မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဓွန့်ရှည်တည်တံ့နေသော လုပ်ငန်းတစ်ခု

အဓွန့်ရှည်တည်တံ့နေသော လုပ်ငန်းတစ်ခု

အဓွန့်ရှည်တည်တံ့နေသော လုပ်ငန်းတစ်ခု

ဂျွန်၏ပရိဘောဂဆိုင်သည် သူ၏ရပ်ကွက်တွင် အကောင်းဆုံး ဆောက်လုပ်ထားသည့်ဆိုင်ဖြစ်ပြီး ပစ္စည်းအစုံဆုံးဆိုင်လည်းဖြစ်၏။ ယင်းသည် သူ့အတွက် ဂုဏ်ယူဝမ်းမြောက်စရာဖြစ်ခဲ့သည်။ သို့သော် ညတစ်ညတွင် မီးထလောင်ခဲ့၏။ သူ၏အကောင်းဆုံးဆိုင်သည် နာရီပိုင်းအတွင်း ပြာကျသွားခဲ့ရှာသည်။

အစောပိုင်းက ဂျွန်သည် သူ၏ဆိုင်ဆောက်လုပ်ရေးအတွက် မတည်ထားသည့် ငွေအချို့ဖြင့် မီးအာမခံဝယ်ယူရေးကို စဉ်းစားမိခဲ့သည်။ သို့ရာတွင် ‘ငါက အရမ်းဂရုစိုက်တဲ့လူပဲ။ တကယ်လို့သာ ငါဘယ်တော့မှ မီးဘေးမသင့်ဘူးဆိုရင် အာမခံထားတာက ငွေဖြုန်းတီးရာကျသွားလိမ့်မယ်’ ဟူ၍ သူဆင်ခြင်ခဲ့၏။ သို့သော် မီးဘေးသင့်ခဲ့လေသည်။ အကယ်၍ ဂျွန်၏ဆိုင်ကို အာမခံထားခဲ့ပါက ပြန်ဆောက်လုပ်နိုင်စရာအကြောင်းရှိသည်။ အာမခံမထားခဲ့သည့်အတွက် သူပြန်မဆောက်နိုင်တော့ပေ။

အာမခံထားခြင်းဟူသည် အဘယ်နည်း

အာမခံထားခြင်းဟူသည် တစ်ဦးတစ်ယောက်က မိမိ၏ငွေကို ပြန်ရရှိဖို့မျှော်လင့်ချက်နှင့်ပြုရသည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုမဟုတ်ချေ။ လောင်းကစားခြင်းလည်းမဟုတ်ပေ။ အာမခံထားခြင်းသည် ရှိနှင့်ပြီးသား ဘေးအန္တရာယ်များမှ ကာကွယ်ပေးသော်လည်း လောင်းကစားသမားတစ်ဦးမှာမူ ဆုံးရှုံးသွားနိုင်ခြေရှိ၏။ အာမခံထားခြင်းသည် အခြားသူများနှင့်ဝေမျှစွန့်စားပြီးလုပ်ရသော လုပ်ငန်းတစ်ခုဖြစ်သည်။

ရှေးအချိန်ကတည်းက လူ့အဖွဲ့အစည်းများသည် ဆုံးရှုံးမှုကြုံတွေ့ရသူများကို ကူညီပေးရန် ၎င်းတို့၏ဥစ္စာအင်ခွင်တချို့ကို မတည်ထည့်ဝင်ခဲ့ကြ၏။ လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ ခန့်က “တစ်ပါးအမျိုးသား၊ မိဘမရှိသောသူငယ်၊ မုဆိုးမများ” အတွက် အခါအားလျော်စွာ မိမိတို့၏ခြံထွက်သီးနှံများကို အစုကျထည့်ဝင်ကြရန် ဣသရေလလူမျိုးများအား မောရှေညွှန်ကြားခဲ့သည်။—⁠တရားဟောရာ ၁၄:၂၈၊ ၂၉

အာမခံထားခြင်း၏မူလရင်းမြစ်များ

အာမခံထားခြင်းသည် နှစ်ပေါင်းထောင်နှင့်ချီ၍ တည်ရှိခဲ့ပြီဖြစ်သည်။ မောရှေ၏ပညတ္တိကျမ်းထက် အလျင်ရှိခဲ့သည်ဟုထင်ရသည့် စုစည်းထားသော ဗာဗုလုန်ဥပဒေများဖြစ်သည့် ဟာမူရာဘီကိုဓဥပဒေတွင် အကြွေးအာမခံထားခြင်းပုံစံတစ်မျိုးပါဝင်သည်။ ရှေးအချိန်က သင်္ဘောပိုင်ရှင်များသည် ၎င်းတို့၏ကုန်သွယ်ရေးစူးစမ်းရှာဖွေခရီးများကို ငွေကြေးမတည်ရန် ရင်းနှီးမြှုပ်နှံသူများထံမှ ချေးငွေများရယူခဲ့ကြသည်။ သင်္ဘောပျက်စီးဆုံးရှုံးသွားပါက ပိုင်ရှင်များသည် ချေးငွေများကို ပြန်ပေးဆပ်စရာမလိုတော့ချေ။ သင်္ဘောများစွာသည် ဘေးကင်းစွာ ပြန်လာခဲ့ကြသောကြောင့် သင်္ဘောပိုင်ရှင်များပေးသည့်အတိုးသည် ချေးပေးသူများအတွက် တွက်ချေကိုက်ခဲ့သည်။

နောက်ပိုင်းတွင် ပင်လယ်ရေကြောင်းကုန်သွယ်ရေးနောက်ခံနှင့်အလားတူသည့် ကမ္ဘာ့အကျော်ကြားဆုံး အာမခံလုပ်ငန်းကုမ္ပဏီများအနက် တစ်ခုဖြစ်သော လန်ဒန် လွိုက်ဒ်ကုမ္ပဏီကြီးပေါ်ပေါက်လာခဲ့သည်။ ၁၆၈၈ ခုနှစ်တွင် အက်ဒ်ဝါ့ဒ် လွိုက်ဒ်သည် လန်ဒန်မြို့ရှိ ကုန်သည်များနှင့်ဘဏ်လုပ်ငန်းရှင်များ လုပ်ငန်းကိစ္စအလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြသည့် ကော်ဖီဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့သည်။ ထိုတွင် အာမခံပေးသော ငွေရှင်များသည် သင်္ဘောသားများအား တစ်စုံတစ်ရာသောပေးချေမှု သို့မဟုတ် ပရီမီယံကြေးအတွက် အလဲအလှယ်ပြုရာ၌ သူတို့လက်ခံမည့် စွန့်စားငွေပမာဏအောက်တွင် သူတို့၏အမည်များကိုရေးသားစေခြင်းဖြင့် စာချုပ်ချုပ်ဆိုကြသည်။ နောက်ဆုံး ၁၇၆၉ ခုနှစ်တွင် လွိုက်ဒ်အာမခံကုမ္ပဏီသည် တရားဝင်အာမခံအုပ်စုဖြစ်လာခဲ့ရာ အတန်ကြာသော် ရေကြောင်းစွန့်စားမှုများအတွက် ဦးဆုံးအာမခံအဖွဲ့အစည်းဖြစ်လာခဲ့၏။

ယနေ့အာမခံထားခြင်း

ယနေ့ လူတို့သည် အာမခံဝယ်ယူထားကြလျက်နှင့် ဘေးအန္တရာယ်ရှိနေကြဆဲပင်။ ခေတ်သစ်အာမခံကုမ္ပဏီများသည် မိမိတို့ဖောက်သည်များ အနာဂတ်တွင်တွေ့ ကြုံရမည့် ဆုံးရှုံးမှုများကို ကြိုတင်ခန့်မှန်းတွက်ချက်ရန် အတိတ်ကဆုံးရှုံးမှုအကြိမ်ပေါင်းကို ဖော်ပြသည့် စာရင်းအင်းများ—⁠ဥပမာ၊ အလုပ်ရုံမီးလောင်မှုများကြောင့် ဆုံးရှုံးမှုများ—⁠ကိုလေ့လာကြ၏။ အာမခံကုမ္ပဏီသည် ပျက်စီးဆုံးရှုံးမှုများကြုံရသည့် ဖောက်သည်များကို လျော်ကြေးပေးရန် ဖောက်သည်များစွာက ပေးသွင်းထားသည့် ရန်ပုံငွေများကို အသုံးပြုကြသည်။

အာမခံထားရန် သင်လိုအပ်ပါသလော။ လိုအပ်မည်ဆိုပါက သင့်အခြေအနေများအတွက် အဘယ်အာမခံမျိုးက သင့်တော်သနည်း။ သင်အာမခံထားရှိသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ ဘဝ၏ဘေးအန္တရာယ်များကို အောင်မြင်စွာဖြေရှင်းရန် အဘယ်ကြိုတင်ကာကွယ်မှုများက သင့်အား ကူညီပေးနိုင်မည်နည်း။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ကမ္ဘာ့အကျော်ကြားဆုံး အာမခံလုပ်ငန်းများအနက်တစ်ခုသည် ကော်ဖီဆိုင်တစ်ဆိုင်၌ အစပြုခဲ့

[Credit Line]

Courtesy of Lloyd’s of London