မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အလက်ဇန္ဒြီးယန်းစာကြည့်တိုက်အသစ် စာအုပ်များလိုနေ

ကမ္ဘာကျော်အလက်ဇန္ဒြီးယန်းစာကြည့်တိုက်သည် “ခရစ်တော်လက်ထက်တွင် လူ့အသိပညာတစ်ရပ်လုံးပါရှိခြင်းအတွက် နာမည်ကြီး၏၊ . . . ၎င်းသည် ဘီ.စီ. ၄၇ ခုနှစ်၌ မီးကြောင့်အကြီးအကျယ်ပျက်စီးကာ နောက်ဆုံးတွင် အေ.ဒီ. ၇ ရာစု၌ ပျောက်ကွယ်ခဲ့ရသည်” ဟု သည်ဝေါလ်စထရစ်ဂျာနယ် ကဖော်ပြသည်။ အီဂျစ်နိုင်ငံသည် အခြားအာရပ်နိုင်ငံများနှင့် ကုလသမဂ္ဂပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့တို့၏အကူအညီဖြင့် ယခင်ထက်သာလွန်မည်ဟု မျှော်လင့်ထားသည့် စာကြည့်တိုက်အသစ်တစ်ခုကို တည်ထောင်ခဲ့သည်။ “ပထမလေးထပ်သည် မြေအောက်ထပ်များဖြစ်၏။ အလင်းပြန်သည့်ရေကန်တစ်ခုဖြင့် ဝန်းရံထားသည်။ စာကြည့်တိုက်တွင် ဓာတ်လှေကား ၁၇ စင်း၊ မိမိဘာသာသန့်စင်နိုင်သည့် ပြတင်းပေါက်များနှင့် ရှားပါးစာသားအပေါ်တွင် ရေတစ်စက်မျှမကျန်စေဘဲ မီးငြိမ်းသတ်နိုင်သည့် အဆင့်မြင့်လုံခြုံရေးစနစ်တစ်ခုပါရှိသည်။ သို့သော် “စာကြည့်တိုက်တွင် အရေးပါသည့်စာအုပ်များ အလုံအလောက်မရှိ” ဟု ဂျာနယ် ကဆက်၍ဖော်ပြသည်။ နှစ်ပေါင်းများစွာဆောက်လုပ်ချိန်အတွင်း ငွေသန်းပေါင်းများစွာသုံးစွဲခဲ့ပြီးနောက် “စာအုပ်များစုဆောင်းရန်အတွက် စာကြည့်တိုက်အသစ်၏ဘတ်ဂျတ်သည် အလွန်နည်းသောကြောင့် စာကြည့်တိုက်မှူး မိုးစဲန်ဇာရန် သည် အခမဲ့ရနိုင်သည့်စာအုပ်များကို ခယ၍တောင်းခံနေသည်” ဟုသတင်းစာက ဆက်၍ဖော်ပြသည်။ “လစာမပေးနိုင်” သောကြောင့် စာကြည့်တိုက်မှူးတစ်ဦးကို ရှာမနေတော့ပါဟု မစ္စတာဇာရန် ကဆို၏။ စာကြည့်တိုက်အသစ်တွင် စာအုပ်ရေရှစ်သန်းအတွက် နေရာလပ်လျက်ရှိသည်။

ယောင်မှားနာကျင်မှု

“ခြေလက်တစ်ဖက်ဆုံးရှုံးသူများသည် တစ်စုံတစ်ဦးက ၎င်းတို့၏မျက်နှာကိုတို့ထိလိုက်လျှင် မဲ့နေသောခြေလက်မှ နာတာရှည်နာကျင်မှုခံစားရသယောင် သို့မဟုတ် ချို့ယွင်းသည့်ခြေလက်တွင် အာရုံခံစားရလေ့ရှိသည်” ဟု နယူးဆိုင်းယင်းတစ် မဂ္ဂဇင်းက ဖော်ပြသည်။ “ခြေလက်ဖြတ်တောက်ကုသမှု သို့မဟုတ် ကျောရိုးအာရုံကြောထိခိုက်မှုကြောင့် အပေါ်လွှာသည် အာရုံခံစားမှုမရှိတော့သည့်အခါ အနီးအနားရှိအာရုံကြောများသည် သေနေသည့်အပိုင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ၎င်း၏လုပ်ဆောင်မှုကို အစားထိုးဆောင်ရွက်ပေးသည်” ဟုမဂ္ဂဇင်းကရှင်းပြသည်။ “ယင်းက မဲ့နေသည့်ခြေလက်ကို သတိပြုမိစေသည် သို့မဟုတ် အဆက်မပြတ်နာကျင်မှုခံစားရစေသည်” ဟုထပ်ဆင့်ရှင်းပြသည်။

အာပုပ်နံ့နှင့် အလုပ်ရရန်အလားအလာများ

“[အာပုပ်နံ့] သည် လုပ်ငန်းများစွာကို ထိခိုက်စေသည်ဟုဆိုခြင်းမှာ ချဲ့ကားပြောခြင်းမဟုတ်” ဟုသွားဆရာဝန် ခရစ္စတီနားကောလ်ဘီ က ဘရာဇီးနိုင်ငံထုတ် စီးပွားရေးမဂ္ဂဇင်း အီဇာမီ တွင် ဖော်ပြခဲ့သည်။ “တရားလွန်ကိစ္စများတွင် လူတို့သည် ပြဿနာအရင်းခံကိုနားမလည်ဘဲ အလုပ်တစ်ခုပြီးတစ်ခု လက်လွတ်ကြရရှာသည်” ဟုဝန်ထမ်းရေးရာအလုပ်အမှုဆောင် (အလုပ်သမားရှာဖွေစုဆောင်းသူ) လေအင်ဒရူး စဲဒေးရာ ကထပ်ဆင့်ဖော်ပြသည်။ ဘရာဇီးနိုင်ငံရှိ မြို့ကြီးနှစ်မြို့တွင်ပြုလုပ်ခဲ့သော လေ့လာမှုတစ်ခုတွင် စစ်ဆေးခံရသူများအနက် ၄၀ ရာခိုင်နှုန်းတွင် အာပုပ်နံ့ရှိကြောင်းတွေ့ခဲ့ရသည်။ အဖြစ်အများဆုံးသောအကြောင်းရင်းများတွင် ဖိစီးမှုဒဏ်နှင့် အမျှင်ပါသည့်အစာ အစားနည်းခြင်းတို့ပါဝင်သည်။ ရောဂါလက္ခဏာများသက်သာစေရန် ဝေဒနာရှင်များသည် အားလပ်ရက်အနည်းငယ်ယူကာ ဟင်းသီးဟင်းရွက်များ ပိုမိုစားသုံးပေးကြရန် ဒေါက်တာ ကော်ဘီက အကြံပြုသည်။ အရေးပေါ်ရေတိုလုပ်ဆောင်မှုတစ်ရပ်အနေနှင့် အာပုပ်နံ့ရှိသောအလုပ်သမားများသည် ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်နှင့် ရေဖြင့် ပလုတ်ကျင်းနိုင်သည်။

ဘေးဖြစ်စေသည့်အကြံပြုချက်

“သတင်းဖြန့်ချိရေးနှင့် နာမည်ကြီးစိတ်ပညာရှင်များက [ဒေါသ] ‘ထွက်ခြင်း’ သည်အသုံးဝင်သည်ဟူသော အယူအဆကို အားပေးထောက်ခံကြသည်၊ သို့သော် ဤအကြံပြုချက်သည် အကူအညီဖြစ်စေသည်ထက် ဘေးပို၍ဖြစ်စေသည်” ဟု စိုင်ကော်လော်ဂျီတူဒေးမဂ္ဂဇင်းက ဖော်ပြသည်။ အိုင်းအာဝါပြည်နယ်တက္ကသိုလ်စိတ်ပညာရှင် ဘရက်ဒ် ဘွတ်ရှ်မန် ၏အဆိုအရ “ဒေါသထွက်ခြင်းသည် ရန်လိုစိတ်ကိုတိုးပွားစေ၏။” သဲအိတ်ကိုထိုး၍ “ဒေါသပြ” သည့် စမ်းသပ်ခံရသူများသည် ထိုသို့မပြုသူများထက် ရန်လိုစိတ်နှင့် ရက်စက်မှုနှစ်ဆပိုရှိကြောင်း တွေ့ရသည်။ “သဲအိတ်ကိုမထိုးမီ စိတ်တင်းမာမှုကိုထွက်ပေါက်ပေးခြင်း၏ အကျိုးကျေးဇူးများနှင့်ပတ်သက်သည့် ဆောင်းပါးတစ်ခုကိုဖတ်ရှုသည့် စမ်းသပ်ခံရသူများ” ပင် “အခြားသူများထက် ထိုးသတ်လိုစိတ် ပိုရှိနိုင်သည်” ဟုဆောင်းပါးကဖော်ပြသည်။ “ဘွတ်ရှ်မန်၏အဆိုအရ စိတ်အေးချမ်းလာရန် ကြိုးစားမည့်အစား ဒေါသကို လုံးဝရပ်လိုက်ပါ။ လိုအပ်လျှင် ၁၀ အထိ သို့မဟုတ် ၁၀၀ အထိရေပါ။ ဒေါသပြေသွားပါလိမ့်မည်။”

စိတ်ဓာတ်ကျမှုတိုးများလာ

နိုင်ငံပေါင်း ၁၀၅ နိုင်ငံနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏မှတ်တမ်းတစ်ခုအရ ထိုနိုင်ငံများတွင် မိမိကိုယ်ကိုသတ်သေမှုပျမ်းမျှနှုန်းသည် ၁၉၅၀ ပြည့်နှစ်နှင့် ၁၉၉၅ ခုနှစ်ကြားတွင် ၆၀ ရာခိုင်နှုန်းတိုးများလာသည်ဟု ပြင်သစ်သတင်းစာ လမွန် ကဖော်ပြသည်။ WHO ၏စိတ်ရောဂါကုဌာနညှိနှိုင်းရေးမှူး ဒေါက်တာ ဟိုးစေးမာရီအာ ဘာတိုလိုတီ က ၂၀၀၀ ပြည့်နှစ်တွင် မိမိကိုယ်ကိုသတ်သေသူ တစ်သန်းရှိမည်ဖြစ်ကာ အခြား ၁၀ သန်းမှ သန်း ၂၀ သည် မိမိကိုယ်ကိုသတ်သေဖို့ကြိုးစားကြမည်ဟု ခန့်မှန်းခဲ့သည်။ သို့သော် ကိန်းဂဏန်းအမှန်မှာ ယင်းထက်ပိုများနိုင်သည်။မှတ်တမ်းအရ မိမိကိုယ်ကိုသတ်သေခြင်းကြောင့် နှစ်စဉ်သေဆုံးသူသည် ကမ္ဘာ့လက်နက်ကိုင်တိုက်ခိုက်မှုများအားလုံးကြောင့် သေဆုံးသူထက်ပိုများသည်။ အသက် ၁၅ နှစ်နှင့် ၃၅ နှစ်ကြားရှိသူတို့တွင် မိမိကိုယ်ကိုသတ်သေခြင်းသည် “သေဆုံးရသည့်အဓိကအကြောင်းရင်း သုံးခုအနက်တစ်ခု” ဖြစ်လာသည်ဟု ဒေါက်တာ ဘာသိုလိုတီ ကပြောသည်။

တောင်အာဖရိကတွင် သွေးမဲ့ခွဲစိတ်ကုသမှု

“ထိတ်လန့်ဖွယ်ကောင်းလောက်အောင် အေ့ဒ်စ်ရောဂါသည်တိုးများလာခြင်းက တောင်အာဖရိကရှိ အရေးပါသောပုဂ္ဂလိကဆေးရုံအုပ်စုများမှတစ်ခုအား ‘သွေးမဲ့ဆေးကုသမှုနှင့် ခွဲစိတ်ကုသမှု’ ဘက်သို့လှည့်ရန် ရွေးချယ်စေခဲ့သည်” ဟုတောင်အာဖရိကသတင်းစာ သည်မာကျူရီ ကဖော်ပြသည်။ “ကျွန်တော်တို့ရည်မှန်းချက်က လှူဒါန်းတဲ့သွေးကိုအသုံးမပြုဘဲ လူနာတွေကို ဆေးဝါးကုသမှုနဲ့ ခွဲစိတ်ကုသမှုပြုလုပ်ပေးဖို့ ဆေးပညာလောကကို တိုက်တွန်းဖို့ဖြစ်တယ်” ဟုဆေးဘက်ဆိုင်ရာ စီစဉ်ညွှန်ကြားရေးမှူး ဒေါက်တာ အီဖရာအင်န် ခရေမာ ကဆိုသည်။ တောင်အာဖရိကရှိ အနည်းဆုံး ဆရာဝန် ၈၀၀ သည် သွေးမဲ့ဆေးကုသမှုနှင့် ခွဲစိတ်ကုသမှုကို ကမ်းလှမ်းကြသော်လည်း အဆိုပါတစ်မျိုးသားလုံးညှိနှိုင်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် ဆေးရုံအုပ်စုတစ်ခုက ထိုသို့ဆုံးဖြတ်ခဲ့ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ဒေါက်တာခရေမာက ဆရာဝန်များ၏တုံ့ပြန်မှုသည် “အလွန်ကောင်းသည်” ဟုဆို၏။ “များသောအားဖြင့် လှူဒါန်းသောသွေးဖြင့် ကုသခံဖို့ငြင်းဆိုကြသည့် ယေဟောဝါသက်သေများကဲ့သို့သော ဘာသာရေးအုပ်စုများထံမှ တောင်းဆိုမှုများကြောင့် ထိရောက်မှုရှိသော သွေးမဲ့ကုသမှုနည်းစနစ်များ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်” ဟု သည်မာကျူရီ ကဖော်ပြသည်။

သဘာဝဗီတာဗင်စီဆေးတောင့်များ

တောချယ်ရီသီးဟုလည်းလူသိများသည့် အေဇာရိုသီးသည် တစ်လက်မ၏ လေးပုံသုံးပုံခန့်အချင်းရှိ၏။ သို့သော် ချိုခါးအရသာရှိသည့် ဤအသီးတွင် ဗီတာမင်စီသည် လိမ္မော်သီးထက် အဆ ၅၀ နှင့် သံပရိုသီးထက် အဆ ၁၀၀ ပိုများသည်။ ပီရူးနိုင်ငံ၊ တာရာပိုတိုမြို့ရှိ စန်မာတင်အစိုးရတက္ကသိုလ်တွင် လေ့လာမှုများပြုလုပ်ရာ အချဉ်ဆုံးသံပရိုသီး၏အသားဖတ် ၁၀၀ ဂရမ်တွင် အက်စကောဗစ်အက်ဆစ် (ဗီတာမင် စီ) ၄၄ မီလီဂရမ်နှင့် အေဇာရိုသီး၏ အလားတူပမာဏတွင် ၄,၆၀၀ မီလီဂရမ်ပါရှိကြောင်း တွေ့ရသည်။ ဤသဘာဝအသီး လေး “လုံး” ခန့်သည် လူကြီးတစ်ဦးအတွက် နေ့စဉ်လိုအပ်သည့် ဗီတာမင်စီကို ရရှိစေသည်။ အယ်လ် ကိုမာစီယို သတင်းစာအရ “ပုပ်သိုးလွယ်သောအသီး” ဖြစ်သည့် အေဇာရိုသီးကို ကိုကာအတွက် အစားထိုးသီးနှံအဖြစ် စီးပွားဖြစ်စိုက်ပျိုး၍ ရနိုင်မရနိုင်သိရှိရန် ကြိုးစားလျက်ရှိသည်။

အကြီးတကာ့အကြီးဆုံးအိုဇုန်းအပေါက်

၂၀၀၀ ပြည့်နှစ် စက်တင်ဘာလအတွင်း နာဆာအဖွဲ့၏ အိုဇုန်းစောင့်ကြပ်ရေးဂြိုဟ်တုသည် အန္တာတိတ်အထက်ရှိ တွေ့ခဲ့သမျှတွင် အကြီးဆုံးဖြစ်သည့် အိုဇုန်းလွှာအပေါက်ကို မှတ်တမ်းတင်ခဲ့သည်။ အာဂျင်တီးနားနိုင်ငံ၊ ဗြူးနို့စ်အေရီစ်မြို့ထုတ်သတင်းစာ ကလာရင် က ထိုသို့ဖော်ပြခြင်းဖြစ်၏။ အပေါက်သည် စတုရန်းမိုင် ၁၀.၉ သန်းခန့်အကျယ်အဝန်းရှိသည့်ဒေသ၏ အထက်တွင်ရှိကာ ယခင်မှတ်တမ်းထက် ၃၀၀,၀၀၀ စတုရန်မိုင်များသည်။ အပေါက်သည် အလွန်ကြီးမားသောကြောင့် သိပ္ပံပညာရှင်များ အံ့အားသင့်ခဲ့ရသည်။ နာဆာအဖွဲ့မှ ဒေါက်တာမိုက်ကယ်ကာရီလို က ဤရှာဖွေတွေ့ရှိချက်များသည် “ကမ္ဘာ့အိုဇုန်းလွှာ၏ ပျက်စီးလွယ်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုတိုးပွားစေသည်” ဟုဆို၏။ အာဂျင်တီးနားနိုင်ငံ၏ အာကာသလုပ်ငန်းများဆိုင်ရာ အမျိုးသားကော်မတီမှ ရူပဗေဒပညာရှင် ရုဗင်ပီအားချင်တီးနီး က ၎င်းအပေါက်သည် လူမနေသည့်အန္တာတိကအထက်တွင် ယခုတည်ရှိနေသော်လည်း “[အာဂျင်တီးနား] ၏တောင်ဘက်ပိုင်းနယ်မြေသို့ ကူးသွားနိုင်သည်” ဟုမှတ်ချက်ချခဲ့သည်။ အိုဇုန်းသည် နေမှလာသည့်ခရမ်းလွန်ရောင်ခြည်၏ အဖျက်စွမ်းအားကို လျော့နည်းစေခြင်းဖြင့် အကာအကွယ်ပေးသည့် ဒိုင်းလွှားသဖွယ်ဆောင်ရွက်သည်ဟု ကလာရင် က ဖော်ပြသည်။

တောင်အာဖရိကမှ မုဒိမ်းသားကောင်များ

“တောင်အာဖရိကတွင် နှစ်စဉ် မုဒိမ်းမှုတစ်သန်းရှိသည်” ဟု ဝါးလ်ဒ်ပရက်စ်ရီဗြူး မဂ္ဂဇင်းကဖော်ပြသည်။ ယင်းက စက္ကန့် ၃၀ ခန့်တိုင်းတွင် မုဒိမ်းမှုတစ်ခုရှိသည်ဟု ဆိုလိုသည်။ ထိုဆောင်းပါးက “တောင်အာဖရိကသည် ကမ္ဘာပေါ်တွင် လူသတ်မှုကို အဆုံးတွင်ဖြစ်စေသည့် မုဒိမ်းမှုအများဆုံးနိုင်ငံဖြစ်သည်” ဟုဖော်ပြသည်။ တောင်အာဖရိကတွင် လူဦးရေသန်း ၄၀ သာရှိသော်လည်း မုဒိမ်းမှုအရေအတွက်သည် စာရင်းအရ ဒုတိယလိုက်သည့် ယူနိုက်တက်စတိတ်ထက် ၁၂ ဆပိုများသည်။ ဆောင်းပါးက ဤသို့ထပ်ဆင့်ဖော်ပြသည်– “အခြားနိုင်ငံများတွင် လူတို့သည် သင့်အား မုဒိမ်းကျင့်မည်၊ လုယက်မည် သို့မဟုတ် သတ်ပစ်ကောင်းသတ်ပစ်ကြပေမည်။ သို့သော် တောင်အာဖရိကတွင်မူ လူတို့သည် ထိုနေရာတွင် သင်ရောက်ရှိနေခြင်းကြောင့် သင့်ကိုမသတ်မီ မုဒိမ်းကျင့်ကြပါလိမ့်မည်။ မုဒိမ်းမှုသည် အခြားရာဇဝတ်မှုများနှင့်ဆက်နွှယ်၍ ဆက်တိုက်နီးပါးဖြစ်ပွားသည်။” ထို့အပြင် “လူဆိုးအဖွဲ့ဝင်သစ်များအတွက် မုဒိမ်းကျင့်ခြင်းသည် အသင်းဝင်သစ်များအတွက် အစပိုင်းထုံးတမ်းများ၏ အစိတ်အပိုင်းတစ်ခုဖြစ်လာကာ” ယင်းနောက် သူတို့၏သားကောင်များကို သတ်ပစ်လိုက်ကြသည်။ ဆောင်းပါးဖော်ပြချက်အရ ထိုသို့ဖြစ်ရသည့်အကြောင်းရင်းများတွင် ကလေးကိုမတော်မတရားပြုမှုတိုးများလာခြင်းနှင့် အသက်သည် ဈေးပေါ၏ဟူသော အယူအဆလွှမ်းမိုးခြင်းတို့ပါဝင်သည်။ ထို့အပြင် ၁၉၉၈ ခုနှစ် ဂျိုဟန်နက်စ်ဘာ့ဂ် စစ်တမ်းတစ်ခုအရ “အမျိုးသမီးတို့သည် အမှန်ဆိုရလျှင် မုဒိမ်းကျင့်ခံရခြင်းကို နှစ်သက်ပျော်မွေ့ကြသော်လည်း ဖုံးကွယ်ထားကြသည်ဟူ၍လည်းကောင်း၊ အကယ်၍ သင်သည် မိန်းကလေးတစ်ဦးနှင့်တွဲသွားလျှင် လိင်ဆက်ဆံဖို့တောင်းဆိုခွင့်ရှိသည်ဟူ၍လည်းကောင်း အမျိုးသားငယ်များယုံကြည်ထားကြောင်း ဖော်ပြသည်” ဟုဆောင်းပါးကဖော်ပြသည်။