မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရောဂါဝေဒနာနှင့် အောင်မြင်စွာ အသက်ရှင်နေထိုင်ခြင်း—မည်သို့နည်း

ရောဂါဝေဒနာနှင့် အောင်မြင်စွာ အသက်ရှင်နေထိုင်ခြင်း—မည်သို့နည်း

ရောဂါဝေဒနာနှင့် အောင်မြင်စွာ အသက်ရှင်နေထိုင်ခြင်း—မည်သို့နည်း

သင်၌ဖြစ်ပေါ်နေနိုင်သော အပူတပြင်းခံစားချက်များသည် ခြေမြစ်ကြောင်း စိတ်ချပါ။ သင့်ရောဂါ၊ သို့မဟုတ် သင့်ချို့တဲ့မှုသည် ရုပ်ခန္ဓာပိုင်းတွင်သာဖြစ်မည်မှန်သော်လည်း သင်၏ရောဂါကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများကို သင့်စိတ်ကလက်မခံနိုင်ဘဲဖြစ်မည်။ သင်နှင့် သင့်ရောဂါသည် လွန်ဆွဲနေပုံရှိမည်၊ တစ်ချိန်က ကျန်းမာရေးကောင်းခဲ့သောအသင်နှင့် နောင်ဖြစ်လာမည့်အသင်စပ်ကြား အားပြိုင်နေပေမည်။ ယခုမူ သင့်ရောဂါက သင့်အပေါ် အသာစီးရနေပုံရှိမည်။ သို့တိုင် အခြေအနေကို သင်ပြောင်းလဲနိုင်၏။ မည်သို့အားဖြင့်နည်း။

“ရောဂါကြောင့် တစ်ခုခုဆုံးရှုံးရသည့်အခါ သေခြင်းတမျှခံစားရသည်” ဟုဒေါက်တာ ကစ်တီ စတိန်းက ရေးသားခဲ့သည်။ ထို့ကြောင့် သင်တန်ဖိုးထားသည့် သင့်ကျန်းမာရေးကိုဆုံးရှုံးရသည့်အခါ သင်ချစ်ရသူတစ်ဦးသေဆုံးသောအခါ ငိုကြွေးမြည်တမ်းမည်ဖြစ်သကဲ့သို့ ငိုကြွေးခြင်းသည်ဓမ္မတာပင်။ အမှန်မှာ သင့်ကျန်းမာရေးထက်မက သင်ဆုံးရှုံးခဲ့ပေမည်။ အမျိုးသမီးတစ်ဦးရှင်းပြသကဲ့သို့ပင် “ကျွန်မရဲ့အလုပ်ကို လက်လွှတ်ခဲ့ရတယ်။ . . . ကျွန်မအမြဲနှစ်ခြိုက်ခဲ့တဲ့ လွတ်လပ်မှုကိုလည်း လက်လွှတ်ခဲ့ရတယ်။” သို့သော်လည်း သင်ဆုံးရှုံးခဲ့ရသည့်အရာများကို အရှိအတိုင်းရှုမြင်ပါ။ “ဆုံးရှုံးခဲ့ရာတွေကို နှမြောမှာဖြစ်ပေမဲ့ ကျန်ရှိနေသေးတဲ့အရာတွေကို နားလည်ဖို့လည်းလိုတယ်” ဟု ကိုယ်တိုင် နာတာရှည်နဗ်ကြောဖွဲ့ရောဂါခံစားနေရသူ ဒေါက်တာစတိန်းက ပြောပြခဲ့သည်။ ကနဦးမျက်ရည်များကျပြီးနောက် သင့်မှာ အရေးပါသော အစွမ်းအစများ ကျန်ရှိနေသေးကြောင်း တွေ့မြင်လာပေလိမ့်မည်။ တစ်ခုအနေနှင့် ကိုယ့်အခြေအနေကို ပြုပြင်နိုင်စွမ်း သင့်မှာရှိသည်။

သင်္ဘောသားတစ်ဦးသည် မုန်တိုင်းကို ဟန့်တားနိုင်စွမ်းမရှိသော်လည်း သင်္ဘော၏ရွက်များကို ပြုပြင်ပြောင်းလဲခြင်းဖြင့် ကြံ့ကြံ့ခံရပ်နိုင်ပါသည်။ အလားတူစွာ သင့်ဘဝတွင် မုန်တိုင်းသဖွယ်ရောက်ရှိနေသည့် ရောဂါကို သင်မဟန့်တားနိုင်သော်လည်း သင်၏ “ရွက်များ” ဖြစ်သည့် သင့်ကာယရေး၊ စိတ်ဓာတ်ရေးနှင့် စိတ်လှုပ်ရှားမှုစွမ်းရည်များကိုကား ပြုပြင်ပြောင်းလဲပေးခြင်းဖြင့် သင့်ရောဂါကို သင်ကိုင်တွယ်ဖြေရှင်းနိုင်ပါသည်။ ထိုသို့ပြုရန် နာတာရှည်ရောဂါခံစားနေရသော အခြားသူများကို အဘယ်အရာက ထောက်ကူပေးခဲ့ပြီနည်း။

သင့်ရောဂါအကြောင်း လေ့လာပါ

လူအများသည် ရောဂါမျိုးမည်သိရခြင်းကြောင့် အစပိုင်းဂယက်ရိုက်မှုကို သိရှိခံစားရပြီးနောက် ပူပင်သောကရောက်စေသော အမှန်တရားကို သိရှိခြင်းသည် အကြောင်းမသိဘဲကြောက်နေရခြင်းထက် သာ၍ကောင်းကြောင်း သိမြင်လာကြသည်။ ကြောက်စိတ်က သင့်အားကြက်သေသေသွားစေမည်ဖြစ်သော်လည်း သင့်ကိုယ်တွင်း၌ အဘယ်အရာဖြစ်နေသည်ကို သိရခြင်းက အဘယ်အရာကို သင်ပြုလုပ်နိုင်ကြောင်း စဉ်းစားဆင်ခြင်ရန် အထောက်အကူပြုပေမည်—⁠၎င်းကိုယ်နှိုက်က အပြုသဘောဖြင့် အကျိုးသက်ရောက်၏။ “သင်တွေးပူနေသည့်ကိစ္စတစ်ခုကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း အဖြေပေါ်လာသောအခါ မည်မျှစိတ်သက်သာရာရနိုင်ကြောင်းကို သတိပြုပါ။ တစ်စုံတစ်ရာကို သင်မပြုလုပ်မီ အဘယ်အရာပြုလုပ်မည်ကို အစီအစဉ်ဆွဲထားခြင်းဖြင့် သင့်စိတ်မချမ်းမြေ့မှုကို လျော့ပါးစေသည်” ဟု စတင်းဖော့ဒ်တက္ကသိုလ်မှ ဒေါက်တာ ဒေးဗစ် စပီးဂဲလ်ကဆိုသည်။

သင့်အခြေအနေကို ပိုမိုသိရှိရန်လိုသည်ဟု သင်ထင်မှတ်ပေမည်။ သမ္မာကျမ်းစာမှ ပညာရှိစကားတစ်ခွန်းဆိုသကဲ့သို့ပင် “ပညာအတတ်နှင့်ပြည့်စုံသောသူသည် ခွန်အားတိုးပွားတတ်၏။” (သု. ၂၄:⁠၅) “စာကြည့်တိုက်မှ စာအုပ်တွေကို ယူဖတ်ပါ။ သင့်ရောဂါအကြောင်း သိနိုင်သလောက် သိဖို့ကြိုးစားပါ” ဟု အိပ်ရာထဲလဲနေရသူ အမျိုးသားတစ်ဦးက အကြံပေးသည်။ ရောဂါကုသနိုင်သောနည်းများနှင့် ၎င်းကိုရင်ဆိုင်ဖြေရှင်းနိုင်သော နည်းစနစ်များကို သင်သိရှိလာလေ သင့်အခြေအနေသည် သင်စိုးရိမ်ခဲ့သလောက် မဆိုးရွားကြောင်း သိလာရပေမည်။ အကောင်းမြင်ဝါဒရှိရန် အကြောင်းအချို့ကိုပင် သင်တွေ့ရှိပေမည်။

သို့ရာတွင် ဆင်ခြင်တုံတရားနှင့်အညီ သင့်ရောဂါအကြောင်း သင်သိနားလည်ခြင်းသည် အဓိကပန်းတိုင်မဟုတ်ပေ။ “ရောဂါနှင့်ပတ်သက်သည့် အချက်အလက်များစုဆောင်းခြင်းက ရောဂါနှင့်အလိုက်သင့်နေတတ်ခြင်း၊ ယင်းကိုသဘောပေါက်နားလည်လာခြင်း၊ အရှိအတိုင်းရှုမြင်ခြင်းအတွက် အရေးပါသောအလုပ်တစ်ခုဖြစ်သည်” ဟု ဒေါက်တာ စပီးဂဲလ်က ရှင်းပြသည်။ သင့်ဘဝပုံစံ ပြောင်းလဲသွားပြီဖြစ်သော်လည်း ဘဝအဆုံးမတိုင်သေးကြောင်းကို အသိအမှတ်ပြုခြင်းသည် ကိုယ်ကိုယ်တိုင်လက်ခံရမည့်ကိစ္စဖြစ်ပြီး တဖြည်းဖြည်းမှဖြစ်ပေါ်လာနိုင်မည်။ သို့သော် ဤအခြေအနေသို့တက်လှမ်းခြင်း—⁠သင့်ရောဂါကို ဆင်ခြင်တုံတရားနှင့်အညီ နားလည်သဘောပေါက်လာခြင်းမှသည် စိတ်လှုပ်ရှားမှုပိုင်းကို လက်ခံနိုင်ခြင်း—⁠သည် သင်တက်လှမ်းနိုင်သည့်အမှုဖြစ်၏။ မည်သို့အားဖြင့်နည်း။

အခြေပျက်လွယ်သော ဟန်ချက်ကိုရှာခြင်း

သင့်ရောဂါကို အသိအမှတ်ပြုလက်ခံခြင်းသည် အဘယ်အရာကိုဆိုလိုကြောင်းနှင့်စပ်လျဉ်း၍ သင့်ရှုမြင်ပုံကို ပြုပြင်ဖို့လိုပေမည်။ အမှန်မှာ သင်ဖျားနာနေသည်ကို လက်ခံခြင်းသည် ရှုံးနိမ့်ခြင်း၏လက္ခဏာမဟုတ်ပေ၊ သင်္ဘောသားတစ်ဦးသည် မုန်တိုင်းမိနေသည်ဟူသော အဖြစ်မှန်ကို အသိအမှတ်ပြုလက်ခံလိုက်ခြင်းက သူ့အတွက် ရှုံးနိမ့်ခြင်းလက္ခဏာမဟုတ်သကဲ့သို့ပင်ဖြစ်သည်။ ယင်းအစား မုန်တိုင်းကို အမှန်အတိုင်းရှုမြင်ခြင်းက လုပ်သင့်ရာကိုလုပ်ဆောင်ရန် လှုံ့ဆော်ပေးသည်။ အလားတူစွာ သင့်ရောဂါဝေဒနာကို အသိအမှတ်ပြုလက်ခံခြင်းက ရှုံးနိမ့်ခြင်းမဟုတ်ဘဲ နာတာရှည်ရောဂါသည် အမျိုးသမီးတစ်ဦး ရှုမြင်သကဲ့သို့ “လမ်းကြောင်းသစ်တစ်ခုဘက်တွင် တိုးတက်ခြင်း” ဖြစ်သည်။

သင့်ကာယစွမ်းရည်များ ယုတ်လျော့သွားသည့်တိုင် သင့်စိတ်ပိုင်း၊ စိတ်လှုပ်ရှားမှုနှင့် ဝိညာဉ်ရေးအရည်အသွေးများ ထိခိုက်ခံစရာမလိုကြောင်း သင့်ကိုယ်သင် သတိပေးဖို့လိုပေမည်။ ဥပမာ၊ သင့်အသိဉာဏ်နှင့် စီစဉ်ဖွဲ့စည်းနိုင်စွမ်းအပြင် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိဆဲလော။ သင်၏လှိုက်လှဲပျူငှာသောအပြုံး၊ အခြားသူများကို ချစ်ခင်ကြင်နာတတ်သောသဘောနှင့် ကောင်းစွာနားထောင်ပေးတတ်သူ၊ မိတ်ဆွေစစ်တစ်ဦးဖြစ်သည့် သင့်အရည်အသွေးများ သင်၌ရှိဆဲဖြစ်မည်။ အရေးကြီးဆုံးကား ဘုရားသခင်ကို သင်ယုံကြည်နေဆဲပင်ဖြစ်သည်။

ထို့ပြင် သင့်အခြေအနေအားလုံးကို သင်ပြုပြင်ပြောင်းလဲနိုင်မည်မဟုတ်သော်လည်း ၎င်းတို့ကို မည်သို့တုံ့ပြန်သင့်ကြောင်း သင်ပိုင်းဖြတ်နိုင်ဆဲဖြစ်သည်ကို စိတ်စွဲမှတ်ထားပါ။ အမျိုးသားကင်ဆာဌာနမှ အိုင်ရီးန် ပေါ့လင်က ဤသို့ဆိုသည်– “သင့်ရောဂါသည် သင့်အား မည်သို့ပင်ခြယ်လှယ်ပါစေ သင့်ရောဂါကိုသင် ပိုင်ပိုင်နိုင်နိုင်တာဝန်ယူနိုင်စွမ်းရှိသည်။” နဗ်ကြောဖွဲ့ရောဂါကျွမ်းနေသည့် အသက် ၇၀ အရွယ်ရှိ ဟယ်လင်က ဤသို့ထောက်ခံပြောဆိုသည်– “သင့်ရောဂါအခြေအနေက ဒီလောက်မဟုတ်ဘဲ သင့်ရောဂါကို သင်တုံ့ပြန်ပုံက စိတ်ကိုပြန်ထိန်းနိုင်စေတာ။” ကိုယ်အင်္ဂါချို့တဲ့မှုတစ်ခုကို နှစ်ပေါင်း ၂၀ ကျော်နိုင်နင်းခဲ့သူ အမျိုးသားတစ်ဦးက ဤသို့ဆိုသည်– “အပြုသဘောထားရှိတာက သင်္ဘောကိုတည့်မတ်နေစေတဲ့ သင်္ဘောကိုယ်ထည်ဘောင်နဲ့တူတယ်။” “လူ၏စိတ်ဝိညာဉ်သည် မိမိနာခြင်းဝေဒနာကိုခံနိုင်၏။ ကြေကွဲသောစိတ်ကိုကား အဘယ်သူသည်းခံနိုင်သနည်း” ဟုနယပုံပြင် ၁၈:၁၄ တွင်ဆိုသောစကား မှန်လိုက်လေခြင်း။

ထိန်းချုပ်နိုင်စွမ်း ပြန်လည်ရရှိခြင်း

သင့်စိတ် ပြန်တည်ငြိမ်လာသည်နှင့် ‘ငါ့ကျမှ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ’ ဟူသည့်မေးခွန်းများအစား ‘ဒီရောဂါ ငါ့မှာဖြစ်နေတဲ့အတွက် ငါဘာဆက်လုပ်ရမလဲ’ ဟူ၍စတင်မေးမြန်းလာပေမည်။ ဤအချိန်တွင် သင့်လက်ရှိအခြေအနေအပြင် သင်ပြုလုပ်လိုရာများ ရှိကောင်းရှိပေမည်။ သင်ပြုလုပ်နိုင်သည့်အရာအနည်းငယ်ကို သုံးသပ်ကြည့်ကြစို့။

သင့်အခြေအနေကို ဝေဖန်သုံးသပ်ပါ၊ ပြုပြင်ဖို့လိုသည့်အရာကို တွေးတောဆင်ခြင်ပြီးနောက် ပြောင်းလဲနိုင်သည့်အရာများကို ပြောင်းပစ်ရန် ကြိုးစားပါ။ “သင်နာမကျန်းဖြစ်ချိန်သည် သင့်ဘဝကိုသင် ပြန်လည်ချိန်ဆရန်အချိန်ဖြစ်သည်၊ ဤမည်ကား နိုးထရန်အချိန်ဖြစ်ပြီး အသုဘခေါင်းလောင်းမြည်ချိန်မဟုတ်” ဟုဒေါက်တာ စပီးဂဲလ်ကပြောသည်။ ‘ငါမဖျားခင်က ငါ့အတွက် ဘာအရေးကြီးခဲ့သလဲ။ အဲဒါ ဘယ်လိုပြောင်းလဲသွားပြီလဲ’ ဟုသင့်ကိုယ်သင်မေးပါ။ ဤသို့သောမေးခွန်းများကို သင်မလုပ်ကိုင်နိုင်တော့သည့်အရာများ သိဖို့မဟုတ်ဘဲ အဘယ်အရာများကို အနည်းငယ်ပြုပြင်ပြီး ပြုလုပ်နိုင်သေးသည်ကို ဆုံးဖြတ်ရန်ဖြစ်သည်။ ဥပမာ၊ အစောပိုင်းကဖော်ပြခဲ့သော ဟယ်လင်ကိုကြည့်ပါ။

သူသည် လွန်ခဲ့သော ၂၅ နှစ်လုံးလုံး နဗ်ကြောဖွဲ့ရောဂါခံစားခဲ့ရသောကြောင့် သူ၏ကြွက်သားများ အားနည်းသွား၏။ သူသည် အစပိုင်းတွင် လမ်းလျှောက်အကူပစ္စည်းဖြင့် သွားလာလှုပ်ရှားခဲ့သည်။ သူ၏ညာဘက်လက်ကို အသုံးမပြုနိုင်တော့သည့်အခါ ဘယ်ဘက်လက်ကို ပြောင်းလဲအသုံးပြုခဲ့သည်။ ထို့နောက် ဘယ်ဘက်လက်ပါ မသန်တော့ချေ။ ၎င်းနောက် လွန်ခဲ့သောရှစ်နှစ်ခန့်တွင် သူလမ်းမလျှောက်နိုင်တော့ချေ။ ယခု သူသည် သူတစ်ပါး၏ပြုစုကျွေးမွေးမှုကို ခံယူနေရသည်။ ဤအခြေအနေက သူ့ကိုဝမ်းနည်းစေသော်လည်း သူကဤသို့ဆိုသည်– “ကျွန်မရဲ့ဆောင်ပုဒ်ကတော့ ‘သင်ဘာလုပ်နိုင်ခဲ့တာကို မဟုတ်ဘဲ ဘာလုပ်နိုင်သေးသလဲဆိုတာကို တွေးတောပါ’ ဖြစ်တယ်။” သူ၏ခင်ပွန်းနှင့် သူ့ထံလာရောက်ကြည့်ရှုပေးသော သူနာပြုများအပြင် သူကိုယ်တိုင်၏ တီထွင်အတွေးများဖြင့် သူ့အားပျော်ရွှင်မှုပေးခဲ့သော လုပ်ငန်းဆောင်တာအချို့ကို လုပ်ကိုင်နေဆဲရှိသည်။ ဥပမာအနေနှင့်၊ လာလတ္တံ့သော ငြိမ်းချမ်းသည့်ကမ္ဘာသစ်ရောက်လာမည်ဟူသည့် သမ္မာကျမ်းစာကတိတော်အကြောင်း ပြောပြခြင်းကို ၁၁ နှစ်အရွယ်ကတည်းက သူတန်ဖိုးထားခဲ့ရာ ယနေ့လည်း ယင်းလုပ်ငန်းကို ပတ်စဉ်လုပ်ဆောင်နေဆဲရှိသည်။ (မဿဲ ၂၈:၁၉၊ ၂၀) မည်သို့လုပ်ဆောင်နိုင်ကြောင်း ဟယ်လင် ဤသို့ရှင်းပြသည်–

“ကျွန်မကိုလာကြည့်ရှုပေးတဲ့ သူနာပြုကို ကျွန်မအတွက် သတင်းစာကိုင်ထားပေးဖို့ မေတ္တာရပ်ခံတယ်။ နာရေးကြော်ငြာတွေကို အတူတူဖတ်ပြီး တချို့ကို ရွေးလိုက်တယ်။ အဲဒီနောက် သေဆုံးသူတစ်ဦးရဲ့ ဆွေမျိုးတွေဆီ ရေးမယ့်စာထဲ ဘယ်အချက်တွေ ထည့်ရေးချင်တယ်ဆိုတာကို သူနာပြုဆရာမကိုပြောပြတယ်၊ ဆရာမက လက်နှိပ်စက်နဲ့ရိုက်ပေးတယ်။ စာနဲ့အတူ နှစ်သိမ့်မှုဖြစ်စေတဲ့ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကျမ်းစာမျှော်လင့်ချက်ကို ရှင်းပြထားတဲ့ သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ * ဘရိုရှာကိုပါ ထည့်ပို့ပေးလိုက်တယ်။ အဲဒီလို တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအချိန်တိုင်းမှာ ကျွန်မပြုလုပ်တယ်။ တခြားသူတွေကို ဘုရားသခင့် နိုင်ငံတော်သတင်းကောင်း ပြောပြနိုင်သေးတဲ့အတွက် ကျွန်မပျော်တယ်။”

အကျိုးသင့်အကြောင်းသင့်ရှိကာ လက်လှမ်းမီနိုင်သောပန်းတိုင်များ ချမှတ်ပါ။ ပြောင်းလဲနိုင်သည်ကို ဟယ်လင် ကြိုးစားပြောင်းလဲခဲ့သည့် အကြောင်းတစ်ခုမှာ သို့ပြုခြင်းဖြင့် သူသည် ပန်းတိုင်များထားပြီး ထိုပန်းတိုင်ကိုမီနိုင်သောကြောင့်ဖြစ်သည်။ သို့ပြုခြင်းသည် သင့်အတွက်လည်း အလွန်အရေးပါသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ပန်းတိုင်ထားခြင်းဖြင့် အနာဂတ်တွင်စိတ်ရောက်စေပြီး ပန်းတိုင်ရောက်သည့်အခါ ကျေနပ်အားရမှုရှိစေသည်။ မိမိကိုယ်ကိုယုံကြည်စိတ်ချမှုအနည်းငယ် ပြန်ရရှိစေသည်။ သို့သော် သင့်ပန်းတိုင်ကို သတ်သတ်မှတ်မှတ်ဖြစ်စေပါ။ ဥပမာ၊ ‘ဒီနေ့ ကျမ်းစာအခန်းကြီးတစ်ခန်းဖတ်မယ်’ ဟုစိတ်ပိုင်းဖြတ်နိုင်သည်။ ထို့ပြင် သင့်အတွက်လက်တွေ့ကျမည့် ပန်းတိုင်များကို ချမှတ်ပါ။ သင့်ကိုယ်ခန္ဓာနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာဖွဲ့စည်းပုံသည် အခြားနာတာရှည်ရောဂါသည်များနှင့် တူမည်မဟုတ်သောကြောင့် သူတို့တတ်နိုင်သည်ကို သင်တတ်နိုင်လိမ့်မည် မဟုတ်ပေ။—⁠ဂလာတိ ၆:⁠၄

“ပန်းတိုင်တစ်ခုဟာ ဘယ်လောက်ပဲသေးမွှားတယ်လို့ ထင်ရပါစေ ပန်းတိုင်ရောက်တဲ့အခါ ထပ်ဆင့်ကြိုးစားဖို့ လှုံ့ဆော်ပေးတယ်” ဟု နယ်သာလန်နိုင်ငံတွင်နေသူ လက်စ်ကဆိုသည်။ လွန်ခဲ့သော ၁၂ နှစ်က သူ့အသက် ၂၃ နှစ်ရှိစဉ် မတော်တဆဖြစ်မှုတစ်ခုကြောင့် သူသည်ခြေလက်မသန်မစွမ်းဘဝ ရောက်သွားခဲ့သည်။ ၎င်းနောက် ကာယလေ့ကျင့်ခန်း များစွာပြုလုပ်ခဲ့ရာ မျက်နှာသုတ်ပဝါနှင့် မျက်နှာသစ်ခြင်းကဲ့သို့သော ပန်းတိုင်များထားဖို့ တိုက်တွန်းခံခဲ့ရသည်။ ထိုသို့ပြုရန်ပင်ပန်းသော်လည်း သူအောင်မြင်ခဲ့၏။ ထိုပန်းတိုင်ကိုမီပြီးနောက် အခြားပန်းတိုင်တစ်ခု ချမှတ်လေသည်၊ သွားတိုက်ဆေးဘူးကို ကိုယ်တိုင်ဖွင့်ပိတ်နိုင်ဖို့ သူကြိုးစားခဲ့သည်။ ဤအကြိမ်လည်း သူအောင်မြင်ခဲ့ပြန်သည်။ “မလွယ်ကူလှပေမဲ့ တတ်နိုင်မယ်လို့ကျွန်တော်ထင်ထားတာထက် ပိုလုပ်ကိုင်နိုင်တာကို တွေ့မြင်ခဲ့တယ်” ဟု လက်စ်ပြောပြသည်။

ဇနီးဖြစ်သူ တီနက္ကာ၏အကူအညီဖြင့် လက်စ်သည် သာ၍ကြီးမားသောပန်းတိုင်များကို လက်လှမ်းမီခဲ့ပေပြီ။ သာဓကအနေနှင့်၊ ယခုဆိုလျှင် သူသည် ဘီးတပ်ကုလားထိုင်ဖြင့် တီနက္ကာနှင့်အတူ တစ်အိမ်မှတစ်အိမ်သွားပြီး အခြားသူများအား ကျမ်းစာအသိပညာဝေမျှပေးသည်။ သူနှင့်ကျမ်းစာလေ့လာနေသည့် အလွန်အမင်းမသန်မစွမ်းသူတစ်ဦးထံလည်း ပတ်စဉ်လည်ပတ်၍ အားပေးတိုက်တွန်းသည်။ “တခြားသူတွေကို ကူညီပေးရတာ တကယ်အားရကျေနပ်စရာကောင်းတယ်” ဟု လက်စ်ကဆိုသည်။ သမ္မာကျမ်းစာ အခိုင်အမာဆိုသည့်အတိုင်း “ခံယူခြင်းထက်ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏။”—⁠တမန်တော် ၂၀:၃၅ကဘ။

အသင်လည်း သူတစ်ပါးကိုကူညီပေးရန် ပန်းတိုင်များထားနိုင်မည်လော။ မကျန်းမာခြင်း သို့မဟုတ် မသန်မစွမ်းဖြစ်ခြင်းကြောင့် အထူးကျွမ်းကျင်သော နှစ်သိမ့်ပေးသူတစ်ဦးဖြစ်လာနိုင်၏၊ အကြောင်းမှာ သင့်အခက်အခဲများက သူတစ်ပါး၏ဝေဒနာကို ပို၍နားလည်တတ်သောကြောင့်ဖြစ်သည်။

အခြားသူများနှင့် အဆက်မပြတ်စေနှင့်။ သူတစ်ပါးနှင့် ပေါင်းသင်းဆက်ဆံမှုရှိခြင်းသည် သင့်ကျန်းမာရေးအတွက် ကောင်းသည်ဟု ဆေးဝါးသုတေသနပြုမှုများက ဖော်ပြသည်။ ပြောင်းပြန်အခြေအနေသည်လည်း ထပ်တူပင်ဖြစ်၏။ “လူမှုရေးကင်းကွာမှုနှင့် သေခြင်းစပ်ကြားဆက်စပ်မှုသည် ဆေးလိပ်သောက်ခြင်းနှင့် သေခြင်းစပ်ကြား ဆက်စပ်မှုတမျှ ပြင်းထန်သည်” ဟု သုတေသီတစ်ဦးကဆိုသည်။ ထပ်လောင်း၍ သူဤသို့ဆိုသည်– “သင့်ကျန်းမာရေးကို တိုးတက်စေရန် ဆေးလိပ်ဖြတ်ခြင်းသည် အရေးကြီးသကဲ့သို့ လူမှုရေးပေါင်းသင်းဆက်ဆံခြင်းသည် ထပ်တူအရေးပါပေသည်။” ထို့ကြောင့် လူမှုဆက်ဆံရေးကောင်းခြင်းသည် “အသက်ရှင်ရေးအတွက် တန်ဖိုးရှိ၏” ဟုသူကောက်ချက်ချခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပေ!—⁠သု. ၁၈:⁠၁သမ္မာ။

သို့ရာတွင် ရှေ့ဆောင်းပါးတွင် ဖော်ပြခဲ့သည့်အတိုင်း အခက်အခဲမှာ သင့်မိတ်ဆွေအချို့ သင့်ထံအလည်မလာတော့ခြင်းဖြစ်နိုင်သည်။ သင့်အကျိုးအတွက် ထီးတည်းနေတတ်လာခြင်းကို ရပ်တန့်လိုက်ဖို့လိုသည်။ မည်သို့ပြုနိုင်မည်နည်း။ မိတ်ဆွေများကို ဖိတ်ခေါ်ခြင်းအားဖြင့် စတင်နိုင်သည်။

သင့်ထံအလည်အပတ်လာခြင်းကို နှစ်လိုဖွယ်တွေ့ကြုံမှုတစ်ခု ဖြစ်စေပါ။ * သင့်ရောဂါအကြောင်း ကြားနာရခြင်းကို ဧည့်သည်များ ငြီးငွေ့မသွားစေရန် ရောဂါအကြောင်း အကန့်အသတ်သာပြောဆိုခြင်းဖြင့် ထိုသို့ပြုလုပ်နိုင်ပါသည်။ နာတာရှည်ရောဂါသည် အမျိုးသမီးတစ်ဦးသည် မိမိရောဂါအကြောင်း ခင်ပွန်းဖြစ်သူအား အကန့်အသတ်သာပြောဆိုခြင်းအားဖြင့် ထိုပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။ “အဲ့ဒီအကြောင်း များများမပြောမိဖို့ ကြိုးစားခဲ့ရတယ်” ဟုသူပြောပြသည်။ အမှန်မှာ၊ သင်ဝေမျှနိုင်သော အခြားအရာအားလုံးကို သင့်ရောဂါက မဖုံးလွှမ်းသွားပါစေနှင့်။ ဧည့်သည်တစ်ဦးသည် အိပ်ရာပေါ်လှဲနေရသည့် သူငယ်ချင်းနှင့် အနုပညာ၊ သမိုင်းနှင့် ယေဟောဝါဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းအကြောင်း ပြောဆိုဆွေးနွေးပြီးနောက် ဤသို့ပြောဆိုသည်– “သူ့ရောဂါကြောင့် သူ့ပင်ကိုစရိုက်မပျောက်သွားဘူး။ သူနဲ့စကားပြောလို့ ကောင်းလိုက်တာ။”

ဟာသဉာဉ်ကိုဆက်ထိန်းထားခြင်းကလည်း အလည်လာသူ သင့်မိတ်ဆွေများအတွက် ပျော်ရွှင်ဖွယ်ဖြစ်စေပါလိမ့်မည်။ ထို့ပြင် ရယ်မောခြင်းသည် သင့်အတွက်အကျိုးရှိသည်။ “ဟာသဉာဉ်သည် အခြေအနေအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အကူအညီပေးသည်” ဟုပါကင်စင်ရောဂါသည်တစ်ဦးကဆိုသည်။ မှန်ပါသည်၊ ရယ်မောခြင်းသည် ဆေးစွမ်းကောင်းတစ်လက်ဖြစ်နိုင်သည်။ နယပုံပြင် ၁၇:၂၂ [သမ္မာ] ကဤသို့သတိပြုစေသည်– “ဝမ်းမြောက်သောစိတ်နှလုံးသည် ကျန်းမာစေတတ်၏။” မိနစ်အနည်းငယ်ရယ်မောခြင်းပင်လျှင် သင့်အတွက်အကျိုးရှိသည်။ ထို့ပြင် “ကျွန်ုပ်တို့စမ်းကြည့်ခဲ့သည့် အခြားဆေးနည်းများနှင့်မတူဘဲ ရယ်မောခြင်းသည် လုံးဝအန္တရာယ်ကင်းပြီး အဆိပ်အတောက်မဖြစ်စေဘဲ ပျော်ရွှင်စရာဖြစ်စေ၏၊ ရယ်မောခြင်းဖြင့် မကောင်းသောစိတ်ထားကိုသာ ဆုံးရှုံးသွား၏” ဟုကိုယ်တိုင်ပင် နာတာရှည်ရောဂါသည်ဖြစ်သူ စာရေးဆရာမ စူဇန် မီလ်စထရီဝဲလ်စ်က ရေးသားဖော်ပြသည်။

စိတ်ဖိစီးမှုလျော့နည်းစေမည့် နည်းလမ်းများကိုရှာဖွေပါ။ စိတ်ဖိစီးမှုသည် ရောဂါလက္ခဏာကို ပိုဆိုးရွားစေနိုင်ပြီး ဖိစီးမှုလျော့စေခြင်းက ခံနိုင်ရည်ပိုရှိစေသည်ဟု လေ့လာချက်များက သေချာစေသည်။ ထို့ကြောင့် အခါအားလျော်စွာ မိမိကိုယ်ကိုအနားပေးပါ။ (ဒေ. ၃:၁၊ ၄) သင့်ရောဂါကို အဓိကမထားပါနှင့်။ သင်သည် အိမ်တွင်းအောင်းနေရသူဖြစ်ပါက သင့်စိတ်ဖိစီးမှုများကို လျော့နည်းစေရန် ငြိမ့်ညောင်းသောတေးသံကို နားထောင်ခြင်း၊ စာပေဖတ်ရှုခြင်း၊ ရေနွေးစိမ်ချိုးခြင်း၊ စာများ သို့မဟုတ် ကဗျာများရေးခြင်း၊ ပန်းချီဆွဲခြင်း၊ တူရိယာတစ်မျိုးမျိုးတီးမှုတ်ခြင်း၊ စိတ်ချရသောမိတ်ဆွေတစ်ဦးနှင့် စကားပြောဆိုခြင်း၊ သို့မဟုတ် ထပ်တူလုပ်ဆောင်မှုများတွင် ပါဝင်လုပ်ဆောင်ခြင်းတို့ကိုပြုလုပ်နိုင်မည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်အခက်အခဲ လုံးဝပပျောက်မသွားသည့်တိုင် အခိုက်အတန့် သက်သာစေမည်ဖြစ်သည်။

သင်သည် သွားလာလှုပ်ရှားနိုင်ပါက လမ်းလျှောက်ပေးပါ၊ ဈေးဝယ်ထွက်ပါ၊ ဥယျာဉ်စိုက်ပါ၊ ကားမောင်းထွက်ပါ၊ ဖြစ်နိုင်လျှင် အပန်းဖြေခရီးထွက်ပါ။ သင့်ရောဂါအခြေအနေကြောင့် ခရီးထွက်ဖို့လွယ်ကူမည်မဟုတ်သော်လည်း ကြိုတင်ပြင်ဆင်မှုများပြုလုပ်ပြီး ကြံဖန်တီထွင်ခြင်းအားဖြင့် အခက်အခဲများကို ကျော်လွှားနိုင်ပါလိမ့်မည်။ ဥပမာ၊ အစောပိုင်း၌ ဖော်ပြခဲ့သော လက်စ်နှင့် တီနက္ကာတို့သည် ပြည်ပသို့ ခရီးထွက်နိုင်ခဲ့ကြသည်။ “အစပိုင်းမှာတော့ အတော်လေးစိတ်ပူပင်စရာဖြစ်ခဲ့တယ်၊ ဒါပေမဲ့ ခရီးစဉ်တစ်လျှောက် တကယ်ပျော်ခဲ့တယ်” ဟုလက်စ်ကပြောပြသည်။ သင့်ရောဂါသည် သင့်ဘဝ၏တစ်စိတ်တစ်ပိုင်း အမှန်ဖြစ်ပေမည်၊ သို့သော် ယင်းက သင့်ဘဝတစ်ခုလုံးကို လွှမ်းမိုးစရာမလိုပါ။

ယုံကြည်ခြင်းမှ ခွန်အားရယူပါ။ စိုးရိမ်ဖွယ်အားအင်ချည့်နဲ့မှုတို့ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြသည့် ခရစ်ယာန်စစ်များက ယေဟောဝါဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်းအပြင် ခရစ်ယာန်အသင်းတော်နှင့် ပေါင်းသင်းခြင်းတို့မှ နှစ်သိမ့်မှုနှင့် ခွန်အားမပြတ်ရရှိခဲ့ကြောင်း ပြောဆိုကြသည်။ * ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်း၊ အနာဂတ်ကို တွေးတောဆင်ခြင်ခြင်းနှင့် ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ ခရစ်ယာန်စည်းဝေးများတက်ခြင်း၏ တန်ဖိုးနှင့်စပ်လျဉ်း၍ အချို့သူတို့၏ မှတ်ချက်များကို ဤတွင်ဖော်ပြထားသည်။

● “ရံဖန်ရံခါ ကျွန်တော်စိတ်ညှိုးငယ်နေတုန်းပဲ။ အဲဒီလိုဖြစ်လာတဲ့အခါ ယေဟောဝါထံဆုတောင်းတယ်၊ အဲ့ဒီအခါ ကိုယ်တော်ဟာ ကျွန်တော်လုပ်နိုင်ရာကို ရှေ့ဆက်လုပ်ကိုင်ဖို့ ကျွန်တော့်ရဲ့စိတ်ပိုင်းဖြတ်မှုကို အားသစ်လောင်းပေးတယ်။”—⁠ဆာလံ ၅၅:၂၂; လုကာ ၁၁:⁠၁၃

● “ကျမ်းစာဖတ်ရှုခြင်းနဲ့ ဖတ်ခဲ့တာတွေကို ဆင်ခြင်သုံးသပ်ခြင်းက စိတ်ငြိမ်သက်မှုရှိဖို့ ကျွန်တော့်ကိုအများကြီး ကူညီပေးခဲ့တယ်။”—⁠ဆာလံ ၆၃:၆; ၇၇:၁၁၊ ၁၂

● “အနာဂတ်မှာ စစ်မှန်တဲ့အသက်တာရှိပြီး ဒါကြောင့် ကျွန်မဟာ အမြဲမသန်မစွမ်းဖြစ်နေမှာ မဟုတ်ဘူးဆိုတာကို ကျမ်းစာလေ့လာမှုက သတိရစေတယ်။”—⁠ဟေရှာယ ၃၅:၅၊ ၆; ဗျာဒိတ် ၂၁:၃၊ ၄

● “ကျမ်းစာကတိထားတဲ့ အနာဂတ်ကို ယုံကြည်အားထားခြင်းက တစ်နေ့ပြီးတစ်နေ့ ဘဝအခက်အခဲများကို ကျော်လွှားနိုင်ဖို့ ခွန်အားပေးတယ်။”—⁠မဿဲ ၆:၃၃၊ ၃၄; ရောမ ၁၂:⁠၁၂

● ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ စည်းဝေးတက်နေခြင်းက ကျွန်မရဲ့ရောဂါကိုမဟုတ်ဘဲ အားတက်စေတဲ့အရာတွေကို အာရုံစူးစိုက်စေတယ်။”—⁠ဆာလံ ၂၆:၁၂; ၂၇:⁠၄

● “အသင်းတော်သားများနဲ့ ပေါင်းသင်းရတာ ကျွန်မအတွက်အားပေးမှု အများကြီးရရှိစေတယ်။”—⁠တမန်တော် ၂၈:⁠၁၅

ကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့အာမခံထားသည်– “ထာဝရဘုရားသည် ကောင်းတော်မူ၏။ အမှုရောက်သောအခါ ရဲတိုက်ဖြစ်တော်မူ၏။ ခိုလှုံသောသူတို့ကို သိမှတ်တော်မူ၏။” (နာဟုံ ၁:⁠၇) ယေဟောဝါဘုရားသခင်နှင့် ရင်းရင်းနှီးနှီးရှိပြီး ခရစ်ယာန်အသင်းတော်နှင့် ပေါင်းသင်းခြင်းသည် နှစ်သိမ့်မှုနှင့် ခွန်အားရှိစေသည်။—⁠ရောမ ၁:၁၁၊ ၁၂; ၂ ကောရိန္သု ၁:၃; ၄:⁠၇

အချိန်ယူပါ

စိုးရိမ်ရသောရောဂါ သို့မဟုတ် မသန်မစွမ်းနှင့် အောင်မြင်စွာအသက်ရှင်နေနိုင်ခြင်းသည် “နေ့ချင်းညချင်းဖြစ်ပေါ်လာသည်မဟုတ်ဘဲ အချိန်ကာလအတန်ကြာမှ ဖြစ်ပေါ်လာတတ်သည်” ဟုနာတာရှည်ရောဂါ၏အကျိုးဆက်များကို ကိုင်တွယ်ဖြေရှင်းတတ်ရန် ကူညီပေးသူ လူမှုရေးဝန်ထမ်းတစ်ဦးက ပြောသည်။ ထို့ကြောင့် အချိန်ယူပါဟု အခြားကျွမ်းကျင်သူတစ်ဦးက အကြံပြုသည်၊ အကြောင်းမှာ သင်သည် “လုံးလုံးလျားလျားအသစ်ဖြစ်သော အတတ်ပညာတစ်ခုဖြစ်သည့် စိုးရိမ်ဖွယ်ရောဂါဝေဒနာကို ကိုင်တွယ်ဖြေရှင်းနည်း” ကိုသင်ယူနေရသောကြောင့်ဖြစ်သည်။ အပြုသဘောထားရှိသည့်တိုင် သင့်ရောဂါပြင်းထန်သောနေ့ရက်များ သို့မဟုတ် သီတင်းပတ်များရှိနိုင်သည်ကို အသိအမှတ်ပြုပါ၊ ထိုအချိန်တွင် ရောဂါအခြေအနေကြောင့် သင်သည် နွမ်းနယ်အားလျော့ပေမည်။ သို့ရာတွင် အချိန်တန်သော် တိုးတက်လာသည်ကိုတွေ့ရှိရပေမည်။ အမျိုးသမီးတစ်ဦးအတွက် ထိုသို့ဖြစ်ခဲ့သည်၊ သူကဤသို့ပြောပြသည်– “ကင်ဆာအကြောင်း လုံးဝမတွေးမိဘဲ တစ်ရက်ကုန်လွန်သွားတာကို ကျွန်မသိလိုက်ရတဲ့အခါ အရမ်းပျော်ခဲ့တယ်။ . . . တစ်လောကဆိုရင် အဲလိုဖြစ်နိုင်မယ်လို့ ကျွန်မလုံးဝမထင်ခဲ့ဘူး။”

မှန်ပါသည်၊ အသင်သည် ကနဦးပိုင်း၏စိုးရိမ်မှုများကို ခံရပ်နိုင်ပြီးနောက် ပန်းတိုင်အသစ်များချမှတ်ခဲ့ပြီဆိုလျှင် နောက်ဆောင်းပါးက ဖော်ပြသည့်အတိုင်း အခြေအနေကို သင်ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်ခြင်းကို အံ့အားသင့်ပေမည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 17 ယေဟောဝါသက်သေများ ထုတ်ဝေသည်။

^ အပိုဒ်၊ 24 ဧည့်သည်များကို မည်သို့ဆက်ဆံရမည်နှင့်စပ်လျဉ်းသည့် အကြံပြုချက်များသည် သင့်အိမ်ထောင်ဖက်၊ သင့်ကလေးများ၊ သင့်ကိုပြုစုကြည့်ရှုသူတို့နှင့် ဆက်ဆံရာတွင်လည်း ပို၍ပင်သက်ဆိုင်ပေသည်။

^ အပိုဒ်၊ 28 စိတ်ဝင်စားဖွယ်ရာမှာ ဆေးဝါးသုတေသနပြုချက်များစွာက ယုံကြည်ခြင်းသည် ကျန်းမာရေးကို တိုးမြှင့်ပေးကြောင်း ဖော်ပြခဲ့ကြပြီ။ ဂျော့ခ်ျတောင်း ဆေးတက္ကသိုလ်မှ ပါမောက္ခ ဒေးလ် မက်သရူး အဆိုအရ “ယုံကြည်ခြင်းရှိခြင်းသည် တန်ဖိုးရှိကြောင်း ထင်ရှားခဲ့ပြီဖြစ်သည်။”

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သင့်ရောဂါအကြောင်း သိနားလည်လာခြင်းက ယင်းနှင့်အလိုက်သင့်နေထိုင်တတ်ရန် အကူအညီရနိုင်

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ဟယ်လင်သည် အခြားသူများ၏အကူအညီဖြင့် အားပေးစာများရေးသား

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

“ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခွင့်ရလို့ ကျွန်မပျော်တယ်”

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

“လေဖြတ်ထားပေမဲ့ ကျွန်တော်ထင်တာထက် လုပ်ကိုင်နိုင်တယ်ဆိုတာကို တွေ့ခဲ့ရတယ်။”—လက်စ်