မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ပြင်ခိုးထွက်ခြင်းသည် အဘယ်ကြောင့် မှားသနည်း

အိမ်ပြင်ခိုးထွက်ခြင်းသည် အဘယ်ကြောင့် မှားသနည်း

လူငယ်များအမေး . . .

အိမ်ပြင်ခိုးထွက်ခြင်းသည် အဘယ်ကြောင့် မှားသနည်း

“ညသန်းခေါင်မှာ ခိုးထွက်ပြီး ကောင်လေးတွေနဲ့ လက်ဖက်ရည်ဆိုင်မှာ ချိန်းတွေ့ကြတယ်။ ပြီးတော့ တောင်ကုန်းလေးပေါ်မှာ အချိန်ဖြုန်းခဲ့ကြတယ်။ အားလုံး ဆေးလိပ်သောက်ကြပေမဲ့ ကျွန်မကတော့ မသောက်ပါဘူး။ ကျွန်မတို့ဝိုင်းဖွဲ့ထိုင်ကြပြီး စကားတွေပြောကြ၊ ဟဲဗီးမက်တယ်သီချင်းတွေ နားထောင်ကြနဲ့ပေါ့၊ ပြီးတော့ မိဘတွေမနိုးခင် နံနက် ၅:၀၀ နာရီမှာ အိမ်ပြန်ကြတယ်။”—⁠တာရာ။ *

“အဖေအလုပ်သွားပြီး အမေအိပ်ပျော်တာနဲ့ အိမ်ရှေ့တံခါးကနေ ကျွန်တော်ခိုးထွက်တယ်။ တံခါးက သတ္တုတံခါးဆိုတော့ တံခါးပိတ်ရင် အမေကြားမှာစိုးလို့ မပိတ်ဘဲထားခဲ့တယ်။ သူငယ်ချင်းတွေနဲ့ တစ်ညလုံးအချိန်ဖြုန်းပြီး နံနက်နေထွက်တာနဲ့ အိမ်ထဲကိုပြန်ခိုးဝင်တယ်။ တစ်ခါတလေ ကျွန်တော်အပြင်ထွက်သွားတာ အမေသိသွားလို့ တံခါးသော့ပိတ်ထားလိုက်တယ်။”—⁠ဂျိုးဇက်။

အိမ်ပြင်ခိုးထွက်ခြင်း—⁠စိတ်လှုပ်ရှားစရာ၊ ပျော်စရာကောင်းဟန်ရှိ၏။ နာရီအနည်းငယ်ခန့် ဘဝအတွေ့အကြုံကိုယူဖို့ အခွင့်အရေးတစ်ခု၊ လုပ်ချင်ရာလုပ်ပြီး မည်သူ့ကိုမျှ ခွင့်တောင်းနေစရာမလိုဘဲ ပေါင်းသင်းချင်သောသူတို့နှင့်ပေါင်းသင်းဖို့ အခွင့်အရေးတစ်ခုဖြစ်၏။ ထို့အပြင် ရွယ်တူချင်းများ အိမ်ပြင်ခိုးထွက်ပြီး လုပ်ခဲ့ကြသည့်ပျော်စရာအမှုများအကြောင်း သင်ကြားဖူးခဲ့ပေမည်။ ထို့ကြောင့် သူတို့နှင့်အတူ တွဲပျော်လိုကြပေမည်။

မြောက်အမေရိကရှိ အထက်တန်းကျောင်းသူ/သား ၁၁၀ ကိုစစ်ဆေးမေးမြန်းခဲ့ရာ ၅၅ ယောက်က အနည်းဆုံးတစ်ကြိမ် အိမ်ပြင်ခိုးထွက်ခဲ့ဖူးကြောင်း ဝန်ခံ၏။ သူတို့အများစုသည် ၁၄ နှစ်အရွယ်တွင် ထိုသို့ဦးဆုံးပြုခဲ့ကြသည်။ ယင်းပြဿနာမှာ အလွန်များနေသဖြင့် ကျွမ်းကျင်သူတချို့က သားသမီးများ အိမ်ပြင်ခိုးမထွက်ရန် လျှပ်စစ်အချက်ပြစနစ်များတပ်ဆင်ထားကြဖို့ မိဘများကို တိုက်တွန်းကြသည်။ လူငယ်များစွာသည် အိမ်ပြင်ခိုးထွက်ခြင်းဖြင့် မိဘများ၏ဒေါသကို အဘယ်ကြောင့် နှိုးဆွနေကြသနည်း။

တချို့ ခိုးထွက်ရခြင်းအကြောင်းရင်း

တစ်ခါတစ်ရံ လူငယ်များသည် ပျင်းရိငြီးငွေ့ကြရုံဖြင့် သူငယ်ချင်းများနှင့်ပျော်ပါးလို၍ ခိုးထွက်ကြခြင်းဖြစ်၏။ “ချုပ်ချယ်မှုတချို့ကြောင့်၊ ဥပမာပြောရလျှင် ညနေပိုင်းတွင် အိမ်သို့စောစောပြန်လာရန်၊ အိမ်ပြင်မထွက်ရန် တားမြစ်ချက်ကြောင့် ဧည့်ခံပွဲတစ်ခုခုကို မသွားလိုက်ရသဖြင့်” လူငယ်များ အိမ်ပြင်ခိုးထွက်ခဲ့ကြခြင်းဖြစ်မည်၊ “ထိုလူငယ်တို့သည် တစ်နည်းနည်းဖြင့် ခိုးထွက်ပြီး တစ်ခါတစ်ရံ [မိဘများ] မသိဘဲအိမ်ထဲပြန်ဝင်လာလေ့ရှိ၏” ဟု မြီးကောင်ပေါက်များနှင့် လူငယ့်ဘဝစာအုပ်က ရှင်းပြသည်။ ၁၆ နှစ်အရွယ်မိန်းကလေးတစ်ဦးက သူအိမ်ပြင်ခိုးထွက်ခဲ့ရသည့် အကြောင်းရင်းကို ဤသို့ရှင်းပြသည်။ “ကျွန်မဟာကလေးလိုပဲခံစားနေရပြီး ကိုယ့်ဘဝကိုယ် မပိုင်တာကျနေတာပဲ။ ကျွန်မရထားတဲ့ ညမထွက်ရအမိန့်ဟာ တခြားသူတွေထက် စောစောပြန်ရောက်ရတယ်။ ကျွန်မသူငယ်ချင်းတွေ သွားကြတဲ့နေရာတွေကို ကျွန်မမိဘတွေက သွားခွင့်မပြုဘူး။ . . . ဒါကြောင့် တစ်နည်းနည်းနဲ့ကြံဖန်ထွက်ပြီး လိမ်ညာရတော့တာပေါ့။” အစပိုင်းတွင် ဖော်ပြခဲ့သည့် ဂျိုးဇက်သည် ၁၄ နှစ်အရွယ်တွင် အိမ်ပြင်သို့ စ၍ခိုးထွက်ကာ သူ၏မိဘများ သွားခွင့်မပေးသည့်ရက်ပ်ပွဲသို့ သွားခဲ့သည်။

လူငယ်အများစုသည် မကောင်းသောရည်ရွယ်ချက်ဖြင့် အိမ်ပြင်ခိုးထွက်ကြခြင်းမဟုတ်သည်မှာ မှန်ပါသည်။ အစပိုင်းတွင် ဖော်ပြခဲ့သည့် လူငယ်တာရာက ဤသို့ဆိုသည်– “ကျွန်မတို့ ဦးဆုံးစဉ်းစားတာက ‘မကောင်းတာသွားလုပ်ကြဖို့’ မဟုတ်ပါဘူး။ သူ့အဖော်တွေနဲ့ ပျော်ပါးချင်တဲ့ အစ်မနဲ့လိုက်သွားဖို့ပါပဲ။” ဂျိုးဇက်က ဤသို့ဆိုသည်– “ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ စကားပြောပြီး အချိန်ဖြုန်းချင်တာသက်သက်ပဲ။” သို့သော် သူငယ်ချင်းများနှင့် အချိန်ဖြုန်းခြင်းဖြင့် ရာဇဝတ်မှုကြီးများ ဖြစ်ခဲကြုံခဲမည်ဖြစ်သော်လည်း လူငယ်များစွာသည် အပြစ်ကြီးလေးသောအမှုများ ပြုမိခဲ့ကြသည်။

အန္တရာယ်များ

စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာ လင်း အီး. ပန်တန်က ဤသို့စောဒကတက်၏– “ဆယ်ကျော်သက်တွေ စွန့်စားလုပ်ကိုင်ချင်ကြတာ မဆန်းပါဘူး။” လွတ်လွတ်လပ်လပ်နှင့် အသစ်အဆန်းတစ်ခုခုကို စမ်းပြုလုပ်လိုခြင်း၊ စိတ်ဝင်စားဖွယ်အခြေအနေအသစ်တစ်ခုခုတွင် ရှိလိုခြင်းတို့သည် လူငယ်များအတွက် ဓမ္မတာဖြစ်ပြီး ကောင်းပင်ကောင်းမည်ဟု ဒေါက်တာ ပန်တန်က ဆက်ရှင်းပြသည်။ ယင်းသည် ကြီးထွားမှု၏လက္ခဏာတစ်ရပ်ဖြစ်၏။ သို့သော် လူငယ်များစွာသည် တော်ရုံသင့်ရုံထက်ကျော်လွန်၍—⁠အထူးသဖြင့် မိဘများ၏အကဲခတ်မှုအောက်မှ ဝေးနေသောအခါ—⁠စွန့်စားပြုလုပ်လိုကြသည်။ ဆယ်ကျော်သက်မဂ္ဂဇင်းက ဤသို့ဆိုသည်– “ရွယ်တူချင်းဖိအား၊ ငြီးငွေ့ခြင်း၊ ခွန်အားကိုတလွဲသုံးခြင်းနှင့် ဘီယာကဲ့သို့သော စိတ်ကြွစေသည့် အရာတစ်ခုခုကြောင့် ဆယ်ကျော်သက်များ မှားယွင်းမိစေပြီး အသက်ပင်ဆုံးရှုံးခဲ့ပြီ။” လေ့လာမှုတစ်ရပ်က ဆယ်ကျော်သက်များ စွန့်စားပြုလုပ်လိုသည့် ကားအရှိန်ပြင်းစွာမောင်းခြင်း၊ ဖျက်လိုဖျက်ဆီးပြုခြင်း၊ မူးရင်းကားမောင်းခြင်းနှင့် ခိုးခြင်းတို့အပါအဝင် လုပ်ရပ်တချို့ကို စာရင်းပြုဖော်ပြထားသည်။

သင်သည် စိတ်မပါ့တပါ နာခံမှုမရှိ ပြုလုပ်မိပြီးနောက် ပိုဆိုးရွားသည့်အမှားများကို ပြုလုပ်ရန် လွယ်ကူသွား၏။ လုကာ ၁၆:၁၀ တွင်ယေရှုပြောခဲ့သကဲ့သို့ဖြစ်၏– “အနည်းငယ်သောအမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ်သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌လည်းသစ္စာမရှိ။” သို့ဖြစ်၍ သူငယ်ချင်းများနှင့် အိမ်ပြင်ခိုးထွက်ခြင်းသည် ကြီးလေးသောအပြစ်များ ပြုမိနိုင်စေသည်မှာ အံ့အားသင့်စရာမဟုတ်ချေ။ တာရာသည် မတရားမေထုန်ကျူးလွန်ခဲ့၏။ ဂျိုးဇက်သည် မူးယစ်ဆေးဝါး စတင်ရောင်းချလာရာ အဖမ်းခံရပြီး ထောင်ကျခဲ့၏။ ဂျွန်အမည်ရှိ ခရစ်ယာန်လူငယ်တစ်ဦးသည် မူးယစ်ဆေးဝါးတလွဲသုံးလာပြီး ကားများခိုးလေ၏။ ဝမ်းနည်းစရာမှာ ဤလူငယ်များစွာသည် အဆိုပါအပြုအမူ၏ ဆိုးကျိုးများဖြစ်သည့် မလိုလားအပ်သောကိုယ်ဝန်၊ လိင်ဆိုင်ရာကူးစက်ရောဂါ သို့မဟုတ် အရက် သို့မဟုတ် မူးယစ်ဆေးဝါးစွဲခြင်းကိုလည်း ရိတ်သိမ်းနေကြရသည်။—⁠ဂလာတိ ၆:၇၊ ၈

နစ်နာမှု

သင့်ခန္ဓာကိုယ်ပျက်စီးသည်ထက် သာ၍ဆိုးရွားသည်မှာ စိတ်ပိုင်းဆိုင်ရာပျက်စီးမှုခံရခြင်းဖြစ်၏။ စိတ်မကြည်လင်တော့၍ စိတ်ဆင်းရဲခြင်းသည် အလွန်ပင်ခံရခက်သည်။ (ဆာလံ ၃၈:၃၊ ၄) ဂျိုးဇက်က ဤသို့ဆို၏– “တစ်စုံတစ်ရာကို ဆုံးရှုံးလိုက်ရမှ အဲဒါရဲ့တန်ဖိုးကိုသိတယ်ဆိုတဲ့ စကားပုံရှိတယ်။ တစ်ခါတလေ အတိတ်ကိုပြန်စဉ်းစားကြည့်မိတဲ့အခါ မယုံကြည်နိုင်လောက်အောင် ငါဒီလောက်တောင်မိုက်ရသလားလို့ တွေးမိတယ်။”

ထို့အပြင် ကျွန်ုပ်တို့လျစ်လျူမရှုသင့်သည်မှာ သင့်နာမည်ကောင်း ပျက်စီးသွားခြင်းဖြစ်သည်။ ဒေ. ၁၀:၁ ကဤသို့ဆိုသည်– “အထုံသမားလုပ်သောနံ့သာဆီကို သေသောယင်ကောင်သည် နံစေသကဲ့သို့ အနည်းငယ်သောအမိုက်သည် ပညာနှင့်ဂုဏ်အသရေထင်ရှားသောသူကို ထိုအတူဖြစ်စေတတ်၏။” ရှေးခေတ်က တန်ဖိုးရှိသောဆီ သို့မဟုတ် နံ့သာကို ယင်သေတစ်ကောင်ကဲ့သို့သော သေးငယ်သောအရာတစ်ခုခုက ပျက်စီးစေနိုင်သည်။ အလားတူပင် သင်ကြိုးစားပမ်းစားရယူခဲ့သည့် နာမည်ကောင်းသည် ‘အနည်းငယ်သောမိုက်မဲမှု’ တစ်ခုခုကြောင့် ပျက်ပြားသွားနိုင်၏။ သင်သည် ခရစ်ယာန်တစ်ဦးဖြစ်ခဲ့လျှင် ထိုလွဲမှားသောအပြုအမူတစ်ခုကြောင့် အသင်းတော်အခွင့်ထူးများ လက်လွတ်ဆုံးရှုံးသွားနိုင်၏။ သင်ကိုယ်တိုင် ကျမ်းစာမူများမလိုက်ခဲ့ကြောင်းကို အခြားသူများသိနေလျှင် သူတို့ကို သင်မည်သို့အားပေးနိုင်မည်နည်း။—⁠ရောမ ၂:၁-၃

နောက်ဆုံးအနေနှင့် သင်ပျောက်နေကြောင်း သင့်မိဘများသိသွားသောအခါ သူတို့ခံစားရမည့်စိတ်ဆင်းရဲမှုကို သုံးသပ်ကြည့်ပါ။ မိဘတစ်ဦးက သူ၏ ၁၅ နှစ်အရွယ်သမီးငယ် အိမ်ထဲတွင်မရှိကြောင်း သိလိုက်ရသည့်အခါ ခံစားခဲ့ရသည့် စိုးရိမ်ပူပန်မှုကို ဖော်ပြသည်။ သမီးငယ် အဘယ်သို့သွားသည်ကိုမသိကြသောကြောင့် သူနှင့် သူ၏ခင်ပွန်းတို့သည် မည်မျှ ‘စိုးရိမ်ပူပန် ဗျာများခဲ့ရ’ ကြောင်းပြောပြ၏။ သင့်မိဘများကို ထိုသို့စိတ်ဆင်းရဲ ဝမ်းနည်းစေလိုသလော။—⁠သု. ၁၀:⁠၁

လွတ်လပ်မှု ပိုမိုရရှိခြင်း

သင့်မိဘများသည် အလွန်အမင်းစည်းကမ်းတင်းကြပ်နေဟန်ရှိမည်ဆိုလျှင် စိတ်ပျက်စရာဖြစ်နိုင်ကြောင်း နားလည်နိုင်ပါသည်။ သို့သော် အိမ်ပြင်ခိုးထွက်ခြင်းသည် ဖြေရှင်းနည်းလော။ နောက်ဆုံးတွင် သင့်အပြုအမူ ပေါ်သွားပါလိမ့်မည်။ သင်သည် မိဘများကို တစ်ပတ်ရိုက်နိုင်သည့်တိုင် သင့်လုပ်ရပ်များ၊ ညအမှောင်တွင် သင်ပြုခဲ့ရာများကိုပင် ယေဟောဝါသိမြင်တော်မူ၏။ (ယောဘ ၃၄:၂၁) ထို့ကြောင့် သင့်လုပ်ရပ်သည် အနှေးနှင့်အမြန် ပေါ်လာပါလိမ့်မည်၊ သို့နှင့် တစ်ချိန်က သင့်အပေါ်ရှိခဲ့သော သင့်မိဘများ၏ယုံကြည်မှုမှန်သမျှကို ဆုံးရှုံးလက်လွတ်ရပေလိမ့်မည်။ အဘယ်ရလဒ်ရမည်နည်း။ သင် လိုလားတောင့်တသည့် လွတ်လပ်မှုကိုပင် သင်ဆုံးရှုံးသွားပါလိမ့်မည်!

သတိရပါ– လွတ်လပ်မှုရလိုလျှင် သင့်မိဘများ၏ ယုံကြည်စိတ်ချမှုကို ရရှိဖို့လို၏။ ထိုလွတ်လပ်မှုကိုရရန် အကောင်းဆုံးနည်းမှာ မိဘစကားနားထောင်ခြင်းသာတည်း။ (ဧဖက် ၆:၁-၃) သင့်မိဘများသည် တစ်နည်းနည်းဖြင့် အကျိုးသင့်အကြောင်းသင့်မရှိဟု သင်ယူဆနေလျှင် ပွင့်ပွင့်လင်းလင်း၊ လေးလေးစားစား သူတို့နှင့်စကားပြောဆိုဆွေးနွေးပါ။ သင့်စကားကို သူတို့နားထောင်၍ စဉ်းစားပေးပေလိမ့်မည်။ တစ်ဖက်တွင်မူ သင့်ကို အတော်အတန်ချုပ်ချယ်ရသည့် အကြောင်းရင်းများရှိကြောင်း သင်သဘောပေါက်လာပေလိမ့်မည်။ သင်သည် သူတို့နှင့် သဘောမတူနိုင်လျှင်ပင် သူတို့သည် သင့်ကိုချစ်မြတ်နိုး၍ သင့်အကျိုးကို လိုလားကြောင်း ဘယ်တော့မျှ မမေ့ပါနှင့်။ သင့်အပေါ်ထားရှိသည့် သူတို့၏ယုံကြည်စိတ်ချမှုကို ဆက်တည်ဆောက်သွားပါ၊ အချိန်တန်သော် သင်လိုလားသည့်လွတ်လပ်မှု ရရှိပါလိမ့်မည်။ *

“သူတို့နှင့်အတူမလိုက်နှင့်”

ရှေးခေတ်က ဘုရားသခင်ကိုကြောက်ရွံ့သည့် လူငယ်များသည် ရိုင်းစိုင်းသောအပြုအမူကို ရွယ်တူချင်းများနှင့် ပူးပေါင်းပြုလုပ်ရန် သွေးဆောင်ခံရလေ့ရှိခဲ့ကြသည်။ ထို့ကြောင့် ရှောလမုန်က လူငယ်များကို ဤသို့တိုက်တွန်းခဲ့သည်– “ငါ့သား လူဆိုးတို့သည် သင့်ကိုသွေးဆောင်လျှင် ဝန်မခံနှင့်။ ငါ့သား သူတို့နှင့်အတူမလိုက်နှင့်။” (သု. ၁:၁၀၊ ၁၅) သူငယ်ချင်းများအမည်ခံသူတို့က အိမ်ပြင်သို့ခိုးထွက်ဖို့ သင့်အားသွေးဆောင်လျှင် အထက်ပါဆုံးမစကားကို လိုက်နာပါ။ ရှောလမုန်က ဤသို့ထပ်ဆင့်သတိပေးခဲ့သည်– “သတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။”—⁠သု. ၂၂:⁠၃

သင်သည် အိမ်ပြင်ခိုးထွက်တတ်နေပြီဆိုလျှင် ရပ်လိုက်ပါ! ရေရှည်တွင် မိမိကိုယ်ကို ဖျက်ဆီးနေခြင်းဖြစ်၏။ သင်အဘယ်အရာပြုလုပ်နေကြောင်း သင့်မိဘများအား အသိပေးပါ၊ သူတို့ချမှတ်မည့် မည်သည့်ပြစ်ဒဏ် သို့မဟုတ် ချုပ်ချယ်မှုကိုမဆို ခံယူလိုက်ပါ။ လိုအပ်မည်ဆိုလျှင် မိတ်ဆွေသစ်များ၊ သင့်အပေါ် အကောင်းဘက်သြဇာလွှမ်းမိုးမည့်မိတ်ဆွေများ ကို ရွေးချယ်ပါ။ (သု. ၁၃:၂၀) သင်ပျော်ရွှင်ဖို့ ပို၍အကျိုးပြုပြီး အန္တရာယ်နည်းသည့် နည်းလမ်းများကို ရှာကြံပါ။

အရေးကြီးဆုံးမှာ ကျမ်းစာဖတ်ရှုခြင်းနှင့် ခရစ်ယာန်စည်းဝေးများကိုတက်ခြင်းတို့ဖြင့် သင့်ဝိညာဉ်ရေးကို ဆက်ပျိုးထောင်ပါ။ “လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့သန့်ရှင်းစေနိုင်ပါမည်နည်း” ဟုဆာလံဆရာက မေးခဲ့သည်။ သူကဤသို့ဖြေသည်– “[ဘုရားသခင့်နှုတ်မြွက်စကားတော်] အတိုင်းသတိပြုရမည်။” (ဆာလံ ၁၁၉:⁠၉) မှန်ရာကို သင်ပြုလုပ်ဖို့ သင့်စိတ်ကိုသင် တဖြည်းဖြည်းပြုပြင်သွားသည်နှင့်အမျှ အိမ်ပြင်သို့ခိုးထွက်ခြင်းသည် ပျော်စရာ၊ စိတ်လှုပ်ရှားစရာကောင်းမည်ဖြစ်သော်လည်း စွန့်စားရကျိုးမနပ်ကြောင်း သင်ကောက်ချက်ချပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 3 နာမည်များပြောင်းထားပါသည်။

^ အပိုဒ်၊ 19 လွတ်လပ်မှုပိုရခြင်းနှင့်စပ်လျဉ်း၍ ထပ်ဆင့်အချက်အလက်များရလိုလျှင် ယေဟောဝါသက်သေများ၊ မြန်မာနိုင်ငံမှထုတ်ဝေသည့် လူငယ်များအမေး—⁠တာသွားသည့်အဖြေ စာအုပ်အခန်း ၃ ကိုရှု။

[စာမျက်နှာ ၂၁ ပါ အကျဉ်းဖော်ပြချက်]

“ကျွန်မမိဘတွေက ကျွန်မသူငယ်ချင်းတွေ သွားကြတဲ့နေရာကို သွားခွင့်မပြုကြဘူး။ . . . တစ်နည်းနည်းနဲ့ ကြံဖန်ပြီး ကျွန်မထွက်သွား တာပါပဲ၊ နောက်လိမ်ပြောလိုက်တယ်”

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

အိမ်ပြင်ခိုးထွက်ခြင်းသည် ဆိုးရွားသောပြဿနာများကို ဖြစ်စေလေ့ရှိ