မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အရွယ်ရလာသည်နှင့်အမျှ ဆက်၍သင်ယူခြင်း

ကွန်ပျူတာများနှင့် ဆက်သွယ်ရေးနည်းစနစ်များအစရှိသော လုပ်ငန်းခွင်နည်းပညာသစ်များကို သင်ယူရခြင်းသည် သက်ကြီးလုပ်သားအချို့အတွက် ဖိစီးမှုဖြစ်နိုင်သည်ဟု တိုရွန်တိုစတား သတင်းစာက ဖော်ပြသည်။ များသောအားဖြင့် သူတို့သင်ယူနေရသောအရာထက် မည်သို့မည်ပုံသင်ယူရမည့်ကိစ္စက ပြဿနာဖြစ်လေ့ရှိသည်ဟု လုပ်ငန်းခွင်ရေစီးကြောင်းအထူးကျွမ်းကျင်သူ အန်း အက်ဘ်အီးက ဆိုသည်။ “အရွယ်ရလာတာနဲ့အမျှ ကျွန်မတို့ရဲ့ကျောရိုးနဗ်ကြောလုပ်ဆောင်မှုတွေ နှေးကွေးသွားပေမဲ့ ဦးနှောက်ကတော့ ဖျတ်လတ်နေတုန်းပါ” ဟုအက်ခ်ဆီယံလေ့ကျင့်ရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးဥက္ကဋ္ဌ ယူလ်ယာကနေဒီက ရှင်းပြသည်။ အဓိပ္ပာယ်နားမလည်ဘဲ အထပ်ထပ်ဖတ်ရွတ်သင်ယူကြသော ကလေးများနှင့် ကွဲပြားလျက် “လူကြီးများမှာမူ မိမိတို့သိရှိပြီးသောအရာ (ဘဝအတွေ့အကြုံများ) နှင့်လောလောဆယ် သင်ယူခဲ့သည့်အရာတို့ကို ဆက်စပ်ယူဖို့လိုသည်” ဟုကနေဒီကဖော်ပြသည်။ သက်ကြီးလုပ်သားများအတွက် ရှုပ်ထွေးခက်ခဲသောအလုပ်များကို သင်ယူရန် အချိန်ပိုကြာမည်ဖြစ်သော်လည်း သူတို့တွင် သင်ယူနိုင်စွမ်းရှိနေဆဲပင်။ ဆန်းသစ်ခက်ခဲသောအလုပ်များကို သင်ယူရန် ကြိုးပမ်းလျက်ရှိကြသော သက်ကြီးလုပ်သားများအတွက် အောက်ပါအကြံပြုချက်များကို ကနေဒီကဖော်ပြသည်– ဖြစ်နိုင်မည်ဆိုလျှင် လေ့ကျင့်မှုအချိန်ကို နံနက်ပိုင်း၌ စီစဉ်ပါ၊ အသေးစိတ်အချက်အလက်များထက် သဘောတရားများကို ကျွမ်းကျင်ပိုင်နိုင်ရန် ကြိုးစားပါ၊ အခြားသူများနှင့် သင့်ကိုယ်ကို မနှိုင်းယှဉ်ပါနှင့်။

လျှပ်စစ်သူခိုးများ

အမေရိကန်ပြည်ထောင်စုတစ်ဝန်းလုံးရှိ ဝန်ဆောင်လုပ်ငန်းကုမ္ပဏီများသည် ဖြစ်ပေါ်နေသောလျှပ်စစ်ခိုးသုံးမှုပြဿနာတစ်ရပ်ကို စတင်တားဆီးလျက်ရှိသည်။ လွန်ခဲ့သောနှစ်များက လျှပ်စစ်ခနှုန်း နည်းပုံရသော်လည်း မကြာသေးမီနှစ်များက လျှပ်စစ်ခိုးသုံးမှု များပြားလာသည့်အတွက် လျှပ်စစ်ခနှုန်း ထိုးတက်သွားရသည်ဟု သည်ဝေါလ်စထရစ်ဂျာနယ် ဖော်ပြခဲ့၏။ ဥပမာ၊ ၁၉၉၉ ခုနှစ်တွင် လျှပ်စစ်သူခိုးများကြောင့် ဒေါ်လာသန်း ၄၀ ဆုံးရှုံးခဲ့ရသည်ဟု ဒက်ထရွိုက်အက်ဒီဆင်ကုမ္ပဏီက ခန့်မှန်းဖော်ပြသည်။ အန္တရာယ်ကိုသတိမမူကြသော သူခိုးများသည် လျှပ်စစ်ဖြတ်နန်းကြိုးတိုများ၊ အိမ်သုံးလိုင်းခွဲကြိုးများနှင့် ကြေးနီပိုက်လိုင်းစသည့် မလုံခြုံသောကိရိယာများကို အသုံးပြုကြကြောင်း သိရှိရသည်။ အခြားသူများမူ မြေတွင်းတူးကာ လျှပ်စစ်ကုမ္ပဏီတစ်ခု၏ မြေအောက်လိုင်းခွဲများကို ကြားဖြတ်ခိုးသွယ်ကြသည်။

ဖြစ်ကတတ်ဆန်းအဝတ်အစားများ —⁠ဖြစ်ကတတ်ဆန်းလုပ်ဆောင်စေမည်လော

ဩစတြေးလျတစ်နိုင်ငံလုံး လေ့လာသုံးသပ်ချက်အရ လုပ်ငန်းခွင်တွင် ဖြစ်ကတတ်ဆန်းဝတ်ဆင်ခြင်းသည် ပျင်းရိလေးတွဲစေသည်ဟု ရုံးလုပ်သားအချို့က ယူဆကြကြောင်း ဆန်းဒေးတယ်လီဂရပ်ဖ် ကဖော်ပြသည်။ ဩစတြေးလျသတင်းအချက်အလက် နည်းပညာကုမ္ပဏီများတွင် အလုပ်လုပ်နေကြသူ ၄၂ ရာခိုင်နှုန်းနီးပါးသည် ယခုအခါ တစ်ချိန်လုံး ဖြစ်ကတတ်ဆန်းဝတ်ဆင်လျက်ရှိကြပြီး ဩစတြေးလျကုမ္ပဏီများ၏ ၄၀ ရာခိုင်နှုန်းတွင် “ဖြစ်ကတတ်ဆန်း သောကြာနေ့များ” ရှိကြ၍ အလုပ်သမားများသည် ထိုနေ့တွင် ဖြစ်ကတတ်ဆန်းဝတ်ဆင်လိုလျှင် ဝတ်ဆင်နိုင်ပေသည်။ အလုပ်ခွင်သို့ ဖြစ်ကတတ်ဆန်းဝတ်ဆင်သွားခြင်းသည် အလုပ်သမားများကြား၌ ရေပန်းစားနေသော်လည်း စစ်ဆေးမေးမြန်းထားသော အလုပ်ရှင် ၁၇ ရာခိုင်နှုန်း၏အဆိုအရ ဖြစ်ကတတ်ဆန်းအဝတ်အစားများသည် အလုပ်သမားများ၏လုပ်ဆောင်မှုကို ထိခိုက်စေသည်ဟုယူဆကြသည်။ ဤအဆိုသည် ဖြစ်ကတတ်ဆန်းအဝတ်အစားများက ကုန်ထုတ်လုပ်မှုကို လုံးလုံးလျားလျားထိခိုက်စေသည်ဟုဆိုကြသော အလုပ်သမားအမျိုးသမီး ၂၁ ရာခိုင်နှုန်းနှင့် အမျိုးသား ၁၈ ရာခိုင်နှုန်းတို့၏ ထင်မြင်ယူဆချက်နှင့် အလွန်ဆင်တူ၏။

ကမ္ဘာ့ရေနံ နောက်ဆုံးတွေ့ ရှိချက်

“အမေရိကန်ဘူမိဗေဒဆိုင်ရာသုတေသန [ယူအက်စ်ဂျီအက်စ်] အဖွဲ့က ငါးနှစ်တာလေ့လာမှုပြုပြီးနောက် ယခင်ခန့်မှန်းခြေ ကမ္ဘာ့ရေနံစိမ်းမြေ ၂၀ ရာခိုင်နှုန်းတွင် စုစုပေါင်းစည် ၆၄၉ ဘီလီယံကို တူးဖော်ခဲ့ကြောင်း” အမေရိကန်သိပ္ပံမဂ္ဂဇင်းက ဖော်ပြသည်။ “နောင်အနာဂတ်အတွက် အသေအချာလေ့လာပြီး နောက်အနှစ် ၃၀ မှာတွေ့ရှိမယ့် [ရေနံ] ပမာဏကို ကြိုတင်တွက်ချက်ခဲ့ကြတယ်” ဟု ၂၀၀၀ ပြည့်နှစ် ယူအက်စ်ဂျီအက်စ် ကမ္ဘာ့ရေနံစည်းကြပ်ရေး ညှိနှိုင်းရေးမှူး ဆူဇာန် ဝီဒ်မဲန်ကဆို၏။ ရေနံမြေအသစ်များကိုတွေ့ရှိသည့်အပြင် တူးဖော်ခြင်းနည်းပညာ တိုးတက်လာခြင်းက ရေနံကုမ္ပဏီများအား “ရှိနေသောရေနံမြေများမှ ရေနံပိုထုတ်လုပ်နိုင်စေခြင်းဖြင့်” ကမ္ဘာ့ရေနံထပ်ဆင့်တိုးများလာစေသည် ဟုထိုမဂ္ဂဇင်းကဆို၏။

သတိမပြုကြ၍လော

သွေ့ခြောက်နေသည့် အမျိုးသားတစ်ဦး၏အလောင်းကို ဖင်လန်နိုင်ငံ၊ ဟဲလ်စင်ကီမြို့ရှိ တိုက်ခန်းတစ်ခန်းတွင် များမကြာမီက တွေ့ရှိခဲ့ကြသည်။ မီးလှန့်ခေါင်းလောင်းတပ်ဆင်ရန် တိုက်ခန်းထဲသို့ဝင်လာသော ပြုပြင်ထိန်းသိမ်းရေးသမားတစ်ဦးသည် စာတစ်ပုံတစ်ခေါင်းကြီးကိုရော အပုပ်နံ့ကိုပါ သတိထားမိသည်။ ဖုန်းဆက်လိုက်ခြင်းကြောင့် ရောက်လာသော ရဲသားသည် ထိုနေရာတွင် တစ်ဦးတည်းနေထိုင်သည့် ၅၅ နှစ်အရွယ် အငြိမ်းစားသမား သေဆုံးနေသည်မှာ ခြောက်နှစ်ကျော်ရှိနေသည်ကို တွေ့ရှိခဲ့သည်။ ဟဲလ်စင်ဂင် ဆာနိုမာန်သတင်းစာ၏ဖော်ပြချက်အရ ထိုအချိန်အတောအတွင်း လူမှုဖူလုံရေးအာမခံအသင်းက သူ၏ပင်စင်လစာကိုပေးနေပြီး သက်သာချောင်ချိရေးရုံးက သူ၏အိမ်ငှားခပေးချေနေသော်လည်း သူနှင့် မည်သူမျှမတွေ့ဖြစ်ခဲ့ကြချေ။ ထိုမြို့တော်အတွင်း နေထိုင်ကြသော သူ၏အရွယ်ရောက်သားသမီးများကလည်း သူ့ကို သတိမမူခဲ့ကြချေ။ “လူ့ဘောင်အဖွဲ့အစည်းအလယ်—⁠ကန္တာရကျွန်းမဟုတ်ဘဲ မြို့လယ်ခေါင်—⁠မှာနေတဲ့ဒီလူကို ဘယ်မှာနေသလဲ၊ ဘာတွေဖြစ်နေသလဲဆိုတာ ဘယ်သူမှ သတိတရနဲ့ သိချင်စိတ်မရှိကြတာ ခြောက်နှစ်ရှိပြီ” ဟု ဟဲလ်စင်ကီမြို့က လူမှုဝန်ထမ်းလုပ်ငန်းဌာနမှ ဒါရိုက်တာမစ္စစ်အွတ်လီခ်ကီ ကာနာနွတ်ယာက ဖော်ပြခဲ့သည်။

ဆေးလိပ်သောက်ခြင်း ယုံတမ်းစကား၏ သရုပ်မှန်ဖော်ထုတ်

“ဆေးလိပ်သောက်သူများသည် အသေစောကြသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် အခြားသူများထက် စရိတ်စကနည်းစေသည်ဟု ငွေကြေးအရအငြင်းပွားခြင်းသည်မှား၏” ဟူ၍ ကနေဒါနိုင်ငံ၊ ကမ္ဘာလုံးနှင့်ချောစာ သတင်းစာက ဖော်ပြသည်။ ဒတ်ခ်ျနိုင်ငံသားနှင့် အမေရိကန်နိုင်ငံသား ၁၃,၀၀၀ ခန့်၏ ကျန်းမာရေးအခြေအနေကို လေ့လာခဲ့ကြသော ဒတ်ခ်ျသုတေသီများသည် ဆေးလိပ်မသောက်သူများသည် ဆေးလိပ်သောက်သူများထက် မသန်မစွမ်းဖြစ်ခဲသည်ကို တွေ့ရှိကြသည်။ ရော့တာဒမ် အီရက်စ်မပ်စ် တက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာဗဲလ်မာ နွတ်စ်အယ်လ်ဒါက ဤသို့ရေးသည်– “ဆေးလိပ်ဖြတ်ခြင်းသည် အသက်ရှည်စေသည်၊ မသန်မစွမ်းမဖြစ်ဘဲ နှစ်အတော်ကြာကြာ အသက်ရှည်စေရုံမက မသန်မစွမ်းဘဝသက်တမ်းကို တိုစေပါလိမ့်မည်။” ကမ္ဘာလုံးသတင်းအရ “ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်သောက်သူ ၁.၁၅ ဘီလီယံခန့်ရှိရာ ဤကမ္ဘာဂြိုဟ်ရှိ အရွယ်ရောက်သူဦးရေ၏ သုံးပုံတစ်ပုံဖြစ်သည်။ ဆေးလိပ်သောက်သူများ၏ ၉၄၃ သန်းနီးပါးသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ကြ၏။”

လိင်ဆိုင်ရာကူးစက်ရောဂါများနှင့် ကလေးများ

“၁၁ နှစ်အရွယ်ကလေးများသည် လိင်ဆိုင်ရာကူးစက်ရောဂါများအတွက် ကုသမှုခံယူလျက်ရှိကြသည်” ဟုလန်ဒန်သည်တိုင်းမ်စ်က ဖော်ပြ၏။ အင်္ဂလိပ်မြို့တစ်မြို့တွင် တစ်နိုင်ငံလုံး၏ပျမ်းမျှလူဦးရေနှစ်ဆ၌ ဂနိုရောဂါရှိကြပြီး ၎င်းမြို့ရှိ ဆယ်ကျော်သက်မိန်းကလေး ၈ ဦးထဲမှ ၁ ဦးတွင် ကလာမိုင်ဒီယာရောဂါရှိကြသည်။ အင်္ဂလန်နိုင်ငံတွင် ကလာမိုင်ဒီယာရောဂါကူးစက်ခြင်းသည် ၁၉၉၅ ခုနှစ်ကတည်းက နှစ်ဆနီးပါးရှိပြီး လွန်ခဲ့သောနှစ်တစ်နှစ်တည်း၌ပင် ဆယ်ကျော်သက်များအကြား ငါးပုံတစ်ပုံအထိ တိုးများလာခဲ့၏။ ငါးနှစ်အတွင်း နိုင်ငံတစ်ဝန်း၌ ဖြစ်ပွားခဲ့သော ဂနိုရောဂါ ၅၆ ရာခိုင်နှုန်းသည် အများအားဖြင့် ဆယ်ကျော်သက်များကိုကူးစက်ခဲ့သည်။

ဦးခေါင်းသုံးခြင်း

ဘရာဇီး ဆဗားနားမြက်ခင်းပြင်ရှိ ဘလက်ပ်ဟာရီဒေးတာ ကိုနော့ပ်စ် မျိုးစိတ်များမှ ပုရွက်ဆိတ်ဘုရင်မများတွင် ဦးခေါင်းပြားကြီးရှိ၏။ ဘရာဇီး နေရှင်နယ်လ် ဂျီအိုဂရဲဖစ် စာအုပ်အဆိုအရ ယင်းပုရွက်ဆိတ်များသည် ဥများ၊ ပိုးလောင်းများနှင့် ပိုးတုံးလုံးများရှိသော အခန်းအဝင်ဝကို ဤထူးခြားသည့်ခေါင်းအတက်အလက်ဖြင့် ကာပေးထားပြီး သားစားအကောင်များ၏ရန်မှလည်း ကာကွယ်ပေးသည်။ ဘုရင်မ၏အခန်းနံရံများကို လုပ်သားပုရွက်ဆိတ်များက စုဆောင်းပေးထားသော အင်းဆက်ပိုးများ၏ကိုယ်ခန္ဓာအစိတ်အပိုင်းများဖြင့် ပြုလုပ်ထားသည်။ လုပ်သားပုရွက်ဆိတ်များသည် အဆိုပါကိုယ်ခန္ဓာအစိတ်အပိုင်းများမှ ကိုယ်အရည်များကို ထုတ်ယူ၍ ၎င်းတို့၏ကြွက်သားများကို အသေအချာဖယ်ထုတ်ပြီးနောက် ပုရွက်ဆိတ်ဘုရင်မ၏ပတ်လည်တွင်ပိတ်ဆို့ကာ ဘုရင်မ၏ဦးခေါင်းအရွယ်အပေါက်တစ်ပေါက်ကို အတိအကျချန်ထားကြသည်။ လုပ်သားပုရွက်ဆိတ်များသည် ဘုရင်မ၏ဦးခေါင်းကို အချက်ပြတို့လိုက်ခြင်းဖြင့် ဤအထူးခန်းထဲသို့ ဝင်ခွင့်ရရှိသွားသည်။

မိုဇမ်ဘစ် ရေလွှမ်းမိုးမှုအပျက်အစီး

လွန်ခဲ့သောနှစ်နှစ် ဤလတွင်ပင် မိုဇမ်ဘစ်၌ ရေလွှမ်းမိုးသောအခါ သန်းတစ်ဝက်ကျော်လူတို့သည် အိုးမဲ့အိမ်မဲ့ဖြစ်ကာ တိုင်းပြည်၏ပြောင်းခင်းသုံးပုံတစ်ပုံခန့် ပျက်စီးသွားပြီး နွား ၂၀,၀၀၀ ကျော်ရေနစ်သေဆုံးခဲ့ရ၏။ နိုင်ငံသားတို့သည် ၁၉၄၈ ခုနှစ်မတိုင်မီကတည်းက အဆိုးရွားဆုံးရေလွှမ်းမိုးမှုဟုခေါ်သည့် ဤရေလွှမ်းမိုးမှုမှ ပြန်ထူထောင်စဉ်အတွင်း မည်သို့နှင့် အဘယ်ကြောင့် ဖြစ်ပျက်ရကြောင်းကို လူအများက မေးမြန်းခဲ့ကြသည်။ မြို့ကြီးပြကြီးများထွန်းကားလာခြင်း၊ မြက်ခင်းပြင်များကို ထွန်ယက်စိုက်ပျိုးခြင်းနှင့် မိုဇမ်ဘစ်၏မြစ်ညာဘက်ရှိ အိမ်နီးချင်းနိုင်ငံများ၌ သစ်တောပြုန်းတီးမှုတို့ကြောင့် နိုင်ငံ၏မြက်ခင်းပြင်များနှင့် စွတ်စိုသောမြေများ၏ ရေစုပ်ယူမည့် သဘာဝစွမ်းအင်ပျက်စီးသွားသည်ဟု အာဖရိကတောရိုင်းတိရစ္ဆာန်များ ဂျာနယ်ကဆို၏။ သို့ဖြင့် သဲကြီးမဲကြီးမိုးရွာသွန်းလိုက်သောအခါ နောက်ဆုံး၌ အရှိန်အဟုန်ကြီးမားစွာ ရေလွှမ်းမိုးလေတော့၏။ တောင်အာဖရိကစွတ်စိုမြေစီမံချက် ညှိနှိုင်းရေးမှူး ဒေးဗစ် လင်လီက ဤသို့ဆိုသည်– “ကိုယ့်ကိုယ်ကိုအထင်ကြီးလွန်းပြီး ကြိုတင်သိမြင်နိုင်စွမ်းမရှိသည့် လူသားများ၏လုပ်ရပ်များကြောင့် မပျက်မယွင်းတည်ရှိသည့် စွတ်စိုသောမြေများ ပျက်စီးသွား၍ မြစ်ကြောင်းများ ကမောက်ကမဖြစ်ခဲ့ရသည်။”

နွားများနှင့် ဖန်လုံအိမ်ဓာတ်ငွေ့

ကမ္ဘာကြီးပူနွေးလာရခြင်းမှာ မီသိန်းဓာတ်ငွေ့သည် ကာဗွန်ဒိုင်အောက်ဆိုဒ်ထက် အာနိသင်အဆ ၂၀ ပိုများနေသောကြောင့်ဖြစ်သည်ဟုဆို၏။ ကမ္ဘာအနှံ့တွင် နွား၊ သိုးနှင့် ဆိတ်ကောင်ရေ နှစ်ဘီလီယံခန့်သည် မီသိန်းဓာတ်ငွေ့တန်ချိန်သန်း ၁၀၀ ကိုနှစ်စဉ်ထုတ်လွှတ်နေသည်ဟု ခန့်မှန်းကြသည်။ ကန်ဘဲရာတိုင်းမ်စ်သတင်း၏အဆိုအရ ခြံမွေးတိရစ္ဆာန်များသည် ဩစတြေးလျနိုင်ငံတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ၁၃ ရာခိုင်နှုန်းကို ထုတ်လွှတ်ပြီး နယူးဇီလန်နိုင်ငံတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ၄၆ ရာခိုင်နှုန်းခန့်ကို ထုတ်လွှတ်လျက်ရှိသည်။ စားမြုံ့ပြန်တတ်သော တိရစ္ဆာန်တစ်ကောင်၏အစာအိမ်မှ အဏုဇီဝရုပ်များသည် အစာကိုခြေဖျက်ပြီး ၎င်း၏ပါးစပ်မှတစ်ဆင့် မီသိန်းဓာတ်ငွေ့ကို ထုတ်လွှတ်၏။ ကမ္ဘာကြီး၏ပူနွေးလာမှုတွင် တိရစ္ဆာန်များ၏ပါဝင်မှု လျော့နည်းသွားစေရန် ကြိုးစားအားထုတ်ရာ၌ ယခု သိပ္ပံပညာရှင်များက တိရစ္ဆာန်များ၏ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနေစဉ် တစ်ကောင်ချင်း၏ နို့ထုတ်လုပ်မှုတိုးများစေသည့် နည်းလမ်းများကို စမ်းသပ်လျက်ရှိကြသည်။