မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုရစ်၏ချစ်တေးသံ

ပုရစ်၏ချစ်တေးသံ

ပုရစ်၏ချစ်တေးသံ

အလျားနှစ်လက်မ သို့မဟုတ် ထိုမျှပင်မရှိသော ပုရစ်တစ်ကောင်သည် စွဲမက်ဖွယ်ကောင်းပုံမရချေ။ သို့တိုင်၊ ထိုပုရစ်၏တေးသံသည် ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာတို့၏အာရုံကို ဖမ်းစားထားသည်။ ထိုသတ္တဝါငယ်လေးသည် မည်သို့တေးဆိုပြီး အဘယ်ရည်ရွယ်ချက်အတွက်နည်း။

စိတ်ဝင်စားစရာမှာ ပုရစ်မျိုးစိတ်ပေါင်း ၂,၄၀၀ နီးပါးတွင် အထီးများသာတေးဆို သို့မဟုတ် မြည်သံပြုကြ၏။ ပုရစ်ထီးများသည် ၎င်းတို့၏လည်ချောင်းများမှ တေးသံပြုမည့်အစား တောင်ပံများဖြင့် တေးသံပြုကြသည်။ ပုရစ်ထီးများသည် အသွားငယ် ၅၀ မှ ၂၅၀ ခန့်ရှိအတန်းတစ်တန်းပါသည့် ရှေ့တောင်ပံတစ်ဖက်ကို အခြားရှေ့တောင်ပံတစ်ဖက်ပေါ်ပွတ်တိုက်ခြင်းဖြင့် မြည်သံပြုကြကြောင်း စွယ်စုံကျမ်းတစ်ကျမ်းက ရှင်းပြသည်။ မြည်သံများ၏ကြိမ်နှုန်းသည် တစ်စက္ကန့်လျှင် အသွားများရိုက်ခတ်သည့် အရေအတွက်ပေါ်မူတည်သည်။ ပုရစ်၏ထူးခြားသောတေးသံတုန်ခါမှုများသည် လေထဲပျံ့လွင့်သွား၏။

သို့သော် ပုရစ်ထီးသည် နားသောတဆင်သည့်လူသားများကို ဖျော်ဖြေရုံသက်သက်သာ တေးဆိုခြင်းမဟုတ်သည်ကား အမှန်ပင်! ဤတေးသံရှင်ရည်စူးသည့်ပရိသတ်မှာ မိတ်ဖက်တစ်ဦးဖြစ်၏။ သဘာဝလျှို့ဝှက်ချက်များကို စူးစမ်းရှာဖွေခြင်းစာအုပ်က ဤသို့ရှင်းပြသည်– “ကျွမ်းကျင်သော ဆက်သွယ်ရေးသမားတစ်ဦးဖြစ်သူ ပုရစ်ထီး၏မိတ်ဖက်ရှာပုံတော်တွင် မိမိရှိနေကြောင်းအသိပေးသံတစ်မျိုး၊ ပိုးပန်းမြှူဆွယ်သံတစ်မျိုးနှင့် မလိုလားအပ်သောပြိုင်ဘက်ကို တားဆီးသံတစ်မျိုးဟူ၍ မတူညီသောတေးသံသုံးမျိုးကိုသီဆိုသည်။” အချို့သောပုရစ်ထီးများသည် ပုရစ်မများစိတ်ဝင်စားမှုမပြမချင်း ၎င်းတို့ရှိနေကြောင်းကိုအသိပေးရန် ဆက်၍တေးဆိုကြသည်။ ပုရစ်မသည် ၎င်း၏ရှေ့ခြေထောက်များပေါ်ရှိ “နားများ” မှတစ်ဆင့် တေးသံကိုကြားနေရရာ အဝေးမှပိုးပန်းမြှူဆွယ်မှုကို အားရကျေနပ်မှုမရှိတော့ချေ။ ပုရစ်မသည် မြည်သံရှင်ထံချဉ်းကပ်လာသည်နှင့်အမျှ ပုရစ်ထီးကလည်း မနားမနေစူးရှသောမြည်သံ၊ ပိုးပန်းမြှူဆွယ်တေးကို စတင်သီဆိုမည်ဖြစ်သည်။ ဤညဉ့်ဦးယံလွမ်းချင်းက ၎င်းချစ်ရေးဆိုမည့်အမကို သွေးဆောင်မြှူဆွယ်၏၊ သို့နှင့် ပုရစ်နှစ်ကောင် မိတ်လိုက်ကြလေသည်။

အရှေ့အာရှတွင် လူတချို့သည် ပုရစ်ထီးများ၏တေးသံကို နှစ်သက်ကြသောကြောင့် အိမ်မွေးတိရစ္ဆာန်များအဖြစ် မွေးထားကြသည်။ အခြားသူများမှာမူ ထိုသို့သောတေးသံကို ပုရစ်၏နဂိုဇာတိဒေသတွင် ပိုနားဆင်လိုကြသည်။ မည်သည့်ဝန်းကျင်အခြေအနေတွင်ရှိပါစေ သေးငယ်သောပုရစ်ကလေး၏တေးသံသည် ကမ္ဘာတစ်ဝန်းမှ နားသောတဆင်သည့်လူသားများ၏စိတ်အာရုံကို ညှို့ယူဖမ်းစားထားသည်သာမက ၎င်းကိုပုံစံပြုသည့်အရှင်အား ချီးမွမ်းစေ၏။