မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရေ အနီရောင် ပြောင်းသွားချိန်ဝယ်

ရေ အနီရောင် ပြောင်းသွားချိန်ဝယ်

ရေ အနီရောင် ပြောင်းသွားချိန်ဝယ်

ဖိလစ်ပိုင်နိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

နံနက်စောစော လုပ်နေကျ ဖြစ်သည့် လှေများနှင့် ပိုက်ကွန်များ ပြင်ဆင်ရသည့်အလုပ်ကို လုပ်ဆောင်ရန် အသင့်ဖြစ်နေကြကာ ကမ်းခြေဘက် ဆင်းလျှောက် လာနေကြသော တံငါသည်များကို မြင်ယောင်ကြည့်လိုက်ပါ။ ထုံးစံအတိုင်း ငါးအမြောက်အမြားဖမ်းမိမည်ဟု သူတို့မျှော်လင့်နေကြ၏။ သို့သော် အိပ်ချင်မူးတူးဖြင့် မြင်လိုက်ရသည့် ထိတ်လန့်ဖွယ်မြင်ကွင်းက သူတို့ကို အံ့အားသင့်သွားစေသည်။ ငါးအသေကောင်ထောင်နှင့်ချီ ကမ်းစပ်ပေါ်သို့ မျောပါလာကြသည်။ ဤသို့အစုလိုက်အပြုံလိုက် သေကျေပျက်စီးရသည့် အကြောင်းရင်းကား အဘယ်နည်း။ ဒီရေနီကြောင့်တည်း!

ဒီရေနီများသည် ကမ္ဘာချီဖြစ်ရပ်ဆန်းတစ်ခုဖြစ်၏။ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံများ၏ အတ္တလန်တိတ်နှင့် ပစိဖိတ်ကမ်းရိုးတန်းများတွင် ဒီရေနီကို တွေ့ရှိရသည်။ ဩစတြေးလျ၊ ဘရူနိုင်း၊ အနောက်မြောက်ဥရောပ၊ ဂျပန်၊ မလေးရှား၊ ပါပူဝါ နယူးဂီနီ၊ ဖိလစ်ပိုင်နှင့် အခြားနေရာများတွင်လည်း ဒီရေနီဖြစ်ပေါ်ခဲ့သည်။ နှိုင်းယှဉ်ကြည့်လျှင် ဒီရေနီကို လူအနည်းငယ်သာ သတိပြုမိကြသော်လည်း အသစ်အဆန်းတော့မဟုတ်ချေ။

၁၉၀၈ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ဘာတဲန်ဒေသ၌ ဒီရေနီကို ဦးဆုံးတွေ့ရှိခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ဆာမာရ်ပင်လယ်၊ မဲကာဒဲပင်လယ်အော်နှင့် ဘီလ်ယာအာလ်ပင်လယ်အော်တို့တွင် ဒီရေနီကြောင့် ငါးနှင့် အခွံမာရေသတ္တဝါတို့ အဆိပ်သင့်ခဲ့၏။ ထိုအချိန်မှစ၍ ဒီရေနီကို အခြားပင်လယ်ကမ်းရိုးတန်းဒေသများစွာတွင် တွေ့ရှိခဲ့ရသည်။ ဖိလစ်ပိုင်နိုင်ငံ၏ အမျိုးသား ဒီရေနီအထူးစစ်ဆင်ရေးတပ်ဖွဲ့မှ ဇာနစ်ဒါ အာဘူဆိုက “ငါးတွေ သေကျေပျက်စီးတဲ့အပြင် ဒီရေနီကြောင့် အခွံမာရေသတ္တဝါ ၁,၉၂၆ ကောင် အဆိပ်သင့်ခဲ့ရတယ်လို့ ဖိလစ်ပိုင်နိုင်ငံက ငါးဖမ်းလုပ်ငန်းနဲ့ ရေပိုင်းသယံဇာတဗျူရိုမှာ မှတ်တမ်းတင်ထားတယ်” ဟု နိုးလော့! ကိုပြောပြသည်။ * သို့သော် သေစေနိုင်သော အဆိုပါဖြစ်ရပ်ဆန်းကား အဘယ်နည်း။

အဘယ်အရာများနည်း

“ဒီရေနီ” ဟူသောဝေါဟာရသည် သမုဒ္ဒရာ သို့မဟုတ် ပင်လယ်ဧရိယာများတွင် ရံဖန်ရံခါဖြစ်ပေါ်တတ်သည့် ရေအရောင်ပြောင်းသွားခြင်းနှင့် သက်ဆိုင်၏။ အနီရောင်ဖြစ်လေ့ရှိသော်လည်း အညိုရောင် သို့မဟုတ် အဝါရောင်လည်း ဖြစ်နိုင်ပေသည်။ “အရောင်ပြောင်းသွားသော ဧရိယာများမှာ စတုရန်းကိုက် သို့မဟုတ် မီတာအနည်းငယ်မှ စတုရန်းမိုင် ၁,၀၀၀ (၂,၆၀၀ စတုရန်းကီလိုမီတာ) ကျော်အထိ ရှိနိုင်သည်” ဟုကမ္ဘာ့စာအုပ်စွယ်စုံကျမ်းက ဖော်ပြ၏။

ဤသို့အရောင်ပြောင်းသွားရခြင်း၏ အကြောင်းရင်းကား အဘယ်နည်း။ ယေဘုယျအားဖြင့် မိုက်ခရိုစကုပ်နှင့်သာမြင်နိုင်သော ဆဲလ်တစ်ခုတည်းရှိသည့် အယ်လဂျီရေမှော်ပင် သို့မဟုတ် ဒိုင်နိုဖလက်ဂျယ်လေတာဟုခေါ်သော ပရိုတိုဇွန်သတ္တဝါများကြောင့် ဒီရေနီရခြင်းဖြစ်၏။ သေးငယ်လွန်းလှသော အဆိုပါသက်ရှိများတွင် ကြာပွတ်မွေးဟုခေါ်သည့် ဆံပင်မွေးနှင့်တူသည့် အမျှင်များပါရှိရာ ယင်းအမျှင်များကိုအသုံးပြု၍ ရေထဲတွင် လှုပ်ရှားသွားလာကြ၏။ ဒိုင်နိုဖလက်ဂျယ်လေတာသတ္တဝါမျိုးပေါင်း ၂,၀၀၀ ခန့်ရှိပြီး အမျိုးပေါင်း ၃၀ သည် အဆိပ်သင့်စေသောအရာများ သယ်ဆောင်ကြသည်။ ဤသက်ရှိငယ်လေးများသည် ဆားငန်ပြီး ပူနွေးသောရေတွင် နေတတ်ကြ၏။

မိုက်ခရိုစကုပ်ဖြင့်သာမြင်ရသော အဆိုပါဒိုင်နိုဖလက်ဂျယ်လေတာသတ္တဝါများ တစ်မုဟုတ်ချင်း ပွားများလာချိန်တွင် ဒီရေနီဖြစ်ပေါ်တတ်သည်။ ယင်းသက်ရှိများကိုစုလိုက်လျှင် ရေတစ်လီတာ၌ ၅၀,၀၀၀,၀၀၀ ကြီးထွားလာပေမည်။ ဤသို့ဖြစ်ပျက်ရသည့်အကြောင်းရင်းကို သိပ္ပံပညာရှင်များ အပြည့်အဝနားမလည်ကြသော်လည်း အခြေအနေအမျိုးမျိုးက ရေအပေါ် တစ်ပြိုင်နက်သက်ရောက်သောအခါ ဒိုင်နိုဖလက်ဂျယ်လေတာများ စုပုံလာကြသည်ဟု သိရှိကြ၏။ ယင်းတို့တွင် မူမမှန်သောရာသီဥတု၊ အသင့်ဆုံးအပူချိန်၊ ရေထဲတွင် အာဟာရဓာတ်များလွန်းခြင်း၊ နေရောင်အများအပြားရရှိခြင်းနှင့် ရေစီးသန်ခြင်းတို့ပါဝင်သည်။ တစ်ခါတစ်ရံ မိုးသည်းထန်စွာ ရွာသွန်းသောအခါ ကုန်းမြေပေါ်မှ တွင်းထွက်ပစ္စည်းများနှင့် အခြားအာဟာရဓာတ်များသည် ကမ်းခြေရေပြင်သို့ မျောပါသွားကြသည်။ ဤအာဟာရဓာတ်များသည် ဒိုင်နိုဖလက်ဂျယ်လေတာအကောင်များကို မျိုးပွားစေနိုင်သည်။ ရလဒ်ကားအဘယ်နည်း။ ဒီရေနီခြင်းတည်း!

တစ်ခါတစ်ရံ လူတို့သည် ဤဖြစ်ရပ်ဆန်းကို ပို၍ဆိုးရွားစေကြသည်မှာ ဝမ်းနည်းစရာပင်။ စက်မှုလက်မှုကုန်ပစ္စည်းများနှင့် လူတို့၏စွန့်ပစ်ပစ္စည်းအမြောက်အမြားကို ရေထဲစွန့်ပစ်ကြသောအခါ တချို့သောအာဟာရဓာတ်များကို ပေါများသွားစေနိုင်သည်။ ယင်းက ဒိုင်နိုဖလက်ဂျယ်လေတာကောင်ရေကို အလွန်ပွားများစေနိုင်၏။ မကြာမီ ရေထဲရှိအောက်ဆီဂျင် လျော့နည်းသွားရာ ငါးအမြောက်အမြား သေကျေပျက်စီးရခြင်းဖြစ်သည်။

အများအားဖြင့် ပူနွေးသောလများအကုန်နှင့် မိုးဦးပိုင်းစပ်ကြားကာလအတွင်း ပူနွေးသည့်ပင်လယ်များနှင့် ကမ်းရိုးတန်းရေငြိမ်ရပ်များတွင် ဒီရေနီများဖြစ်ပေါ်တတ်သည်။ ယင်းတို့သည် ထိုဒေသတွင် ပျံ့နှံ့ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ်မူတည်၍ နာရီအနည်းငယ်မှာ လပေါင်းအတော်များများအထိ ကြာရှည်ပေမည်။

သားကောင်များ

ဒီရေနီအများစုသည် ဥပဒ်မပြုသော်လည်း အချို့မှာမူ အလွန်ထိခိုက်ပျက်စီးစေ၏။ ဒိုင်နိုဖလက်ဂျယ်လေတာမျိုးစိတ်အချို့သည် ရေထဲသို့ အဆိပ်အတောက်များထုတ်လွှတ်ကြရာ ငါးများနှင့် အခြားရေသတ္တဝါများ မလှုပ်ရှားနိုင်ကြတော့ဘဲ သေကျေပျက်စီးကြလေသည်။ ဒီရေနီအချို့သည် ဒိုင်နိုဖလက်ဂျယ်လေတာအကောင်များကိုစားသည့် ငါး၊ မုတ်ကောင်၊ ပြည်ကြီးငါး၊ ခုံးကောင်၊ ယောက်သွား၊ ပုစွန်ဆိတ်များနှင့် ကဏန်းတို့ကို အမြောက်အမြားသေကျေပျက်စီးစေခဲ့ပြီ။ ဥပဒ်ရှိသောဒီရေနီလာသောအခါ သေကျေပျက်စီးနေသော ငါးအများအပြား ရေပေါ်တွင် ပေါလောပေါ်နေသည်ကို မြင်တွေ့ရပြီး မိုင်ပေါင်းများစွာရှည်လျားသော ကမ်းခြေပေါ်တွင် စုပုံရောက်ရှိလာသည်။

လူတို့ကိုလည်း အကြီးအကျယ်ထိခိုက်စေခဲ့သည်။ ငါးဖမ်းလုပ်ငန်းဖြင့် ဝင်ငွေရှာကြသောဒေသများတွင် ဒီရေနီများကြောင့် တံငါးသည်များ၏အသက်မွေးလုပ်ငန်းဖြစ်သော ငါးဖမ်းလုပ်ငန်းရပ်ဆိုင်းသွားခဲ့၏။ သာ၍ဆိုးသည်ကား ဒီရေနီများသည် လူ့အသက်ဆုံးရှုံးစေခဲ့ပြီဖြစ်သည်။

ဒီရေနီအဆိပ်သင့်ခြင်း

ဒိုင်နိုဖလက်ဂျယ်လေတာအကောင်အချို့ ထုတ်လွှတ်သော အဆိပ်တစ်မျိုးကို ဆက်ဆီထော့ဆင်ဟု လူသိများကြ၏။ ၎င်းမှာ လူ့အာရုံကြောဖွဲ့စည်းမှုစနစ်ကို ထိခိုက်စေသည့် ရေပျော်ဆားတစ်မျိုးဖြစ်သည်။ ထို့ကြောင့် ယင်းကို နဗ်ကြောအဆိပ်တစ်မျိုးဟု သတ်မှတ်ခဲ့ကြသည်။ “ရေထဲထုတ်လွှတ်လိုက်သော အဆိပ်များသည် လူ၏အသက်ရှူလမ်းကြောင်းဖွဲ့စည်းမှုစနစ်ကို ထိခိုက်စေသည်” ဟု ဗြိတဲန်နီကာစွယ်စုံကျမ်း ကဖော်ပြ၏။ လှိုင်းလှုပ်ရှားမှုကြောင့် ဒီရေနီအဆိပ်များသည် လေထဲရောက်သွားသောအခါ ကမ်းခြေအပန်းဖြေစခန်းများကို ပိတ်ပစ်ခဲ့ရသည်။

သင်သည် အခွံမာရေသတ္တဝါများနှင့် အခြားပင်လယ်အစာများကို ခုံမင်ပါသလော။ ဒီရေနီများသည် ဒိုင်နိုဖလယ်ဂျက်လေတာအကောင်များကို စားသုံးသည့် အခွံမာရေသတ္တဝါများကို အဆိပ်ရှိစေနိုင်သည်။ ‘အခွံနှစ်ထပ်ပါသတ္တဝါများနှင့် မုတ်ကောင်များ၊ ယောက်သွားများ၊ ခုံးကောင်များကဲ့သို့သော အခြားအခွံမာရေသတ္တဝါများတွင် အစာစစ်များရှိကြပြီး ငါးများထက် အဆိပ်များကို ပိုမိုစုပ်ယူထားသောကြောင့် အဆိပ်ပြင်းကြ၏’ ဟုအင်ဖောမက်ပါမဂ္ဂဇင်းက ဖော်ပြသည်။ သို့သော် “ငါး၊ ပြည်ကြီးငါး၊ ပုစွန်ဆိတ်များနှင့် ကဏန်းများ . . . ကိုဘေးကင်းစွာ လူတို့စားသုံးနိုင်သေးသည်။” အကြောင်းရင်းကားအဘယ်နည်း။ ဒီရေနီအဆိပ်များသည် ဤသတ္တဝါများ၏အူမတွင် စုပုံကြရာ အများအားဖြင့် မချက်ပြုတ်မီ ယင်းတို့ကို ဖယ်ထုတ်ထားတတ်ကြသောကြောင့်တည်း။

မည်သို့ပင်ဖြစ်ပါစေ၊ ဒီရေနီကြောင့် ညစ်ညမ်းနေသည်ဟုသိထားသော ဒေသမှယူလာသည့် ပင်လယ်အစာ—⁠အထူးသဖြင့် အခွံမာရေသတ္တဝါများ—⁠ကိုစားသုံးသောအခါ သတိရှိရန်လိုအပ်၏။ ဤသို့သောဒီရေများသည် သွက်ချာပါဒဖြစ်စေသော အခွံမာရေသတ္တဝါအဆိပ်သင့်ခြင်း သို့မဟုတ် ပီအက်စ်ပီ (PSP) ရောဂါဖြစ်ပေါ်စေနိုင်သည်။ သင်သည် ဒီရေနီအဆိပ်များကို စားမိလျှင် မိနစ် ၃၀ အတွင်း ရောဂါလက္ခဏာများကို ခံစားရပေမည်။ ပူးတွဲပါဇယားတွင် ဤရောဂါလက္ခဏာအချို့ကို စာရင်းပြုဖော်ပြထား၏။ အကယ်၍ သင့်လျော်စွာမကုသပါက ပီအက်စ်ပီသည် အသက်ရှူလမ်းကြောင်းကို ပိတ်သွားစေနိုင်ပြီး အသက်သေစေနိုင်သည်။

လောလောဆယ်တွင် ဒီရေနီအဆိပ်ဖြေဆေးကို မတွေ့ရှိကြသေးချေ။ သို့သော် အရေးပေါ်ကုထုံးအချို့သည် အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့သည်။ အန်ထုတ်ခိုင်းခြင်းဖြင့် လူနာ၏အစာအိမ်အတွင်းမှ ဒီရေနီအဆိပ်များကို ဖယ်ထုတ်ပစ်နိုင်၏။ အဆိပ်များကိုထုတ်ပစ်ရန် အစာအိမ်ပြွန်မှတစ်ဆင့် အစာအိမ်ကိုလည်း ဆေးကြောရသည်။ အချို့အခြေအနေတွင် အသက်ရှူကူခြင်း ပြုလုပ်ပေးရန် လိုအပ်သည်။ အညိုရောင်သကြားနှင့် အုန်းနို့ကိုသောက်ခြင်းသည် အဆိပ်သင့်နေသူကို မြန်ဆန်စွာနာလန်ထလာစေသည်ဟု တချို့သောဖိလစ်ပိုင်နိုင်ငံသားများက ယူမှတ်ကြ၏။

ဖြေရှင်းနည်း

လောလောဆယ်တွင် ဒီရေနီများကို များသောအားဖြင့် ကျွန်ုပ်တို့ထိန်းချုပ်၍မရနိုင်ကြချေ။ သို့သော် ဓာတ်မြေသြဇာများနှင့် ပိုးသတ်ဆေးများကို လျှော့သုံးလျှင် ဒီရေနီပြဿနာ လျော့နည်းသွားနိုင်သည်ဟု လူအများက ယူမှတ်ကြသည်။ သို့နှင့် ပင်လယ်ထဲသို့ ယင်းတို့ရေစီးမျှောပါသွားခြင်းမှ ကာကွယ်ပေးမည်။ စက်မှုလက်မှုကုန်ပစ္စည်းနှင့် လူတို့၏စွန့်ပစ်ပစ္စည်းများကို ရေထဲလွှင့်ပစ်ခြင်းကို တားမြစ်ခြင်းဖြင့်လည်း ဖြေရှင်းနိုင်မည်ဖြစ်သည်။ နောက်တစ်နည်းမှာ ဒိုင်နိုဖလက်ဂျယ်လေတာအကောင်များကို ပွားများစေနိုင်သည့် အာဟာရဓာတ်ရှိနိုင်သောပစ္စည်းများကို ပင်လယ်ကမ်းရိုးတန်းများမှ ပယ်ရှားပစ်ရပေမည်။

ယခုလောလောဆယ်တွင် အစိုးရအချို့သည် ဒေသအခြေအနေကို အသေအချာစစ်ဆေးလျက်ရှိကြသည်။ ဥပမာ၊ ဖိလစ်ပိုင်နိုင်ငံတွင် အစိုးရအေဂျင်စီတစ်ခုသည် ဒေသန္တရနှင့် အပြည်ပြည်ဆိုင်ရာဈေးကွက်များအတွက် ဘေးကင်းစေရန် အခွံမာရေသတ္တဝါများကို မှန်မှန်စစ်ဆေးလျက်ရှိသည်။ သို့သော် နောက်ဆုံး၌ကား ရေအနီပြောင်းသွားချိန်ဝယ် လူသားများကိုထိခိုက်စေနိုင်သည့် ဆိုးကျိုးများကို ဖန်ဆင်းရှင်တစ်ပါးတည်းသာလျှင် ဖယ်ရှားပေးနိုင်သည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 5 ဖိလစ်ပိုင်နိုင်ငံတွင် ဒီရေနီသည် အခွံမာရေသတ္တဝါများ အဆိပ်သင့်ရခြင်းနှင့် တိုက်ရိုက်ဆက်နွှယ်မှုရှိသော်လည်း ဒီရေနီများတွေ့ကြုံခဲ့ကြသည့် နိုင်ငံအားလုံးအတွက်မူ မမှန်ကန်ဟု ကျွမ်းကျင်သူအချို့ကဆို၏။

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်]

ဒီရေနီအဆိပ်သင့်ခြင်း၏ လက္ခဏာများ

၁။ နှုတ်ခမ်း၊ သွားဖုံးနှင့် လျှာတို့တွင် စပ်ဖျဉ်းဖျဉ်း သို့မဟုတ် ပူစပ်ပူလောင်ခံစားရခြင်း

၂။ မျက်နှာထုံကျင်ကိုက်ခဲ၍ စပ်ဖျဉ်းဖျဉ်းဖြစ်လာပြီး ကိုယ်ခန္ဓာ၏အခြားတစ်နေရာသို့ ပျံ့နှံ့သွားခြင်း

၃။ ခေါင်းကိုက်မူးဝေခြင်း

၄။ အလွန်အမင်းရေငတ်ကာ တံတွေးထွက်များခြင်း

၅။ ပျို့ခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်း

၆။ အသက်ရှူကျပ်ခြင်း၊ စကားမပြောနိုင်ခြင်းနှင့် မျိုရခက်ခြင်း

၇။ အဆစ်အမြစ်ကိုက်ခဲခြင်းနှင့် မူးဝေခြင်း

၈။ သွေးခုန်နှုန်းမြန်ခြင်း

၉။ ကြွက်သားများအားနည်းလာကာ ဒယိမ်းဒယိုင်ဖြစ်ခြင်း

၁၀။ လေဖြတ်ခြင်း

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဒီရေနီစေသော သက်ရှိများ

ပိုင်ရိုဒီနီယမ် ဘဟာမဲန်စ်

ဂိုင်မ်နိုဒီနီယမ်း ကတင်းနတမ်

ဂမ်ဘီးရ်ဒီးစ်ကပ်စ်

[Credit Lines]

Courtesy of Dr. Rhodora V. Azanza, University of the Philippines

Courtesy of Dr. Haruyoshi Takayama

ASEAN-Canada Cooperative Programme on Marine Science

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ဒီရေနီ၏ ဆိုးကျိုးများ

[Credit Line]

Grant Pitcher/Courtesy WHOI

[Picture Credit Line ]

Peter J. S. Franks, Scripps Institution of Oceanography

[Picture Credit Line]

Scripps Institution of Oceanography