မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိပ်မက်ထဲကသတင်းစကားများသည် ဘုရားသခင်ထံမှလော

အိပ်မက်ထဲကသတင်းစကားများသည် ဘုရားသခင်ထံမှလော

သမ္မာကျမ်းစာရှုထောင့်

အိပ်မက်ထဲကသတင်းစကားများသည် ဘုရားသခင်ထံမှလော

တီထွင်သူ အီလီးယပ်စ်ဟော၏ အပ်ချုပ်စက်ဒီဇိုင်းပုံစံသည် အိပ်မက်တစ်ခုမှ အခြေခံထားသည်ဟု ပြောဆိုကြသည်။ တေးရေးသူမိုးဇက်က သူ၏သီချင်းတေးသွားများစွာသည် သူ၏အိပ်မက်များမှရခဲ့ကြောင်း ပြောပြခဲ့သည်။ ဓာတုဗေဒပညာရှင် ဖရီးဒရစ်ခ် ဩဂတ်စ် ကယ်ကူးလီ ဗောန် စထရာဒိုနစ်ဇ်ကလည်း ဘင်ဇင်းမော်လီကျူး၏ဖွဲ့စည်းပုံကို အိပ်မက်ထဲ၌တွေ့ခဲ့သည်ဟု အခိုင်အမာပြောဆိုခဲ့သည်။ ထိုကဲ့သို့သောအဖြစ်အပျက်များသည် မထူးဆန်းပါ။ သမိုင်းတစ်လျှောက် ယဉ်ကျေးမှုများစွာတွင် အိပ်မက်များသည် ဝိညာဉ်လောကမှဖြစ်သည်ဟု ယူမှတ်ခဲ့ကြသည်။ အချို့ယဉ်ကျေးမှုများ၌ အိပ်မက်အတွင်းမြင်မက်ရာနှင့် အပြင်လောကသည် အတူတူပင်ဖြစ်သည်ဟု ယုံကြည်ကြသည်။

သမ္မာကျမ်းစာထဲ၌ အိပ်မက်များကို အရေးကြီးအချက်အလက်များ၏ရင်းမြစ်တစ်ခု—⁠ဘုရားသခင်နှင့် အဆက်အသွယ်ပြုခြင်းပုံစံတစ်ခု—⁠အဖြစ် ဖော်ပြထားသည်။ (တရားသူကြီး ၇:၁၃၊ ၁၄; ၃ ဓမ္မရာဇဝင် ၃:⁠၅) ဥပမာ၊ ဘုရားသခင်သည် အာဗြဟံ၊ ယာကုပ်၊ ယောသပ်တို့ကို အိပ်မက်အားဖြင့် ဆက်သွယ်ခဲ့သည်။ (ကမ္ဘာဦး ၂၈:၁၀-၁၉; ၃၁:၁၀-၁၃; ၃၇:၅-၁၁) ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည် ဘုရားသခင့်ထံတော်မှ ပရောဖက်ပြုချက်အိပ်မက်များကို ရရှိခဲ့သည်။ (ဒံယေလ ၂:၁၊ ၂၈-၄၅) ထို့ကြောင့် ယနေ့ကော အချို့သောအိပ်မက်ထဲက သတင်းစကားများသည် ဘုရားသခင်ထံတော်မှ ဖြစ်သည်ဟု ယုံကြည်ရန်အကြောင်းကောင်းရှိပါသလော။

ဘုရားသခင့်ထံတော်မှ အိပ်မက်များ

သမ္မာကျမ်းစာထဲတွင် ဘုရားသခင့်မှုတ်သွင်းခံအိပ်မက်များသည် အမြဲပင် သတ်သတ်မှတ်မှတ်အကြောင်းရင်းတစ်ခုအတွက် ဖြစ်လေ့ရှိခဲ့သည်။ တစ်ခါတစ်ရံ အိပ်မက်မက်သူသည် အိပ်မက်အဓိပ္ပာယ်ကို ချက်ချင်းနားမလည်နိုင်ကြချေ။ သို့ရာတွင် အခြေအနေများစွာတွင် အိပ်မက်အဓိပ္ပာယ်ကို သံသယမဖြစ်စေရန် “နက်နဲသောအရာကိုဖွင့်ပြတော်မူသော[အရှင်]” ကိုယ်တော်တိုင် ရှင်းလင်းဖော်ပြခဲ့သည်။ (ဒံယေလ ၂:၂၈၊ ၂၉; အာမုတ် ၃:⁠၇) ဘုရားသခင်ထံမှအိပ်မက်များသည် သာမန်အိပ်မက်များတွင် ဖြစ်လေ့ဖြစ်ထရှိသော မသဲမကွဲနှင့်ယုတ္တိမရှိခြင်းမျိုး မဖြစ်ပါ။

တစ်ခါတစ်ရံ အိပ်မက်များကို ဘုရားသခင့်ရည်ရွယ်ချက် အကောင်အထည်ဖော်ရာတွင် တစ်ဦးတစ်ယောက်ကိုကာကွယ်ပေးရန် အရေးပါသည့်ကဏ္ဍအဖြစ် ကိုယ်တော်အသုံးပြုခဲ့သည်။ ထိုကဲ့သို့သောအိပ်မက်များကို မြင်မက်သူများသည် ဘုရားသခင့်ကျေးကျွန်များဖြစ်ဖို့ မလိုပါ။ ဥပမာ၊ သူငယ်ယေရှုထံသို့ လည်ပတ်ရောက်ရှိလာသော နက္ခတ်ဗေဒင်ဆရာများသည် လူသတ်လိုသောဟေရုဒ်၏တောင်းဆိုချက်အတိုင်း သူ့ထံပြန်မလှည့်ခဲ့ပါ။ အဘယ်ကြောင့်နည်း။ သူတို့သည် အိပ်မက်၌ သတိပေးချက်တစ်ခုကို ရရှိခဲ့ကြသောကြောင့်ဖြစ်သည်။ (မဿဲ ၂:၇-၁၂) ၎င်းက ယေရှု၏မွေးစားဖခင် ယောသပ်အား သူ၏မိသားစုနှင့်အတူ အီဂျစ်ပြည်သို့ထွက်ပြေးရန် အချိန်အလုံအလောက်ရရှိစေခဲ့သည်၊ သူသည်လည်း ယင်းသို့ပြုလုပ်ရန်ညွှန်ကြားချက်ကို အိပ်မက်တစ်ခုမှ လက်ခံရရှိခဲ့သည်။ ဤသို့ဖြင့် သူငယ်ယေရှု၏အသက်ကို ကယ်တင်နိုင်ခဲ့သည်။—⁠မဿဲ ၂:၁၃-၁၅

အစောပိုင်းရာစုနှစ်များစွာက အီဂျစ်ဖာရောဘုရင်တစ်ပါးသည် အလုံးကြီး၍ကောင်းသောစပါးခုနစ်နှံ၊ ဝသောနွားခုနစ်ကောင်နှင့် ၎င်းတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သည့် အလုံးသေးသောစပါးခုနစ်နှံ၊ ပိန်သောနွားခုနစ်ကောင်တို့ပါသည့် အိပ်မက်များကို မြင်မက်ခဲ့သည်။ ယောသပ်သည် ဘုရားသခင့်အကူအညီဖြင့် အိပ်မက်များကို အနက်ပြန်ပေးခဲ့သည်– အီဂျစ်ပြည်သည် ဝပြောသောခုနစ်နှစ်ကို မွေ့လျော်ခံစားရပြီးနောက် အစာခေါင်းပါးသောခုနစ်နှစ်နှင့် ကြုံတွေ့ရမည်ဖြစ်သည်။ ယင်းကိုတင်ကြိုသိရှိထားခြင်းကြောင့် အီဂျစ်လူမျိုးများအား ပြင်ဆင်မှုများနှင့် အစားအသောက်သိုလှောင်မှုများ ပြုလုပ်စေခဲ့သည်။ ၎င်းက အာဗြဟံ၏သားစဉ်မြေးဆက်များကို ကာကွယ်ရာတွင်လည်းကောင်း၊ အီဂျစ်ပြည်သို့ သူတို့ကိုခေါ်ဆောင်သွားရာတွင်လည်းကောင်း အထောက်အကူဖြစ်စေခဲ့သည်။—⁠ကမ္ဘာဦး၊ အခန်းကြီး ၄၁; ၄၅:၅-၈။

ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်လည်း အိပ်မက်တစ်ခု မြင်မက်ခဲ့သည်။ ယင်းတွင် ဘုရားသခင့်လူမျိုးအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မည်ဖြစ်သော အနာဂတ်ကမ္ဘာ့အာဏာစက်များအတက်အကျကို ကြိုဖော်ပြခဲ့သည်။ (ဒံယေလ ၂:၃၁-၄၃) နောက်ပိုင်း၌ သူသည် မိမိကိုယ်တိုင်ရူးသွပ်သွားမည်ဖြစ်ကြောင်းနှင့် ပြန်ကောင်းလာမည်ဖြစ်ကြောင်းတို့ကို ကြိုဖော်ပြထားသော အခြားအိပ်မက်တစ်ခုကို မြင်မက်ခဲ့သည်။ ဤပရောဖက်ပြုချက်အိပ်မက်တွင် သာ၍ကြီးမားသောပြည့်စုံချက်ရှိခဲ့သည်၊ ၎င်းက မေရှိယနိုင်ငံတော်တည်ထောင်မည်ကိုထောက်ပြကာ ယင်းအားဖြင့် ဘုရားသခင်သည် မိမိ၏အလိုတော်ကို အထမြောက်အောင်မြင်စေမည်ဖြစ်သည်။—⁠ဒံယေလ ၄:၁၀-၃၇

ယနေ့ကောမည်သို့နည်း

ဘုရားသခင်သည် အချို့သူများကို အိပ်မက်ဖြင့်ဆက်သွယ်ခဲ့သည်မှာ မှန်ပါသည်။ သို့သော် ယင်းသည် အတော်ပင်ရှားကြောင်း ကျမ်းစာကဖော်ပြသည်။ အိပ်မက်များသည် ဘုရားသခင်နှင့်ဆက်သွယ်သည့် အဓိကနည်းလမ်းမဟုတ်ခဲ့ပါ။ အိပ်မက်အားဖြင့် ဘုရားသခင်ထံမှသတင်းစကား တစ်ခါမျှမရခဲ့သော သစ္စာရှိကျေးကျွန်မြောက်မြားစွာရှိခဲ့သည်။ ဘုရားသခင်သည် အိပ်မက်ကိုအသုံးပြုပြီး လူသားများနှင့်ဆက်သွယ်ခဲ့ခြင်းကို ပင်လယ်နီနှစ်ခြမ်းခွဲခဲ့ခြင်းနှင့် နှိုင်းယှဉ်နိုင်ပါသည်။ ကိုယ်တော်သည် ထိုကဲ့သို့တစ်ကြိမ်သာပြုလုပ်ခဲ့ပြီး ၎င်းသည် မိမိလူမျိုးနှင့် ကိုယ်တော်၏ပုံမှန်ဆက်ဆံပုံနည်းလမ်းမဟုတ်ကြောင်း ကျွန်ုပ်တို့သိကြသည်။—⁠ထွက်မြောက်ရာ ၁၄:⁠၂၁

တမန်တော်ပေါလုက မိမိလက်ထက်တွင် ဘုရားသခင့်ဝိညာဉ်သည် သာမန်ထက်ထူးကဲသော နည်းလမ်းများစွာဖြင့် မိမိကျေးကျွန်များအပေါ် သက်ရောက်လှုပ်ရှားလျက်ရှိကြောင်း အသိအမှတ်ပြုခဲ့သည်။ ပေါလုဤသို့ဆိုခဲ့၏– “ဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ပညာတရားကိုပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ထိုးထွင်းခြင်းတရားကိုပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ယုံကြည်ခြင်းကိုပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား အနာရောဂါကိုငြိမ်းစေနိုင်သောအခွင့်ကို ပေးတော်မူ၏။ တစ်ယောက်သောသူအား တန်ခိုးကိုပြနိုင်သောအခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား ပရောဖက်ပြုနိုင်သောအခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား စိတ်ဝိညာဉ်တို့ကိုပိုင်းခြား၍သိနိုင်သော အခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောအခွင့်ကိုလည်းကောင်း၊ တစ်ယောက်သောသူအား ထိုဘာသာစကား၏အနက်ကို ဖော်ပြနိုင်သောအခွင့်ကိုလည်းကောင်း ပေးတော်မူ၏။” (၁ ကောရိန္သု ၁၂:၈-၁၀) ဘုရားသခင့်မှုတ်သွင်းခံ အိပ်မက်များအကြောင်း သတ်သတ်မှတ်မှတ်ဖော်ပြထားခြင်းမရှိသော်လည်း ယောလ ၂:၂၈ ပြည့်စုံမှုတွင် ခရစ်ယာန်များစွာသည် ဝိညာဉ်တော်၏ဆုကျေးဇူးများထဲမှ တစ်ခုဖြစ်သော ဘုရားသခင့်မှုတ်သွင်းခံအိပ်မက်များကို မြင်မက်ခဲ့ကြမည်ဖြစ်ကြောင်း ထင်ရှားပါသည်။—⁠တမန်တော် ၁၆:၉၊ ၁၀

သို့ရာတွင် တမန်တော်က ဤအထူးဆုကျေးဇူးများနှင့်ပတ်သက်၍ ဤသို့ပြောခဲ့၏– “ပရောဖက်ဉာဏ်သော်လည်းကောင်း၊ အမျိုးမျိုးသောဘာသာစကားကိုပြောနိုင်သော အခွင့်သော်လည်းကောင်း၊ သိပ္ပံအတတ်သော်လည်းကောင်း ကွယ်ပျောက်လိမ့်မည်။” (၁ ကောရိန္သု ၁၃:⁠၈) “ကွယ်ပျောက်” သွားမည့် ဆုကျေးဇူးများအဝင်ထဲတွင် ဘုရားသခင်နှင့်ဆက်သွယ်ခြင်း ပုံစံအမျိုးမျိုးပါဝင်ကြောင်း ထင်ရှားသည်။ တမန်တော်များသေဆုံးပြီးနောက်ပိုင်း ဘုရားသခင်သည် မိမိကျေးကျွန်များအား ဤအထူးဆုကျေးဇူးများပေးခြင်းကို ရပ်စဲခဲ့သည်။

ယနေ့ ကျွမ်းကျင်သူများသည် အိပ်မက်မက်ခြင်း၏ဖြစ်စဉ်နှင့် ၎င်းတွင် လက်တွေ့ကျသောအသုံးဝင်မှုရှိမရှိကို နားလည်သဘောပေါက်ရန် ကြိုးစားနေကြဆဲဖြစ်သည်။ သမ္မာကျမ်းစာက ထိုကဲ့သို့သောကိစ္စရပ်များနှင့်ပတ်သက်၍ ဖော်ပြထားခြင်းမရှိပါ။ သို့ရာတွင် မိမိတို့၏အိပ်မက်များမှ ဘုရားသခင့်ဆက်သွယ်မှုကို ဇွဲကြီးကြီးရှာဖွေသူများအတွက် သမ္မာကျမ်းစာက သတိပေးချက်တစ်ခုကို ဖော်ပြထားသည်။ ဇာခရိ ၁၀:၂ တွင်ဤသို့ဖော်ပြထား၏– “ဗေဒင်ဆရာတို့သည် [လိမ်လည်သောအဆင်းအာရုံ] ကိုမြင်၍ အလဟဿအိပ်မက်များကို ဟောပြောကြ၏။” ဘုရားသခင်သည် နိမိတ်ဖတ်ခြင်းနှင့်ပတ်သက်၍လည်း သတိပေးထားသည်။ (တရားဟောရာ ၁၈:၁၀-၁၂) ထိုသတိပေးချက်များကြောင့် ယနေ့ခရစ်ယာန်များသည် မိမိတို့၏အိပ်မက်များမှ ဘုရားသခင့်လမ်းညွှန်မှုရရှိရန် မမျှော်လင့်ကြပါ။ ယင်းအစား အိပ်မက်များသည် အိပ်ပျော်နေစဉ် ဖြစ်ပျက်ခံစားရသောအရာအဖြစ်သာ ရှုမြင်ကြသည်။