မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပန်းတိုင်များချခြင်းဖြင့် အတားအဆီးများကို ကျော်လွှားခြင်း

ပန်းတိုင်များချခြင်းဖြင့် အတားအဆီးများကို ကျော်လွှားခြင်း

ပန်းတိုင်များချခြင်းဖြင့် အတားအဆီးများကို ကျော်လွှားခြင်း

နယူးယောက်၊ လာဂါဒီယာလေဆိပ်အနီးရှိ တိုက်ခန်းတွင် ဝီလျံ (ဘီလ်) မိုက်နာစ်နှင့် သူ့ဇနီးရို့စ်တို့ နေထိုင်ကြ၏။ ၇၅ နှစ်အရွယ် ဖော်ရွေပျူငှာသောအိမ်ရှင်မ ရို့စ်သည် သူ၏ဧည့်သည်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုသည်။ နွေးထွေးပြီး သက်သောင့်သက်သာရှိသော ဧည့်ခန်းသို့ရောက်သောအခါ ရို့စ်၏ရွှင်ပျသောစိတ်ထားပေါ်လွင်နေသည်ကို သတိမပြုမိဘဲမနေနိုင်ပေ။ တံခါးဝအနီးမှ ပန်းအိုးအလှ၊ နံရံများပေါ်တွင် ချိတ်ဆွဲထားသော ရောင်စုံဓာတ်ပုံများက ရွှင်လန်းအားရသည့်စိတ်ထားကို ပေါ်လွင်စေသည်။

ဧည့်ခန်းနှင့်ဘေးချင်းကပ် လင်းထိန်နေသောအခန်းတစ်ခန်းတွင် ၇၇ နှစ်အရွယ် ဘီလ်သည် အိပ်ရာပေါ်လဲလျောင်းနေ၏၊ သူသည် လိုသလိုပြုပြင်နိုင်သောမွေ့ရာကို ကျောမှီလျက်ရှိသည်။ ဧည့်သည်ကို မြင်သောအခါ သူ့မျက်လုံးများတောက်ပလာပြီး နှုတ်ခမ်းများ ပြုံးရွှင်လာလေတော့သည်။ သူသည် အိပ်ရာမှထလာ၍ ဖက်ယမ်းနှုတ်ဆက်လိုသော်လည်း ထိုသို့မပြုနိုင်ပေ။ ဘီလ်၏လက်ဝဲလက်မှလွဲ၍ လည်ပင်းမှစ အောက်ပိုင်းတစ်ခုလုံး သေနေသည်။

ဘီလ်သည် အသက် ၂၆ နှစ်အရွယ်ကတည်းက ကျန်းမာရေးချို့တဲ့ခဲ့သောကြောင့် ရာစုနှစ်ဝက်ကျော်အထိ ရောဂါကိုနိုင်နင်းရန် အဘယ်အရာက သူ့အား ကူညီပေးခဲ့သနည်းဟု မေးမြန်းခံခဲ့ရသည်။ ဘီလ်နှင့်ရို့စ်တို့သည် တစ်ဦးကိုတစ်ဦး ပြုံးပြခဲ့ကြသည်။ “မကျန်းမာတဲ့သူကို ကျွန်မတို့မသိပါလား!” ဟုရို့စ်ပြောပြီး သူ၏အားရပါးရရယ်မောသံမှာ တစ်ခန်းလုံးညံသွား၏။ ဘီလ်၏မျက်လုံးများသည် ပျော်ရွှင်ကြည်နူးစွာ ဝင်းလက်လာသည်; သူသည်လည်း ပြုံးရယ်ကာ ခေါင်းညိတ်ပြ၏။ သူက “ဒီအိမ်မှာ မကျန်းမာတဲ့သူ မရှိဘူး” ဟုလည်ချောင်းသံဖြင့် ထစ်ထစ်ငေါ့ငေါ့ပြောသည်။ ရို့စ်နှင့်ဘီလ်သည် နောက်ပြောင်နေကြရာ မကြာမီပင် ရယ်မောသံများ တစ်ခန်းလုံး ဆူညံသွားသည်။ ၁၉၄၅၊ စက်တင်ဘာတွင် ဘီလ်နှင့်ရို့စ်တို့တွေ့ဆုံခဲ့သောအချိန်က တစ်ဦးအပေါ်တစ်ဦး ထားခဲ့သောမေတ္တာသည် အလွန်ရှင်သန်လျက်ရှိကြောင်း ထင်ရှားပါသည်။ ဘီလ်ကို ဤသို့မေးပြန်သည်– “တကယ်သိချင်လို့ပါ၊ ဘာအခက်အခဲတွေ ကြုံခဲ့ရသလဲ။ ကိုယ့်အခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ပြုံးရွှင်နေနိုင်ရအောင် ဘာကကူညီပေးခဲ့သလဲ။” အကြိမ်ကြိမ်တိုက်တွန်းမှသာ ဘီလ်သည် သူ၏ဘဝအတ္ထုပ္ပတ္တိကို ပြောပြလေသည်။ အောက်ပါဖော်ပြချက်များမှာ ဘီလ်၊ သူ၏ဇနီးတို့နှင့် နိုးလော့! အကြိမ်ကြိမ်စကားပြောခဲ့ရာမှ ကြားသိရသော ကောက်နုတ်ချက်များဖြစ်၏။

အတားအဆီးများစတင်

၁၉၄၉၊ အောက်တိုဘာလ—⁠ရို့စ်နှင့်လက်ထပ်ပြီး သုံးနှစ်အကြာ၊ သမီးလေး ဗီကစ်မွေးပြီး သုံးလ—⁠တွင် ဘီလ်၏အသံကြိုးတစ်ချောင်း၌ ကင်ဆာဖြစ်နေကြောင်း သိရှိရပြီး ထိုအသားပိုကို ဖြတ်ပစ်ခဲ့သည်။ လအနည်းငယ်အကြာတွင် ဘီလ်၏ဆရာဝန်က သူ၏အသံအိုးတစ်ခုလုံးတွင် ကင်ဆာဖြစ်နေကြောင်းပြောပြပြန်သည်။ “အသံအိုးတစ်ခုလုံးကို မဖြတ်ထုတ်ဘူးဆိုရင် နှစ်နှစ်ပဲ အသက်ရှင်ရမယ်လို့ ပြောတယ်။”

ဤခွဲစိတ်ကုသမှုကြောင့် ဖြစ်ပေါ်လာမည့်အကျိုးဆက်တို့ကို ဘီလ်နှင့်ရို့စ်အား ပြောပြခဲ့သည်။ အသံအိုးသည် လျှာအရင်းမှ လေပြွန်ဝအထိရှည်သည်။ အသံအိုးတွင် အသံကြိုးနှစ်ချောင်းရှိ၏။ လေသည် အဆုတ်မှ အသံကြိုးများမှတစ်ဆင့် ထွက်လာခိုက် အသံကြိုးများ တုန်ခါပြီး စကားသံထွက်ပေါ်လာသည်။ အသံအိုးကိုဖြတ်ထုတ်လိုက်သည့်အခါ လေပြွန်ထိပ်ကို လည်ပင်းရှေ့တွင် အသေဖောက်ထားသောအပေါက်နှင့် ဆက်ထားရမည်။ ဤသို့ခွဲစိတ်ကုသပြီးနောက်တွင် လူနာသည် ဤအပေါက်မှတစ်ဆင့် အသက်ရှုရမည်ဖြစ်၏၊ အသံလည်း ထွက်တော့မည်မဟုတ်ချေ။

“အဲဒီရှင်းပြချက်ကို ကျွန်တော်ကြားတဲ့အခါ ဒေါသထွက်မိတယ်။ ကျွန်တော်တို့မှာ သမီးလေးတစ်ယောက်ရှိတယ်၊ အလုပ်လည်းကောင်းတယ်၊ ကျွန်တော်တို့ရဲ့ဘဝမှာ ရည်မှန်းချက်ကြီးကြီးတွေ ချထားပြီးပြီ၊ အခုတော့ ကျွန်တော်မျှော်လင့်ထားသမျှ သဲထဲရေသွန်သလိုဖြစ်ရတော့မှာလား” ဟုဘီလ်ပြောပြသည်။ သို့သော် အသံအိုးဖြတ်ထုတ်လိုက်လျှင် အသက်ဆက်နိုင်မည်ဖြစ်သောကြောင့် ခွဲစိတ်ကုသမှုခံရန် ဘီလ်သဘောတူခဲ့၏။ “ခွဲစိတ်ကုသမှုပြီးတဲ့နောက်မှာ ကျွန်တော်မျိုချလို့မရဘူး။ စကားတစ်ခွန်းမှလည်း မပြောနိုင်တော့ဘူး။ စကားအ,သွားတယ်” ဟုဘီလ်ထပ်ပြောပြသည်။ ဘီလ်ထံ ရို့စ်သွားသောအခါ စာရေး၍သာ စကားပြောနိုင်ခဲ့သည်။ ၎င်းအချိန်သည် စိတ်ဆင်းရဲခဲ့ရသောအချိန်ဖြစ်သည်။ ဤအတားအဆီးကို သူတို့ကျော်လွှားနိုင်ရန် ပန်းတိုင်အသစ်များချခဲ့ကြရ၏။

စကားအ,ပြီး အလုပ်လက်မဲ့ဖြစ်

အသံအိုးဖြတ်ထုတ်လိုက်ရသော ဘီလ်မှာ စကားအ,ရုံသာမက အလုပ်လက်မဲ့ပါဖြစ်ခဲ့ရသည်။ သူသည် စက်ပစ္စည်းအလုပ်ရုံတစ်ခုတွင် အလုပ်လုပ်ရာ ယခု လည်ပင်းအပေါက်တစ်ခုမှ အသက်ရှုရတော့မည်ဖြစ်သောကြောင့် ဖုန်မှုန့်နှင့် အခိုးအငွေ့ဆိုးများက သူ၏အဆုတ်ကို ဘေးသင့်စေနိုင်သည်။ နောက်အလုပ်တစ်ခုကို သူရှာခဲ့ရသည်။ စကားမပြောနိုင်သေးသော်လည်း နာရီပြုပြင်နည်းသင်တန်းကို သူတက်ခဲ့သည်။ “အဲဒီအလုပ်က ကျွန်တော်ရဲ့အရင်အလုပ်နဲ့ တူတယ်။ စက်အပိုင်းအစတွေကို ကျွန်တော်တပ်ဆင်တတ်တယ်၊ နာရီလုပ်တဲ့အခါလည်း စက်အပိုင်းအစတွေကို တပ်ဆင်ပေးရတယ်။ ဒါပေမဲ့ အစိတ်အပိုင်းတွေဟာ ပေါင် ၅၀ မလေးတာဘဲရှိတယ်!” ဟုဘီလ်ပြောသည်။ နာရီပြုပြင်နည်း သင်တန်းပြီးဆုံးသည်နှင့် သူသည် နာရီပြင်သူအဖြစ် အလုပ်ရခဲ့သည်။ ပန်းတိုင်တစ်ခုတော့ ရောက်ပေပြီ။

ထိုအတောအတွင်း၊ ဘီလ်သည် အစာပြွန်မှတစ်ဆင့် စကားပြောသင်တန်းကိုလည်း စတင်တက်ရောက်ခဲ့သည်။ အစာပြွန်ဖြင့်စကားပြောရာတွင် အသံကြိုးများဖြင့်မဟုတ်ဘဲ လည်ချောင်းမှ အစာအိမ်သို့ အစာပို့ပေးသောပြွန်ဖြစ်သည့် အစာပြွန်တုန်ခါခြင်းဖြင့် အသံထွက်စေသည်။ ဦးဆုံး၊ လေကို အစာပြွန်ထဲအထိ ရှိုက်သွင်းဖို့ သင်ယူရသည်။ ထို့နောက် လေကို တဖြည်းဖြည်းထုတ်သည်။ လေထွက်သောအခါ အစာပြွန်၏နံရံများကို တုန်ခါစေသည်။ ထိုသို့ဖြင့် ပါးစပ်နှင့်နှုတ်ခမ်းတို့ကိုအသုံးပြုကာ လည်ချောင်းသံနှင့် ပီပီသသစကားပြောဆိုနိုင်သည်။

“အရင်က ကျွန်တော် အစာများများစားပြီးမှ လေအန်ထုတ်တာ၊ အခုတော့ ဆက်တိုက်လေအန်ထုတ်တတ်ဖို့ သင်ယူရတယ်။ အစမှာတော့ စကားလုံးတစ်လုံးချင်းစီပဲ ပြောလို့ရတယ်။ ကျွန်တော်ပြမယ်– ‘[ရှု၊ သွင်း၊ ထုတ်] နေ [ရှု၊ သွင်း၊ ထုတ်] ကောင်း [ရှု၊ သွင်း၊ ထုတ်] လား။’ လွယ်တော့မလွယ်ခဲ့ဘူး။ အဲဒီတော့ ကျွန်တော့်ဆရာက ခရင်ဆိုဒါ များများသောက်ရင် လေအန်ထုတ်တယ်လို့ပြောပါတယ်။ ဒါနဲ့ ဗီကစ်ကိုခေါ်ပြီး ရို့စ်လမ်းလျှောက်ထွက်တိုင်း ကျွန်တော် အအေးပုလင်းသောက်လိုက်၊ လေထွက်လိုက်၊ သောက်လိုက်၊ လေထွက်လိုက်နဲ့ ကြိုးစားလေ့ကျင့်ခဲ့ရတယ်!” ဟုအပြုံးကလေးနှင့် ဘီလ်ပြောပြသည်။

အသံအိုးဖြတ်ထုတ်ခံရသော လူနာ ၆၀ ရာခိုင်နှုန်းခန့်သည် အစာပြွန်အသုံးပြုပြီး စကားမပြောနိုင်ကြသော်လည်း ဘီလ်မှာမူ တိုးတက်လာခဲ့၏။ ထိုစဉ်က နှစ်နှစ်သာရှိသေးသော ဗီကစ်သည် မထင်မမှတ်ဘဲ သူ့ကိုအားပေးခဲ့သည်။ “ဗီကစ်က ကျွန်တော့်ကိုစကားပြောပြီး အဖြေရဖို့ ကျွန်တော့်ကို စောင့်ကြည့်နေတတ်တယ်။ ဒါပေမဲ့ ကျွန်တော် စကားတစ်လုံးမှ ပြန်မပြောနိုင်ခဲ့ဘူး။ သမီးလေးက စကားပြန်ပြောပေမဲ့လည်း ကျွန်တော်ပြန်မပြောနိုင်ခဲ့ဘူး။ ဒါနဲ့ ဗီကစ်က ကျွန်တော့်ဇနီးဆီသွားပြီး ‘အဖေ့ကို စကားပြောခိုင်းပါ!’ လို့ပြောလိုက်တာက ကျွန်တော့်ကိုနှိုးဆွလိုက်တာပဲ။ ဒါနဲ့ ကျွန်တော် စကားပြောဖို့ ဆုံးဖြတ်လိုက်တာပေါ့” ဟုဘီလ်ရှင်းပြသည်။ ဘီလ်၏အောင်မြင်မှုကြောင့် ဗီကစ်၊ ရို့စ်နှင့် အခြားသူများပါ ပျော်ရွှင်ခဲ့ကြသည်။ နောက်ထပ်ပန်းတိုင်တစ်ခုကို မီခဲ့ပြီ။

နောက်ထပ်အခက်အခဲတစ်ခု ကြုံရခြင်း

၁၉၅၁ ခုနှစ်အဆုံးပိုင်းတွင် ဘီလ်နဲ့ ရို့စ်တို့သည် အခက်အခဲသစ်တစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြန်သည်။ ဆရာဝန်များက ကင်ဆာပြန်ဖြစ်လာမည်စိုး၍ ဘီလ်ကို ဓာတ်ရောင်ခြည်ကုသမှုခံယူရန် အကြံပြုခဲ့ကြသည်။ ဘီလ် သဘောတူလိုက်၏။ ကုသမှုခံပြီးသောအခါ သူသည် စိတ်အားထက်သန်စွာဖြင့် ဘဝကိုပြန်စလိုခဲ့သည်။ သူ၏ကျန်းမာရေးကိုထိခိုက်မည့် နောက်ထပ်အခက်အခဲတစ်ခုဖြစ်ပေါ်လာလိမ့်မည်ကို သူမသိရှိခဲ့ချေ!

တစ်နှစ်ခန့် ကုန်လွန်သွားလေ၏။ သို့နှင့် တစ်နေ့တွင် ဘီလ်၏လက်ချောင်းများ ထုံလာ၏။ ထိုနောက် လှေကားမတက်နိုင်တော့ချေ။ များမကြာမီ လမ်းလျှောက်နေစဉ် လဲကျသွားပြီး ပြန်မထနိုင်တော့ပေ။ ဘီလ်ခံယူခဲ့သော ဓာတ်ရောင်ခြည်ကုထုံးသည် (ထိုအချိန်က ယင်းကုထုံးသည် ယခုအချိန်၌ကဲ့သို့ မတိုးတက်သေးချေ) သူ၏ကျောရိုးနဗ်ကြောကြီးကို ပျက်စီးသွားစေခဲ့ကြောင်း စမ်းသပ်မှုများက ဖော်ပြသည်။ သူ၏အခြေအနေသည် ပို၍ဆိုးရွားလာလိမ့်မည်ဟု ပြောပြခဲ့ကြသည်။ သူအသက်ရှင်ဖို့အကြောင်း “မရှိတော့” ဟူ၍ပင် ဆရာဝန်တစ်ဦးက ပြောခဲ့သည်။ ဘီလ်နှင့် ရို့စ်တို့မှာ အရုပ်ကြိုးပြတ်ဖြစ်သွားကြသည်။

သို့တိုင် ဘီလ်သည် ဤအတားအဆီးကို ကြိုးစားကျော်လွှားရန် ခြောက်လတာဆေးဝါးကုသမှုခံယူရန် ဆေးရုံတက်ခဲ့၏။ ထိုကုသမှုသည် သူ၏ကျန်းမာရေးအခြေအနေကို မပြောင်းလဲပေးနိုင်ခဲ့သော်လည်း ဆေးရုံတက်ရခြင်းက သူ၏ဘဝလမ်းစဉ်ကို ပြောင်းလဲစေခဲ့သည်—⁠နောက်ဆုံး၌ ယေဟောဝါကို သိကျွမ်းလာစေသည့် ပြောင်းလဲမှုတစ်ခုဖြစ်၏။ မည်သို့ဖြစ်ပျက်ခဲ့သနည်း။

အတားအဆီးများရှိရခြင်း အကြောင်းရင်းကို သိရှိလာ၍ အားရှိခဲ့

ထိုခြောက်လတာအတွင်း ဘီလ်သည် အားလုံးသြသဒေါက်စ်ဂျူးများဖြစ်သည့် သွက်ချာပါဒရောဂါသည် အမျိုးသား ၁၉ ဦးနှင့်အတူ ဂျူးဆေးရုံတွင် တစ်ခန်းထဲနေခဲ့ရသည်။ မွန်းလွဲပိုင်းအချိန်တိုင်း ဤသူတို့သည် သမ္မာကျမ်းစာအကြောင်း ဆွေးနွေးကြသည်။ နှစ်ခြင်းအသင်းသားဖြစ်သူ ဘီလ်သည် နားထောင်ရုံသာနားထောင်ခဲ့၏။ သို့သော် ဆေးရုံဆင်းရသောအချိန်တွင် သူကြားခဲ့ရာမှ အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်သည် ပုဂ္ဂိုလ်တစ်ပါးတည်းဖြစ်ကြောင်းနှင့် သုံးပါးပေါင်းတစ်ဆူအယူဝါဒသည် သမ္မာကျမ်းစာနှင့်ဆန့်ကျင်ကြောင်း သဘောပေါက်ခဲ့၏။ သို့ဖြင့် ဘီလ်သည် ချာ့ခ်ျကို ပြန်မသွားတော့ချေ။ သို့သော်လည်း ဘဝ၏အတားအဆီးများကို ကျော်လွှားနိုင်ရန် ဝိညာဉ်ရေးလမ်းညွှန်မှုလိုအပ်ကြောင်း သူယူမှတ်သည်။ ထိုအခါ “အကူအညီပေးပါလို့ ဘုရားသခင်ကို မပြတ်ဆုတောင်းခဲ့တဲ့အတွက် ကျွန်တော့်ဆုတောင်းချက်တွေ ဖြေကြားခံခဲ့ရတယ်” ဟုဘီလ်ပြောပြသည်။

၁၉၅၃ ခုနှစ် စနေနေ့တစ်နေ့တွင် တစ်ချိန်က အိမ်နီးချင်းဖြစ်ခဲ့ဖူးသူ ဘီလ်၏အခြေအနေကို ကြားခဲ့သော သက်ကြီးပိုင်း ရွိုင်း ဒဂလပ်စ်သည် လာရောက်လည်ပတ်ခဲ့သည်။ ယေဟောဝါသက်သေတစ်ဦးဖြစ်သော ရွိုင်းက မိမိနှင့်အတူ ကျမ်းစာလေ့လာရန် ဖိတ်ခေါ်လိုက်ရာ ဘီလ်သဘောတူခဲ့သည်။ သမ္မာကျမ်းစာနှင့် “ဘုရားသခင်သစ္စာတော်တည်စေသတည်း” * စာအုပ်တို့မှ ဘီလ်ဖတ်ရှုခဲ့ရာများသည် သူ့မျက်စိကို ပွင့်လင်းစေခဲ့သည်။ သူသိရှိခဲ့ရာများကို ရို့စ်အားဝေမျှပြောဆိုခဲ့ရာ ရို့စ်လည်း သင်အံမှုတွင် ပါဝင်လေသည်။ ရို့စ်က ဤသို့ပြန်ပြောပြသည်– “ချာ့ခ်ျမှာ ဖျားနာမှုက ဘုရားသခင်ဆီက ပြစ်ဒဏ်ဖြစ်တယ်လို့ ကျွန်မတို့ကိုပြောတယ်၊ ဒါပေမဲ့ ကျွန်မတို့ ကျမ်းစာလေ့လာတော့ အဲဒါမမှန်ဘူးဆိုတာ သိရတယ်။ ကျွန်မတို့ တကယ့်ကိုပဲ စိတ်သက်သာမှုရခဲ့ပါတယ်။” ဘီလ်က ဤသို့ထပ်ဆင့်၏– “ကျွန်တော့်ရဲ့ဖျားနာမှုအပါအဝင် ဆင်းရဲမှုအားလုံးရဲ့အရင်းခံကို သမ္မာကျမ်းစာကနေ သိရတဲ့အပြင် ပိုကောင်းတဲ့အနာဂတ်အကြောင်းကိုလည်းသိရတော့ ကျွန်တော့်ရဲ့အခြေအနေကိုလက်ခံဖို့ အကူအညီရတယ်။” ၁၉၅၄ ခုနှစ်မှာ ဘီလ်နှင့် ရို့စ်တို့သည် နောက်ထပ်ပန်းတိုင်တစ်ခုကို မီခဲ့ကြပြန်သည်။ သူတို့နှစ်ဦးစလုံး ယေဟောဝါသက်သေများအဖြစ် နှစ်ခြင်းခံခဲ့ကြ၏။

ထပ်ဆင့်ပြုပြင်ပြောင်းလဲခဲ့ရ

ထိုအချိန်အတွင်း ဘီလ်၏သွက်ချာပါဒအခြေအနေသည် အလုပ်မလုပ်နိုင်တော့သည့်အထိ ဆိုးရွားလာခဲ့၏။ စားဝတ်နေရေးဖူလုံဖို့ ဘီလ်နှင့် ရို့စ်တို့သည် အခြေအနေ ပြောင်းလဲခဲ့ကြရသည်– ဘီလ်သည် ဗစ်ကီနှင့် အိမ်တွင်နေရပြီး ရို့စ်က နာရီထုတ်လုပ်ကုမ္ပဏီတွင် အလုပ်ဆင်းခဲ့ရ၏—⁠ထိုအလုပ်ကို ၃၅ နှစ်တိုင် သူလုပ်ကိုင်ခဲ့သည်!

“သမီးကို ကျွန်တော်ကြည့်ရှုပြုစုပေးရတာ တကယ်ပျော်စရာကောင်းတယ်” ဟုဘီလ်က ပြန်ပြောပြ၏။ “ဗစ်ကီလေးလည်း အတော့်ကိုပျော်ခဲ့တယ်။ ‘ကျွန်မအဖေကို ကျွန်မ ပြုစုနေရတယ်!’ လို့လူတိုင်းကို ဂုဏ်ယူပြီး ပြောပြတတ်တယ်။ နောက်ပိုင်း သူကျောင်းတက်တော့ သူ့အိမ်စာတွေကို ကျွန်တော်ကူညီလုပ်ပေးတယ်၊ မကြာခဏဆိုသလို ကျွန်တော်တို့ကစားတတ်ကြတယ်။ ဒီပြင် သူ့ကို ကျမ်းစာသင်ပေးခွင့် ရရှိခဲ့တယ်။”

ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ရခြင်းသည် ဘီလ်နှင့်သူ၏မိသားစုအတွက် နောက်ထပ်ရွှင်လန်းမှုတစ်ခုဖြစ်ခဲ့သည်။ သူ၏အိမ်မှ ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ ထော့နဲ့ထော့နဲ့နှင့် တစ်နာရီကြာ သွားရသော်လည်း သူသည် အစည်းအဝေးများကို မပျက်ခဲ့ချေ။ နောက်ပိုင်းတွင် ဘီလ်နှင့် ရို့စ်တို့သည် ထိုမြို့၏အခြားတစ်နေရာသို့ ပြောင်းရွှေ့သွားသောအခါ ကားငယ်တစ်စီးကို ဝယ်ခဲ့ကြပြီး မိသားစုအတွက် ရို့စ်က ကားမောင်းပေးသည်။ ဘီလ်သည် အချိန်အနည်းငယ်လောက်သာ စကားပြောနိုင်သော်လည်း သီအိုကရက်တစ်ကျောင်းတွင် ကျောင်းသားတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ ဘီလ်က ဤသို့ရှင်းပြသည်– “ကျွန်တော့်ရဲ့ဟောပြောချက်ကို ကျွန်တော်ရေးပေးထားတယ်၊ တခြားညီအစ်ကိုတစ်ယောက်က အဲဒါကိုဖတ်ပြပေးတယ်။ ဟောပြောချက်ပြီးတော့ ကျောင်းကြီးကြပ်မှူးက ဟောပြောချက်ပါ အချက်အလက်တွေအပေါ်မူတည်ပြီး ကျွန်တော့်ကိုသွန်သင်ချက်ပေးတယ်။”

အသင်းတော်မှ လူအသီးသီးကလည်း ဟောပြောခြင်းလုပ်ငန်းတွင် ဘီလ်မှန်မှန်ပါဝင်နိုင်ရန် ကူညီပေးခဲ့ကြသည်။ ဘီလ်သည် နောက်ပိုင်း၌ အသင်းတော်တွင် ဓမ္မအမှုထမ်းအဖြစ် ခန့်အပ်ခံရသောအခါ သူ၏ဘုရားတရားမြတ်နိုးမှုကို တွေ့မြင်သူတို့က မအံ့သြကြချေ။ သို့သော် သူ၏ခြေထောက်များ ချည့်နဲ့လာပြီး သူ၏ရောဂါအခြေအနေသည် သာ၍ဆိုးရွားလာလေသော် သူ၏တိုက်ခန်းမှမထွက်နိုင်တော့ဘဲ နောက်ဆုံး အိပ်ရာထဲ လဲလျောင်း၍သာ နေရရှာသည်။ ဤအတားအဆီးကို သူကျော်လွှားနိုင်မည်လော။

ကျေနပ်အားရဖွယ် စိတ်ပြေလက်ပျောက်

“အိမ်ထဲမှာပဲ တစ်နေကုန်နေရတော့ ကျွန်တော်စိတ်ပြေလက်ပျောက်အလုပ်တစ်ခုခုကို ရှာလုပ်ခဲ့တယ်။ ကျွန်တော် သွက်ချာပါဒရောဂါမဖြစ်ခင် ဓာတ်ပုံရိုက်တာဝါသနာပါတယ်။ ဒါနဲ့ ကျွန်တော်တစ်ခါမှ ပန်းချီမဆွဲဖူးပေမဲ့ ပုံဆွဲကြည့်ဖို့ စိတ်ကူးမိတယ်။ ကျွန်တော်က ညာသန်ပေမဲ့ ကျွန်တော့်ညာလက်တစ်ခုလုံးနဲ့ ဘယ်လက်ချောင်းနှစ်ချောင်းပါ သေနေတယ်။ ရို့စ်က ပန်းချီဆွဲနည်းစာအုပ်တွေ ဝယ်လာပေးတယ်။ အဲဒီစာအုပ်တွေကိုလေ့လာပြီး ကျွန်တော့်ရဲ့ဘယ်ဘက်လက်နဲ့ ဆွဲကြည့်တယ်။ ကျွန်တော်ဆွဲခဲ့တဲ့ရုပ်ပုံ အတော်များများကို မီးရှို့လိုက်ရပေမဲ့ နောက်ဆုံးတော့ ဆွဲတတ်လာတယ်” ဟုဘီလ်ပြောပြသည်။

ယခု ဘီလ်နှင့်ရို့စ်တို့၏အခန်းတွင် အလှဆင်ထားသော ရေဆေးပန်းချီကား အတော်များများသည် သူမျှော်လင့်ထားသည်ထက် ပိုအောင်မြင်ခဲ့ကြောင်း ဖော်ပြသည်။ “လွန်ခဲ့တဲ့ငါးနှစ်လောက်က စုတ်တံကိုမကိုင်နိုင်လောက်အောင် ကျွန်တော့်ရဲ့ဘယ်ဘက်လက်က တုန်တုန်ယင်ယင်ဖြစ်လာတယ်၊ ဒါပေမဲ့ ဒီဝါသနာက နှစ်ချီပြီး ကျွန်တော့်ကို ကျေနပ်မှုအတော်ပေးခဲ့ပါတယ်” ဟုဘီလ်က ထပ်ဆင့်ပြောပြသည်။

ကျန်ရှိသောပန်းတိုင်တစ်ခု

ဘီလ်က ဤသို့ပြန်ပြောပြသည်– “ကျွန်တော်ကျန်းမာရေးမကောင်းတာ အခုဆိုရင် အနှစ်ငါးဆယ်ကျော်ပြီ။ ကျမ်းစာဖတ်ရှုခြင်းက ကျွန်တော့်ကို နှစ်သိမ့်မှုပေးတုန်းပဲ၊ အထူးသဖြင့် ဆာလံကျမ်းနဲ့ ယောဘဝတ္ထုတို့ကို ဖတ်တဲ့အခါမှာပေါ့။ ပြီးတော့ ကင်းမျှော်စင်အသင်းရဲ့ စာပေတွေကို ကျွန်တော်ဖတ်ရတာလည်း ပျော်တယ်။ ကျွန်တော်တို့အသင်းသားတွေနဲ့ နယ်လှည့်ကြီးကြပ်မှူးတွေ အလည်လာကြပြီး တည်ဆောက်မှုဖြစ်စေတဲ့တွေ့ကြုံမှုတွေ ပြောပြတာကလည်း တကယ်အားရှိတယ်။ အဲဒီအပြင် အသင်းတော်အစည်းအဝေးတွေကို ကျွန်တော်နားထောင်ဖို့ နိုင်ငံတော်ခန်းမနဲ့ တယ်လီဖုန်းဆက်သွယ်ပေးထားတယ်၊ စည်းဝေးကြီးအစီအစဉ် ဗီဒီယိုခွေတွေလည်း ကျွန်တော်ရတယ်။

“ကျွန်တော့်ကိုဒီလောက်ချစ်မြတ်နိုးတဲ့ဇနီးတစ်ယောက် ရထားလို့လည်း တကယ်ကျေးဇူးတင်တယ်။ ကုန်လွန်ခဲ့တဲ့နှစ်တွေတစ်လျှောက်မှာ သူဟာ ကျွန်တော့်ရဲ့အရင်းနှီးဆုံးအဖော်မွန်ပဲ။ နောက်ပြီး မိသားစုနဲ့အတူ ယေဟောဝါရဲ့အမှုတော်ဆောင်နေတဲ့သမီးကလည်း အခုထိ ကျွန်တော့်အတွက် ရွှင်လန်းမှုတစ်ခုဖြစ်နေတုန်းပဲ။ ယေဟောဝါနဲ့ နီးကပ်ခွင့်ရအောင် ကူညီပေးတဲ့အတွက် အထူးသဖြင့် ယေဟောဝါကို ကျေးဇူးတင်တယ်။ ဒီနေ့မှာ ကျွန်တော့်ရဲ့ကိုယ်ခန္ဓာနဲ့ အသံတွေ ပိုအားနည်းလာနေတဲ့အခါ တမန်တော်ပေါလုရဲ့ ဒီစကားတွေကို မကြာခဏစဉ်းစားမိတယ်– “ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့်ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို့ရောက်သော်လည်း၊ အတွင်းလူမူကား တစ်နေ့ထက်တစ်နေ့ ပြုပြင်ခြင်းကိုခံရ၏။” (၂ ကောရိန္သု ၄:၁၆) မှန်ပါတယ်၊ ကျွန်တော်အသက်ရှင်နေသရွေ့ ဝိညာဉ်ရေးမှာနိုးကြားနေဖို့က ကျွန်တော့်ရဲ့ပန်းတိုင်ဖြစ်နေဆဲပါ။”

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 20 ယေဟောဝါသက်သေများ ထုတ်ဝေသည်၊ ယခု ပုံမနှိပ်တော့ပါ။

[စာမျက်နှာ ၁၂ ပါ အကျဉ်းဖော်ပြချက်]

“ခွဲစိတ်ကုသမှု ပြီးတဲ့နောက်မှာ ကျွန်တော်မျိုချလို့မရဘူး။ စကားတစ်ခွန်းမှလည်း မပြောနိုင်တော့ဘူး။ စကားအ,သွားတယ်”

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ယနေ့ ဘီလ်နှင့် ရို့စ်