မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထိတ်လန့်တုန်လှုပ်ဖွယ် အေ့ဒ်စ် ကိန်းဂဏန်းများ!

ထိတ်လန့်တုန်လှုပ်ဖွယ် အေ့ဒ်စ် ကိန်းဂဏန်းများ!

ထိတ်လန့်တုန်လှုပ်ဖွယ် အေ့ဒ်စ် ကိန်းဂဏန်းများ!

တောင်အာဖရိကမှ နိုးလော့! စာရေးသူပေးပို့သည်

တမ်ဘက်ခါသည် အာဖရိကတောင်ပိုင်း ကျေးလက်တောရွာလေးတစ်ရွာတွင်နေထိုင်သော အသက် ၁၂ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးဖြစ်၏။ သူ၏မိဘများသည် အေ့ဒ်စ်ရောဂါဖြင့်ကွယ်လွန်သွားခဲ့ကြပြီး အသက် ဆယ်နှစ်၊ ခြောက်နှစ်နှင့် လေးနှစ်အရွယ်အသီးသီးရှိကြသည့် ညီမငယ်သုံးဦးကိုစောင့်ရှောက်ရန် ကျန်ရစ်ခဲ့ရှာသည်။ “ကလေးမလေးတွေမှာ ဝင်ငွေမရှိဘူး၊ အိမ်နီးချင်းတွေရဲ့ကြင်နာမှုနဲ့ပေးတဲ့ . . . ပေါင်မုန့်တစ်လုံး၊ အာလူးနည်းနည်းကို လုံးလုံးမှီခိုနေကြရရှာတယ်” ဟုသတင်းထောက်တစ်ဦးကဆိုသည်။ ၂၀၀၀ ပြည့်နှစ် ဇူလိုင်လအတွင်း တောင်အာဖရိကနိုင်ငံ ဒါဗန်မြို့တွင် ကျင်းပခဲ့သော ၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အေ့ဒ်စ်ညီလာခံအကြောင်း ရေးသားဖော်ပြထားသည့် တောင်အာဖရိကသတင်းစာတစ်စောင်၏ ရှေ့ဖုံးစာမျက်နှာပေါ်တွင် အဆိုပါမိဘမဲ့မိန်းကလေး လေးဦး၏ပုံကိုဖော်ပြထားသည်။

အေ့ဒ်စ်ရောဂါသည် မိဘမဲ့ကလေးသန်းပေါင်းများစွာတို့သည် တမ်ဘက်ခါနှင့် သူ၏ညီမငယ်လေးများ၏အခြေအနေမျိုးကို ရင်ဆိုင်နေရသည်။ ကွန်ဒုံးများအသုံးပြုခြင်းဖြင့် အေ့ဒ်စ်ရောဂါကာကွယ်သည့် ပညာရေး; ယခုအခါ အသင့်ရရှိနိုင်ပြီဖြစ်သည့် အကုန်အကျနည်းသော အေ့ဒ်စ်ရောဂါကုသမှုကို အသုံးပြုခြင်းနှင့်; အေ့ဒ်စ်ရောဂါကာကွယ်ဆေးများ တိုးတက်ထွက်ပေါ်ရေးအတွက် ရန်ပုံငွေပိုမိုရှာဖွေခြင်းအစရှိသော တိုးပွားလာသည့် အေ့ဒ်စ်အကျပ်အတည်းများ ကိုင်တွယ်ဖြေရှင်းသည့် နည်းစနစ်များကို ထိုညီလာခံတွင် ဆွေးနွေးခဲ့သည်။ အမျိုးသမီးများ၊ အထူးသဖြင့် ငယ်ရွယ်သည့်မိန်းကလေးများ၏ ရောဂါရှိနေနိုင်မှုကိုလည်း ထုတ်ဖော်ဆွေးနွေးခဲ့ကြသည်။

ဝမ်းနည်းစရာမှာ၊ အပျိုစင်နှင့်လိင်ဆက်ဆံခြင်းဖြင့် လိင်ဆိုင်ရာကူးစက်ရောဂါများ သက်သာပျောက်ကင်းမည်ဟုယုံကြည်ကြသည့် အမျိုးသားများ၏ အသည်းအသန်ရှာဖွေခြင်းကို အေ့ဒ်စ်ရောဂါသည် မိဘမဲ့ကလေးများစွာခံနေရသည်။ ထို့အပြင် အမျိုးသားများစွာတို့သည် ဦးဆုံးကလေးမမွေးထားသေးသော မိန်းကလေးတစ်ဦးကို ထိမ်းမြားမည်မဟုတ်ချေ။ ထို့ကြောင့် ကွန်ဒုံးများအသုံးပြုမှုကို အိမ်ထောင်ပြုခြင်းနှင့် မိခင်ဖြစ်ခြင်းတို့အတွက် အတားအဆီးတစ်ခုအဖြစ် ရှုမြင်ခဲ့ကြသည်။

မိန်းကလေးများစွာတို့သည် အေ့ဒ်စ်ဘေးအန္တရာယ်ကို သတိမမူကြသည်မှာ ဝမ်းနည်းစရာပင်။ တောင်အာဖရိက သတင်းစာတစ်စောင်ဖြစ်သည့် ဆိုဝီတန်သတင်းစာက ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ၏ညီလာခံတစ်ခုတွင် ထုတ်ပြန်ကြေညာခဲ့သည့် သတင်းတစ်ပုဒ်နှင့်ပတ်သက်၍ ဤသို့ဆိုသည်– “တောင်အာဖရိကရှိ အသက် ၁၅ နှစ်မှ ၁၉ နှစ်အရွယ် မိန်းကလေး ၅၁ ရာခိုင်နှုန်းသည် ကျန်းမာပုံရှိသူတစ်ဦးဦးတွင် အိပ်ခ်ျအိုင်ဗွီပိုးရှိနေနိုင်ပြီး ၎င်းတို့ကိုလည်း ကူးစက်စေနိုင်ကြောင်းကို မသိနားမလည်ကြဟု ယူနီဆက်ဖ်၏စစ်တမ်းများက ရှာဖွေတွေ့ ရှိခဲ့ကြသည်။”

အေ့ဒ်စ်ပျံ့နှံ့ရသည့် နောက်အကြောင်းရင်းတစ်ခုမှာ အမျိုးသမီးများကို လိင်ဆိုင်ရာမတော်မတရားပြုခြင်းဖြစ်၏။ ညီလာခံသို့တက်ရောက်ခဲ့သည့် ရာဂျနီး မူနူဆာမီ ဆိုသူက တောင်အာဖရိကနိုင်ငံရှိ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့၏ သည်ဆန်းဒေးတိုင်းမ်စ် သတင်းစာတွင် ဤသို့ဖော်ပြခဲ့သည်– “ယောက်ျားအစွမ်းခွန်အားကိုအသုံးပြု၍ အမျိုးသမီးများကို အကြမ်းဖက်ခြင်းသည် နှောင့်ယှက်မှုအပေးဆုံးဖြစ်ပြီး အိပ်ခ်ျအိုင်ဗွီပိုးကာကွယ်ရေးနှင့် ကြည့်ရှုပြုစုရေးအတွက် အဓိကအတားအဆီးတစ်ခုဖြစ်လျက်ရှိသည်။ ယင်း၏ပုံစံအမျိုးမျိုး—⁠မုဒိမ်းကျင့်ခြင်း၊ သွေးနီးချင်းကာမဆက်ဆံခြင်း၊ ဇနီးမယားကိုရိုက်နှက်ခြင်းနှင့် လိင်ဆိုင်ရာမတော်မတရားပြုကျင့်ခြင်း—⁠တို့သည် လိင်ကိစ္စကို အတင်းအဓမ္မရယူခြင်းဖြစ်လေ့ရှိကာ ယင်းသည် အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရမှုအတွက် ဘေးအန္တရာယ်တစ်ခုဖြစ်သည်ကို ဆိုလိုသည်။”

ထိုညီလာခံ၌ ထုတ်ပြန်ကြေညာသည့် ကိန်းဂဏန်းများသည် ပူးတွဲပါဇယားတွင် ဖော်ပြထားသည့်အတိုင်း ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှ၏။ နေ့စဉ်ပင် ခန့်မှန်းခြေအရ လူငယ်လူရွယ် ၇,၀၀၀ နှင့် မွေးစကလေးငယ် ၁,၀၀၀ တို့သည် အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံနေကြရသည်။ ၁၉၉၉ ခုနှစ်တစ်နှစ်တည်းတွင် အာဖရိကတိုက်ရှိ ဆာဟာရဆိုင်ရာဒေသမှ ကလေးသူငယ် ၈၆၀,၀၀၀ တို့သည် အေ့ဒ်စ်ကြောင့် မိမိတို့၏ဆရာများကို ဆုံးရှုံးခဲ့ကြသည်။

တောင်အာဖရိကနိုင်ငံရှိ ဆေးဘက်ဆိုင်ရာသုတေသနကောင်စီမှ ထုတ်ဝေသည့် စစ်တမ်းတစ်ခုအရ တောင်အာဖရိကတွင် လူ ၄.၂ သန်းသည် အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံနေကြရရာ နိုင်ငံသား ၁၀ ယောက်တိုင်းတွင် ၁ ယောက်ဖြစ်ကြောင်း ရေးသားဖော်ပြသည်။ အိမ်နီးချင်းနိုင်ငံများ၏အခြေအနေမှာလည်း ပို၍ဆိုးရွားနေသည်။ ယူ.အက်စ်. အစိုးရ သန်းခေါင်စာရင်းဌာနမှပေးအပ်ထားသော ခန့်မှန်းခြေတစ်ခုနှင့်ပတ်သက်၍ သည် နေတဲလ် ဝစ်ဒ်နက်စ်သတင်းစာက ဤသို့အစီရင်ခံခဲ့သည်– “အေ့ဒ်စ်ရောဂါကြောင့် လူသန်းနှင့်ချီ၍သေဆုံးကြသည်နှင့်အမျှ အေ့ဒ်စ်ရောဂါဖိစီးနှိပ်စက်ခြင်းခံနေရသည့် အာဖရိကနိုင်ငံတချို့၏လူဦးရေသည် မကြာမီ စတင်ကျဆင်းလာမည်၊ ထို့ပြင် ဆယ်စုနှစ်ကုန်ပိုင်းရောက်သော် ပျမ်းမျှသက်တမ်းသည် အသက် ၃၀ ဝန်းကျင်သို့ကျဆင်းသွားမည်။”

“နောက်ဆုံးသောနေ့ရက်များတွင်” ပေါ်ပေါက်လာမည်ဟု သမ္မာကျမ်းစာကြိုဟောထားသည့် “ကိုင်တွယ်ရခဲယဉ်းသည့် ကျပ်တည်းသောကာလ” တွင် လူတို့အသက်ရှင်နေထိုင်လျက်ရှိကြကြောင်း အေ့ဒ်စ်ကပ်ဆိုးသည် ထပ်ဆင့်အထောက်အထားဖြစ်သည်။ (၂ တိမောသေ ၃:၁-၅ကဘ) ဘုရားသခင့်စကားတော်ဖြစ်သည့် သမ္မာကျမ်းစာကို ချစ်မြတ်နိုးသူများသည် အေ့ဒ်စ်ရောဂါနှင့် လူသားတို့ကိုဘေးသင့်စေသည့် အခြားပြဿနာအားလုံးအတွက် အပြီးသတ်နှင့် တည်မြဲသည့်ဖြေရှင်းချက်ကို စောင့်မျှော်ကြသည်။ မကြာမီ ဘုရားသခင့်နိုင်ငံတော်သည် ကမ္ဘာ့ရေးရာများစီမံခန့် ခွဲမှုတာဝန်ကို ယူပေတော့မည်။ ဖြောင့်မတ်ခြင်းတရားတည်ရာ ကမ္ဘာသစ်တွင် ဆင်းရဲမှုနှင့် ဖိနှိပ်မှုတို့သည် အတိတ်တွင် ကျန်ခဲ့ပေတော့မည်။ (ဆာလံ ၇၂:၁၂-၁၄; ၂ ပေတရု ၃:၁၃) ယင်းတို့အစား၊ မြေကြီးပေါ်နေထိုင်သူများသည် စုံလင်သည့်ကျန်းမာရေးရရှိလာကြမည်ဖြစ်ပြီး၊ မည်သူမျှ “ငါနာသည်” ဟုပြောဆိုကြတော့မည်မဟုတ်ချေ။—⁠ဟေရှာယ ၃၃:⁠၂၄

[စာမျက်နှာ ၁၂ ပါ အကျဉ်းဖော်ပြချက်]

ကမ္ဘာနှင့်အဝန်း အေ့ဒ်စ်ရောဂါသည် မိဘမဲ့ကလေး ၁၃,၀၀၀,၀၀၀ ခန့် ရှိသည်

[စာမျက်နှာ ၁၃ ပါ ဇယား/မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

၁၉၉၉ နှစ်ကုန်ပိုင်း အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရှိသည့်အရွယ်ရောက်သူ (အသက် ၁၅ နှစ်မှ ၄၉ နှစ်အရွယ်) ဦးရေ

မြောက်အမေရိက ၈၉၀,၀၀၀

ကရစ်ဘီယံ ၃၅၀,၀၀၀

လက်တင်အမေရိက ၁,၂၀၀,၀၀၀

အနောက်ဥရောပ ၅၂၀,၀၀၀

မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်း ၂၁၀,၀၀၀

အာဖရိကရှိ ဆာဟာရဆိုင်ရာဒေသ ၂၃,၄၀၀,၀၀၀

အရှေ့အလယ်ပိုင်း ဥရောပ ၄၁၀,၀၀၀

တောင်နှင့် အရှေ့တောင်အာရှ ၅,၄၀၀,၀၀၀

အရှေ့အာရှနှင့်ပစိဖိတ် ၅၃၀,၀၀၀

ဩစတြေးလျနှင့် နယူးဇီလန် ၁၅,၀၀၀

[Credit Line]

Source: UNAIDS

[စာမျက်နှာ ၁၃ ပါ ဇယား/ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

၁၉၉၉ နှစ်ကုန်ပိုင်း အာဖရိက ၁၆ နိုင်ငံမှ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရှိသည့် အရွယ်ရောက်သူများ (အသက် ၁၅ နှစ်မှ ၄၉ နှစ်) ၏ရာခိုင်နှုန်း

၁ ဘော့စ်ဝါးနား ၃၅.၈%

၂ ဆွာဇီလန် ၂၅.၂

၃ ဇင်ဘာဘွေ ၂၅.၀

၄ လီဆိုသိုး ၂၃.၅

၅ ဇမ်ဘီယာ ၂၀.၀

၆ တောင်အာဖရိက ၂၀.၀

၇ နမီးဘီးယား ၁၉.၅

၈ မာလာဝီ ၁၆.၀

၉ ကင်ညာ ၁၄.၀

၁၀ စီ.အေ.အာရ်. ၁၄.၀

၁၁ မိုဇမ်ဘစ် ၁၃.၂

၁၂ ဒဂျီဘောတီ ၁၁.၇

၁၃ ဘူရွန်ဒီ ၁၁.၃

၁၄ ရဝမ်ဒါ ၁၁.၂

၁၅ ကုတ်ဒ်အဗွား ၁၀.၇

၁၆ အီသီယိုးပီးယား ၁၀.၆

[Credit Line]

Source: UNAIDS

[ရုပ်ပုံ]

တမ်ဘက်ခါနှင့် သူ၏ညီမလေးများ

Photo: Brett Eloff