မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်အာမခံထားရန် လိုအပ်ပါသလော

သင်အာမခံထားရန် လိုအပ်ပါသလော

သင်အာမခံထားရန် လိုအပ်ပါသလော

အချို့နိုင်ငံများတွင် တစ်စုံတစ်ရာသောအာမခံထားခြင်းမျိုးသည် မလုပ်မနေလုပ်ရမည့် လုပ်ငန်းများဖြစ်ကြသည်။ အခြားနိုင်ငံများတွင်မူ [အာမခံ]ထားခြင်းမျိုးကို မသိသလောက်ဖြစ်သည်။ ထို့အပြင် အာမခံကုန်ကျစရိတ်နှင့် ပေးအပ်သည့်ငွေပမာဏတို့သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြချေ။ သို့သော် အာမခံထားခြင်း၏ အခြေခံမူ—⁠စွန့်စားမှု—⁠မှာမူ အတူတူပင်။

လူတစ်ဦးသည် ပစ္စည်းဥစ္စာ ပို၍ပိုင်ဆိုင်လေလေ ပို၍ဆုံးရှုံးရလေလေဖြစ်သည်မှာ ဓမ္မတာပင်။ အလားတူ မိသားစုတာဝန်ပိုရှိသူတစ်ဦးသည် အကယ်၍ သေဆုံးသွားမည် သို့မဟုတ် ခြေလက်အင်္ဂါချို့ယွင်းသွားမည်ဆိုလျှင် ဂယက်ရိုက်မှုမှာလည်း ပို၍ကြီးမားလေလေဖြစ်၏။ အာမခံထားရှိခြင်းက ပစ္စည်းဥစ္စာဆုံးရှုံးမှု သို့မဟုတ် ခြေလက်အင်္ဂါချို့ယွင်းစေသည့် မတော်တဆမှုနှင့်ပတ်သက်၍ တစ်ဦးတစ်ယောက်၏ စိုးရိမ်ပူပန်မှုကို လျော့ပါးစေနိုင်သည်။

သို့တိုင်၊ ဘယ်တော့မျှ ပြန်လည်အလျော်တောင်းရန် ရှိကောင်းရှိမည်မဟုတ်ဘဲလျက်နှင့် အာမခံထားခြင်းတွင် ငွေကြေးထည့်ဝင်ခြင်းသည် ပညာရှိရာကျပါသလော။ ကားတာယာ တစ်ခါမျှ မလိုအပ်ခဲ့ဖူးဘဲလျက်နှင့် ကားတွင် တာယာအပိုတစ်ခုထားရှိခြင်းသည် ဖြုန်းတီးရာရောက်ပါသလော။ လုံခြုံစိတ်ချမှုသဘောအရ ကားသမားတစ်ဦးသည် တာယာအပိုဆောင်ထားပေမည်။ တချို့သောဆုံးရှုံးမှုများအတွက် ငွေရေးကြေးရေးအရ အလျော်မပေးသော်လည်း အခြားဆုံးရှုံးမှုများအတွက်မူ လျော်ကြေးပေးနိုင်ပေမည်။

အဘယ်ဆုံးရှုံးမှုမျိုးအတွက် အာမခံပေါ်လစီက ကာကွယ်ပေးသနည်း။

အာမခံအမျိုးအစားများ

လူတို့ဝယ်ယူထားရှိကြသည့် အာမခံများစွာတွင် ပစ္စည်းအာမခံ၊ လျော်ကြေးအာမခံ၊ ကျန်းမာရေးအာမခံ၊ ခြေလက်အင်္ဂါချို့ယွင်းမှုအာမခံနှင့် အသက်အာမခံတို့ ပါဝင်ကြသည်။

ပစ္စည်းအာမခံ– ပစ္စည်း—⁠အိမ်၊ လုပ်ငန်း၊ ကား သို့မဟုတ် အခြားပိုင်ဆိုင်ရာများ—⁠ဆုံးရှုံးမှုမှကာကွယ်ရန် အာမခံထားခြင်းသည် လူသိအများဆုံး ဆုံးရှုံးနိုင်မှုထိန်းချုပ်ခြင်းများတွင် ပါဝင်ကြသည်။ ယင်းအာမခံမှာ ရှေ့ဆောင်းပါး၌ ဖော်ပြခဲ့သောဂျွန်သည် သူ၏ပရိဘောဂဆိုင်နှင့် ကိရိယာတန်ဆာပလာများအတွက် အာမခံမထားရန်ဆုံးဖြတ်ခဲ့သည့် အာမခံမျိုးဖြစ်၏။

အချို့သောအိမ်အာမခံပေါ်လစီများသည် တစ်စုံတစ်ရာသောအိမ်တွင်းပစ္စည်းများကိုပေးလျော်ခြင်း ပါဝင်သည်။ ဤအမျိုးအစားကို သင်ဝယ်ယူထားမည်ဆိုပါက အာမခံထားသော အိမ်ထောင်စုပိုင်ဆိုင်ရာများကို ဖြစ်နိုင်လျှင် ၎င်းတို့ကို ရိုက်ထားသည့်ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုခွေအပါအဝင် စာရင်းတစ်ခုပြုလုပ်ထားခြင်းသည် ပညာရှိရာကျသည်။ ဤစာရင်းကို ပစ္စည်းများ၏တန်ဖိုး သို့မဟုတ် ဝယ်ယူထားသည့် မည်သည့်ပြေစာများဖြင့်မဆို အိမ်၏ပြင်ပ လုံခြုံသည့်နေရာတစ်နေရာတွင် သိမ်းဆည်းထားသင့်၏။ ၎င်းမှတ်တမ်းများထားရှိခြင်းသည် ရပိုင်ခွင့်ကိုတောင်းဆိုရန် ပိုလွယ်ကူစေသည်။

လျော်ကြေးအာမခံ– ကားမောင်းသူ၊ အိမ်ပိုင်ဆိုင်သူ သို့မဟုတ် အခြားအိမ်မြေယာပိုင်ဆိုင်သူ၊ စီးပွားရေးလုပ်ကိုင်နေသူ သို့မဟုတ် အခြားသူများကို ခိုင်းစေသူမည်သူမဆိုသည် မတော်တဆမှုအတွက် လျော်ကြေးပေးရန် တာဝန်ခံရသည်။ ထိုမတော်တဆမှုသည် ပစ္စည်းဥစ္စာပျက်စီးခြင်း သို့မဟုတ် အခြားသူတစ်ဦးကို ထိခိုက်အနာတရဖြစ်စေခြင်း သို့မဟုတ် သေစေခြင်းတို့ ဖြစ်ပေါ်စေနိုင်၏။ ကားဒရိုင်ဘာ သို့မဟုတ် ပစ္စည်းပိုင်ရှင် သို့မဟုတ် လုပ်ငန်းရှင်သည် ပစ္စည်းပြုပြင်ပေးရန်၊ သူတစ်ပါးကိုနာကျင်စေမှုနှင့် ဝေဒနာဖြစ်စေမှုတို့အတွက် ဆေးဝါးကုသပေးရန် တာဝန်ရှိလာပေမည်။ နိုင်ငံများစွာတွင် အလုပ်ရှင်များနှင့် ကားဒရိုင်ဘာများသည် ဤကုန်ကျစရိတ်များကို ကူညီကျခံပေးဖို့ လျော်ကြေးအာမခံထားရန် ဥပဒေအရ တောင်းဆိုခံရကြသည်။ အာမခံတရားဝင်မတောင်းဆိုသည့်ဒေသတွင်ပင် ကားဒရိုင်ဘာ၊ ပစ္စည်းပိုင်ရှင် သို့မဟုတ် အလုပ်ရှင်တို့သည် တရားဥပဒေ သို့မဟုတ် ကျင့်ဝတ်တရားနှင့်အညီ မတော်တဆထိခိုက်သွားသူများ သို့မဟုတ် ၎င်းတို့၏မိသားစုများကို ကူညီပေးရန် တာဝန်ယူကောင်းယူရပေမည်။

ကျန်းမာရေးအာမခံ– နိုင်ငံများစွာတွင် သက်ကြီးရွယ်အိုများအတွက် ပင်စင်နှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော ကျေးဇူးပြုပေးသည့် အစိုးရထောက်ပံ့ကြေးအာမခံတစ်မျိုးမျိုးရှိကြသည်။ သို့ရာတွင် ယင်းသို့စီမံပေးသည့်ဒေသ၌ပင် အဆိုပါအာမခံမျိုးသည် ဆေးဝါးကုသမှုကုန်ကျစရိတ် တချို့တစ်ဝက်လောက်သာပေးပေမည် သို့မဟုတ် အချို့သောသူတို့ကိုသာ ပေးပေမည်။ ထို့ကြောင့် လူတချို့သည် ကျန်ကြွင်းသောကုန်ကျစရိတ်ကို ကူညီကျခံပေးရန် ထပ်ဆင့်ပုဂ္ဂလိကအာမခံရယူကြသည်။ နေရာဒေသများစွာတွင် အလုပ်သမားများသည် ၎င်းတို့၏လုပ်ငန်းအခြေအနေအရ ကျန်းမာရေးအာမခံရရှိကြပေမည်။

စီမံခန့်ခွဲထားသော စောင့်ရှောက်မှုအစီအစဉ်များနှင့် ကျန်းမာရေးဆိုင်ရာထိန်းသိမ်းမှုအဖွဲ့အစည်းများ (HMOs) အပါအဝင် တချို့သောကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်းများသည် အမျိုးမျိုးသောဆေးဝါးကုသမှုကို လစဉ် သို့မဟုတ် တစ်နှစ်စာအတွက် ကျခံပေးသည်။ ယင်းအဖွဲ့အစည်းများသည် အကုန်အကျသက်သာသည့် ဆေးဝါးကုသမှုဆောင်ရွက်ပေးခြင်းနှင့် ရောဂါကာကွယ်မှုကို တိုးမြှင့်ဆောင်ရွက်ပေးခြင်းဖြင့် ကုန်ကျစရိတ်နည်းစေရန် ကြိုးပမ်းကြသည်။ သို့ရာတွင်၊ အိပ်ခ်ျအမ်အိုအဖွဲ့တစ်ဖွဲ့တွင် စိတ်ကြိုက်ဆရာဝန် သို့မဟုတ် ကုသမှုနှင့်ပတ်သက်၍ လူနာ၏ရွေးချယ်မှုကိုမူ အစဉ်အလာရှိသောကျန်းမာရေးအာမခံထက် ပိုကန့်သတ်ထားပေမည်။

ခြေလက်အင်္ဂါချို့ယွင်းမှုအာမခံနှင့် အသက်အာမခံ– ခြေလက်အင်္ဂါချို့ယွင်းမှုအာမခံမှာ လူတစ်ဦးထိခိုက်အနာတရဖြစ်သွားပြီး အလုပ်မလုပ်နိုင်လျှင် ဝင်ငွေအနည်းငယ်ထောက်ပံ့ပေးသည်။ အသက်အာမခံသည် လူတစ်ဦးသေဆုံးသွားခဲ့သော် သူ၏မှီခိုသူများကို ငွေရေးကြေးရေးကူညီထောက်ပံ့ပေးသည်။ ထိုသို့သောအာမခံမျိုးသည် မိသားစုများစွာတို့အား ၎င်းတို့၏အဓိကကျွေးမွေးသူ ထိခိုက်အနာတရဖြစ်သွားပြီးနောက်ပိုင်း သို့မဟုတ် သေဆုံးသွားပြီးနောက်ပိုင်း ၎င်းတို့၏မပေးဆပ်ရသေးသည့်ကြွေးမြီများကို ပေးဆပ်နိုင်စေခဲ့ပြီး ၎င်းတို့၏ဘဝလုပ်ငန်းဆောင်တာကို ဆက်လက်ဆောင်ရွက်နိုင်စေခဲ့ပြီ။

ယုံကြည်စိတ်ချလောက်သော အာမခံလုပ်ငန်းများကို ရှာဖွေခြင်း

အာမခံထားခြင်းသည် အနာဂတ်တွင် ငွေရေးကြေးရေး အကာအကွယ်အတွက် ယခုကတည်းက ငွေများပေးအပ်ထားသည့်မူအပေါ် အခြေပြုသည်၊ သို့ဖြစ်၍ အာမခံလုပ်ငန်းသည် လူလိမ်များစွာရှိလင့်ကစား ပို၍ဆွဲဆောင်စရာဖြစ်သည်မှာ အံ့ဩစရာမဟုတ်ပေ။ ယင်းသည် စီးပွားရေးဖွံ့ဖြိုးပြီးနိုင်ငံများအပြင် စီးပွားရေးဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပါ မှန်ကန်သည်။ ထို့ကြောင့်၊ စရိတ်နည်းအာမခံဟုခေါ်ကြသည့် အာမခံလုပ်ငန်းကို သတိထားခြင်းနှင့် မသင်္ကာဖွယ် အာမခံလုပ်ငန်းနည်းစနစ်မှန်သမျှကို သတိရှိနေခြင်းက ပညာရှိရာကျသည်။ ထိုသို့သောကုမ္ပဏီများသည် မိမိတို့၏ပေါ်လစီများအတိုင်း ပေးဆပ်ရန်ပျက်ကွက်ခြင်းဖြင့် အာမခံဝယ်ယူထားသူများစွာသည် မျှော်လင့်ချက်မဲ့သွားခဲ့ကြပြီ သို့မဟုတ် ညတွင်းချင်းပင် ဥစ္စာလက်မဲ့ဘဝရောက်ခဲ့ကြပြီ!

ထို့ကြောင့်၊ အခြားအရေးကြီးသောဝယ်ယူရာကဲ့သို့ အာမခံကုမ္ပဏီများ၏ ကမ်းလှမ်းချက်များကို နှိုင်းယှဉ်ဝယ်ယူခြင်းသည် ပညာရှိရာရောက်ပြီး ငွေကုန်ကြေးကျသက်သာလေ့ရှိသည်။ ဥပမာ၊ ကုမ္ပဏီအချို့သည် ဆေးလိပ်မသောက်သူများအတွက် ကျန်းမာရေးအာမခံနှင့် ကားမောင်းသင်တန်းဆင်းပြီးသူများအတွက် ကားအာမခံတို့နှင့်ပတ်သက်၍ နှုန်းထားများကို လျော့ပေါ့ကမ်းလှမ်းကြသည်။ သို့သော် အာမခံဝယ်ယူထားနိုင်စရာရှိသူတစ်ဦးသည် ယုံကြည်စိတ်ချလောက်သော အာမခံကို မည်သို့တွေ့ရှိနိုင်မည်နည်း။

ပထမဆုံးသောခြေလှမ်းမှာ အမျိုးမျိုးသော အာမခံကုမ္ပဏီများ၊ ကိုယ်စားလှယ်များနှင့်ပတ်သက်၍ တခြားသူများတွေ့ကြုံခဲ့ရာများကို ရှာဖွေလေ့လာခြင်းဖြင့်ဖြစ်သည်။ မိတ်ဆွေများနှင့် အိမ်နီးချင်းများသည် ဝန်ဆောင်မှုတွင် နာမည်ကောင်းရထားသည့်ကုမ္ပဏီတစ်ခု သို့မဟုတ် တည်ကြည်မှုရှိပြီး ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုတို့တွင် နာမည်ကောင်းရထားသည့် ကိုယ်စားလှယ်တစ်ဦးကို သိရှိကြပေမည်။ ထို့အပြင် အဘယ်အာမခံကုမ္ပဏီများက ပြဿနာများရှိနေနိုင်ကြောင်း ဖော်ပြသည့် သတင်းမှတ်တမ်းများကို သတိပြုခြင်းသည်လည်း ကောင်းသည်။

ထို့အပြင်၊ ကုမ္ပဏီတစ်ခု၏သမိုင်းကြောင်းနှင့် ငွေရေးကြေးရေးအခြေအနေတို့ကို စာကြည့်တိုက်၌ဖြစ်စေ၊ စာအုပ်ဆိုင်တွင်ဖြစ်စေ၊ အင်တာနက်ပေါ်တွင်ဖြစ်စေ အာမခံလုပ်ငန်းဆိုင်ရာအကဲဖြတ်လမ်းညွှန်များကို ရှာဖွေလေ့လာခြင်းဖြင့် စစ်ဆေးနိုင်ပေသည်။ ယင်းတို့သည် ဤကဲ့သို့သောမေးခွန်းများကို ဖြေဆိုပေးနိုင်ပါသည်– ကုမ္ပဏီသည် ငွေရေးကြေးရေးဘက်တွင် လုံခြုံစိတ်ချရသလော။ ၎င်းသည် နှစ်ပေါင်းများစွာ အောင်မြင်ခဲ့သည့်လုပ်ငန်းဖြစ်သလော။ တောင်းဆိုမှုများကို မြန်ဆန်စွာ၊ သင့်မြတ်စွာ ကိုင်တွယ်ဖြေရှင်းပေးသည်ဟု နာမည်ကြီးသလော။

သို့ရာတွင် အာမခံထားခြင်းဆိုင်ရာ အကဲဖြတ်လမ်းညွှန်ချက်များကို အမှားအယွင်းမရှိနိုင်ဟု မယူဆသင့်ချေ။ ကြာမြင့်စွာကပင်တည်ရှိခဲ့သော ဒေါ်လာဘီလီယံပေါင်းများစွာပိုင်ဆိုင်ထားသည့် အာမခံကုမ္ပဏီတစ်ခုသည် နာမည်ကြီးလက်စွဲစာအုပ်တစ်အုပ်တွင် အကောင်းဆုံးအဖြစ် သတ်မှတ်ခံရပြီးတစ်ပတ်အကြာတွင် အစိုးရမှပခုံးပြောင်းတာဝန်ယူဆောင်ရွက်ခဲ့ရသည်!

အာမခံလုပ်ငန်းကိုယ်စားလှယ်များ၏ကဏ္ဍ

အာမခံလုပ်ငန်းကိုယ်စားလှယ်တစ်ဦးသည် ပုံမှန်အားဖြင့် ကုမ္ပဏီတစ်ခုခုနှင့် ကတိပြုထားသည်။ ပွဲစား သို့မဟုတ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးသည် သတ်မှတ်ထားသည့်တန်ဖိုးအတွက် အကောင်းဆုံးအာမခံကို ရှာဖွေတွေ့ရှိရန် ကုမ္ပဏီအမျိုးမျိုးနှင့် တိုင်ပင်နှီးနှောပေမည်။ နှစ်ဖက်စလုံးသည် မိမိတို့၏လုပ်ငန်း ဆက်လက်တည်တံ့ရေးအတွက် ဖောက်သည်များနှင့် ကောင်းသောဆက်ဆံရေးကို ထိန်းသိမ်းထားဖို့လိုသည်။ အာမခံလုပ်ငန်း ကိုယ်စားလှယ်တစ်ဦးသည် ယုံကြည်စိတ်ချရပြီး အရေးတယူဆောင်ရွက်ပေးတတ်လျှင် သူသည် ဖောက်သည်များအတွက် များစွာသောအကူအညီ ဖြစ်နိုင်ပေသည်။

ဦးဆုံးအနေနှင့် ကိုယ်စားလှယ်ကောင်းတစ်ဦး သို့မဟုတ် ပွဲစားကောင်းတစ်ဦးသည် အတောမသတ်နိုင်အောင်များပြားလှသည့် အာမခံလုပ်ငန်းရွေးချယ်ပိုင်ခွင့်စာရင်းများမှ သင့်တော်သည့်အရာကိုရွေးချယ်ရန် ဖောက်သည်တစ်ဦးအား ကူညီပေးနိုင်သည်။ ထို့အပြင် သူသည် ပေါ်လစီအကြောင်းကို မိမိ၏ဖောက်သည်အား အသေးစိတ်ရှင်းပြပေးမည်။ လူအများသိထားကြသည့်အတိုင်း အာမခံလုပ်ငန်းပေါ်လစီများသည် အလွန်ရှုပ်ထွေးလှ၏။ အာမခံကုမ္ပဏီတစ်ခု၏ဥက္ကဋ္ဌက ၎င်းကိုယ်တိုင်၏ အိမ်ပိုင်ဆိုင်မှုပေါ်လစီကို နားမလည်ကြောင်း ဝန်ခံခဲ့သည်!

ကိုယ်စားလှယ်တစ်ဦး၏ရှင်းပြချက်သည် ဖောက်သည်အား အံ့အားတကြီးမဖြစ်စေရန် ကူညီပေးနိုင်သည်။ ဥပမာ၊ ပစ္စည်းအာမခံနှင့် ကျန်းမာရေးအာမခံပေါ်လစီအများစုတွင် ဖြတ်ရတောက်ရသောပေါ်လစီရှိသည်။ ယင်းမှာ အာမခံထားသူပေးရမည့် သတ်မှတ်ထားသောငွေပမာဏဖြစ်သည်—⁠ဥပမာ၊ အာမခံကုမ္ပဏီမှ ရပိုင်ခွင့်ရှယ်ယာကို ကုမ္ပဏီက မထုတ်ပေးမီက ကားပြင် သို့မဟုတ် ဆေးဝါးကုသစရိတ်များအတွက်ဖြစ်သည်။ ထို့အပြင် ဖောက်သည်သည် အာမခံကုမ္ပဏီမှရမည့်ငွေအတွက် အခက်အခဲရှိခဲ့သော် ကိုယ်စားလှယ်သည် မိမိဖောက်သည်ဘက်မှ ထောက်ခံပြောဆိုသူ ဖြစ်လာနိုင်သည်။

အာမခံထားခြင်းနှင့် ခရစ်ယာန်များ

ဘုရားသခင့်အကူအညီကို ယုံကြည်ကိုးစားပြီး အစီအစဉ်စနစ်၏အဆုံးကို မျှော်လင့်နေသော ခရစ်ယာန်တစ်ဦးသည် အာမခံထားဖို့ လိုအပ်ပါသလော။ ၁၉၁၀ ပြည့်နှစ်နောက်ပိုင်းက တချို့သူများသည် ယခု ကင်းမျှော်စင်၊ တွဲဖက်မဂ္ဂဇင်းဖြစ်သော နိုးလော့!ဟုသိထားကြသည့် မဂ္ဂဇင်း၏အယ်ဒီတာဖြစ်သူ ချားလ်စ် တေ့ဇ် ရပ်စယ်လ်ကို ထိုမေးခွန်းမေးခဲ့ကြသည်။ သမ္မာကျမ်းစာသည် လက်ရှိစီးပွားရေးအစီအစဉ်စနစ်၏အဆုံးကို ကြိုပြောထားကြောင်း ရပ်စယ်လ်အသိအမှတ်ပြုခဲ့ပြီး သူကိုယ်တိုင်လည်း မည်သည့်အသက်အာမခံကိုမျှ မဆောင်ထားကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

“ဒါပေမဲ့ ကျွန်တော်တို့အားလုံးရဲ့ အခြေအနေချင်းက မတူကြဘူး” ဟုရပ်စယ်လ်ကဆိုသည်။ “မှီခိုသူဇနီးနှင့် သားသမီး—⁠သားသမီးများသည် အလွန်ငယ်ရွယ်ပြီး မိမိတို့ဘာသာ အသက်မွေးဝမ်းကျောင်းမပြုနိုင်လျှင်—⁠ဖခင်တစ်ဦးသည် သူတို့အတွက် တာဝန်ရှိသည်။” (၁ တိမောသေ ၅:⁠၈) အမျိုးသားတစ်ဦးသည် မိမိ၏မိသားစုကိုထောက်ပံ့ပေးရန် ငွေများကို သီးသန့်ဖယ်ထားမည်ဖြစ်ကြောင်း ရပ်စယ်လ်သတိပြုမိခဲ့သည်။ “သို့သော် သီးသန့်မဖယ်ထားနိုင်လျှင်မူ မိမိ၏တာဝန်ကို အသက်အာမခံဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။”

မိသားစုအတွက်တာဝန်ရှိသူတစ်ဦးသည် အိမ်သူအိမ်သားများအတွက် ကျန်းမာရေး၊ ခြေလက်အင်္ဂါချို့ယွင်းမှုနှင့် အခြားသောအာမခံပုံစံများကိုလည်း စီမံပေးထားနိုင်သည်။ တစ်ကိုယ်ရေတစ်ကာယများစွာတို့သည် လိုအပ်သည့်ဝန်ဆောင်မှုများ လွယ်လင့်တကူရရှိရေးအပြင် မတော်တဆမှု သို့မဟုတ် ဖျားနာမှုကြောင့် အကြွေးတင်ခြင်းမှ ကာကွယ်ရန်အတွက်ပါ အာမခံထားရှိကြသည်။

အာမခံထားခြင်းနှင့်စပ်လျဉ်း၍ ရိုးသားမှုသည် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်သည်။ စစ်မှန်သောခရစ်ယာန်တစ်ဦးသည် အာမခံလျှောက်လွှာဖြည့်သည့်အခါဖြစ်စေ၊ ရပိုင်ခွင့်တောင်းဆိုသည့်အခါဖြစ်စေ အာမခံကုမ္ပဏီကို မည်သည့်အခါမျှ လိမ်လည်မည်မဟုတ်သည်မှာ အသေအချာပင်။ (ဟေဗြဲ ၁၃:၁၈) အာမခံလုပ်ငန်း၏ရည်ရွယ်ချက်မှာ ဆုံးရှုံးမှုအတွက် လျော်ကြေးပေးရန်ဖြစ်ကြောင်း စိတ်စွဲမှတ်ထားမည်ဖြစ်သည်။ ယင်းသည် ထီလက်မှတ်တစ်စောင်မဟုတ်ပါ—⁠ဇိမ်ကျကျနေထိုင်ရန်အခွင့်အရေးလည်း မဟုတ်ပေ။—⁠၁ ကောရိန္သု ၆:၁၀

ခရစ်ယာန်များသည် အာမခံရယူထားရှိခြင်းကဲ့သို့သော ပြဋ္ဌာန်းချက်များနှင့်ပတ်သက်သည့် ဥပဒေအားလုံးကို နာခံကြသည်။ လုပ်ငန်းတစ်ခုဆောင်ရွက်ရာတွင် သို့မဟုတ် ကားမောင်းရာတွင် သင့်လျော်သောအာမခံထားရှိရမည်ဟု ဥပဒေထုတ်ပြန်ထားသည့်အခါ သူတို့လိုက်နာကြသည်။ (ရောမ ၁၃:၅-၇) ပရီမီယမ်အာမခံကြေးများ ဆက်လက်ပေးသွင်းသွားရန် ရိုးသားမှုနှင့် အမြော်အမြင်ရှိဖို့လည်း လိုအပ်၏။ အကယ်၍ မပေးသွင်းနိုင်ပါက ကုမ္ပဏီသည် ပေါ်လစီကို ပယ်ဖျက်နိုင်ပြီး လျော်ကြေးတောင်းခံချက်များကို ထုတ်ပေးမည်မဟုတ်ချေ။ ပေးအပ်ငွေများကို ကုမ္ပဏီနှင့်အတူ အခါအားလျော်စွာ အသေအချာစစ်ဆေးခြင်းနှင့် ပေးသွင်းပြီးကြောင်းချက်လက်မှတ်များကဲ့သို့သော ပေးအပ်မှုအထောက်အထားစာရွက်စာတမ်းများကို ရယူထိန်းသိမ်းထားရှိခြင်းတို့သည် အမြော်အမြင်ရှိရာရောက်သည်။

သင်နေထိုင်သည့်ဒေသတွင် အာမခံထားခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင့်အား ဆုံးရှုံးမှုကိုရှောင်ကြဉ်စေနိုင်သည့် ကြိုတင်ကာကွယ်မှုများရှိပါသည်၊ သို့ဖြစ်၍ အဘယ်အာမခံတောင်းဆိုမှုကမှ မပယ်ဖျက်ပေးနိုင်သည့် ဝမ်းနည်းနာကျင်စေမှုမှ သင်နှင့် သင်ချစ်မြတ်နိုးသူများကို ကင်းဝေးစေပါသည်။ ၎င်းကြိုတင်ကာကွယ်မှုများမှအချို့ကို ဆက်၍သုံးသပ်ကြပါမည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယုံကြည်စိတ်ချထိုက်သော ကိုယ်စားလှယ်တစ်ဦးသည် အာမခံထားခြင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များချနိုင်ရန် သင့်အား ကူညီပေးနိုင်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

လူများစွာတို့သည် ဥပဒေကတောင်းဆိုသည်ဖြစ်စေ၊ မတောင်းဆိုသည်ဖြစ်စေ အာမခံထားကြ