မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အားလုံးအတွက် ကျန်းမာရေးကောင်း—မကြာတော့!

အားလုံးအတွက် ကျန်းမာရေးကောင်း—မကြာတော့!

အားလုံးအတွက် ကျန်းမာရေးကောင်း—မကြာတော့!

“ဘယ်တော့မျှ မဖျားနာတော့ခြင်းဟူသည့် အယူအဆသည် ယခုအခါ ရေပန်းစားနေ၏” ဟုဂျာမန်သတင်းမဂ္ဂဇင်း ဖို့ကပ်စ် ကဆိုသည်။ သို့တိုင် ဤအယူအဆမှာ အသစ်အဆန်းမဟုတ်ပေ။ လူ့ဘဝစတင်ခဲ့ချိန်က လူသားများကို ဖျားနာစေဖို့ ဖန်ဆင်းရှင် မရည်ရွယ်ခဲ့ချေ။ လူသားတို့အတွက် ကိုယ်တော့်ရည်ရွယ်တော်မူချက်မှာ “ကမ္ဘာ့လူသားအားလုံးအတွက် နှစ်လိုဖွယ်ကျန်းမာရေးအဆင့်” မျှသာမဟုတ်ချေ။ (ကျွန်ုပ်တို့စာလုံးစောင်းထား။) ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် လူခပ်သိမ်းအတွက် ပြည့်ဝစုံလင်သည့်ကျန်းမာရေးကို ရည်ရွယ်ထားတော်မူခဲ့၏!

သို့ဖြစ်လျှင် ဖျားနာမှုနှင့် ရောဂါတို့ကို ကျွန်ုပ်တို့အားလုံး အဘယ်ကြောင့်ခံစားကြရသနည်း။ ယေဟောဝါဘုရားသခင်သည် လူသားအားလုံးတို့၏ မိဘများဖြစ်ကြသော အာဒံနှင့်ဧဝတို့ကို စုံလင်စွာဖန်ဆင်းတော်မူခဲ့သည်ဟု သမ္မာကျမ်းစာကဆိုသည်။ ဖန်ဆင်းခြင်းကို လက်စသတ်ပြီးနောက် “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသော အရာတို့ကိုကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ[၏]။” ကျွန်ုပ်တို့၏မေတ္တာရှင်ဖြစ်သော ဖန်ဆင်းရှင်သည် လူ့ဘဝကို ရောဂါနှင့် သေခြင်းတို့ဖြင့် ကပ်ဆိုက်စေဖို့ မရည်ရွယ်ခဲ့ချေ။ သို့သော် အာဒံနှင့်ဧဝတို့သည် ၎င်းတို့အတွက် ပြဋ္ဌာန်းထားသည့် ဘဝလမ်းစဉ်ကို စွန့်လွှတ်ဖို့ရွေးချယ်လိုက်ကြသောအခါ အပြစ်ပြုခဲ့ကြသည်။ အာဒံ့အပြစ်၏ရလဒ်မှာ သေခြင်းဖြစ်ရာ ယင်းကို လူသားအားလုံးထံ လက်ဆင့်ကမ်းပေးခဲ့သည်။—⁠ကမ္ဘာဦး ၁:၃၁; ရောမ ၅:၁၂

ယေဟောဝါသည် လူသားတို့ကို လုံးဝအဆက်မဖြတ်ခဲ့ပေ။ လူသားနှင့် မြေကြီးအတွက် ကိုယ်တော်၏မူလရည်ရွယ်ချက်ကိုလည်း မစွန့်လွှတ်ခဲ့ချေ။ နာခံမှုရှိသောလူသားများအား ၎င်းတို့၏ နဂိုကောင်းသောကျန်းမာရေးအခြေအနေသို့ ပြန်ရောက်စေမည့် ကိုယ်တော့်ရည်ရွယ်တော်မူချက်ကို သမ္မာကျမ်းစာတစ်အုပ်လုံးတွင် အသိပေးဖော်ပြထား၏။ ဘုရားသခင့်သားတော် ယေရှုခရစ် ကမ္ဘာမြေကြီးပေါ်ရှိခဲ့စဉ်က ရောဂါများကိုကုသဖို့ ဘုရားသခင့်တန်ခိုးတော်ကို အထင်အရှားဖော်ပြခဲ့သည်။ ဥပမာအနေနှင့်၊ ယေရှုသည် မျက်စိမမြင်ခြင်း၊ နူနာရောဂါ၊ နားပင်းခြင်း၊ ရေဖျဉ်းနာရောဂါ၊ ဝက်ရူးပြန်ရောဂါနှင့် သူငယ်လေငန်းရောဂါတို့ကို ကုသပေးခဲ့သည်။—⁠မဿဲ ၄:၂၃၊ ၂၄; လုကာ ၅:၁၂၊ ၁၃; ၇:၂၂; ၁၄:၁-၄; ယောဟန် ၉:၁-၇

ဘုရားသခင်သည် မေရှိယဘုရင် ခရစ်တော်ယေရှုအား လူ့လောက၏အရေးကိစ္စများကို တာဝန်ယူဆောင်ရွက်ရန် မကြာမီ ညွှန်ကြားပေတော့မည်။ ကိုယ်တော်၏အုပ်ချုပ်မှုအောက်၌ “မြို့သားကလည်း ‘ငါနာသည်’ဟုမဆိုရ။ ထိုမြို့၌နေသောသူတို့သည် အပြစ်ပြေရှင်းခြင်းသို့ ရောက်ရကြလိမ့်မည်” ဟူသော ဟေရှာယပရောဖက်ပြုချက် အမှန်ဖြစ်လာလိမ့်မည်။ (ဟေရှာယ ၃၃:၂၄) ယင်းသည် မည်သို့ဖြစ်ပျက်လာမည်နည်း။

လူတို့သည် “အပြစ်ပြေရှင်းခြင်းသို့ရောက်” ကြကြောင်း ထိုပရောဖက်ရေးသားသည်ကို ကျွန်ုပ်တို့သတိပြုကြသည်။ ထို့ကြောင့် ဖျားနာမှု၏မူလအကြောင်းရင်း—⁠လူသားတို့အမွေရခဲ့သည့်အပြစ်—⁠သည် ဖယ်ရှားခြင်းခံရတော့မည်ဖြစ်သည်။ မည်သို့အားဖြင့်နည်း။ ယေရှု၏ရွေးနုတ်ဖိုး ပူဇော်ရာယဇ်၏တန်ဖိုးသည် နာခံမှုရှိသောလူသားများအပေါ် အကျိုးသက်ရောက်မည်ဖြစ်သဖြင့် ဖျားနာမှုနှင့် သေခြင်းတို့ကို ဖယ်ရှားပေးမည်ဖြစ်သည်။ ပရဒိသုအခြေအနေများကို မြေကြီးအရပ်ရပ်တိုင်းတွင် တွေ့ကြုံရမည်ဖြစ်သည်။ ခရစ်ယာန်တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့သည်– “ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” ယင်းသည် မကြာတော့ပါ!—⁠ဗျာဒိတ် ၂၁:၃၊ ၄; မဿဲ၊ အခန်းကြီး ၂၄; ၂ တိမောသေ ၃:၁-၅

မျှတသောသဘောကိုထိန်းသိမ်းခြင်း

လောလောဆယ်တွင် ဖျားနာမှုနှင့် ရောဂါတို့သည် သန်းနှင့်ချီသောလူတို့၏ အဖြစ်ဆိုးဖြစ်နေ၏။ ထို့ကြောင့် ယင်းသည် မိမိတို့နှင့် မိမိတို့ချစ်မြတ်နိုးရသူများ၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြသူတို့အတွက် သဘာဝမျှသာဖြစ်သည်။

ယနေ့ခရစ်ယာန်များသည် ဆေးပညာရှင်များ၏ ကြိုးပမ်းမှုများကို အလွန်ကျေးဇူးတင်လေးမြတ်ကြသည်။ သူတို့သည် ကျန်းမာလာရန် သို့မဟုတ် ကျန်းမာနေစေရန် အကျိုးသင့်အကြောင်းသင့်လုပ်ဆောင်ကြသည်။ သို့ရာတွင် ဖျားနာမှုကင်းသော အနာဂတ်နှင့်ပတ်သက်သည့် ကျမ်းစာကတိတော်က ဤကိစ္စနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏မျှတသည့်သဘောထားကို ထိန်းသိမ်းရန် ကူညီပေးသည်။ လူသားတို့၏အရေးကိစ္စများကို မေရှိယဘုရင်တာဝန်မယူမချင်း စုံလင်သည့်ကျန်းမာရေးမှာ ဖြစ်နိုင်စရာမရှိပါ။ ကျွန်ုပ်တို့တွေ့မြင်ခဲ့ရသည့်အတိုင်း ရင်သပ်ရှုမောဖွယ်အကောင်းဆုံး ရှာဖွေတွေ့ရှိမှုများပင် အပင်ဖျားရှိ အရည်အရွှမ်းဆုံးပန်းသီး—⁠လူတိုင်းအတွက် ကောင်းသောကျန်းမာရေး—⁠ကို ဖမ်းဆုပ်နိုင်မည့်ဆေး မဖော်ထုတ်နိုင်ခဲ့ကြချေ။

“ကမ္ဘာသားအားလုံးအတွက် နှစ်လိုဖွယ်ကျန်းမာရေးအဆင့်” ဟူသည့်ပန်းတိုင်ကို မကြာမီ ရရှိပေတော့မည်။ သို့သော် ယူအဲန်အားဖြင့်မဟုတ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အားဖြင့်လည်းမဟုတ်၊ ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်ရေးဆွဲသူများအားဖြင့်မဟုတ်၊ လူမှုရေးပြုပြင်ပြောင်းလဲသူများအားဖြင့်မဟုတ်၊ ဆရာဝန်များအားဖြင့်လည်း မဟုတ်ချေ။ ထိုပြီးမြောက်အောင်မြင်မှုမှာ ယေရှုခရစ်အတွက်ဖြစ်၏။ နောက်ဆုံးတွင် လူသားများ “ဘုရားသခင်သားတို့၏ ထူးမြတ်သောလွတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကိုဝင်စားမည့်” အချိန်သည် မည်မျှရွှင်လန်းစရာကောင်းမည်တကား!—⁠ရောမ ၈:၂၁

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံများ]

ဘုရားသခင့်ကမ္ဘာသစ်တွင် အားလုံးကျန်းမာရေးကောင်းကြမည်