မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အားလုံးအတွက် ကျန်းမာရေးကောင်း—လက်လှမ်းမီနိုင်သော ပန်းတိုင်တစ်ခုလော

အားလုံးအတွက် ကျန်းမာရေးကောင်း—လက်လှမ်းမီနိုင်သော ပန်းတိုင်တစ်ခုလော

အားလုံးအတွက် ကျန်းမာရေးကောင်း—လက်လှမ်းမီနိုင်သော ပန်းတိုင်တစ်ခုလော

အသင်နှင့် သင့်မိသားစု ကျန်းမာရေး ပိုကောင်းမွန်လာဖို့အတွက် လိုလားပါသလော။ သင်အမှန်လိုလားပေမည်။ သို့သော် ကျွန်ုပ်တို့အများစုသည် ရံဖန်ရံခါသာဖြစ်တတ်သော သာမန်ဖျားနာမှုများကို ခံစားကြမည်ဖြစ်သော်လည်း သန်းပေါင်းများစွာတို့အတွက်မူ နာမကျန်းဖြစ်မှုသည် စိတ်မချမ်းမြေ့ဖွယ် ရာသက်ပန်အဖော်ဖြစ်၏။

သို့ဖြစ်လင့်ကစား တိုးများလာနေသည့် ဖျားနာမှုနှင့် ရောဂါတို့ကို ဟန့်တားရန် အကြီးအကျယ် ကြိုးပမ်းအားထုတ်လျက်ရှိကြ၏။ ကုလသမဂ္ဂ၏ အေဂျင်စီတစ်ခုဖြစ်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကိုသုံးသပ်ကြည့်ပါ။ ၁၉၇၈ ခုနှစ်တွင် WHO မှ ကမကထပြုကျင်းပခဲ့သည့် ကွန်ဖရင့်အစည်းအဝေးတစ်ခု၌ ကျန်းမာရေးသည် ဖျားနာမှု သို့မဟုတ် ရောဂါကင်းဝေးခြင်းမျှသာမဟုတ်ကြောင်း နိုင်ငံပေါင်း ၁၃၄ နိုင်ငံနှင့် ယူအဲန်အဖွဲ့အစည်း ၆၇ ဖွဲ့တို့က သဘောတူညီခဲ့ကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျန်းမာရေးကို “ကာယရေး၊ စိတ်ဓာတ်ရေး၊ လူမှုရေးကောင်းခြင်းနှင့် ပြည့်စုံသည့်အခြေအနေ” ဟူ၍ အလေးအနက်ပြောဆိုခဲ့သည်။ ထို့နောက် ကိုယ်စားလှယ်များသည် ကျန်းမာရေးကို “အခြေခံကျသည့်လူ့အခွင့်အရေး” တစ်ခုဖြစ်စေရန် ရဲရင့်စွာကြေညာခဲ့ကြသည်! ထို့ကြောင့် WHO သည် “ကမ္ဘာ့လူသားအားလုံးအတွက် နှစ်လိုဖွယ်ကျန်းမာရေးအဆင့်” ရရှိရေးပန်းတိုင်ကို ချမှတ်ခဲ့သည်။

ထိုသို့သောပန်းတိုင်သည် နှစ်သက်ဖွယ်ကောင်းသည့်အပြင် မြင့်မြတ်ပေသည်။ သို့သော် ယင်းကို လက်လှမ်းမီနိုင်စရာအကြောင်း မည်မျှရှိသနည်း။ လူ့ကြိုးပမ်းအားထုတ်မှု နယ်ပယ်အားလုံးတွင် ဆေးပညာသည် ယုံကြည်စိတ်ချရဆုံးနှင့် အားထားရဆုံး ပညာရပ်တစ်ခုဖြစ်လာသည်မှာ အသေအချာပင်။ သည်ယူရိုပီယံ ဗြိတိသျှသတင်းစာ၏အဆိုအရ၊ အနောက်နိုင်ငံများရှိလူတို့အတွက် “‘ငွေကျည်ဆံ’ (silver bullet) ကုထုံးဟုခေါ်သော ရောဂါတစ်ခုကို ဆေးလုံးတစ်လုံးဖြင့်ဖြေရှင်းသည့် တိုင်းရင်းဆေးပညာအယူအဆ” ကိုလက်ခံမှု တိုးပွားလာခဲ့ပြီ။ တစ်နည်းအားဖြင့် ရောဂါရှိရှိသမျှကို ရိုးရိုးရှင်းရှင်း ကုသပေးမည့် ဆေးပညာရပ်နယ်ပယ်ကို ကျွန်ုပ်တို့မျှော်လင့်ကြသည်။ ဆေးပညာရှင်များသည် ထိုမြင့်မားသော မျှော်လင့်ချက်ကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်ပါမည်လော။