မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လှပသော ပိုးဖလံ

လှပသော ပိုးဖလံ

လှပသော ပိုးဖလံ

သာယာကြည်နူးဖွယ် တစ်ညနေခင်းတွင် အဆင့်မြင့်စားသောက်ဆိုင်ထဲ ပိုးဖလံတစ်ကောင် ပျံဝဲလာသည်။ ညနေစာသုံးဆောင်နေသော အမျိုးသမီးတစ်ဦး၏စားပွဲနား တဖျပ်ဖျပ်တောင်ပံခတ်ပျံဝဲလာရာ ရောဂါပိုးသယ်ဆောင်သော ခြင်တစ်ကောင်က ရန်ပြုနေဘိအလား ပိုးဖလံကို အလျင်အမြန်မောင်းထုတ်လိုက်၏! ထိုပိုးဖလံသည် နောက်စားပွဲသို့ပျံဝဲရင်း နောက်ဆုံး အမျိုးသားတစ်ဦး၏ရှေ့ပိုင်းကော်လာတွင် နားလိုက်သည်။ ဤအမျိုးသားနှင့် သူ့ဇနီးတို့၏တုံ့ပြန်ပုံမှာ တခြားစီပင်—⁠ပိုးဖလံကို နှစ်သက်သဘောကျစွာကြည့်ပြီး သိမ်မွေ့လှသည့် ထိုသတ္တဝါလေး၏ လှပမှုနှင့် ဥပဒ်မပေးနိုင်ပုံကို စဉ်းစားသုံးသပ်နေကြသည်။

“ပိုးဖလံတွေက လုံးဝဥပဒ်မပေးနိုင်တဲ့ သတ္တဝါလေးတွေပါ။ သူတို့ဆီမှာ ကိုက်တတ်တဲ့ပါးစပ်အစိတ်အပိုင်းတွေမရှိဘူး၊ လူသိများတဲ့ လုနာဖလံလို သက်ကြီးကောင်အချို့ဆိုရင် ဘာမှမစားဘူး။ ခွေးရူးပြန်ရောဂါ ဒါမှမဟုတ် တခြားဘာရောဂါမှ မသယ်ဆောင်ထားတဲ့အပြင် ကိုက်လည်းမကိုက်တတ်ဘူး။ . . . တကယ်ဆိုရင် လိပ်ပြာတွေဟာ နေ့မှာပျံသန်းတဲ့ ပိုးဖလံတွေဖြစ်တယ်ဆိုတာ လူအများက သဘောမပေါက်ကြဘူး” ဟုကော်နက်တီကပ်လိပ်ပြာအသင်း၏ တွဲဖက်တည်ထောင်သူ ဂျွန် ဟင်မ်မဲလ်မန်က ရှင်းပြသည်။

လိပ်ပြာများကို လူတိုင်းသဘောကျကြသော်လည်း လှပပြီး ပုံစံအမျိုးမျိုးရှိသည့် ပိုးဖလံကိုမူ ကြိုက်သူနည်းပါးသည်။ ‘လှတယ်ဟုတ်လား’ ဟုသံသယဖြင့် သင်မေးပေမည်။ ပိုးဖလံသည် လှပသောလိပ်ပြာမျိုးစဉ်တစ်ခုမျှသာဖြစ်သည်ဟု အချို့ကထင်ကြသော်လည်း ဤနှစ်မျိုးစလုံးသည် “အကြေးရှိအတောင်များ” ဟုအဓိပ္ပာယ်ရသည့် လက်ပီဒေါ့တာရာမျိုးစဉ်ပင်ဖြစ်၏။ ချစ်စဖွယ်ဤသတ္တဝါများကို အသေအချာလေ့လာကြည့်လျှင် အလွန်အံ့သြစရာကောင်းသည်။ လက်ပီဒေါ့တာရာမျိုးစိတ်ပေါင်း ၁၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိရှိသည်ဟု အင်းဆက်ပိုးစွယ်စုံကျမ်း ကဆိုသည်။ သို့သော် ၎င်း၏ဆယ်ရာခိုင်နှုန်းသာ လိပ်ပြာများဖြစ်ကြပြီး ကျန်မျိုးစိတ်များမှာ ပိုးဖလံများဖြစ်ကြ၏!

အများနည်းတူ ကျွန်မလည်း ဆောင်းတွင်းအဝတ်များကို သိမ်းဆည်းပြီး ပိုးမကိုက်အောင် ပရုပ်လုံးများထည့်သည့်အခါမှလွဲ၍ ပိုးဖလံအကြောင်း သိပ်မစဉ်းစားမိပေ။ သားလောင်းဘဝရှိ ခူကောင်ဖလံများကသာ အဝတ်အထည်များကို ကိုက်ဖြတ်စားပြီး သက်ကြီးကောင်ဖလံများက မစားတတ်ကြောင်း ကျွန်မ,မသိခဲ့ချေ။ *

ပိုးဖလံများနှင့်ပတ်သက်သည့် ကျွန်မအမြင်ကို ဘာကပြောင်းလဲစေခဲ့သနည်း။ လွန်ခဲ့သည့်တစ်ချိန်က ကျွန်မခင်ပွန်းနှင့်အတူ သူငယ်ချင်းဘော့ဘ်နှင့် ရော့ဒါတို့ထံ လည်ပတ်ခဲ့ကြသည်။ ပိုးဖလံအကြောင်းကို ဘော့ဘ်ကောင်းစွာသိ၏။ လိပ်ပြာတစ်ကောင်ထည့်ထားသော သေတ္တာငယ်တစ်လုံးကို သူယူပြရာ လှလိုက်သည့်လိပ်ပြာလေးဟု ဦးဆုံးကျွန်မထင်လိုက်မိသည်။ မြောက်အမေရိကမှ ပိုးဖလံအကြီးစားဖြစ်သော ဆက်ခရိုပီယာ သို့မဟုတ် ရော်ဘင်ဖလံဖြစ်သည်ဟု သူရှင်းပြခဲ့သည်။ ပိုးဖလံ၏တောင်ပံအရှည်မှာ ခြောက်လက်မအထိရှိနိုင်ပြီး အဆင့်ဆင့်ပြောင်းလဲမှုဖြစ်စဉ်မှာ တစ်နှစ်ဖြစ်သည်။ သက်ကြီးကောင်သက်တမ်းမှာ ၇ ရက်မှ ၁၄ ရက်အထိမျှသာရှိသည်ဟု ကျွန်မသိလိုက်ရသောအခါ တကယ့်ကိုအံ့သြမိခဲ့၏! ချစ်စရာကောင်းသော ဆက်ခရိုပီယာကို အနီးကပ်လေ့လာကြည့်ရာ ပိုးဖလံများနှင့်ပတ်သက်သည့် အမြင်သစ်ကို ကျွန်မရရှိခဲ့သည်။

သေတ္တာအောက်ခြေရှိ အစက်အပြောက်လေးအချို့ကို ဘော့ဘ်ထိုးပြသည်။ “အဲဒီအစက်အပြောက်လေးတွေက ဥတွေပဲ၊ အဲဒီဥတွေ အရွယ်ရောက်လာကြမယ်လို့ ကျွန်တော်ထင်တယ်” ဟုဘော့ဘ်ရှင်းပြသည်။ ပိုးဖလံဖြစ်လာသလော။ ထိုအတွေးကြောင့် ကျွန်မစိတ်ဝင်စားလာ၏။ သို့သော် ဤအစီအစဉ်ဖြစ်မြောက်ရန် မလွယ်ကူမှန်း သိလာရ၏။ သားဖောက်ဖို့ ဘော့ဘ်၏ကြိုးစားမှုသည် နှစ်ပတ်ထိတိုင် မအောင်မြင်ခဲ့ချေ။ သို့နှင့် သူသည် ဥများအပေါ် ရေငွေ့ပြန်စေသည်။ ရေငွေ့ပြန်ပြီးနောက် တစ်ပတ်အတွင်း၌ ဥ ၂၉ လုံးမှ ၂၆ လုံးသည် တစ်နေ့တည်း သားပေါက်လေသည်။ ထို့နောက် ဘော့ဘ်သည် ခြင်ကောင်အရွယ်ခန့်ရှိ ချိနဲ့နေသောသားလောင်းများကို တွားသွားမထွက်သွားစေရန် ပြောင်ချောနေသောအိုးကင်းပန်းကန်ပြားတစ်ခုထဲသို့ ထည့်လိုက်သည်။

ပေါက်ခါစသားလောင်းများ၏ ဦးဆုံးအစားအစာမှာ သူတို့၏ဥအိတ်များပင်ဖြစ်သည်။ ၎င်းနောက် ခက်ခဲသည့်အလုပ်ဖြစ်သည့် သူတို့အတွက် အစားအစာများကို ဘော့ဘ်ပြင်ဆင်ပေးခဲ့ရ၏။ သုတေသနပြုလုပ်ပြီးနောက် သူတို့ကို မေပယ်ရွက်များကျွေးခဲ့သည်။ သားလောင်းများသည် ထိုအရွက်များအပေါ် တွားသွားနေကြသော်လည်း မစားကြချေ။ သို့သော် ဘော့ဘ်သည် ချယ်ရီရွက်များနှင့် ဘုဇပတ်ရွက်များကို ကျွေးသောအခါမူ သူတို့အငမ်းမရစားကြသည်။

သားလောင်းလေးများမှ ခူကောင်များအဖြစ် ကြီးထွားလာသောအခါ ဘော့ဘ်သည် ၎င်းတို့ကို ဇာကာအိမ်ထဲသို့ ပြောင်းထည့်လိုက်သည်။ ဇာကာအိမ်သည် ခူကောင်များနှင့် သားလောင်းများအတွက် အတော်အသင့်မျှတသော အစိုဓာတ်ကိုပေးသည်။ ခူကောင်များသည် တွားသွားနိုင်သည်နှင့်တစ်ပြိုင်နက် လှည့်ပတ်သွားတတ်ကြရာ သူတို့အတွက် နေရာအလုံအလာက်ရှိစေရန်လည်း ပြုလုပ်ပေးရ၏။

ဆာလောင်နေသောခူကောင် ၂၆ ကောင်ကို အစာကျွေးခြင်းသည် ထင်ထားသည်ထက်ပင် အလုပ်များခဲ့ရသည်။ အရွက်များကို ဇာကာအိမ်ထဲ ဘော့ဘ်ထည့်ပေးတိုင်း ခူကောင်များသည် နှစ်ရက်အတွင်း အရွက်အားလုံးကို အငမ်းမရစားခဲ့ကြသည်။ ဤအဆင့်၌ ကြီးထွားလာနေသော ခူကောင်တစ်သိုက်ကို စောင့်ကြည့်ပြီး အစာကျွေးရန် သူ၏ညီမငယ်၊ လူငယ်မိတ်ဆွေ ကောင်လေးနှင့် ကောင်မလေးနှစ်ယောက်တို့၏ အကူအညီကို တောင်းခဲ့ရသည်။

ခူကောင်များ အစာများများစားသုံးခြင်းသည် သားလောင်းဘဝအတွင်း ကြီးထွားမှုအတွက်သာမက သက်ကြီးကောင်များဖြစ်လာချိန် အစာအာဟာရအတွက်ပါ အရေးပါ၏။ သက်ကြီးကောင် ဆက်ခရိုပီယာဖလံသည် ကိုက်နိုင်သည့်ပါးစပ်အစိတ်အပိုင်းများမရှိသောကြောင့် အစာမစားတော့ချေ! တိုတောင်းလှသည့် သက်ကြီးကောင်ဘဝအတွင်း အာဟာရဖြစ်စေရန်မှာ သားလောင်းဘဝတွင် စားသုံးခဲ့သည့်အစားအစာအပေါ် လုံးလုံးလျားလျားမူတည်၏။

အရေခွံအသစ်လဲခြင်း

ခူကောင်များကြီးလာသောအခါ သူတို့၏အရေခွံများကို မကြာခဏလဲကြသည်။ အရေခွံလဲနေသည့်စပ်ကြား ခူကောင်များ၏ဘဝဖြစ်စဉ်များကို အရေခွံလဲချိန်အတွင်းဖြစ်စဉ်များဟု ခေါ်သည်။

ဆက်ခရိုပီယာခူကောင်၏အရေခွံ မကြီးထွားချေ၊ ထို့ကြောင့် ၎င်း၏အရေပြား အဆုံးစွန်ဆန့်ကားလာသည့်အထိ ကြီးလာလျှင် အရေခွံလဲရန် အချိန်တန်ပြီ။ ခူကောင်များ အစာစားခြင်း ရပ်တန့်သွားသောအခါ အဘယ်အရာဖြစ်လာမည်ကို ဘော့ဘ်ပြောနိုင်သည်။ ခူကောင်များသည် ပိုးချည်များပြုလုပ်၍ ထိုတွင်တွယ်ကပ်ကာ အရေပြားအသစ်ဖြစ်ပေါ်လာစဉ် ရက်အတော်ကြာကြာအထိ မလှုပ်မယှက်နေကြသည်။ ခူကောင်များသည် အရေပြားအသစ်လဲရန် အသင့်ဖြစ်ချိန်တွင် ပိုးချည်များကိုခွာထုတ်ပြီး အရေပြားအဟောင်းထဲမှ ခွာထွက်လာကြသည်။ နောက်ဆုံးဖြစ်စဉ်အတွင်းရှိသည့် ခူကောင်များကိုကြည့်ပြီး သူတို့တကယ်ပဲကြီးထွားလာသည်ကို ကျွန်မအံ့အားသင့်ခဲ့၏။ သူတို့၏အရှည်သည် ငါးလက်မနီးပါးရှိပြီး ကျွန်မလက်ညှိုးအချင်းထက် ပိုကြီးသည်။

ပိုးအိမ်ရက်ခြင်း

နောက်ဆုံးဖြစ်စဉ်ပြီးနောက် ခူကောင်အသီးသီးသည် သစ်ခက်တွင်တွယ်ကပ်ထားသော မီးခိုးရောင်ချည်မျှင်များဖြင့် ပိုးအိမ်ရက်ကြသည်။ ဆက်ခရိုပီယာဖလံများသည် ပိုးအိမ်ကို ပုံစံနှစ်မျိုးဖြင့်ရက်ကြ၏။ တစ်မျိုးမှာ အရွယ်ကြီးကြီး၊ အခေါင်းပွပွ၊ တွဲလဲကျနေသော လုံးဝိုင်းသောအောက်ခြေ၊ ချွန်တက်သောလည်တိုင် ပုံစံမျိုးဖြစ်သည်။ နောက်တစ်မျိုးမှာ သေးသေးသွယ်သွယ်၊ တင်းတင်းကျပ်ကျပ်ဖြစ်ပြီး ချွန်တက်သောလည်တိုင်နှင့် အောက်ခြေဖြင့် ရှည်လျားသောပုံစံမျိုးဖြစ်၏။ ထိုနှစ်မျိုးစလုံးတွင် တင်းကျပ်ခွေကောက်နေသော အတွင်းပိုးအိမ်တစ်ခုပါရှိသည်။ ဆက်ခရိုပီယာပိုးအိမ်များသည် အများအားဖြင့် နီညိုရောင်၊ အညိုရောင်၊ အစိမ်းဖျော့ရောင်၊ မီးခိုးရောင်တို့ဖြစ်ကြ၏။ မြောက်အမေရိကမှ အခြားမျိုးစိတ်များ၏ပိုးအိမ်များနှင့် နှိုင်းယှဉ်ကြည့်လျှင် ဆက်ခရိုပီယာဖလံများ၏ပိုးအိမ်များသည် လေးလက်မရှည်ပြီး အကျယ်နှစ်လက်မအထိ ကြီးမားသည်။ ထို့ပြင် အဆိုပါအံ့ဖွယ်ပိုးအိမ်များသည် အပူချိန် –၃၀ ဒီဂရီဖာရင်ဟိုက်အထိ သူတို့၏ကလေးများကို ကာကွယ်ပေးနိုင်သည်။

ခူကောင်များသည် သူတို့၏ပိုးအိမ်များအတွင်း ရောက်နေပြီဆိုလျှင် စိတ်ရှည်ရှည်နှင့်စောင့်နေရုံမှတစ်ပါး ကျွန်မတို့ဘာမှမတတ်နိုင်တော့ချေ။ သက်ကြီးကောင်ဖလံကို ပထမဦးဆုံးအကြိမ် ဘော့ဘ်ရရှိခဲ့ပြီး တစ်နှစ်ခန့်အကြာ မိုးဦးရာသီတွင် အပေါ်ခွံကွာကျခဲ့သည်။ ဘော့ဘ်သည် ထိုပိုးအိမ်များ တောင့်တောင့်တင်းတင်းရှိစေရန် တုတ်နှင့်ချိတ်၍ ပလတ်စတစ်ရေမြှုပ်ထဲသို့ ထည့်လိုက်၏။ မကြာမီ တစ်ကောင်မှလွဲ၍ ကျန်ဆက်ခရိုပီယာအားလုံး သူတို့၏ပိုးအိမ်ထဲမှ ထွက်လာကြသည့်အတွက် စိတ်ရှည်ရှည်နှင့် ကြိုးစားရကြိုးနပ်ခဲ့၏။

ပိုးဖလံများအကြောင်း ပိုမိုသိရှိလာခြင်း

ဆက်ခရိုပီယာဖလံ၏ အံ့ဖွယ်ဘဝဖြစ်စဉ်ကို ကိုယ်တိုင်တွေ့မြင်ရခြင်းကြောင့် မီးရောင်ပတ်လည် ပျံဝဲလိုက်၊ အဆောက်အအုံများအပေါ် နားလိုက်ဖြစ်နေကြသော ပိုးဖလံများကို ကျွန်မပိုပြီးစိတ်ဝင်စားလာခဲ့၏။ ကျွန်မ၏အတွေ့အကြုံကလည်း စိတ်ဝင်စားဖွယ်ကောင်းသည့် ဤသတ္တဝါများအကြောင်း ပိုမိုသိရှိလိုစိတ်ကိုလည်း လှုံ့ဆော်ပေးခဲ့၏။ ဥပမာ၊ ပိုးဖလံများနှင့် လိပ်ပြာများသည် စွဲမှတ်ဖွယ်ကောင်းသည့် ပျံသန်းယာဉ်များဖြစ်ကြပြီး အတော်အတန်ဝေးသောနေရာများသို့ လှည့်လည်ပျံသန်းကြသည်။ သေးငယ်သော ဒိုင်းမွန်းဘက်ခ်ဖလံ၏ အတောင်ပံမှာ တစ်လက်မမျှသာရှိသော်လည်း လှိုင်းလေထန်သည့် မြောက်ပင်လယ်ကိုဖြတ်သန်းကာ ဥရောပနှင့် ဗြိတိန်နိုင်ငံသို့ အချိန်မှန်မှန်ပျံသန်းလျက်ရှိကြ၏။ ထို့ပြင် ဆပိန်စ်ဖလံများ သို့မဟုတ် ဟော့ခ်ဖလံများသည် ငှက်ပိတုန်းများကဲ့သို့ ပန်းပင်များအပေါ် ပျံဝဲကြသည်။

ဆက်ခရိုပီယာဖလံ၏ ဘဝဖြစ်စဉ်ကို တွေ့ရှိပြီးနောက် အတန်ကြာတွင် မီးရောင်အောက်ရှိ ချုံပင်ပေါ်တွင် နားနေသောဖလံတစ်ကောင်ကို ကျွန်မတွေ့ရှိခဲ့၏။ ပိုးဖလံ၏အတောင်များပေါ်ရှိ အကြေးများသည် နူးညံ့လွန်းသောကြောင့် ယင်း၏အတောင်များကိုကိုင်၍ ဘယ်တော့မျှမဖမ်းသင့်ချေ။ သို့သော် ပိုးဖလံ၏ရှေ့တွင် သင်၏လက်ကိုဆန့်တန်းပေးထားလျှင် သင်၏လက်ချောင်းပေါ်သို့ တက်လာပေမည်။ ကျွန်မစမ်းကြည့်သောအခါ ချစ်စရာဤသတ္တဝါသည် ကျွန်မ၏လက်ခလယ်ပေါ်သို့ နားလိုက်ရာ ကျွန်မကြည်းနူးမိခဲ့သည်။ နောက်ဆုံးတွင် သစ်ပင်ထိပ်ဖျားပေါ်သို့ ပျံတက်သွား၏။ အဝေးကိုပျံသန်းသွားသောအခါ လိပ်ပြာနှင့် တကယ်တူသည်ဟု ကျွန်မတွေးမိသည်။ နောက်တစ်ကြိမ်တွင် လိပ်ပြာဟု သင်ထင်သောအကောင်ကို ပြန်ကြည့်ပါ။ အမှန်မှာ ထိုအကောင်သည် လှပပြီး ဥပဒ်မပေးသော ပိုးဖလံဖြစ်နေပေမည်။—⁠ဆောင်းပါးရှင် ရေးသားပေးပို့သည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 5 သားလောင်းဖလံအချို့ကလည်း ကောက်ပဲသီးနှံများကို ကိုက်ဖြတ်စားလေ့ရှိသည်။

[စာမျက်နှာ ၁၃၊ ၁၄ ပါရုပ်ပုံများ]

၁။ ရော်ဘင်ဖလံ (ဆက်ခရိုပီယာ)

၂။ ပူလ်ဖီမာစ်ဖလံ

၃။ ဆန်ဆက်ဖလံ

၄။ အာတ်လာစ်ဖလံ

[Credit Lines]

Natural Selection©-Bill Welch

A. Kerstitch

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံများ]

ဆက်ကရိုပီယာဖလံ၏ ကြီးထွားမှုအဆင့်များတွင် ဤအဆင့်များပါသည်–

၁။ ဥများ

၂။ ခူကောင်

၃။ သက်ကြီးကောင်

[Credit Line]

Natural Selection©-Bill Welch