မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ဆံပင်ကို အနီးကပ်ကြည့်ရှုခြင်း

သင့်ဆံပင်ကို အနီးကပ်ကြည့်ရှုခြင်း

သင့်ဆံပင်ကို အနီးကပ်ကြည့်ရှုခြင်း

“အသက်အရွယ်မရွေး၊ ယဉ်ကျေးမှုတိုင်းလိုလိုတွင် ဆံပင်သည် လူတစ်ဦး၏အကြောင်းကို အနည်းနှင့်အများဖော်ပြသည်” ဟုကိုးကားချက်တစ်ခုကဆို၏။ သို့ဖြစ်၍ လူအများစုသည် သူတို့၏ဆံပင်ကို ကျန်းမာသန်စွမ်းပြီး ဆွဲဆောင်မှုရှိဖို့ အလွန်စိတ်ဝင်စားကြခြင်းသည် အံ့ဩစရာမဟုတ်ပါ။

နိုးလော့!သည် ဆံပင်ပြင်ဆင်ပုံ၊ ဂရုစိုက်စောင့်ရှောက်ပုံနှင့်ပတ်သက်၍ အများမေးတတ်သော မေးခွန်းအချို့ကို ကျွမ်းကျင်သောဆံသသမားလေးဦးအား မေးမြန်းခဲ့သည်။ သင့်ဆံပင်သည် မျက်စိဖြင့်မြင်ရုံထက် ပို၍ရှုပ်ထွေးကြောင်း တွေ့ရပေမည်။

ဆံပင်ပေါက်ခြင်းနှင့် ကျွတ်ခြင်း

မေး– ဆံပင်သည် အဘယ်အရာများနှင့် ပေါင်းစပ်ဖွဲ့စည်းထားသနည်း။

ဖြေ– ဆံပင်တွင် အမျှင်ပါသောပရိုတင်း ကယ်ရာတင် (keratin) ပါရှိသည်။ ဆံပင်မွေးတစ်ပင်စီသည် ဖောလစ်ကယ် (follicle) ခေါ် ဦးရေ၌ရှိသောအပေါက်ကလေးများမှ ပေါက်လာကြခြင်းဖြစ်သည်။ ဖောလစ်ကယ်တစ်ခုစီ၏ အောက်ခြေတွင် ကတော့ပုံအရေပြားတစ်ရှူး၊ ပက်ပီလာ (papilla) ရှိပြီး သွေးကြောများ၏အထောက်အပံ့ များစွာရရှိထားသည်။ ပက်ပီလာသည် ဆံပင်မွေးဆဲလ်များကို ထုတ်လုပ်ပေးပြီး တဖြည်းဖြည်းပွားများလာကာ ဖောလစ်ကယ်မှတစ်ဆင့် ဆံပင်မွေးအဖြစ် ပေါက်လာသည်။

မေး– ဆံပင်ဖြတ်ခြင်းက ဆံပင်ရှည်မြန်သည်ဟု အများအားဖြင့်ယုံကြည်ကြသည်။ ယင်းသည် မှန်ပါသလော။

ဖြေ– မမှန်ပါ။ သစ်ပင်ရှိအကိုင်းအခက်များသည် ပင်စည်မှအာဟာရ,ရယူသည့်နည်းတူ ဆံပင်သည် ကိုယ်ခန္ဓာမှ အာဟာရယူသည်ဟု အချို့ယူဆကြသည်။သို့သော် ဦးရေမှထွက်လာသော ဆံပင်တစ်ပင်သည် ကိုယ်ခန္ဓာမှ အသုံးမဝင်တော့သည့် ဆဲလ်သေတစ်ခုဖြစ်သည်။ ထို့ကြောင့် ဆံပင်တိခြင်းသည် ဆံပင်ရှည်ခြင်းအပေါ် အကျိုးသက်ရောက်မှုမရှိပါ။

မေး– အဘယ်ကြောင့် ဆံပင်ဖြူလာသနည်း။

ဖြေ– ဆံပင်၏အတွင်းပိုင်းလွှာ၌ ဆံပင်အရောင်ဖြစ်စေသော ရောင်ခြယ်ပစ္စည်းပါရှိသည်။ ရောင်ခြယ်ဆဲလ်သေသွားသည့်အခါ ဆံပင်ဖြူလာသည်၊ ၎င်းသည် အသက်ကြီးခြင်း၏ ဖြစ်စဉ်တစ်ရပ်ဖြစ်သည်။ အချိန်မတန်မီ ဆံပင်ဖြူခြင်းသည် မျိုးရိုးကြောင့် သို့မဟုတ် ဖျားနာမှုကြောင့် ဖြစ်နိုင်သည်။ သို့ရာတွင် ယုံတမ်းစကားတစ်ခု၌ ဆံပင်သည် ညတွင်းချင်းဖြူနိုင်သည်ဟူ၏။ ရောင်ခြယ်ပစ္စည်းသည် ဦးရေ၏အောက်တွင် တည်ရှိသည်။ ထို့ကြောင့် (တစ်လတွင် လက်မဝက်ခန့်သာရှည်သည့်) ဆံပင်အဖြူထွက်လာရန်နှင့် ဦးခေါင်းတွင်မြင်သာသည့်အထိရှည်လာရန် တစ်ရက်ထက်မက အချိန်လိုပါသည်။

မေး– ဆံပင်ကျွတ်ရသည့်အကြောင်းရင်းများကား အဘယ်နည်း။

ဖြေ– ဆံပင်ကျွတ်ရခြင်းမှာ ဆံပင်၏သဘာဝဖြစ်ရပ်ဖြစ်သည်။ ပျမ်းမျှအနေနှင့် လူတိုင်းသည် နေ့စဉ် ဆံပင်အပင် ၅၀ မှ ၈၀ အထိကျွတ်သည်ဟု ခန့်မှန်းရသည်။ သို့သော် ယောက်ျားများထိပ်ပြောင်ခြင်းသည် မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်ကာ ဟော်မုန်းမျှတမှုမရှိခြင်းကြောင့်ဖြစ်ပုံရပြီး ထိပ်ပြောင်သွားစေသည်။ ပုံမှန်မဟုတ်သောဆံပင်ကျွတ်ခြင်းကို ဆံပင်ကျွတ်ရောဂါ (alopecia) ဟုခေါ်သည်။ *

မေး– အချို့သူများက ဆံပင်သည် လူတစ်ဦး၏ကျန်းမာရေးကို ဖော်ပြပေးသည်ဟု ဆိုကြသည်။ ယင်းအဆိုမှန်ပါသလော။

ဖြေ– မှန်ပါသည်။ ဦးရေအောက်ရှိ သွေးများသည် ဆံပင်ကို ရှင်သန်စေသည်။ ထို့ကြောင့် သန်စွမ်းသောဆံပင်များက သွေးကြောထောက်ပံ့မှုကောင်းစွာရရှိထားကြောင်း ဖော်ပြသည်။ သို့ရာတွင် လူတစ်ဦးသည် အစားအသောက်ချို့တဲ့သည် သို့မဟုတ် သေရည်သေရက်အလွန်အကျွံသောက်သည်ဆိုပါက သူ၏သွေးကြောများသည် သူ၏ဆံပင်ကို ကောင်းစွာထောက်ပံ့နိုင်မည်မဟုတ်သောကြောင့် သူ၏ဆံပင်သည် သန်စွမ်းမှုမရှိဘဲ အလွယ်တကူပြတ်လွယ်ကြောင်း တွေ့နိုင်ပေသည်။ ဆံပင်ကျွတ်ခြင်းနှင့် ဆံပင်မသန်ခြင်းသည် မမာမကျန်းဖြစ်ခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်ခြင်း၏ အစောပိုင်းလက္ခဏာတစ်ခု ဖြစ်နိုင်သည်။

သင့်ဦးရေနှင့်ဆံပင်တို့ကို ကျန်းမာသန်စွမ်းစေရန် ထိန်းသိမ်းခြင်း

မေး– ဆံပင်နှင့်ဦးရေကို မည်သို့လျှော်နိုင်ကြောင်း ရှင်းပြပါ။

ဖြေ– မကြာခဏခေါင်းလျှော်ခြင်းသည် လူအများစုကို ဦးရေခြောက်သွေ့စေကြောင်း အတွေ့အကြုံများက ဖော်ပြသည်။ သင့်ဆံပင်တွင်ရှိသောအဆီသည် ဖုန်မှုန့်များနှင့် အရေပြားမှုန်များကိုကပ်စေပြီး ဖောလစ်ကယ်ရှိအဆီပြွန်များ ပိတ်ဆို့စေနိုင်သည်မှာ မှန်ပါသည်။ ထို့ကြောင့် ပုံမှန်ခေါင်းလျှော်ရန် လိုအပ်သည်။ သို့သော် ထိုသဘာဝအဆီသည် သင့်အရေပြားကိုပျက်စီးစေသော ဘက်တီးရီးယားများကိုလည်း ကာကွယ်ပေးပြီး လိုအပ်သောအစိုဓာတ်ကို ထိန်းထားပေးသည်။ မကြာခဏခေါင်းလျှော်ခြင်းအားဖြင့် သင့်ဦးရေတွင်ရှိသော ဤအကာအကွယ်ပေးသည့်အလွှာကို ဖျက်ဆီးပစ်နေခြင်းဖြစ်ကာ ဦးရေခြောက်အောင် ပြုလုပ်နေခြင်းဖြစ်သည်။ ဦးရေ သို့မဟုတ် ဆံပင်ညစ်ပတ်သည့်အချိန်တိုင်းတွင် ခေါင်းလျှော်သင့်ကြောင်း ကျွမ်းကျင်သူအများစုက ထောက်ခံကြသည်။ အဆီများသောဆံပင်ပိုင်ရှင်သည် သာမန်ဆံပင် သို့မဟုတ် ခြောက်သွေ့သောဆံပင်ပိုင်ရှင်များထက် ပို၍အကြိမ်များများ ခေါင်းလျှော်သင့်သည့်။

ခေါင်းလျှော်သည့်အခါ သင့်ဦးရေကို နှိပ်နယ်ပေးပါ။ ယင်းသို့ပြုခြင်းက ဦးရေရှိဆဲလ်အသေများကို ထွက်သွားစေပြီး သွေးကိုကောင်းစွာလည်ပတ်စေကာ သင့်ဆံပင်ကိုရှင်သန်စေသည်။ တစ်ခေါင်းလုံးစင်အောင် ရေဆေးရမည်ကို သတိရပါ! သင့်လက်များကို ဆပ်ပြာနှင့်ဆေးပြီး မစင်ပါက သင့်လက်အရေပြား ခြောက်သွေ့ကွဲအက်လာမည်။ ထိုနည်းတူပင် ခေါင်းလျှော်ရည်မစင်ပါက ဦးရေခြောက်သွေ့လာပြီး ဗောက်ထလာနိုင်သည်။

မေး– ဦးရေခြောက်ခြင်းကို မည်သို့ပြုပြင်နိုင်သနည်း။

ဖြေ– ရေများများသောက်ပါ၊ အာဟာရရှိသော အစားအစာကို သုံးဆောင်ပါ။ ယင်းက သင့်အရေပြားကို ရေဓာတ်ကြွယ်ဝစေပြီး သွေးကြောများကို အားသစ်တိုးစေသည်။ ခေါင်းလျှော်ရည်အပျော့စားကို သုံးပါ၊ သင့်ဦးရေကို မှန်မှန်နှိပ်နယ်ပေးပါ။ အချို့သူများသည် ဆံပင်ပျော့ဆေးများနှင့် ဦးရေစိုစေသည့် လိမ်းဆေးရည်များကိုလည်း အသုံးပြုကြသည်။

သင့်ဆံပင်ပုံစံ

မေး– လူတစ်ဦးသည် ဆံပင်ညှပ်ဆိုင်သို့သွားသည့်အခါ အဘယ်အရာကို စိတ်စွဲမှတ်ထားသင့်သနည်း။

ဖြေ– သင့်ဆံပင်ပုံစံပြောင်းလိုပါက သင်ပြောင်းလိုသောဆံပင်ပုံနှင့် သင်မကြိုက်သောဆံပင်ပုံပါသည့် ရုပ်ပုံကိုယူဆောင်သွားပါ။ ဆံပင်ပုံစံအချို့သည် အခြားအရာများထက် ပို၍ဂရုစိုက်ရန်လိုသောကြောင့် နေ့စဉ်သင့်ဆံပင်ကို ဂရုစိုက်နိုင်သည့် အချိန်ပမာဏနှင့် သင့်ဆန္ဒများကို ပွင့်ပွင့်လင်းလင်းပြောပြပါ။ ဆံသသမားသည် သင့်ဆံပင်အကြောင်းကို ကောင်းကောင်းသိရန်နှင့် သင်နှင့်ဆက်ဆံရေးကောင်းရှိရန် သာမန်အားဖြင့် နှစ်ကြိမ်သုံးကြိမ်သွားသင့်ကြောင်း စိတ်စွဲမှတ်ထားပါ။ ထို့ကြောင့် အဆောတလျင်စိတ်ပျက်ကာ ဆံပင်ညှပ်သူမပြောင်းလိုက်ပါနှင့်!

သင့်ဆံပင်က ဖော်ပြသည့်အရာ

ဆံပင်ကိုဂရုစိုက်ခြင်းနှင့် ပုံသွင်းခြင်းတို့ဖြင့် မိမိတို့၏သဘောထားကို ဖော်ပြသည်။ ဖက်ရှင်ရေစီးကြောင်း၊ ဘာသာရေးယုံကြည်ချက်၊ လူမှုရေးနှင့်နိုင်ငံရေးစံနှုန်းများနှင့်ပင် ရင်ပေါင်တန်းစေရန် ဆံပင်ညှပ်ခြင်း၊ အရှည်ထားခြင်း၊ အဖြောင့်ထားခြင်း၊ ဆံပင်ကောက်ခြင်း၊ အရောင်ဆိုးခြင်းနှင့် အမျိုးမျိုးပုံသွင်းခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီ။ သင့်ဆံပင်ကို အနီးကပ်ကြည့်ရှုကြည့်ပါ။ သင်နှင့်ပတ်သက်၍ အဘယ်အရာဖော်ပြသနည်း။ လှလှပပ,သထားသည့် သန်စွမ်းသောဆံပင်သည် ဆံပင်ပိုင်ရှင်ကို ကျက်သရေရှိစေပြီး အခြားသူများ၏ ချီးမွမ်းခြင်းခံရစေသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 ထပ်ဆင့်အချက်အလက်များအတွက် ၁၉၉၁၊ ဧပြီ ၂၂ ရက်ထုတ် နိုးလော့! [လိပ်] မှ “ဆံပင်ကျွတ်ရောဂါ—⁠ဆံပင်ကျွတ်ခြင်းကို အမှုမဲ့နေထိုင်ခြင်း” ဆောင်းပါးကိုရှု။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

အာဟာရရှိသောအစားအစာ သုံးဆောင်ခြင်း နှင့် ရေများများသောက်ခြင်းတို့သည် ဦးရေခြောက်ခြင်းကို ကာကွယ်ပေးနိုင်

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ဆံပင်ဖြူခြင်းသည် အသက်ကြီးခြင်း၏ သာမန်ဖြစ်စဉ် တစ်ခုဖြစ်

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

မကြာခဏခေါင်းလျှော်ခြင်းဖြင့် သင့်ဦးရေကို အကာအကွယ်ပေးသောအဆီ ဆုံးရှုံးနိုင်