ကမ္ဘာလောကသည် ရေပြတ်လပ်လျက်ရှိသလော
ကမ္ဘာလောကသည် ရေပြတ်လပ်လျက်ရှိသလော
“စိတ်ချရပြီး ဘေးကင်းသည့် ရေချို ရင်းမြစ်တစ်ခု လုံလုံလောက်လောက်ရရှိရေးသည် လူသတ္တဝါအားလုံး၏ ရှင်သန်ရေး၊ ကောင်းစားရေးနှင့် လူမှု-စီးပွား ဖွံ့ ဖြိုးတိုးတက်ရေးတို့အတွက် အခြေခံကျသော လိုအပ်ချက်တစ်ခုဖြစ်၏။ ရေချိုကို ဖောဖောသီသီ အမြဲတစေရရှိနိုင်မည်ဟု ယူမှတ်ပြီး သုံးစွဲနေကြ၏၊ သို့သော် အထင်မှားနေကြသည်။”—ကိုဖီအာနန်၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်။
စပိန်နိုင်ငံ၊ ဗလဲန်ချီးယားမြို့တွင် ကြာသပတေးနေ့တိုင်း မွန်းတည့်အချိန်၌ ထူးခြားသောတရားရုံးတစ်ခု ထိုင်ခဲ့သည်မှာ အနှစ်တစ်ထောင်ရှိခဲ့ပေပြီ။ ၎င်း၏တာဝန်မှာ ရေနှင့်ပတ်သက်သည့် အငြင်းပွားမှုများကို ဖြေရှင်းရန်ဖြစ်သည်။
ရေအမြဲမလုံမလောက်ဖြစ်လေ့ရှိခဲ့သော စပိန်နိုင်ငံ၏ မြေသြဇာကောင်းသော ဗလဲန်ချီးယားလွင်ပြင်တွင်နေထိုင်ကြသည့် ဒေသခံလယ်သမားများသည် ဆည်မြောင်းကို မှီခိုအားထားနေရ၏၊ ဆည်မြောင်းသည်လည်း ရေများစွာလိုအပ်လျက်ရှိသည်။ လယ်သမားများသည် ရေကို မျှတစွာမရရှိကြဟု ခံစားရသည့်အခါတိုင်း ရေတရားရုံးသို့လာရောက်၍ အယူခံဝင်နိုင်သည်။ ရေနှင့်ပတ်သက်သည့် အငြင်းပွားမှုများသည် အသစ်အဆန်းမဟုတ်သော်လည်း ဗလဲန်ချီးယားမြို့တွင်ကဲ့သို့ မျှတစွာဖြေရှင်းခဲသည်။
လွန်ခဲ့သော အနှစ် ၄,၀၀၀ နီးပါးခန့်က၊ ဣသရေလနိုင်ငံ ဗေရရှေဘမြို့အနီးရှိ ရေတွင်းတစ်တွင်းကိုအသုံးပြုရေးနှင့်ပတ်သက်၍ သိုးထိန်းများအကြား ပြင်းထန်သောအငြင်းပွားမှုတစ်ခု ဖြစ်ပွားခဲ့၏။ (ကမ္ဘာဦး ၂၁:၂၅) ထိုအချိန်ကတည်းက အရှေ့အလယ်ပိုင်းဒေသရှိ ရေပြဿနာများသည် သာ၍ဆိုးဝါးလာခဲ့သည်။ ထိုအရပ်ဒေသရှိ ထင်ပေါ်ကျော်ကြားသောခေါင်းဆောင် အနည်းဆုံးနှစ်ဦးက ရေသည် သူတို့အား အိမ်နီးချင်းနိုင်ငံကို စစ်ကြေညာဖို့ ဦးတည်စေနိုင်သည့် အရေးကိစ္စတစ်ခုဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။
ကမ္ဘာ့မိုးနည်းရပ်ဝန်းဒေသများတွင် ရေသည် ခံစားချက်များကို အမြဲပြင်းထန်စေလေ့ရှိသည်။ အကြောင်းရင်းမှာ ရှင်းပါသည်– ရေသည် အသက်ရှင်မှုအတွက် မရှိလျှင်မဖြစ်သောအရာဖြစ်၏။ ကိုဖီအာနန်ထောက်ပြခဲ့သကဲ့သို့ပင် “ရေချိုသည် အလွန်အဖိုးတန်၏– ယင်းသာမရှိလျှင် ကျွန်ုပ်တို့အသက်မရှင်နိုင်ပါ။ ယင်းကိုအစားထိုး၍မရပါ– ယင်းအတွက် အစားထိုးစရာလည်းမရှိချေ။ ယင်းသည်ထိခိုက်လွယ်၏– လူသားတို့၏လုပ်ရပ်သည် အသင့်ရရှိနိုင်သည့်ရေချိုပမာဏနှင့် အရည်အသွေးအပေါ် အကြီးအကျယ်ထိခိုက်သည်။”
တစ်ချိန်တစ်ခါနှင့်မျှမတူအောင် ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်၏ ရေချိုပမာဏနှင့် ရေအရည်အသွေးသည် ခြိမ်းခြောက်ခံနေရလျက်ရှိ၏။ ကမ္ဘာ့ဒေသအချို့တွင် ရေအလျှံပယ်ရှိပုံပေါက်ခြင်းကြောင့် ကျွန်ုပ်တို့လှည့်စားမခံသင့်ပေ။
ဆုတ်ယုတ်လျက်ရှိသော ရေအရင်းအမြစ်များ
“လူ့သဘောသဘာဝအရ အကြီးအကျယ်ဆန့်ကျင်ကွဲလွဲနေသည့် အရာတစ်ခုမှာ ကျွန်ုပ်တို့သည် အရာဝတ္ထုများကို ရှားပါးလာမှသာ တန်ဖိုးထားတတ်ကြခြင်းဖြစ်၏။ ရေတွင်းမှ ရေခန်းခြောက်သွားမှသာ ရေကို တန်ဖိုးထားတတ်လာကြသည်။ ရေတွင်းများသည် မိုးခေါင်ရေရှားဒေသများ၌သာမက ရေရှားပါးမှုဒဏ်မခံရသည့် ဒေသများ၌လည်း ပြတ်လပ်လျက်ရှိနေသည်” ဟု ယူအဲန်မှ အကြီးအကဲ အယ်လီဇဘက် ဒေါင်ဒက်စ်ဝဲလ်က ထောက်ပြ၏။
နေ့စဉ်နှင့်အမျှ ရေရှားပါးမှုဒဏ်ကို ကြုံတွေ့နေရသူတို့သာ ပြဿနာကို ကောင်းကောင်းကြီးနားလည်ကြသည်။ အိန္ဒိယနိုင်ငံ၊ မဒရပ်စ်ပြည်နယ်မှ ရုံးဝန်ထမ်းတစ်ဦးဖြစ်သူ အာဆိုကန်သည် နံနက်တိုင်းမိုးမလင်းမီ နှစ်နာရီတွင် အိပ်ရာမှထရသည်။ ရေပုံးငါးပုံးကိုထမ်းကာ ငါးမိနစ်လမ်းလျှောက်သွားရသည့် အများသုံးရေဘုံပိုင်သို့ ရေသွားခပ်၏။ နံနက် ၄ နာရီမှ ၆ နာရီအကြားတွင်သာ ရေလာသောကြောင့် စောစောတန်းစီဖို့လိုသည်။ အိမ်သို့ ပုံးများဖြင့်ထမ်းလာသည့်ရေများကို တစ်နေ့တာ လောက်ငအောင် သုံးရမည်ဖြစ်၏။ အိန္ဒိယနိုင်ငံသားများစွာ—နှင့် ကမ္ဘာပေါ်ရှိ လူသန်းတစ်ထောင်—တို့သည် ဤမျှလောက်အခွင့်မသာကြချေ။ သူတို့အိမ်အနီးအနားတွင် ရေပိုက်ခေါင်း၊ မြစ် သို့မဟုတ် ရေတွင်းမရှိချေ။
အာဖရိကနိုင်ငံ ဆာဟဲလ်ဒေသတွင်နေထိုင်သည့် အဗ်ဒူလာဆိုသူ ယောက်ျားလေးတစ်ဦးသည်လည်း ထိုသူတို့အဝင်ဖြစ်၏။ သူ၏ရွာငယ်လေးကို လမ်းပြအမှတ်အသားက အိုအေစစ်တစ်ခုအဖြစ် ဖော်ပြသည်; သို့သော် ရေပြတ်လပ်သွားသည်မှာ ကြာလှပြီဖြစ်ရာ သစ်ပင်တစ်ပင်ကိုပင် တွေ့ရခဲသည်။ အဗ်ဒူလာသည် မိသားစုအတွက် မိုင်ဝက်ကျော်ကျော်ဝေးသည့် ရေတွင်းတစ်တွင်းမှရေကို ထမ်းပေးရ၏။
ကမ္ဘာ့ဒေသတချို့တွင် သန့်ရှင်းစင်ကြယ်သည့်ရေလိုအပ်မှုသည် ထောက်ပံ့ပေးမှုထက် ကျော်လွန်လာပြီဖြစ်၏။ အကြောင်းရင်းမှာ ရှင်းပါသည်– ဧရာမလူသားထုကြီးသည် ကာလအတန်ကြာ ရေရှားခဲ့ပြီဖြစ်သော သွေ့ခြောက်သည့်ဒေသ သို့မဟုတ် မိုးနည်းရပ်ဝန်း
ဒေသများတွင် နေထိုင်ကြ၏။ (စာမျက်နှာ ၃ ရှိမြေပုံကိုရှု။) စတော့ခ်ဟုမ်း ပတ်ဝန်းကျင်အဖွဲ့အစည်း၏အဆိုအရ ကမ္ဘာ့လူဦးရေ၏သုံးပုံတစ်ပုံသည် ရေအတော်အသင့်မှ ရေအကြီးအကျယ်ရှားပါးသည့် ဒေသများတွင် နေထိုင်ကြသည်။ သို့နှင့် ရေလိုအပ်မှုနှုန်းသည် လူဦးရေတိုးပွားမှုနှုန်းထက် နှစ်ဆပို၍ မြင့်တက်လာခဲ့ပြီ။အခြားတစ်ဖက်တွင်မူ ရေထောက်ပံ့မှုသည် အခြေခံအားဖြင့် ပုံသေဖြစ်နေ၏။ နက်ရှိုင်းသောရေတွင်းများနှင့် ရေလှောင်ကန်အသစ်များက ယာယီသက်သာမှုပေး၏၊ သို့သော် ကမ္ဘာမြေပေါ်သို့ ရွာချသည့်မိုးရေပမာဏနှင့် မြေအောက်တွင်သိုလှောင်ထားသည့် ရေပမာဏတို့မှာ များသောအားဖြင့် အတူတူဖြစ်နေသည်။ ထို့ကြောင့်၊ ကမ္ဘာပေါ်ရှိလူတစ်ဦးစီအတွက် အသင့်ရရှိနိုင်သောရေပမာဏသည် ၂၅ နှစ်အတွင်း ၅၀ ရာခိုင်နှုန်း လျော့ကျသွားကောင်း လျော့ကျသွားနိုင်သည်ဟု မိုးလေဝသပညာရှင်များက မှန်းဆကြသည်။
ကျန်းမာရေးနှင့်အစားအစာအပေါ် ထိခိုက်မှု
ရေရှားပါးမှုသည် လူတို့ကို မည်သို့ထိခိုက်သနည်း။ ဦးဆုံးအနေနှင့် သူတို့၏ကျန်းမာရေးကို ထိခိုက်၏။ သူတို့သည် ရေငတ်၍သေဆုံးသွားလိမ့်မည်ဟု ဆိုခြင်းမဟုတ်ပါ; ယင်းအစား၊ ချက်ပြုတ်သောက်သုံးဖို့အတွက် ရရှိနိုင်သည့်ရေအရည်အသွေး ညံ့ဖျင်းမှုက သူတို့ကိုဖျားနာစေပေမည်။ အယ်လီဇဘက် ဒေါင်ဒက်စ်ဝဲလ်က “ဖွံ့ဖြိုးဆဲနိုင်ငံများမှ ရောဂါမှန်သမျှ၏ ၈၀ ရာခိုင်နှုန်းခန့်နှင့် သေဆုံးသူအားလုံးတို့၏ သုံးပုံတစ်ပုံကျော်သည် ရေညစ်ညမ်းမှုကြောင့်ဖြစ်၏” ဟုထောက်ပြသည်။ မိုးနည်းရပ်ဝန်းဒေသများမှ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရေဖြန့်ဝေမှုများသည် မကြာခဏဆိုသလိုပင် လူ သို့မဟုတ် တိရစ္ဆာန်တို့၏မစင်များ၊ ပိုးသတ်ဆေးများ၊ မြေသြဇာများ သို့မဟုတ် စက်ရုံမှစွန့်ပစ်ဓာတုပစ္စည်းများကြောင့် ညစ်ညမ်းနေလေ့ရှိ၏။ ဆင်းရဲနွမ်းပါးသည့်မိသားစုတစ်စုအတွက် ထိုညစ်ညမ်းသည့်ရေကို သုံးစွဲရန်မှတစ်ပါး ရွေးချယ်စရာနည်းလမ်းမရှိချေ။
ကျွန်ုပ်တို့၏ကိုယ်ခန္ဓာသည် အညစ်အကြေးများကိုစွန့်ရန် ရေလိုအပ်သကဲ့သို့ပင် လျောက်ပတ်သော ကျန်းမာသန့်ရှင်းရေးစနစ်အတွက်လည်း ရေများစွာလိုအပ်ရာ လူများစွာသည် ထိုရေပမာဏကို မရရှိနိုင်ဘဲ ဖြစ်နေကြ၏။ လုံလောက်သောကျန်းမာသန့်ရှင်းရေး
စနစ် မရှိကြသည့် လူဦးရေသည် ၁၉၉၀ ပြည့်နှစ်တွင် ၂.၆ ဘီလီယံရှိခဲ့ရာမှ ၁၉၉၇ ခုနှစ်ရောက်သော် ၂.၉ ဘီလီယံသို့ မြင့်တက်သွားသည်။ ယင်းသည် ကမ္ဘာ့လူဦးရေ၏ထက်ဝက်နီးပါးဖြစ်၏။ ထို့အပြင် ကျန်းမာသန့်ရှင်းရေးစနစ်သည် သေရေးရှင်ရေးကိစ္စတစ်ခုဟု ဆိုရမလောက်ဖြစ်သည်။ ကုလသမဂ္ဂအရာရှိများဖြစ်ကြသည့် ကာရိုလ် ဗဲလ်လာမီနှင့် နီတင် ဒီဇီတို့၏ ပူးတွဲထုတ်ပြန်ချက်တစ်ခု၌ ဤသို့သတိပေးခဲ့သည်– “သောက်သုံးရေနှင့် ကျန်းမာသန့်ရှင်းရေးအတွက် သင့်တော်သောရေကို ကလေးသူငယ်များ မရရှိကြသည့်အခါ သူတို့၏ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတိုင်းသည် လုံးလုံးလျားလျား ဘေးအန္တရာယ်ကြုံနေရသည်။”အစားအစာထုတ်လုပ်မှုသည်လည်း ရေအပေါ်မူတည်သည်။ ကောက်ပဲသီးနှံများစွာသည် မိုးကြောင့်ရေရရှိသည်မှာ မှန်ပါသည်၊ သို့သော် မကြာသေးမီကာလများအတွင်း ဆည်မြောင်းသည် လျင်မြန်စွာတိုးပွားလာသည့် ကမ္ဘာ့လူဦးရေကို ကျွေးမွေးရန် အခရာဖြစ်လာခဲ့ပြီ။ ယနေ့ ကမ္ဘာ့သီးနှံ၏ ၃၆ ရာခိုင်နှုန်းသည် ဆည်မြောင်းကို မှီခိုအားထားနေရသည်။ ဆည်ရေပေး၍စိုက်ပျိုးသည့် ကမ္ဘာ့လယ်ယာမြေစုစုပေါင်းသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က အမြင့်ဆုံးအဆင့်သို့ရောက်ရှိခဲ့သည်၊ သို့သော် ထိုအချိန်မှစ၍ တဖြည်းဖြည်း ပြန်လည်ကျဆင်းလျက်ရှိသည်။
ကျွန်ုပ်တို့၏အိမ်မှ ရေပိုက်ခေါင်းတိုင်း ရေများအလျှံပယ် ပန်းထွက်နေမည်ဆိုလျှင်ဖြစ်စေ၊ အညစ်အကြေးများကို အဆင်ပြေပြေ ဆွဲချ၍ရသည့် သန့်ရှင်းသောရေအိမ်တစ်ခုဖြစ်စေ ကျွန်ုပ်တို့တွင်ရှိမည်ဆိုလျှင် ကမ္ဘာကြီး ရေပြတ်လပ်လျက်ရှိကြောင်းကို ယုံရခက်နိုင်ပေသည်။ သို့ရာတွင်၊ ထိုစည်းစိမ်မျိုးကို ၂၀ ရာခိုင်နှုန်းသောလူတို့သာ ခံစားကြရကြောင်း ကျွန်ုပ်တို့သတိရသင့်၏။ အာဖရိကနိုင်ငံတွင် အမျိုးသမီးများစွာတို့သည် တစ်နေ့လျှင် ခြောက်နာရီခန့်ကြာ ရေထမ်းကြရပြီး မကြာခဏပင် ၎င်းရေမှာ ညစ်ညမ်းလေ့ရှိသည်။ ထိုအမျိုးသမီးများသည် ခက်ခဲကြမ်းတမ်းသောလက်တွေ့ဘဝကို ပို၍ရှင်းလင်းစွာ နားလည်သဘောပေါက်ကြသည်– သန့်ရှင်း၍ဘေးကင်းသောရေမှာ ရှားပါးလျက်ရှိပြီး ပို၍ပင်ရှားပါးလာနေ၏။
နည်းပညာက ပြဿနာကို ဖြေရှင်းနိုင်ပါမည်လော။ ရေအရင်းအမြစ်များကို အကျိုးဖြစ်ထွန်းအောင် ချွေချွေတာတာ အသုံးပြုနိုင်ပါမည်လော။ ရေအားလုံး မည်သည့်နေရာသို့ ရောက်ရှိသွားပြီနည်း။ ဤမေးခွန်းများ၏အဖြေကို နောက်ဆောင်းပါးတွင် ရှာဖွေတင်ပြပါမည်။
[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်/ပုံကြမ်း]
ရေချိုရှိသည့်နေရာ
ကမ္ဘာ့ရေထု၏ ၉၇ ရာခိုင်နှုန်းခန့်သည် သမုဒ္ဒရာတွင်ရှိပြီး သောက်သုံးခြင်း၊ လယ်ယာစိုက်ပျိုးခြင်းနှင့် ကုန်ထုတ်လုပ်ခြင်းတို့အတွက် အသုံးမပြုနိုင်လောက်အောင် ငန်လွန်း၏။
ကမ္ဘာ့ရေထု၏ ၃ ရာခိုင်နှုန်းခန့်ကသာ ရေချိုဖြစ်သည်။ သို့တိုင်၊ ပူးတွဲပါဥပမာက ဖော်ပြပေးထားသည့်အတိုင်း ယင်းပမာဏအများစုကို အလွယ်တကူ မရရှိနိုင်ပါ။
[ပုံကြမ်း]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
အမြဲတည်ရှိသော ရေခဲနှင့်ဆီးနှင်း ၆၈.၇%
မြေအောက်ရေ ၃၀.၁%
အစဉ်အေးခဲဒေသ၊ မြေအောက်ရေခဲ ၀.၉%
ရေအိုင်များ၊ မြစ်များနှင့် ရွှံ့ညွန်များ ၀.၃%
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
ရေအကျပ်အတည်း
▪ ညစ်ညမ်းမှု ပိုလန်နိုင်ငံတွင် မြစ်ရေ၏ ၅ ရာခိုင်နှုန်းသာ သောက်သုံးရန်အတွက် သင့်တော်ပြီး ၇၅ ရာခိုင်နှုန်းမှာ စက်မှုလုပ်ငန်းသုံးရန်အတွက်ပင် ညစ်ညမ်းလွန်းနေသည်။
▪ မြို့ပြရေထောက်ပံ့မှုများ ကမ္ဘာ့ဒုတိယအကြီးဆုံး မြို့တော်ကြီးဖြစ်သည့် မက္ကဆီကိုမြို့တော်တွင် မြို့တော်ကို ရေ ၈၀ ရာခိုင်နှုန်း ထောက်ပံ့ပေးနေသည့် မြေအောက်ရေပြင်သည် မြေကြီးထဲ မနားတမ်း စိမ့်ဝင်လျက်ရှိသည်။ ရေစုပ်ယူခြင်းက သဘာဝအလျောက်ရေပြန်ဖြည့်ခြင်းထက် ၅၀ ရာခိုင်နှုန်းထက်မက ကျော်လွန်နေ၏။ တရုတ်နိုင်ငံ၏မြို့တော်ဘေကျင်းသည်လည်း အလားတူပြဿနာ ကြုံတွေ့နေရသည်။ ၎င်း၏ရေအောင်းလွှာသည် တစ်နှစ်လျှင် သုံးပေကျော် နိမ့်ဆင်းသွားခဲ့ပြီး ရေတွင်းသုံးပုံတစ်ပုံမှာ ခြောက်သွေ့သွားခဲ့ပြီဖြစ်၏။
▪ ဆည်မြောင်း ယူနိုက်တက်စတိတ်ရှိ အော်ဂဲလ်လာလာရေအောင်းလွှာကြီးသည် ရေအလွန်အမင်းကုန်ခန်းလာခဲ့ပြီဖြစ်ရာ တက္ကဆက်ပြည်နယ် အနောက်မြောက်ဘက်ရှိ ဆည်ရေပေး၍ စိုက်ပျိုးသည့်ဒေသမှာ ရေမရရှိသည့်အတွက် သုံးပုံတစ်ပုံခန့် လျော့နည်းသွားခဲ့သည်။ ဒုတိယနှင့် တတိယအကြီးဆုံး အစားအစာထုတ်လုပ်သူများဖြစ်ကြသည့် တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံတို့သည်လည်း အလားတူအကျပ်အတည်းကို ရင်ဆိုင်ရလျက်ရှိသည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ် နာဒူပြည်နယ်တွင် ဆည်မြောင်းသည် မြေအောက်ရေပြင်ကို ဆယ်နှစ်အတွင်း ၇၅ ပေကျော် စိမ့်ဝင်သွားစေခဲ့ပြီ။
▪ ကွယ်ပျောက်လျက်ရှိသည့်မြစ်များ ခြောက်သွေ့သောရာသီအတောအတွင်း ဂင်္ဂါမြစ်ကြီးသည် ပင်လယ်သို့မရောက်ရှိနိုင်တော့ပေ၊ ယင်း၏ရေအားလုံးသည် ပင်လယ်သို့မရောက်မီ လမ်းလွှဲခံရသောကြောင့်ဖြစ်၏။ မြောက်အမေရိကတိုက်ရှိ ကော်လိုရာဒိုမြစ်သည်လည်း အလားတူပင်။
[စာမျက်နှာ ၃ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ရေထောက်ပံ့မှုမလောက်ငသည့်နေရာ
ရေရှားပါးသည့် ဒေသများ