မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်က ကျွန်ုပ်တို့၏ဟောပြောခြင်းကို မရပ်တန့်စေခဲ့

စစ်က ကျွန်ုပ်တို့၏ဟောပြောခြင်းကို မရပ်တန့်စေခဲ့

စစ်က ကျွန်ုပ်တို့၏ဟောပြောခြင်းကို မရပ်တန့်စေခဲ့

လီယိုဒါဂါးရီယို ဘားလန်း ပြောပြသည်

၁၉၄၂ ခုနှစ်၊ ဒုတိယကမ္ဘာစစ်ကာလမှာ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ကျွန်တော့်ဇာတိမြေဖြစ်တဲ့ ဖိလစ်ပိုင်မှာ တိုက်ပွဲဖြစ်ခဲ့ကြတယ်။ ကျွန်တော်ကတော့ တာဘိုနန်တောင်ပေါ်ရွာလေးမှာ ဂျပန်တွေကို တော်လှန်တိုက်ခိုက်တဲ့ ဒေသခံပြောက်ကျားတွေရဲ့ ဖမ်းချုပ်မှုကိုခံရတယ်။ အရိုက်ခံရ၊ သူလျှိုအဖြစ်စွပ်စွဲခံရနဲ့ သတ်မယ်တကဲကဲ ခြိမ်းခြောက်ခံရတယ်။ ဘယ်လိုနည်းနဲ့ ဒီလိုအခြေအနေမျိုးရောက်သွားသလဲ၊ ဘယ်လိုလွတ်မြောက်ခဲ့သလဲဆိုတာကို ရှင်းပြပါရစေ။

၁၉၁၄ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်နေ့မှာ ပန်ဂါစီနန်ပြည်နယ်၊ ဆန်ကာလို့စ်မြို့မှာ ကျွန်တော့်ကိုမွေးဖွားခဲ့တယ်။ ၁၉၃၀ ပြည့်လွန်နှစ်မှာ အဖေက ကျွန်တော့်ကို စိုက်ပျိုးရေးကျောင်းတက်ခိုင်းပါတယ်။ တနင်္ဂနွေနေ့တွေမှာ မားစ်ပွဲတက်ရောက်ခဲ့ပြီး [ခရစ်ယာန်] ဘုန်းတော်ကြီးက ခရစ်ဝင်ကျမ်းတွေ—⁠မဿဲ၊ မာကု၊ လုကာနဲ့ ယောဟန်—⁠အကြောင်း ဟောတယ်။ ဒီလိုနဲ့ အဲဒီကျမ်းတွေကို ကျွန်တော်ဖတ်ချင်ခဲ့တယ်။

တစ်နေ့တော့ ဟင်းသီးဟင်းရွက်တွေရောင်းလို့ရတဲ့ငွေနဲ့ ခရစ်ဝင်ကျမ်းတစ်အုပ်ဝယ်ဖို့ [ခရစ်ယာန်] သီလရှင်ကျောင်းကိုသွားခဲ့တယ်။ ခရစ်ဝင်ကျမ်းမရဘဲ ကောင်းကင်သွားရာလမ်း ဆိုတဲ့စာအုပ်ငယ်တစ်အုပ်ပဲ ကျွန်တော်ရခဲ့တယ်၊ အဲဒီမှာ ခရစ်ဝင်ကျမ်းတွေမပါဘူး။ ကျွန်တော်စိတ်ပျက်သွားတယ်။ နောက်ပိုင်း ခရစ်ဝင်ကျမ်းတွေရချင်တဲ့ဆန္ဒကြောင့် မနီလာမြို့ကို ထွက်လာခဲ့တယ်။ အဲဒီမြို့မှာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ဦးလေးက ကျမ်းစာတစ်အုပ်လုံးကို ပေးခဲ့တယ်။

မနီလာမြို့မှာ ကျွန်တော့်ကိုစိတ်စွဲမှတ်စေလောက်အောင် ကျမ်းစာကိုးကားနိုင်စွမ်းရှိကြတဲ့ သက်သေခံအတော်များများနဲ့ ကျွန်တော်တွေ့ဆုံခဲ့တယ်။ သူတို့ဆီကနေ မေးခွန်းများစွာအတွက် အားရစရာကောင်းတဲ့အဖြေတွေ ရရှိခဲ့တယ်။ နောက်တော့ ကျွန်တော့်ဦးလေး ရီဂါဒို ယူဆန်က ယေဟောဝါသက်သေတွေရဲ့ဌာနခွဲရုံးမှာကျင်းပတဲ့ အစည်းအဝေးတစ်ခုကို ခေါ်သွားတယ်။ အဲဒီနေရာနားရောက်တော့ ကျွန်တော်စီးကရက်မီးညှိလိုက်တယ်။ ကျွန်တော့်ဦးလေးက “လွှင့်ပစ်လိုက်ပါ၊ ယေဟောဝါသက်သေတွေ ဆေးလိပ်မသောက်ကြဘူး” ဆိုပြီးပြောတယ်။ ဒါနဲ့ ကျွန်တော်စီးကရက်ကို လွှင့်ပစ်လိုက်ပြီး နောက်ထပ်လုံးဝမသောက်တော့ဘူး။ ဌာနခွဲကြီးကြပ်မှူး ဂျိုးဇက် ဒေါ့စ် ဆန်တိုစ်အပြင် တခြားသက်သေခံတွေနဲ့ တွေ့ဆုံခဲ့တယ်။ ဒီနေ့ ဆယ်စုနှစ်အတော်များများကုန်လွန်သွားခဲ့ပြီဖြစ်ပေမဲ့ အဲဒီခရစ်ယာန်ညီအစ်ကိုမွန်တွေကို ကျွန်တော်အမှတ်ရနေတုန်းပဲ။

ဘုရားသခင့်အမှု ဆောင်လိုသည့်ဆန္ဒ

၁၉၃၇ ခုနှစ်၊ အောက်တိုဘာမှာ လိုစ်ဘာယိုစ်စိုက်ပျိုးရေးကောလိပ်က ကျောင်းသားတစ်ယောက်ဖြစ်နေချိန်မှာ မားစ်ပွဲကို ကျွန်တော်မတက်တော့ဘူး။ မားစ်ပွဲတက်မယ့်အစား ကျမ်းစာနဲ့ ကျွန်တော့်ဦးလေးပေးတဲ့စာအုပ်တွေပဲ ဖတ်လိုက်တယ်။ ယေဟောဝါသက်သေအုပ်စုတစ်စုဟာ ကောလိပ်ဝင်းထဲကို လာလည်ပတ်ခဲ့ကြလို့ သူတို့ထဲကတစ်ယောက်ဖြစ်တဲ့ အယ်လ်ဗိုင်ရာ အာလင်ဆော့ဒ်နဲ့ဆွေးနွေးခဲ့ရာကနေ ယေဟောဝါဘုရားသခင့်အမှုဆောင်လိုတဲ့ဆန္ဒဟာ ပြင်းပြလာခဲ့တယ်။

ကျောင်းထွက်တော့မယ့်အကြောင်း ဆရာတွေကိုပြောပြတဲ့အခါ သူတို့က ဒီလိုမေးကြတယ်– “ခင်ဗျားကို ဘယ်သူထောက်ပံ့မလဲ။” ဘုရားသခင့်အမှုတော်ကို ကျွန်တော်ဆောင်ရင် ကျွန်တော့်ကို ကိုယ်တော်ထောက်ပံ့လိမ့်မယ်ဆိုတဲ့ ကျွန်တော့်ရဲ့ယုံကြည်စိတ်ချမှုကို ရှင်းပြခဲ့တယ်။ ကျောင်းထွက်လိုက်တာနဲ့ ကင်းမျှော်စင်အသင်းရဲ့ရုံးကိုသွားခဲ့တယ်၊ စေတနာ့ဝန်ထမ်းတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုမိတ်ဆက်ပြီး ဒီလိုရှင်းပြခဲ့ပါတယ်– “သစ္စာစောင့်သိမှု၊ ချမ်းသာကြွယ်ဝမှုနဲ့ သေလွန်သူများ အဘယ်နေရာ၌ရှိကြသနည်း ဆိုတဲ့စာအုပ်တွေကို ကျွန်တော်ဖတ်ခဲ့ပြီးပြီ။ အခု ယေဟောဝါရဲ့အမှုတော်ကို အချိန်ပြည့်ထမ်းဆောင်ချင်တယ်။” စီဘူဒေသကိုသွားပြီး ယေဟောဝါသက်သေတွေရဲ့ အချိန်ပြည့်ဓမ္မအမှုဆောင်တွေလို့ခေါ်ကြတဲ့ ရှေ့ဆောင်သုံးယောက်နဲ့လက်တွဲဖို့ ညွှန်ကြားခံရတယ်။

ဟောပြောခြင်းလုပ်ငန်းစတင်ခြင်း

၁၉၃၈ ခုနှစ်၊ ဇူလိုင် ၁၅ ရက်မှာ စီဘူကျွန်းကို ကျွန်တော်ရောက်တာနဲ့ သင်္ဘောဆိပ်ခံတံတားမှာ ဆာလ်ဗေဒေါ လီဝေ့ဂ်က လာကြိုခဲ့တယ်။ နောက်တစ်နေ့မှာပဲ တစ်အိမ်တက်ဆင်းဓမ္မအမှုမှာ ကျွန်တော်စပါဝင်ခဲ့တယ်။ ကျွန်တော့်ကို ဘယ်သူမှ မလေ့ကျင့်ပေးဘူး။ ကျွန်တော်တို့ရဲ့လုပ်ငန်းကိုရှင်းပြတဲ့ သက်သေခံကတ်ပြားတစ်ခုနဲ့ အိမ်ရှင်ကိုတင်ဆက်လိုက်ရုံပါပဲ။ တကယ်ဆိုရင် ဒေသခံစီဘွာနိုစကားဆိုလို့ နှစ်လုံးပဲတတ်တာ။ အဲဒီလိုနဲ့ပဲ ဓမ္မအမှုမှာ ကျွန်တော့်ရဲ့ပထမနေ့ကို အစပြုခဲ့တယ်။

မြို့သစ်တစ်မြို့မှာ ကျွန်တော်တို့စသက်သေခံတဲ့အခါ စည်ပင်သာယာရေးအဆောက်အဦကို အရင်ဦးဆုံးသွားရတာ ကျွန်တော်တို့ရဲ့ထုံးစံတစ်ခုဖြစ်ခဲ့တယ်။ အဲဒီမှာ ညီအစ်ကို လီဝေ့ဂ်က မြို့တော်ဝန်ကို သက်သေခံမယ်၊ ပက်ဘလို ဘော်တီစတာက ရဲမှူးကိုသက်သေခံမယ်; ကွန်ရာဒို ဒက်ကလန်က တရားသူကြီးကို သက်သေခံမယ်။ ကျွန်တော်ကတော့ စာတိုက်မှူးကိုဟောရမယ်လေ။ ပြီးတာနဲ့ ဘတ်စကားဂိတ်ဆုံး၊ ရဲတန်းလျားတွေ၊ စတိုးဆိုင်တွေနဲ့ ကျောင်းတွေကို ကျွန်တော်တို့သွားကြရမယ်။ ဒီအပြင် အိမ်တွေမှာရှိတဲ့လူတွေဆီ သွားရောက်လည်ပတ်ရပါတယ်။ ကျမ်းစာလေ့လာမှုအထောက်အကူဖြစ်တဲ့ ရန်သူများဆိုတဲ့စာအုပ်ကို ကျွန်တော်တို့တင်ဆက်ခဲ့ကြတယ်။ ကျွန်တော့်အဖော်တွေရဲ့ သက်သေခံနည်းကို လိုက်တုရင်းနဲ့ စီဘွာနိုစကားကို တဖြည်းဖြည်းပြောတတ်လာပြီး စာအုပ်တွေကို စတင်ဝေငှခဲ့တယ်။ သုံးလအတွင်း စီဘူဒေသတစ်ခုလုံး—⁠၅၄ မြို့—⁠ကို ကျွန်တော်တို့ပြီးခဲ့ကြတယ်။ ဒါနဲ့ ညီအစ်ကို လီဝေ့ဂ်ကို “ကျွန်တော်နှစ်ခြင်းခံလို့ရပြီလား” ဆိုပြီးမေးခဲ့တယ်။

“မရသေးဘူး ညီအစ်ကို” လို့ပဲသူဖြေခဲ့ပါတယ်။ အဲဒါနဲ့ နောက်ကျွန်းတစ်ကျွန်းဖြစ်တဲ့ ဘိုဟိုလ်ကျွန်းကို ကျွန်တော်တို့ပြောင်းခဲ့ကြပြီး တစ်လခွဲအကြာမှာ နောက်ထပ် ၃၆ မြို့ကိုပြီးအောင်ဟောပြောခဲ့ကြတယ်။ နှစ်ခြင်းခံလို့ရပြီလားလို့ ထပ်မေးတော့ “မရသေးဘူး၊ ညီအစ်ကိုဘားလန်း” ဆိုပြီးပြန်ပြောပါတယ်။ ဒီလိုနဲ့ ဘိုဟိုလ်ကျွန်းနဲ့ ကာမီဂူအင်ကျွန်းပြီးသွားတော့ မင်ဒါနောကျွန်းကြီးဆီကိုသွားပြီး ကာဂါယန် ဒီ အိုရိုမြို့မှာ ဟောပြောခဲ့ကြတယ်။

ဒီအချိန်မှာတော့ ဗာဂျီနီယို ခရပ်ဇ်က ကျွန်တော်တို့အုပ်စုနဲ့ ပါဝင်လက်တွဲခဲ့တယ်။ သူဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ခဲ့ပြီး ရှေ့ဆောင်လုပ်ဖို့ အလုပ်ထွက်ခဲ့တယ်။ တစ်မြို့ပြီးတစ်မြို့ပြောင်းခဲ့ကြပြီး နောက်ဆုံးမှာတော့ လာနောရေကန်အထိ ရောက်ခဲ့ကြတယ်။ အဲဒီကိုရောက်တော့ ကျွန်တော်နှစ်ခြင်းခံလို့ရပြီလားဆိုပြီး ထပ်မေးကြည့်တယ်။ နောက်ဆုံးမှာတော့ ရှေ့ဆောင်လုပ်ပြီး ခြောက်လလောက်အကြာ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ လမ်ဘာတန်မြို့က လာနောရေကန်မှာ ညီအစ်ကိုခရပ်စ်က ကျွန်တော့်ကိုနှစ်ခြင်းပေးခဲ့တယ်။

ဘုရားသခင်၌ ယုံကြည်ကိုးစားခြင်းအတွက်ဆုလာဘ်

နောက်ပိုင်းမှာ နီဂရို အိုစီဒဲန်တာလ်မှာရှိတဲ့ ရှေ့ဆောင်သုံးယောက်နဲ့ ကျွန်တော်လက်တွဲခဲ့တယ်။ အဲဒီသုံးယောက်ကတော့ ဖူလ်ဂျင်စီယို ဒီ ဂျီးဆပ်စ်၊ အက်စ်ပီရန်ဇာ ဒီ ဂျီးဆပ်စ်နှင့် နာတီလို့ ကျွန်တော်တို့ခေါ်တဲ့ နာတီဗီဒဒ် ဆန်တိုစ်တို့ဖြစ်ကြတယ်။ အဲဒီဒေသက မြို့များစွာမှာ ကျွန်တော်တို့အတူတကွဟောပြောခဲ့ကြတယ်။ တစ်ခါတလေ ကျွန်တော်တို့ဟာ ငွေရေးကြေးရေးအခက်အခဲကြုံလေ့ရှိတဲ့အတွက် ယေဟောဝါကို တကယ်ပဲအပြည့်အဝ ယုံကြည်ကိုးစားခဲ့ကြပါတယ်။ တစ်ခါတုန်းက ကျွန်တော်တို့ငါးဟင်းစားချင်တာနဲ့ လိုက်ရှာခဲ့တယ်။ ကမ်းခြေမှာ လူတစ်ယောက်ကိုတွေ့တာနဲ့ ငါးနည်းနည်းဝယ်ချင်တယ်လို့ပြောတော့ သူ့ငါးတွေအားလုံး ဈေးကိုပို့လိုက်ပြီလို့ပြောပါတယ်။ ဒါပေမဲ့ သူ့အတွက်သိမ်းထားတဲ့ ငါးတစ်ကောင်ကိုပေးလိုက်တယ်။ ဘယ်လောက်ပေးရမလဲလို့ မေးတော့ “မပေးပါနဲ့၊ ယူသွားလိုက်ပါ” ဆိုပြီးပြောပါတယ်။

သူ့ကို ကျွန်တော်ကျေးဇူးတင်လိုက်တာ။ ဒါပေမဲ့ ကျွန်တော်ထွက်လာတော့ ငါးတစ်ကောင်တည်းကို လူလေးယောက်စားလို့မလောက်ဘူးဆိုတာ သတိထားလိုက်မိတယ်။ ချောင်းငယ်လေးတစ်ခုကိုကူးလိုက်တော့ ကျောက်တုံးတစ်တုံးပေါ်မှာ ရေစိုနေသေးတဲ့ ငါးတစ်ကောင်ကို တွေ့လိုက်ရလို့ အတော့်ကိုအံ့သြသွားတယ်။ ‘သေနေလောက်ပြီ’ လို့ကျွန်တော်ထင်တယ်။ ကောက်ကိုင်လိုက်တော့မှ ရှင်နေသေးမှန်းသိရတော့ အံ့သြရပြန်ရော။ ဖမ်းယူလိုက်ပြီး အသေအချာဆုပ်ကိုင်လိုက်တာနဲ့ ချက်ချင်းပဲ ယေရှုရဲ့ကတိစကားကို သတိရလိုက်တယ်– “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကိုထပ်၍ ပေးတော်မူလတ္တံ့။”—⁠မဿဲ ၆:⁠၃၃

စစ်ကာလအတွင်းဟောပြောခြင်း

ကျွန်တော်တို့ရှေ့ဆောင်အုပ်စုဟာ ကိုးယောက်ရှိလာတာမို့ အုပ်စုနှစ်စုခွဲလိုက်တယ်။ ကျွန်တော်တို့က စီဘူမှာတာဝန်ကျတယ်။ အချိန်ကတော့ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလဖြစ်ပြီး ဖိလစ်ပိုင်မှာ ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့အချိန်ဖြစ်တယ်။ တူဘူရွန်မြို့မှာ ကျွန်တော်တို့ရှိနေတုန်း ဖိလစ်ပိုင်စစ်ဗိုလ်တစ်ယောက်ဟာ ကျွန်တော်တို့အခန်းကို ညဉ့်နက်သန်းခေါင်မှာ ရောက်လာပါတယ်။ “ဟေ့လူတွေ၊ ထကြစမ်း၊ မင်းတို့ကို စစ်သားတွေလိုက်ရှာနေကြတယ်” ဆိုပြီးပြောပါတယ်။ ကျွန်တော်တို့ကို ဂျပန်သူလျှိုတွေလို့ သံသယဝင်ခဲ့ကြတဲ့အတွက် အဲဒီညမှာပဲ စစ်ဆေးမေးမြန်းခဲ့ကြပါတယ်။

ပြီးတော့ ကျွန်တော်တို့ကို မြူနီစီပယ်ထောင်ထဲမှာ ချုပ်ထားကြတယ်။ ကျွန်တော်တို့ဂျပန်သူလျှိုတွေ ဟုတ်မဟုတ်ဆုံးဖြတ်နိုင်ဖို့ဆိုပြီး စီဘူမြို့မှာရှိတဲ့ ယူ.အက်စ်. စစ်တပ်က ကျွန်တော်တို့ရဲ့စာအုပ်တွေကို တစ်အုပ်စီတောင်းဆိုခဲ့ကြတယ်။ ဒေသခံပြည်သူများစွာဟာ ကျွန်တော်တို့ရှိတဲ့ထောင်ကို လာလည်ပတ်ခဲ့ကြတယ်၊ ဂျပန်သူလျှိုတွေလို့ စွပ်စွဲခံရတဲ့သူတွေဟာ ဘယ်လိုလူတွေလဲဆိုတာ သိချင်ကြလို့ပေါ့။ တချို့က မေးခွန်းတွေမေးကြလို့ ကျွန်တော်တို့လည်း ဘုရားသခင့်နိုင်ငံတော်အကြောင်း သက်သေခံခဲ့ကြတယ်။

ထောင်ထဲမှာ ငါးရက်လောက်နေပြီးတော့ ရဲမှူးဟာ ယူ.အက်စ်. စစ်ဌာနချုပ်ကနေ ကြေးနန်းတစ်စောင်လက်ခံရရှိခဲ့တယ်။ ယေဟောဝါသက်သေတွေကိုလွှတ်ပေးဖို့ သူ့ကိုညွှန်ကြားထားတာဖြစ်တယ်။ ဒါပေမဲ့ သူက အခုအချိန်ဟာ စစ်ကာလဖြစ်တဲ့အတွက် နောက်မဟောမပြောဖို့ ပြောပါတယ်။ ကျွန်တော်တို့ကို ဒီအလုပ်လုပ်ဖို့ ဘုရားသခင်တာဝန်ပေးထားတာမို့ မဟောမပြောလို့မဖြစ်ဘူးဆိုပြီး ကျွန်တော်တို့ရှင်းပြခဲ့ပါတယ်။ (တမန်တော် ၅:၂၈၊ ၂၉) ရဲမှူးဟာ ဒေါသထွက်လာပြီး “မင်းတို့ဆက်ဟောရင်ဟောကြည့်လေ၊ မင်းတို့ကို လူတွေလာသတ်အောင် ငါလုပ်မယ်” ဆိုပြီးပြောပါတယ်။

အဲဒီနောက်ပိုင်း ရဲမှူးဟာ ကျွန်တော်တို့ကိုပြန်ဖမ်းဖို့ ကြံစည်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ယူ.အက်စ်.စစ်တပ်က တပ်ဖွဲ့ငယ်တစ်ဖွဲ့က ကျွန်တော်တို့ကိုတားပြီး ဆိုရီယာနိုလို့ခေါ်တဲ့ စစ်ဗိုလ်က ညီအစ်မဆန်တိုစ်ကို “မင်းဟောပြောတာကို ရပ်မလား” ဆိုပြီးမေးပါတယ်။

ညီအစ်မက “မရပ်ဘူး” လို့ပြန်ဖြေတယ်။

“သေနတ်ပစ်ကွင်းကို ခေါ်သွားမယ်ဆိုရင်ကော” ဆိုပြီးမေးပါတယ်။

“အဲဒါက ကျွန်မတို့ရဲ့ဆုံးဖြတ်ချက်ကို မပြောင်းလဲစေနိုင်ပါဘူး” ဆိုပြီးညီအစ်မက ပြန်ရှင်းပြပါတယ်။

အဲဒါနဲ့ ကျွန်တော်တို့အားလုံးကို ကုန်တင်ကားပေါ်တင်ပြီး စီဘူမြို့ကိုခေါ်သွားတယ်၊ အဲဒီမှာ ဗိုလ်မှူးကြီး အက်မန်းရှေ့ ကျွန်တော်တို့ရောက်သွားခဲ့ကြတယ်။ စစ်ဗိုလ်ဆိုရီယာနိုက “ဒီလူတွေဟာ ယေဟောဝါသက်သေတွေဖြစ်တယ်၊ ဂျပန်သူလျှိုတွေ” ဆိုပြီး မိတ်ဆက်ပေးလိုက်ပါတယ်။

“ယေဟောဝါသက်သေတွေဟုတ်လား” ဆိုပြီး ဗိုလ်မှူးကြီးက ပြန်မေးပါတယ်။ “အမေရိကန်မှာရှိတဲ့ ယေဟောဝါသက်သေတွေကို ငါကောင်းကောင်းသိတာပေါ့။ သူတို့ဟာ သူလျှိုတွေမှမဟုတ်တာ! သူတို့ဟာ ကြားနေတဲ့သူတွေ။” အဲသလိုပြောပြီးတော့ ကျွန်တော်တို့ဆီလှည့်ပြီး “မင်းတို့ဟာ ကြားနေတဲ့အတွက် လွှတ်မပေးနိုင်ဘူး” ဆိုပြီးပြောလိုက်ပါတယ်။ ကျွန်တော်တို့ကို သိုလှောင်ခန်းထဲမှာ အတော်လေးကြာအောင်ထားပြီးတော့ ဗိုလ်မှူးကြီးအက်မန်းက ကျွန်တော်တို့ကိုစကားပြန်ပြောပြီး “မင်းတို့ကြားနေတုန်းပဲလား” ဆိုပြီးမေးပါတယ်။

“ဟုတ်ကဲ့၊ ကျွန်တော်တို့ကြားနေတုန်းပါပဲ” ဆိုပြီး ကျွန်တော်တို့ပြန်ဖြေကြတယ်။

“ဒါဆိုရင် မင်းတို့ကိုလွှတ်ပေးလို့မဖြစ်သေးဘူး၊ မင်းတို့ကိုပြန်လွှတ်ပေးလိုက်ရင် မင်းတို့ဆက်ဟောပြောမှာဆိုတော့ မင်းတို့ကြောင့် ဘာသာပြောင်းသွားတဲ့သူတွေပါ ကြားနေကုန်လိမ့်မယ်။ လူတိုင်းသာကြားနေသမားတွေဖြစ်သွားရင် စစ်တိုက်မယ့်သူတွေရှိတော့မှာမဟုတ်ဘူး” ဆိုပြီးပြောပါတယ်။

ပြန်ဟောပြောဖို့လွတ်မြောက်မှု

နောက်ပိုင်း ကျွန်တော်တို့ကို စီဘူမြို့မှာရှိတဲ့ ထောင်ကိုပြောင်းရွှေ့လိုက်ကြတယ်။ ၁၉၄၂ ခုနှစ်၊ ဧပြီ ၁၀ ရက်မှာ ဂျပန်တွေက မြို့ကိုကျူးကျော်တိုက်ခိုက်ခဲ့ကြတယ်။ နေရာတိုင်းမှာ ဗုံးတွေကျဲချပြီး မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တယ်! အစောင့်ဖြစ်တဲ့သူက ထောင်ရဲ့အရှေ့ဘက်နားက အခန်းမှာရှိတဲ့ ညီအစ်မဆန်တိုစ်ကို တွေ့သွားပြီ၊ “အို၊ ဖြစ်ရလေ! ယေဟောဝါသက်သေတွေ အထဲမှာရှိတုန်းပါပဲလား! တံခါးဖွင့်စမ်း၊ သူတို့ကိုလွှတ်ပေးလိုက်ပါ!” ဆိုပြီးအော်ပြောပါတယ်။ ယေဟောဝါရဲ့ကာကွယ်မှုအတွက် ကျွန်တော်တို့ကျေးဇူးတင်ခဲ့ကြတယ်။

ကျွန်တော်တို့ဟာ သက်သေခံချင်းတွေကိုရှာဖို့ တောင်တန်းဒေသကို ချက်ချင်းပဲဦးတည်ခဲ့ကြတယ်။ ကွမ်ပိုစ်တဲလာမြို့မှာ တစ်ယောက်ကို ကျွန်တော်တို့ရှာတွေ့ခဲ့ကြတယ်။ သူဟာ အစပိုင်းမှာ ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ခဲ့သူတစ်ယောက်ဖြစ်ပေမဲ့ အခုတော့ မဟောပြောတော့ဘဲ စီဘူမြို့ကိုသွားပြီး ကုန်စုံဆိုင်လေးဖွင့်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ကတော့ ဘာပဲကြုံရကြုံရ ဘုရားသခင်နိုင်ငံတော်အကြောင်း ဆက်ဟောပြောဖို့ပဲဖြစ်တယ်။

ကျွန်တော်တို့မှာ မြည်တမ်းနေသူအားလုံးအတွက်နှစ်သိမ့်မှုဆိုတဲ့စာအုပ်ငယ်တွေ အများကြီးရှိပြီး လူတွေကို ကြိုးစားဝေငှခဲ့ကြတယ်။ ဒါပေမဲ့ လူများစွာက ဂျပန်တွေမင်းတို့ကိုတွေ့သွားရင် ခေါင်းဖြတ်လိမ့်မယ်လို့ ပြောဆိုခြိမ်းခြောက်ခဲ့ကြပါတယ်။ သိပ်မကြာခင်မှာပဲ ဂျပန်ကိုတော်လှန်တဲ့ပြောက်ကျားလှုပ်ရှားမှုတွေ ဖွဲ့စည်းပေါ်ပေါက်လာခဲ့တယ်၊ မဟောပြောတော့ဘဲ စီဘူမြို့ကိုစီးပွားရေးလုပ်ဖို့သွားခဲ့တဲ့သူလည်း အဖမ်းခံလိုက်ရတယ်။ ဂျပန်သူလျှိုလို့စွပ်စွဲခံရပြီး အသတ်ခံရတယ်ဆိုတဲ့သတင်းကိုကြားရတော့ ကျွန်တော်တို့ဝမ်းနည်းခဲ့ကြတယ်။

သူလျှိုအဖြစ်စွပ်စွဲခံရခြင်း

အဲဒီအတောအတွင်း တောင်တန်းဒေသတွေမှာ ကျွန်တော်တို့ဆက်ဟောပြောနေခဲ့ကြတယ်။ တစ်နေ့ စိတ်ဝင်စားတဲ့အမျိုးသမီးတစ်ယောက်အကြောင်း ကျွန်တော်တို့သိခဲ့ကြတယ်၊ ဒါပေမဲ့ သူ့ဆီကိုရောက်ဖို့ ပြောက်ကျားကင်းစခန်းအတော်များများကို ဖြတ်ရမှာဖြစ်တယ်။ ကျွန်တော်တို့ဟာ အမျိုးသမီးနေတဲ့ မန်ဂါဘွန်ရွာကိုရောက်လာကြတယ်၊ ဒါပေမဲ့ စစ်တပ်ဖွဲ့ငယ်တစ်ဖွဲ့က ကျွန်တော်တို့ကိုတွေ့သွားပြီး “မင်းတို့ ဘာရည်ရွယ်ချက်နဲ့ ဒီနေရာကိုလာကြတာလဲ” ဆိုပြီးအော်ပြောပါတယ်။

“ကျွန်တော်တို့ ယေဟောဝါသက်သေတွေပါ၊ ဓာတ်ပြားစက်နဲ့ကျွန်တော်တို့ယူဆောင်လာတဲ့ သတင်းတရားကို နားထောင်ချင်သလား” ဆိုပြီး ကျွန်တော်တုံ့ပြန်လိုက်ပါတယ်။ သူတို့ တလိုတလားတုံ့ပြန်တာမို့ အသိပညာ၏တန်ဖိုးကိုဖွင့်ပြလိုက်ပါတယ်။ ပြီးတဲ့နောက် ကျွန်တော်တို့ကို စစ်ဆေးမေးမြန်းပြီး တာဘိုနာရွာက ပြောက်ကျားစခန်းဌာနချုပ်ကို ခေါ်သွားကြတယ်။ အဲဒီကို ခေါ်ဆောင်ခံရတဲ့သူတိုင်းလိုလို အသတ်ခံရတယ်ဆိုပြီး သတင်းကြီးတာကြောင့် ယေဟောဝါရဲ့အကာအကွယ်အတွက် ကျွန်တော်တို့ဆုတောင်းခဲ့ကြတယ်။

ကျွန်တော်တို့ကို အစောင့်တွေချပေးပြီး မတော်မလျော်ဆက်ဆံခဲ့ကြတယ်။ အဲဒါက အစပိုင်းမှာ ကျွန်တော်ပြောခဲ့တဲ့အခြေအနေဖြစ်စေပြီး အရိုက်ခံရတဲ့အပြင် အရာရှိလုပ်တဲ့သူက ကျွန်တော့်ကိုလက်ညှိုးထိုးပြီး “မင်းသူလျှိုပဲ!” ဆိုပြီးပြောပါတယ်။ အတော်ကြာ မတော်မလျော်ဆက်ဆံခံရပေမဲ့ အသတ်မခံရဘဲ အလုပ်ကြမ်းနဲ့ပြစ်ဒဏ်ပေးလိုက်ပါတယ်။

ကျွန်တော်ရဲ့ညီ ဘာနာဘီဆိုရင် တာဗိုနန်မှာ ထောင်ချခံရတဲ့ရှေ့ဆောင်တွေထဲက တစ်ယောက်ပေါ့။ နံနက်တိုင်း ကျွန်တော်တို့အကျဉ်းသားတွေကို “အမေရိကန်ကို ဘုရားသခင် ကောင်းချီးပေး” နဲ့ “ဖိလစ်ပိုင်ကို ဘုရားသခင် ကောင်းချီးပေး” ဆိုတဲ့သီချင်းတွေ ဆိုခိုင်းပါတယ်။ အဲဒီသီချင်းတွေဆိုမယ့်အစား ယေဟောဝါသက်သေတွေဟာ “သခင့်ဘက်မှာ မည်သူနေသနည်း” ကိုသီဆိုခဲ့ကြတယ်။ တစ်ကြိမ်မှာ အရာရှိက “‘အမေရိကန်ကို ဘုရားသခင် ကောင်းချီးပေး’ သီချင်းမဆိုတဲ့သူတိုင်းကို ဟိုအကာရှပင်မှာ ကြိုးဆွဲချမယ်” ဆိုပြီးပြောပါတယ်။ အဲသလိုခြိမ်းခြောက်ပေမဲ့ ကျွန်တော်တို့အသတ်မခံရကြပါဘူး။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ကို တခြားစခန်းတွေကို ပြောင်းရွှေ့ခဲ့ကြတယ်။ နောက်ဆုံး ၁၉၄၃ ဇူလိုင်လမှာ ကျွန်တော်လွတ်မြောက်ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်ဟာ ရှစ်လနဲ့ဆယ်ရက် ထောင်ကျခဲ့တယ်။

ဟောပြောခြင်းအသက်တာ

အစောပိုင်း ကျွန်တော်တို့ဟောပြောခဲ့တဲ့ စိတ်ဝင်စားတဲ့သူတွေကို တွေ့မြင်ချင်တဲ့ဆန္ဒကြောင့် တိုလီဒိုမြို့ကို မိုင် ၄၀ ခြေကျင်လျှောက်ခဲ့ရတယ်။ အဲဒီမှာ အစည်းအဝေးတွေ မှန်မှန်ကျင်းပနေကြပြီး နောက်ဆုံးမှာ လူအတော်များများ နှစ်ခြင်းခံခဲ့ကြတယ်။ ၁၉၄၅ ခုနှစ်မှာ စစ်ပြီးခဲ့တယ်။ နောက်နှစ်နှစ်အကြာ၊ ကျွန်တော်နှစ်ခြင်းခံပြီး ကိုးနှစ်နီးပါးအကြာမှာ မနီလာမြို့ စန်တာ အာနာမြင်းပြိုင်ကွင်းမှာ ကျင်းပခဲ့တဲ့ စည်းဝေးကြီးကို ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့တယ်။ “လူခပ်သိမ်း၏ရွှင်လန်းမှု” လူထုဟောပြောချက်မှာ လူ ၄,၂၀၀ လောက်တက်ရောက်ခဲ့ကြတယ်။

စစ်မဖြစ်ခင်တုန်းက ဖိလစ်ပိုင်မှာသက်သေခံ ၃၈၀ လောက်ပဲရှိခဲ့ပေမဲ့ ၁၉၄၇ ခုနှစ်မှာ ၂,၇၀၀ လောက်ရှိနေပြီ! အဲဒီအချိန်ကစပြီး ယေဟောဝါရဲ့လုပ်ငန်းတော်မှာ အခွင့်ထူးတွေအများကြီးပဲ ဆက်တိုက်ဆိုသလို ကျွန်တော်ရရှိခဲ့တယ်။ ၁၉၄၈ ခုနှစ်ကနေ ၁၉၅၀ ပြည့်နှစ်အထိ ဆူရီကောဒေသမှာ နယ်လှည့်ကြီးကြပ်မှူးအဖြစ် အမှုထမ်းခဲ့တယ်။ စစ်ကာလတုန်းက ကျွန်တော်တို့အုပ်စုနဲ့အတူ သတ္တိရှိရှိဟောပြောခဲ့တဲ့ နာတီဗီဒဒ်ဆန်တိုစ်နဲ့ ၁၉၅၁ ခုနှစ်မှာလက်ထပ်ခဲ့တယ်။ ကျွန်တော်တို့လက်ထပ်ပြီးတာနဲ့ ၁၉၅၄ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်အထိ မင်ဒါနောဒေသတစ်လျှောက်လုံး နယ်လှည့်လုပ်ငန်းမှာ ထမ်းဆောင်ခဲ့တယ်။

အဲသလိုနဲ့ ကျွန်တော်တို့ရဲ့သက်ကြီးရွယ်အိုမိဘတွေနားမှာနေပြီး အကူအညီပေးနိုင်ဖို့အတွက် ၁၉၇၂ ခုနှစ်မှာ အထူးရှေ့ဆောင်လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့နှစ်ယောက်စလုံး အသက် ၈၀ ကျော်နေပြီဖြစ်ပေမဲ့ ရှေ့ဆောင်ဆက်လုပ်ကြတုန်းပဲ၊ ကျွန်တော်တို့နှစ်ယောက်ပေါင်းလိုက်ရင် အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုသက်တမ်းအနှစ် ၁၂၀ ကျော်ပါဝင်ခဲ့ကြတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကြွေးကြော်တဲ့သူ အရေအတွက်ဟာ ၁၃၀,၀၀၀ ကျော်အထိတိုးပွားလာတာကို တွေ့ မြင်ရလို့ တကယ့်ကိုရွှင်လန်းစရာပါပဲ! မြေကြီးပေါ်မှာ စစ်မှန်တဲ့ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုဆောင်ကြဉ်းပေးမယ့် တစ်ခုတည်းသောမျှော်လင့်ချက်က ဘုရားသခင့်နိုင်ငံတော်ပဲဆိုတာ နားလည်သဘောပေါက်ဖို့ နောက်ထပ် လူများများကိုကူညီပေးချင်တာ ကျွန်တော်တို့ရဲ့ဆန္ဒပါပဲ။

[စာမျက်နှာ ၁၄ ပါ အကျဉ်းဖော်ပြချက်]

ကျွန်တော်တို့ကို ဂျပန်သူလျှိုတွေလို့ သံသယဝင်ကြတဲ့အတွက် တစ်ညလုံး စစ်ဆေးမေးမြန်းခံရ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

၁၉၆၃ ခုနှစ်တုန်းက ဘိုဟိုလ်ကျွန်းပေါ်မှာ ကျွန်တော့်မိတ်ဆွေတွေနဲ့အတူ။ ညာဘက်မှ လေးယောက်မြောက်နဲ့ ငါးယောက်မြောက်က ကျွန်တော့်ဇနီးနဲ့ ကျွန်တော်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယနေ့ ကျွန်တော့်ဇနီးနဲ့အတူ

[Picture Credit Line on page 20]

Background photo: U.S. Signal Corps photo