မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူတိုင်းလိုအပ်သည့် အာမခံလုပ်ငန်း

လူတိုင်းလိုအပ်သည့် အာမခံလုပ်ငန်း

လူတိုင်းလိုအပ်သည့် အာမခံလုပ်ငန်း

အာမခံလုပ်ငန်းကို လူတိုင်းသိသည့်ဒေသတွင် သင်နေထိုင်သည်ဖြစ်စေ၊ အာမခံလုပ်ငန်းမရှိသည့်ဒေသတွင် နေထိုင်သည်ဖြစ်စေ လူတိုင်းရရှိနိုင်သည့်၊ လူတိုင်းရယူသင့်သည့် အာမခံလုပ်ငန်းတစ်မျိုးရှိ၏။ “အာမခံ” ဟူသည် “အကာအကွယ် သို့မဟုတ် ဘေးကင်းရေးအတွက် အာမခံခြင်း” ဟုဆိုနိုင်သောကြောင့် ထိုအာမခံမျိုးမှ သင်မည်သို့အကျိုးရယူခံစားနိုင်မည်နည်း။

ဘေးသင့်နိုင်သည့်အန္တရာယ်များကို လျော့နည်းစေရန် လက်တွေ့ကျသောခြေလှမ်းများလှမ်းခြင်းဖြင့် အကျိုးခံစားနိုင်သည်။ “အချိန်နှင့် ကြိုတင်မမြင်ရသောဖြစ်ပျက်မှု” တို့သည် လူတိုင်းကို ထိခိုက်ကြောင်း သမ္မာကျမ်းစာကဆိုသည်။ (ဒေ. ၉:၁၁ကဘ) သို့တိုင် မလိုအပ်ဘဲ စွန့်စားမှုများမပြုလုပ်ခြင်းဖြင့် ထိခိုက်အနာတရဖြစ်မှု သို့မဟုတ် ဆုံးရှုံးမှုကို လျော့နည်းစေသည်။

အနာဂတ်ကိုတွေးတောပါ

လက်တွေ့ကျဉာဏ်ပညာတင်ပြခြင်းသည် အကာအကွယ်တစ်ခုဖြစ်၏။ စီးပွားရေးအောင်မြင်သည့်ကာလအတွင်းတွင် ဘဝမိုးမှောင်ကျသည့်နေ့—⁠လိုအပ်သည့်အချိန်—⁠တွင်အသုံးပြုရန်အတွက် တစ်ခုခုစုဆောင်းထားနိုင်ပေသည်။ ရှေးအချိန်က ဘုရားသခင်ကိုကြောက်ရွံ့သော ယောသပ်သည် အီဂျစ်ပြည်တွင် သာယာဝပြောသည့်ကာလအတွင်း တစ်တိုင်းပြည်လုံးအတွက် စားနပ်ရိက္ခာများကို စုဆောင်းထားခြင်းအားဖြင့် “ဉာဏ်ပညာနှင့်ပြည့်စုံသောသူတစ်ဦး” အဖြစ် ထင်ရှားကျော်ကြားခဲ့၏။ နောက်ပိုင်း ထိုနိုင်ငံ၌ အစာခေါင်းပါးခြင်းဘေး အလူးအလှိမ့်ခံရသောအခါ ယောသပ်၏လုပ်ဆောင်မှုများသည် အီဂျစ်လူမျိုးများအတွက်သာမက သူ၏မိသားစုအတွက်ပါ အထောက်အပံ့ဖြစ်ခဲ့သည်။—⁠ကမ္ဘာဦး ၄၁:၃၃-၃၆

ကျွန်ုပ်တို့၏သုံးစွဲမှုပမာဏကို တော်ရုံသင့်ရုံဖြစ်စေခြင်းက အကာအကွယ်ဖြစ်စေနိုင်သည်။ ကျွန်ုပ်တို့၏လုံခြုံရေးအစစ်အမှန်အတွက် အနည်းငယ် သို့မဟုတ် ဘာမျှအကျိုးမပေးသည့်လမ်းစဉ်—⁠နောက်ဆုံးပေါ်ပစ္စည်း၊ ဖက်ရှင် သို့မဟုတ် ဖျော်ဖြေရေးတို့ကို အစဉ်တစိုက်မလိုက်စားဘဲနေခြင်းဖြင့် ငွေကြေးစုဆောင်းနိုင်သည့်အပြင် ဖိစီးမှုလည်း လျော့နည်းစေနိုင်သည်။ အမှန်ဆိုရလျှင် ဖော်ပြပြီးဖြစ်သည်အတိုင်း လူတစ်ဦးသည် ရုပ်ပစ္စည်းပိုင်ဆိုင်မှုများလေလေ အခိုးခံရမည့် သို့မဟုတ် ဆုံးရှုံးရမည့်အလားအလာ ပိုများလေလေဖြစ်သည်။—⁠လုကာ ၁၂:⁠၁၅

ဘေးကင်းရေးကို စိတ်ဝင်စားပါ

ကျွန်ုပ်တို့သည် ဘေးကင်းရေးကို စိတ်ဝင်စားခြင်းဖြင့် ဘဝအသက်တာမှ ဘေးအန္တရာယ်များစွာကို လျော့နည်းစေနိုင်ပါသည်။ အကယ်၍ လူတိုင်းလူတိုင်း ကားကိုဂရုတစိုက်နှင့် ဘေးကင်းသောအရှိန်နှုန်းများဖြင့် မောင်းနှင်ကြမည်ဆိုလျှင် ကြေကွဲဖွယ်ယာဉ်တိုက်မှုများကို မည်မျှရှောင်ကြဉ်နိုင်မည်နည်း။ အလွန်အမင်းမောပန်းနေစဉ် သို့မဟုတ် အရက်သောက်ထားပြီးနောက် မည်သူမျှယာဉ်မမောင်းလျှင် အသက်ပေါင်းမည်မျှ ချမ်းသာရာရမည်ကိုလည်း စဉ်းစားကြည့်ပါလေ။ ထို့အပြင် ကျွန်ုပ်တို့ထိန်းချုပ်နိုင်သည့် အခြားယာဉ်အန္တရာယ်များလည်းရှိပါသည်။

ဥပမာအနေနှင့်၊ နိုင်ငံအတော်များများတွင် ကားမောင်းနေစဉ် ဆယ်လူလာဖုန်းအသုံးပြုမှုကို ဥပဒေအရ တားမြစ်ထားသည်။ ထိုသို့အသုံးပြုခြင်းသည် မတော်တဆမှုအန္တရာယ်ကို လေးဆတိုးများစေသည်ဟု လေ့လာမှုတစ်ရပ်ကဆိုသည်။ နေရာဒေသများစွာ၌ မူးနေစဉ်ကားမောင်းသည်ဟု တရားဝင်သတ်မှတ်သည့် သွေးတွင်အယ်လ်ကိုဟောပါဝင်မှုအဆင့် ၀.၁ ရာခိုင်နှုန်းဖြင့် ကားမောင်းခြင်းသည်လည်း မတော်တဆမှုအန္တရာယ်ကို တိုးများစေသည်။

ထိုင်ခုံခါးပတ်များကို ပုံမှန်အသုံးပြုခြင်းသည်လည်း ယာဉ်မောင်းများနှင့် ခရီးသည်များအတွက် အသက်အန္တရာယ်ကို လျော့နည်းစေသည်။ သို့သော် ထိုင်ခုံခါးပတ်များနှင့် လေအိတ်များကဲ့သို့သော ဘေးကင်းရေးကိရိယာများ သို့မဟုတ် အာမခံထားခြင်းကို စိတ်ချရသည်ဟု ဘယ်တော့မျှမယူမှတ်ပါနှင့်။ ထိုသို့သောအတွေးအခေါ်သည် မတော်တဆမှုပိုဖြစ်စေသည်ဟု လေ့လာမှုတစ်ရပ်ကဖော်ပြသည်။

ဘေးကင်းရေးကို စိတ်ဝင်စားခြင်းသည်လည်း အိမ်နှင့် လုပ်ငန်းခွင်တို့တွင် ကောင်းသောအာမခံဖြစ်၏။ သင်နေထိုင်ရာနှင့် လုပ်ငန်းခွင်များသည် သေသပ်ပြီး အန္တရာယ်ကင်းဝေးသလော။ ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပါ။ လူသွားစင်္ကြံပေါ်တွင် လူတို့ခလုတ်တိုက်နိုင်သည့် တစ်စုံတစ်ရာရှိပါသလော။ လူတို့ကိုပြတ်ရှစေနိုင်သည့်အရာဝတ္ထုများ သို့မဟုတ် အပူလောင်စေနိုင်သည့်ကိရိယာများ—⁠⁠မီးဖိုများ၊ အပူပေးကိရိယာများ၊ မီးပူများ—⁠တည်ရှိနေပါသလော။ စာရွက်ပုံများ သို့မဟုတ် အခြားမီးလောင်လွယ်သောပစ္စည်းများရှိပါသလော။ အထူးသဖြင့် ကလေးသူငယ်များအတွက် အန္တရာယ်ဖြစ်စေသည့်ပစ္စည်းများကို သတိထားပါ။ ဥပမာ၊ အရက်ယမကာများနှင့် အဆိပ်အတောက်ဖြစ်စေသော သန့်စင်ရေးပစ္စည်းများအားလုံးသည် ကလေးသူငယ်များ လက်လှမ်းမမှီနိုင်သည့်နေရာတွင် ရှိပါသလော။

သင့်ကျန်းမာရေးကိုဂရုစိုက်ပါ

ကျန်းမာရေးကို အတော်အသင့်စိတ်ဝင်စားခြင်းဖြင့် ဖျားနာမှုကို လျော့နည်းစေနိုင်သည်။ ယင်းနှင့်ပတ်သက်၍ အသိပညာသည် အာမခံနည်းတစ်မျိုးဖြစ်နိုင်၏။ သင့်ကျန်းမာရေးကို ထိခိုက်စေမည့်ဘေးအန္တရာယ်များကို သတိပြုပြီး ကျန်းမာရေးပြဿနာများပေါ်ပေါက်လာပါက ချက်ချင်းအရေးတယူလုပ်ဆောင်ပါ။ ပို၍အရေးကြီးသည်ကား သင်နှင့် သင့်မိသားစု၏ကျန်းမာရေး မည်သို့ထိန်းသိမ်းနိုင်ပုံကို သင်ယူလေ့လာပါ။ “ကာကွယ်ခြင်းသည် ကုသခြင်းထက်သာ၍ကောင်း၏” ဟူသည့် ရှေးဆိုရိုးစကားကို သတိရပါလေ။

နိုးလော့!သည် လူတို့အား ကျမ်းစာမူများနှင့်အညီ အသက်ရှင်နေထိုင်ရန်၊ ထိုသို့နေထိုင်ခြင်းဖြင့် ကျန်းမာရေးကိုထိခိုက်စေသည့် ဘဝပုံစံများနှင့် အလေ့အကျင့်များကိုရှောင်ကြဉ်ရန် အားပေးသည့် သတင်းအချက်အလက်များကို ကြာမြင့်စွာကတည်းက ထုတ်ဝေပေးခဲ့ပြီ။ ဥပမာ၊ နိုးလော့!တွင် သုံးသပ်ခဲ့ပြီးသည့် အကြောင်းအရာများစွာတွင် သန့်ရှင်းခြင်း၏အရေးကြီးမှု၊ တော်မှန်သောဓာတ်စာ၊ အလုံအလောက်အိပ်စက်ခြင်းနှင့် လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းအပြင် ဖိစီးမှုနှင့် ဘဝပုံစံကိုထိန်းချုပ်ရန် လိုအပ်ချက်တို့လည်း ပါဝင်ခဲ့ပေပြီ။

အရေးပါသောအာမခံတစ်မျိုး

စုံလင်မှုမရှိသည့် ဤလောကတွင် အာမခံသည် အလွန်လက်တွေ့ကျသော ကိရိယာတစ်ခုဖြစ်နိုင်သည်၊ သို့သော် အဘယ်အာမခံပေါ်လစီကမျှ ကျွန်ုပ်တို့အား လုံးလုံးလျားလျား အကာအကွယ်မပေးနိုင်ချေ၊ သို့မဟုတ် ကျွန်ုပ်တို့၏ဆုံးရှုံးမှုများအတွက် အပြည့်အဝမလျော်ပေးနိုင်ချေ။ သို့တိုင်၊ သူတို့အတွက် အာမခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ပစ်ထားခြင်းခံရမည်မဟုတ်ကြောင်း ယုံကြည်စိတ်ချကြသည့်လူတို့ရှိပါသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သဘာဝဘေးဒဏ်များကြုံတွေ့ရသောအခါ ယေရှုခရစ်၏ စစ်မှန်သောနောက်လိုက်များ—⁠ကိုယ်တော့်ခမည်းတော် ယေဟောဝါဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ကြသူများ—⁠သည် အချင်းချင်းတို့၏ ဝန်ထုပ်ဝန်ပိုးများကို သက်သာစေရန် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးကြ၍တည်း။—⁠ဆာလံ ၈၃:၁၈; ယာကုပ် ၂:၁၅-၁၇; ၁ ယောဟန် ၃:၁၆-၁၈

ထို့အပြင် မိမိ၏တည်ကြည်သောကျေးကျွန်များအား ဘယ်သောအခါမျှ စွန့်ပစ်မည်မဟုတ်ကြောင်း ယေဟောဝါကိုယ်တော်တိုင် ကတိပြုတော်မူ၏။ “ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း [ယေဟောဝါ]သည် အကျွန်ုပ်ကိုချီယူတော်မူမည်” ဟု ကျမ်းစာဆာလံဆရာတစ်ဦးက ရေးသားခဲ့သည်။ (ဆာလံ ၂၇:၁၀) အသက်၏ပင်ရင်းဖြစ်တော်မူသော ယေဟောဝါသည် သေလွန်သူတို့ကို ရှင်ပြန်ထမြောက်စေနိုင်ပြီး သမ္မာကျမ်းစာအရ ကိုယ်တော်သည် လူသေများကိုထမြောက်စေရန် မိမိ၏သားတော်ယေရှုခရစ်အား တန်ခိုးပေးထားသည်။ (ဆာလံ ၃၆:၉; ယောဟန် ၆:၄၀၊ ၄၄) သို့တိုင်၊ လူတိုင်းရှင်ပြန်ထမြောက်လိမ့်မည်မဟုတ်ကြောင်း ဘုရားသခင့်စကားတော်က ဖော်ပြသည်။ (ယောဟန် ၁၇:၁၂) သို့ဆိုလျှင် ရှင်ပြန်ထမြောက်ချိန်တွင် ကျွန်ုပ်တို့ကို ဘုရားသခင် သတိရတော်မူမည်ဖြစ်ကြောင်း မည်သို့သေချာစေနိုင်မည်နည်း။

ဧကန်စင်စစ်ဆိုရသော် ကိုယ်တော်၏ ကျော်ကြားသောတောင်ပေါ်တရားတော်တွင် အားအထားရဆုံး အာမခံပုံစံတစ်မျိုးကို ယေရှုမိန့်ဆိုတော်မူခဲ့သည်။ “သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကိုမဆည်းပူးကြနှင့်။ သံချေး၊ ပိုးရွမဖျက်ဆီး၍ သူခိုးမထွင်းမဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ဘဏ္ဍာကို ဆည်းပူးကြလော့။ အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏စိတ်နှလုံးရောက်တတ်၏” ဟုကိုယ်တော်မိန့်တော်မူခဲ့သည်။—⁠မဿဲ ၆:၁၉-၂၁

လူတို့သည် မျှော်လင့်ချက်များစွာဖြင့် အိုစာမင်းစာစုဆောင်းကြရာ ယင်းက သူတို့အသက်ကြီးလာသောအခါ ဘဝကို ပို၍သက်သောင့်သက်သာရှိစေမည်ဟု ယူဆလေ့ရှိကြသည်။ သို့ရာတွင် ပို၍လုံခြုံစိတ်ချစေသည့် အာမခံပုံစံတစ်မျိုးကို ယေရှုခွဲခြားဖော်ပြခဲ့သည်။ ၎င်း၏တန်ဖိုးသည် နှိုင်းဆ၍မရနိုင်သကဲ့သို့ ဘယ်တော့မျှလည်း ပျက်ပြားမည်မဟုတ်ချေ! “ထာဝရအသက်ဟူမူကား၊ တစ်ဆူတည်းသောဘုရားမှန်ဖြစ်သောကိုယ်တော်နှင့် စေလွှတ်တော်မူသောယေရှုခရစ်နှင့်ဆိုင်သောအသိပညာကို သူတို့ဆည်းပူးယူခြင်းတည်း” ဟုကိုယ်တော်ရှင်းပြတော်မူခဲ့သည်။—⁠ယောဟန် ၁၇:⁠၃ကဘ

ဘုရားသခင်နှင့် ကိုယ်တော့်သားတော်နှင့်ဆိုင်သည့် တိကျမှန်ကန်သောအသိပညာကိုရယူခြင်း၊ မိမိတို့ဘဝအသက်တာတွင် သင်ယူခဲ့ရာကိုကျင့်သုံးခြင်းတို့ဖြင့် ဘုရားသခင်နှင့်ကောင်းသောမှတ်တမ်းတစ်ခုကို ကျွန်ုပ်တို့ပြုစုနိုင်မည်ဖြစ်၏။ (ဟေဗြဲ ၆:၁၀) တမန်တော်ပေါလုနှင့် ယောဟန်တို့နှစ်ဦးစလုံးသည် သူတို့၏သခင် ယေရှုခရစ်၏သွန်သင်ချက်အပေါ် ၎င်းတို့၏ယုံကြည်ချက်များကို အခြေပြုကာ လက်ရှိလူ့အုပ်ချုပ်မှုစနစ်သည် အဆုံးတိုင်မည်ဖြစ်ကြောင်း အလေးအနက်ဖော်ပြခဲ့သည်။ သို့တိုင်၊ ယောဟန်က “ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား . . . ထာဝရတည်၏” ဟုရှင်းပြခဲ့၏။—⁠၁ ယောဟန် ၂:၁၇; မဿဲ ၂၄:၃၊ ၁၄; ၂ ပေတရု ၃:၇၊ ၁၃

ကျွန်ုပ်တို့သည် ဘုရားသခင်၏အမှုတော်ကိုထမ်းဆောင်ပြီး သေဆုံးသွားမည်ဆိုလျှင် ကိုယ်တော်သည် ပြန်လည်ရှင်ပြန်ထမြောက်ပေးမည်ဖြစ်ကြောင်း သို့မဟုတ် ဤအစီအစဉ်စနစ်ကို အဆုံးတိုင်စေမည့်အချိန်အထိ ကျွန်ုပ်တို့အသက်ရှင်ကြမည်ဆိုလျှင်လည်း ကိုယ်တော်၏ဖြောင့်မတ်သောကမ္ဘာသစ်ထဲသို့ ကျွန်ုပ်တို့အား အသက်ရှင်လျက်ဝင်ရောက်စေမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်ကြသည်။ အမှန်ဆိုရလျှင် ဘုရားသခင့်ကတိတော်မှာ “[ကျွန်ုပ်တို့] မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူ” ရန်နှင့် “ခပ်သိမ်းသောအရာတို့ကို အသစ်” ဖန်ဆင်းရန်ဖြစ်၏။ (ဗျာဒိတ် ၂၁:၄၊ ၅) ဘုရားသခင့်အမှုတော်ဆောင်ပြီး ကိုယ်တော့်ကတိတော်များ၌ ယုံကြည်စိတ်ချခြင်းသည် ကျွန်ုပ်တို့အားလုံးအတွက် စင်စစ်အားဖြင့် အကောင်းဆုံးအာမခံပင်ဖြစ်သည်။ ထို့အပြင် ယင်းကို လူတိုင်းရရှိနိုင်ပါသည်။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ဘေးကင်းရေးနှင့် ကျန်းမာရေးကို စိတ်ဝင်စားခြင်းသည် အာမခံပုံစံတစ်မျိုးဖြစ်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဘုရားသခင်အကြောင်းသင်ယူလေ့လာပြီး ကိုယ်တော့်အလိုတော်ကို ထမ်းဆောင်ခြင်းသည် အနာဂတ်အတွက် အကောင်းဆုံး အာမခံထားခြင်းဖြစ်