြီးပွတ်သပ်ပေးနေ

[Credit Line]

© Joe McDonald