မိဘနှစ်ပါးက စွန့်ပစ် ဘုရားသခင်က ချစ်
မိဘနှစ်ပါးက စွန့်ပစ် ဘုရားသခင်က ချစ်
ဘားနဒက်ထ် ဖင်း ပြောပြသည်
အသက်လေးနှစ်မပြည့်သေးတဲ့ကျွန်မကို ကျွန်မရဲ့အစ်မသုံးယောက်နဲ့အတူ ခရစ်ယာန်သီလရှင်ကျောင်းတစ်ကျောင်းမှာ ထားခဲ့တယ်။ ကျွန်မဟာ အဖေနဲ့အမေကို အပတ်ပေါင်းများစွာ ငယ်သံပါအောင် အော်ခေါ်နေခဲ့တာကို ၁၂ နှစ်အရွယ် ဘရိုက်ဒီ၊ ၈ နှစ်အရွယ် ဖီးလစ္စနဲ့ ၇ နှစ်အရွယ် အန်းမေတို့က မှတ်မိကြတယ်။ ကျွန်မတို့ကို အဲဒီမှာ ဘာကြောင့်ထားခဲ့ရတာလဲ။
၁၉၃၆ ခုနှစ်၊ မေလ ၂၈ ရက်မှာ ကက်သလစ်မိသားစုကြီးတစ်စုအတွင်း ကျွန်မမွေးဖွားလာခဲ့တယ်။ အိုင်ယာလန်နိုင်ငံ၊ ဝက်စ်ဖော့ဒ်ခရိုင်၊ ဒန်ကိုမစ်မှာရှိတဲ့ အိမ်ငယ်လေးတစ်လုံးမှာ မိဘနှစ်ပါးနဲ့အတူ ကလေးအားလုံး နေထိုင်ခဲ့ကြတယ်။ ကျွန်မက ရှစ်ယောက်မြောက်ကလေးဖြစ်ပြီး အစ်ကိုအစ်မခုနစ်ယောက်နဲ့အတူ အိပ်ရာကြီးတစ်ခုမှာ အတူပေါင်းအိပ်ရတယ်။ နောက်သိပ်မကြာခင်မှာမွေးလာတဲ့ မောင်လေးနဲ့ညီမလေးက မှန်တင်ခုံရဲ့အံဆွဲတွေထဲမှာ အိပ်ခဲ့ကြရတယ်။
ကျွန်မတို့အဖေဟာ အလုပ်ကြိုးစားတဲ့ ခြံအလုပ်သမားတစ်ယောက်ဖြစ်တယ်။ ပိုက်ဆံနည်းနည်းပဲရတာကြောင့် ကျွန်မတို့မိသားစုဟာ ခွဲတမ်းနဲ့စားခဲ့ကြရတယ်။ အမေဟာ ကျွန်မရဲ့အစ်ကိုအစ်မတွေ ကျောင်းယူသွားဖို့ နေ့လယ်စာထမင်းနည်းနည်းကို တစ်ခါတလေမှ ထည့်ပေးနိုင်ခဲ့တယ်။ အိုင်ယာလန်နိုင်ငံတစ်ဝန်း ဆင်းရဲနွမ်းပါးမှုနဲ့ အဲဒီအချိန်က . . . ချာ့ခ်ျရဲ့ ကြင်နာမှုကင်းမဲ့တဲ့အုပ်ချုပ်မှုတွေက ကျွန်မတို့ရဲ့အခြေအနေကို တိုက်ရိုက်ထိခိုက်ခဲ့တယ်။
ကျွန်မတို့မိသားစုဟာ ချာ့ခ်ျမှန်မှန်တက်ကြပေမဲ့ အမေဟာ ဝိညာဉ်ရေးရာတွေကို သိပ်စိတ်မဝင်စားခဲ့ဘူး။ ဒါပေမဲ့ မီးလင်းဖိုရှေ့မှာထိုင်ပြီး ဘာသာရေးစာပေတချို့ အမေဖတ်တာကို အစ်မတွေမှတ်မိကြတယ်။ သူဖတ်ခဲ့တဲ့ တချို့အကြောင်းတွေကို ကျွန်မတို့ကို ကြိုးစားရှင်းပြခဲ့တယ်။
“အမေဘယ်မှာလဲ”
ခရစ်ယာန်သီလရှင်ကျောင်းဆီ ခေါ်သွားတဲ့နေ့ကို ကျွန်မဘယ်တော့မှမမေ့ဘူး။ ကျွန်မရဲ့မိဘနှစ်ပါးဟာ သီလရှင်တစ်ပါးနဲ့အတူ စင်္ကြံမှာရပ်ပြီး အကြီးအကျယ်ဆွေးနွေးနေကြတယ်၊ ကျွန်မကတော့ အဲဒီမှာရှိတဲ့ တခြားမိန်းကလေးတွေနဲ့ စကစားတော့တယ်၊ သိပ်ပျော်တော့ စကားပြောနေတာကို သတိမထားမိတဲ့အထိပါပဲ။ ရုတ်တရက် ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ အမေနဲ့အဖေကို ရှာမတွေ့ရလို့ တုန်လှုပ်ချောက်ချားသွားတယ်။ “အမေဘယ်မှာလဲ” လို့အသံကုန်အော်တော့တယ်။ အစပိုင်းမှာပြောခဲ့တဲ့အတိုင်း သီတင်းပတ်များစွာ ကျွန်မဟာ အဲသလိုပဲ အော်နေခဲ့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မအစ်မသုံးယောက် ကျွန်မနဲ့အတူရှိနေလို့ သက်သာမှုအတော်လေးရခဲ့တယ်။ ဒါပေမဲ့ သူတို့ဟာ သီလရှင်ကျောင်းရဲ့ တခြားနေရာမှာနေရတာကြောင့် ကျွန်မတို့သိပ်မတွေ့ရဘူး။ ညနေဆိုရင်လည်း ကျွန်မတို့အငယ်တန်းတွေထက် သူတို့က နှစ်နာရီနောက်ကျပြီးမှ အိပ်ရာဝင်ကြတာကြောင့် သူတို့အိပ်ရာဝင်ဖို့သွားနေတာကို ကြားရတဲ့အထိ ကျွန်မ,မအိပ်ဘဲစောင့်နေခဲ့တယ်။ အဲဒီနောက် ကျွန်မအိပ်ရာကနေ တိတ်တိတ်လေးခိုးထွက်ပြီး ကျွန်မကို အစ်မတွေလက်ဝှေ့ယမ်းနှုတ်ဆက်ပြနိုင်ဖို့ လှေကားထိပ်မှာ သွားရပ်ခဲ့တယ်။ တန်ဖိုးရှိလှတဲ့ အဲဒီအချိန်လေးကို နေ့တိုင်း ကျွန်မစိတ်စောစွာ စောင့်မျှော်ခဲ့ရတယ်။
ခရစ်ယာန်သီလရှင်ကျောင်းဟာ မိဘတွေနဲ့ဆက်သွယ်ဖို့ အားပေးပုံမရဘူး၊ ဒါကြောင့် မိဘတွေကို ကျွန်မတို့တွေ့ရခဲတယ်။ အဲဒီကင်းကွာမှုကြောင့် ကျွန်မအကြီးအကျယ်စိတ်ထိခိုက်ခဲ့တယ်။ အမှန်အတိုင်းပြောရရင် အဖေနဲ့အမေ တစ်ခါပဲလာလည်ကြတာကို ကျွန်မမှတ်မိတယ်၊ သူတို့အနားကိုကျွန်မ,မသွားခဲ့သလို သူတို့ကလည်း ကျွန်မအနားကို မလာကြဘူး။ ဒါပေမဲ့ အစ်မတွေကတော့ တခြားလည်ပတ်မှု အနည်းငယ်ကို မှတ်မိကြတယ်။
တဖြည်းဖြည်းနဲ့ ခရစ်ယာန်သီလရှင်ကျောင်းကို ကျွန်မရဲ့မိသားစု၊ ကျွန်မရဲ့အိမ်၊ ကျွန်မရဲ့ကမ္ဘာအဖြစ် စလက်ခံလာခဲ့တယ်။ အဲဒီမှာနေတဲ့ ၁၂ နှစ်အတောအတွင်းမှာ ကျောင်းအပြင်ကို နှစ်ခါပဲ အရဲစွန့်ထွက်ခဲ့ဖူးတယ်။ အနီးအနားကကျေးလက်ဒေသကို အဲသလိုအပျော်ခရီးထွက်ရတာ သစ်ပင်ကြီးတွေနဲ့ တိရစ္ဆာန်တွေကို တွေ့ခဲ့ရလို့ အရမ်းစိတ်လှုပ်ရှားခဲ့တယ်။ ဒီလိုမှမဟုတ်ရင် ကျွန်မတို့တွေဟာ မော်တော်ကား၊ ဘတ်စကား၊ ဈေးဆိုင်တွေကို တွေ့ဖူးမှာမဟုတ်ဘူး၊ အမျိုးသားဆိုလို့ ခရစ်ယာန်ဘုန်းတော်ကြီးကလွဲလို့ မမြင်ဖူးသလောက်ပါပဲ။
ခရစ်ယာန်သီလရှင်ကျောင်းသူဘဝ
ခရစ်ယာန်သီလရှင်ကျောင်းသူဘဝမှာ အသွင်အမျိုးမျိုးကို ကြုံခဲ့ရတယ်၊ တချို့ဟာနှစ်လိုဖွယ်ဖြစ်ပြီး အဆင်မပြေမှုကများများပေါ့။ အရမ်းကောင်းတဲ့ ခပ်ငယ်ငယ်သီလရှင်တစ်ပါးက ဘုရားသခင်အကြောင်း သူသိသလောက်ကို အတတ်နိုင်ဆုံး သင်ပြပေးရှာတယ်။ ဘုရားသခင်ဟာ မေတ္တာရှိတဲ့ဖခင်တစ်ပါးဖြစ်တယ်လို့ သူပြောပြတယ်။ အဲဒါကို ကျွန်မ သဘောကျခဲ့တယ်၊ ကျွန်မအဖေရင်းထက် ဘုရားသခင်ဟာ ကျွန်မကိုပိုချစ်ခင်ကြင်နာတာကြောင့် အဲဒီနေ့ကစပြီး ဘုရားသခင်ကို ကျွန်မရဲ့ဖခင်အဖြစ် သတ်မှတ်ဖို့ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်ကစပြီး ကျွန်မဟာ ဘုရားသခင်ထံ ရိုးရိုးလေးနဲ့ ကလေးဆန်ဆန်ဆုတောင်းစကားပြောခဲ့တယ်။ အဲဒီခရစ်ယာန်သီလရှင်လေး ကျောင်းကနေထွက်သွားတဲ့အခါ သူ့ကို ကျွန်မသတိရတယ်။
ကျေနပ်လောက်တဲ့ အခြေခံပညာရေးကို ရရှိခဲ့လို့ ကျွန်မကျေးဇူးတင်တယ်။ ဒါပေမဲ့ “နေ့ကျောင်းသူ” တွေလို့ခေါ်တဲ့သူတွေ သီလရှင်ကျောင်းကို စာသင်ဖို့ရောက်လာတဲ့အခါ မျက်နှာသာပေးဆက်ဆံခဲ့ကြတာကို ကျွန်မမှတ်မိသေးတယ်။ သူတို့တွေဟာ ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေကဖြစ်ကြတယ်၊ သူတို့ရောက်လာတဲ့အခါ ကျွန်မတို့တွေ ကျောင်းခန်းထဲကနေ ထွက်ပေးခဲ့ကြရတယ်။ ကျွန်မတို့ဟာ မိဘမဲ့ကလေးတွေဖြစ်တာကြောင့် ကိုယ့်အဆင့်အတန်းကိုသိသင့်တယ်လို့ ခရစ်ယာန်သီလရှင်တွေက မကြာမကြာသတိပေးခဲ့တယ်။
ခရစ်ယာန်သီလရှင်ကျောင်းမှာ စည်းမျဉ်းစည်းကမ်းတွေ အများကြီးရှိတယ်။ တချို့စည်းမျဉ်းတွေဟာ အကျိုးသင့်အကြောင်းသင့်ရှိတာကြောင့် ဒီစည်းမျဉ်းတွေဘာကြောင့် လိုအပ်တယ်ဆိုတာကို ကျွန်မတို့အများစုဟာ နားလည်နိုင်ခဲ့တယ်။ အပြုအမူ၊ ဟန်ပန်အမူအရာတွေနဲ့ပတ်သက်ပြီး အကျိုးပြုတဲ့သင်ခန်းစာတွေလည်းရှိတယ်။ အဲဒါတွေကို ကျွန်မဘယ်တော့မှမမေ့ဘူး၊ ကျွန်မဘဝတစ်လျှောက်လုံးမှာလည်း အဲဒီစည်းမျဉ်းတွေက အကျိုးပြုခဲ့တယ်။ ဒါပေမဲ့ စည်းမျဉ်းတချို့ဟာ အရေးမပါ၊ မမျှတတဲ့ပုံပေါက်ပြီး တခြားစည်းမျဉ်းတွေကျတော့ ရှုပ်ထွေးပြီး စိတ်ထိခိုက်စရာကောင်းတယ်။ အဲဒီစည်းမျဉ်းတစ်ခုကတော့ အိပ်ရာမှာဆီးသွားမိရင်၊ နောက်ပြီး ညဘက်မှာ အိမ်သာသွားချင်ရင် ဒဏ်ပေးခြင်းဖြစ်တယ်။
တစ်နေ့မှာ လှေကားတက်နေရင်း ကျွန်မဘေးနားကမိန်းကလေးကို စကားစပြောမိခဲ့တယ်။ သီလရှင်တစ်ပါးက ကျွန်မကိုပြန်ခေါ်သွားပြီး စကားပြောတဲ့အတွက် အပြစ်ပေးတယ်။ ပြစ်ဒဏ်ကဘာဖြစ်မလဲ။ အိုင်ယာလန်ရဲ့ ရက်ရက်စက်စက်အေးတဲ့ ဆောင်းတွင်းတစ်လျှောက်လုံး ကျွန်မဟာ အင်္ကျီပါးပါးလေးနဲ့နေခဲ့ရတယ်! ကျွန်မဟာ ချူချာတဲ့သူမို့ ပန်းနာရောဂါနဲ့ အာသီးရောင်ရောဂါ မကြာခဏဖြစ်လာတော့တယ်။ အပြင်းဖျားပြီးနောက်မှာ ခရစ်ယာန်သီလရှင်ကျောင်းမှာရှိတဲ့ မိန်းကလေးအများမှာဖြစ်တတ်တဲ့ အဆုတ် (တီဘီ) ရောဂါစွဲကပ်လာရော။ သီးသန့်အဆောင်မှာ ထားပေမဲ့လည်း ကျွန်မတို့ဆေးကုသမှုမခံရလို့ ကျွန်မရဲ့အခင်ဆုံးသူငယ်ချင်းအပါအဝင် တချို့သေဆုံးသွားခဲ့တယ်။
အရေးမပါလှတဲ့စည်းကမ်းလေးတွေကို ချိုးဖောက်မိတဲ့အတွက် ကျွန်မတို့ထဲကတချို့ဟာ ပြင်းပြင်းထန်ထန်အရိုက်ခံခဲ့ရတယ်။ လူထုစည်းဝေးပွဲတစ်ခုမှာ ခရစ်ယာန်သီလရှင်တစ်ပါးက မိန်းကလေးတစ်ယောက်ကို နှစ်နာရီကျော်ကြာအောင် ရိုက်နေတာကို ကျွန်မတို့ကြည့်ခဲ့ရတယ်။ ကျွန်မတို့အားလုံး ငိုခဲ့ကြတယ်။ ခရစ်ယာန်သီလရှင်အားလုံး အဲသလိုတစ်ပုံစံထဲပဲလို့တော့ မဆိုလိုပါဘူး။ ဒါပေမဲ့ ဒီနေ့အထိ ကျွန်မစိတ်ထဲမှာ ဝေခွဲမရဖြစ်နေတာကတော့ ခိုကိုးရာမဲ့ကလေးငယ်တွေကို လူတွေက ဘာဖြစ်လို့ ဒီလောက်တောင်အကြင်နာမဲ့နိုင်ရတာလဲ ဆိုတာပါပဲ။ အဲဒါကို ကျွန်မလုံးဝနားမလည်နိုင်ဘူး။
အချိန်တန်တော့ ဘရိုက်ဒီနဲ့ ဖီးလစ္စတို့ဟာ ခရစ်ယာန်သီလရှင်ကျောင်းကနေ ထွက်သွားကြတော့ အန်းမေနဲ့ ကျွန်မပဲကျန်ခဲ့တယ်။ ကျွန်မတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ တစ်လောကလုံးမှာရှိတဲ့ ကျန်အရာအားလုံးထက် အရေးပါခဲ့တယ်။ အန်းမေက တစ်နေ့နေ့မှာ ကျွန်မတို့မိဘတွေလာပြီး ကျွန်မတို့ကို ခရစ်ယာန်သီလရှင်ကျောင်းကနေ သီလရှင်တွေလုံးဝမတွေ့နိုင်တဲ့နေရာကို ခေါ်သွားလိမ့်မယ်လို့ပြောပြပြီး ကျွန်မကိုနှစ်သိမ့်ပေးခဲ့တယ်။ အန်းမေ သီလရှင်ကျောင်းကနေထွက်သွားတဲ့အခါ ကျွန်မဆောက်တည်ရာမရဖြစ်ခဲ့ရတယ်။ အဲဒီကျောင်းမှာ ကျွန်မက နောက်ထပ်သုံးနှစ်ကြာနေခဲ့ရတယ်။
အပြင်ဘဝကိုသင်ယူခြင်း
အသက် ၁၆ နှစ်မှာ ခရစ်ယာန်သီလရှင်ကျောင်းကထွက်ခဲ့တာဟာ ထိတ်လန့်ဖွယ်အတွေ့အကြုံတစ်ခုပါပဲ။ သီလရှင်ကျောင်းရဲ့ အုတ်တံတိုင်းအပြင်ဘက်က လောကကြီးအကြောင်း ကျွန်မဘာမှမသိတာကြောင့် တကယ့်ကို မျက်စိလည်နေခဲ့ရတယ်။ ဘတ်စကားပေါ်တက်တော့ ကျွန်မကို ယာဉ်စီးခတောင်းတယ်၊ ဒါပေမဲ့ ယာဉ်စီးခဆိုတာ ဘာမှန်းတောင် ကျွန်မ,မသိခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မမှာပိုက်ဆံတစ်ပြားမှမရှိတာကြောင့် ဘတ်စကားပေါ်ကနေ ချက်ချင်းဆင်းပြီး ကျွန်မသွားချင်တဲ့နေရာကို လမ်းလျှောက်ခဲ့ရတယ်။ နောက်တစ်ခါကျတော့ ဘတ်စကားစီးချင်ပေမဲ့ ဘတ်စကားတစ်စီးမှ ပေါ်မလာဘူး။ ဘတ်စကားမှတ်တိုင်မှာ သွားစောင့်ရမယ်ဆိုတာ ကျွန်မ,မသိခဲ့ဘူးလေ။
ဒါပေမဲ့ သတ္တိနည်းနည်းမွေးပြီး ခပ်တည်တည်ပဲနေလိုက်တယ်၊ ဒီလိုနဲ့ ဘာလုပ်သင့်တယ်ဆိုတာကို တဖြည်းဖြည်းသဘောပေါက်လာခဲ့တယ်။ လုပ်ရလွယ်တဲ့ အလုပ်တချို့ရခဲ့ပေမဲ့ လအတော်ကြာကြာလုပ်ပြီးတဲ့နောက်မှာ အိမ်ပြန်ပြီး အမေ့ကိုတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ ကျွန်မရဲ့မောင်လေးညီမလေးတချို့ကို ပထမဆုံးအကြိမ်အနေနဲ့ တွေ့လိုက်ရတယ်၊ အဲဒီအချိန်မှာတော့ ကျွန်မမှာ မောင်နှမအားလုံး ၁၄ ယောက်ရှိနေပြီ။ သူတို့နဲ့နေဖို့ ကျွန်မအတွက် အခန်းမရှိတာကြောင့် အစ်မအန်းမေနဲ့အတူ ဝေလနယ်မှာသွားနေဖို့ ကျွန်မမိဘတွက စီစဉ်ပေးခဲ့တယ်။ အဖေက ကျွန်မကိုလိုက်ပို့ပေးပြီး ချက်ချင်းပြန်သွားခဲ့တယ်။
ကျွန်မဟာ ဆုံးပါးလုမတတ်ဖြစ်ခဲ့ပေမဲ့ တစ်နည်းနည်းနဲ့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ နောက်ပိုင်း ၁၉၅၃ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်၊ အဲဒီမှာ လူဝတ်ကြောင် ရိုမန်ကက်သလစ် လူမှုဖူလုံရေးအဖွဲ့ဖြစ်တဲ့ မေရီတပ်ဖွဲ့ထဲ ကျွန်မဝင်ခဲ့တယ်။ ဒီလူတွေနဲ့အတူအလုပ်လုပ်ရတော့ ဝိညာဉ်ရေးသွင်ပြင်တချို့ရှိမယ်လို့ ကျွန်မမျှော်လင့်ထားခဲ့ပေမဲ့ သူတို့နဲ့အလုပ်လုပ်ရတာ အရမ်းစိတ်ပျက်စရာကောင်းတာကို တွေ့ခဲ့ရတယ်။ ဝိညာဉ်ရေးရာအကြောင်းတွေပြောရတာကို ကျွန်မနှစ်သက်တယ်၊ ဒါပေမဲ့ မေရီတပ်ဖွဲ့မှာ ကျွန်မလုပ်ရတာက လောကရေးရာနဲ့ပဲဆိုင်တဲ့အတွက် ဝိညာဉ်ရေးရာကိုဆွေးနွေးဖို့ လုံးဝအချိန်မရှိပုံပေါက်ခဲ့တယ်။
လန်ဒန်မှာနေတုန်း ကျွန်မအစ်ကိုတွေရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ပက်ထရစ်နဲ့တွေ့ဆုံခဲ့တယ်။ ကျွန်မတို့နှစ်ယောက်မေတ္တာမျှသွားပြီး ၁၉၆၁ ခုနှစ်မှာ လက်ထပ်ခဲ့ကြတယ်။ ကျွန်မတို့ရဲ့ကလေးနှစ်ယောက်ဖြစ်တဲ့ အဲန်ဂျလာနဲ့စတီဖင်ကို လန်ဒန်မှာပဲမွေးခဲ့တယ်။ နောက်ပိုင်း ၁၉၆၇ ခုနှစ်မှာ ကျွန်မတို့ ဩစတြေးလျနိုင်ငံကိုပြောင်းသွားပြီး အဲဒီမှာ တတိယမြောက်ကလေး အင်ဒရူးကိုမွေးခဲ့တယ်။ နယူးဆောက်သ်ဝေးလ်နယ်၊ ဘွန်ဘလာမြို့ရဲ့ကျေးလက်ဒေသမှာ ကျွန်မတို့အခြေချနေထိုင်ခဲ့ကြတယ်။
နောက်ဆုံး၌ဝိညာဉ်အစာ
ဩစတြေးလျနိုင်ငံကိုရောက်ပြီးမကြာခင်မှာ ဘီလ် လွိုက်အမည်ရှိတဲ့ လူငယ်တစ်ယောက်ဟာ ကျမ်းစာအကြောင်းပြောပြဖို့ ဘွန်ဘလာမှာရှိတဲ့ ကျွန်မတို့ဆီရောက်လာတယ်။ ကျွန်မရဲ့မေးခွန်းတွေကို ကျမ်းစာကနေ တိုက်ရိုက်အဖြေရရှိခဲ့လို့ ကျွန်မပီတိဖြစ်ခဲ့တယ်။ ဘီလ်ပြောတာတွေဟာ အမှန်တရားဖြစ်တယ်ဆိုတာကိုသိပေမဲ့ သူဆက်နေပြီး ကျမ်းစာက ထပ်ဆင့်ရှင်းပြချက်တွေကို နားထောင်ရဖို့ သူ့နဲ့ အငြင်းအခုံလုပ်ခဲ့တယ်။ နောက်တော့ ကျွန်မဖတ်ဖို့ ကျမ်းစာတစ်အုပ်နဲ့ မဂ္ဂဇင်းတချို့ကို ဘီလ်က ယူလာပေးတယ်။
မဂ္ဂဇင်းတွေကို ကျွန်မသိပ်သဘောကျပေမဲ့ ဒီစာပေကိုထုတ်ဝေတဲ့သူတွေဟာ သုံးပါးပေါင်းတစ်ဆူမယုံတာကို သိရတဲ့အခါ ကျွန်မမှင်တက်မိသွားတယ်။ ဒါကြောင့် မဂ္ဂဇင်းတွေကို ဖတ်ရင် ပက်ထရစ်ရဲ့ယုံကြည်ခြင်း ပျက်ပြားသွားမှာစိုးရိမ်တာနဲ့ မဂ္ဂဇင်းတွေကိုဝှက်ထားခဲ့တယ်။ ဘီလ်နောက်တစ်ခါလာရင် စာအုပ်တွေကိုပြန်ပေးလိုက်ဖို့ ကျွန်မဆုံးဖြတ်ခဲ့တယ်၊ ဒါပေမဲ့ သူနောက်တစ်ခေါက်လာတဲ့အခါ ပုဂ္ဂိုလ်သုံးပါးပေါင်း ဘုရားတစ်ဆူအယူဟာ ကျမ်းစာသွန်သင်ချက်နဲ့ တိုက်ရိုက်ဆန့်ကျင်တယ်ဆိုတာကို ပြောပြတယ်။ ယေရှုဟာ ဘုရားသခင့်သားတော်ဖြစ်ကြောင်း၊ ကိုယ်တော်ကို ခမည်းတော်ယေဟောဝါဘုရားသခင်က ဖန်ဆင်းခဲ့တာကြောင့် ယေရှုမှာအစရှိပြီး ခမည်းတော်ဟာ ယေရှုထက်ပိုကြီးမြတ်ကြောင်းကို မကြာခင်မှာ ရှင်းရှင်းလင်းလင်းသဘောပေါက်လာခဲ့တယ်။—မဿဲ ၁၆:၁၆; ယောဟန် ၁၄:၂၈; ကောလောသဲ ၁:၁၅; ဗျာဒိတ် ၃:၁၄။
. . . ကျွန်မသွန်သင်ခံခဲ့ရတဲ့ တခြားအကြောင်းအရာတွေဟာလည်းမှားတယ်ဆိုတာ မကြာခင်သိရှိလာတယ်။ ဥပမာအနေနဲ့၊ လူသားတွေမှာ မသေနိုင်တဲ့စိုးရှိတယ်၊ ညှဉ်းဆဲရာမီးတောက်ငရဲရှိတယ် ဆိုတာတွေဟာ ကျမ်းစာသွန်သင်ချက်မဟုတ်ဘူး။ (ဒေ. ၉:၅၊ ၁၀; ယေဇကျေလ ၁၈:၄) ဒါတွေကိုသိရတာဟာ စိတ်သက်သာရာအရဆုံးပါပဲ! ကျွန်မအမြဲတမ်းချစ်မြတ်နိုးခဲ့ပေမဲ့ လုံးဝမသိခဲ့တဲ့ဖခင်ကို တွေ့လိုက်ရပြီမို့ ပျော်လွန်းလို့ တစ်နေ့ ကျွန်မ မီးဖိုချောင်မှာ ကခဲ့တယ်။ ကျွန်မရဲ့ ဝိညာဉ်ရေးဆာလောင်မှု စဖြည့်ဆည်းပေးခံရပြီ။ ပိုပြီးပျော်ရွှင်ရတာကတော့ အသစ်တွေ့လာတဲ့ယုံကြည်ချက်ကို ပက်ထရစ်လည်း ထပ်တူစိတ်ဝင်စားခဲ့လို့ပါပဲ။
တောမြို့လေးတစ်မြို့ဖြစ်တဲ့ တီမိုရာမြို့မှာကျင်းပတဲ့ ယေဟောဝါသက်သေတွေရဲ့ စည်းဝေးကြီးကိုတက်ဖို့ ဘီလ်က ကျွန်မတို့ကိုဖိတ်ခဲ့တယ်။ မိုင်ပေါင်းများစွာဝေးပေမဲ့ ဖိတ်ခေါ်ချက်ကို ကျွန်မတို့ဝမ်းမြောက်ဝမ်းသာလက်ခံလိုက်ပြီး သောကြာညနေစောစောမှာ တီမိုရာမြို့ကို ရောက်ခဲ့ကြတယ်။ စနေနေ့မနက်မှာ တစ်အိမ်တက်ဆင်းဟောပြောခြင်းမှာ ပါဝင်ကြဖို့ စည်းဝေးကြီးခန်းမမှာ အုပ်စုလိုက် စုဝေးခဲ့ကြတယ်။ ကျွန်မတို့ အဲဒီလိုလုပ်ချင်တာ အတော်ကြာခဲ့ပြီဆိုတော့ ပါဝင်ခွင့်ရမှာကို ပက်ထရစ်နဲ့ကျွန်မ ဝမ်းသာခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မတို့နှစ်ယောက်စလုံး စီးကရက်သောက်နေသေးတဲ့အတွက် ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်လို့မရဘူးလို့ ဘီလ်ကပြောတယ်။ ဒါပေမဲ့ ဘီလ်ထွက်သွားပြီးနောက်မှာ ပက်ထရစ်နဲ့ကျွန်မတို့ တခြားအုပ်စုနဲ့အတူ အမှုဆောင်ထွက်ခဲ့တယ်။ ကျွန်မတို့ကို သက်သေခံတွေလို့ သူတို့ယူဆခဲ့ကြတာမို့ ကျွန်မတို့ကို ခေါ်သွားခဲ့ကြတယ်။
သတင်းကောင်းဟောပြောခြင်းမှာ ပါဝင်ရမယ့် အရည်အချင်းပြည့်မီဖို့ ကျမ်းစာတောင်းဆိုချက်တွေကို မကြာခင်မှာ ကျွန်မတို့သိလာတယ်။မဿဲ ၂၄:၁၄) နောက်ဆုံး ကျွန်မတို့ဆေးလိပ်ဖြတ်လိုက်တယ်၊ ယေဟောဝါဘုရားသခင်ထံ ကျွန်မတို့ရဲ့ဆက်ကပ်အပ်နှံမှုအထိမ်းအမှတ်အနေနဲ့ ပက်ထရစ်နဲ့ ကျွန်မတို့နှစ်ယောက် ၁၉၆၈ ခုနှစ် အောက်တိုဘာလမှာ နှစ်ခြင်းခံခဲ့ကြတယ်။
(ယုံကြည်ခြင်းစမ်းသပ်မှုများ
ကျမ်းစာအသိပညာရော ယေဟောဝါနဲ့ ကျွန်မတို့ရဲ့ဆက်ဆံရေးပါ တိုးတက်လာတာနဲ့အမျှ ဘုရားသခင့်ကတိတော်တွေအပေါ် ယုံကြည်ခြင်းဟာလည်း စွဲမြဲခိုင်မာလာခဲ့တယ်။ အချိန်အတော်ကြာတော့ ပက်ထရစ်ဟာ ဩစတြေးလျနိုင်ငံရဲ့မြို့တော်၊ ကင်ဘာရာမြို့က ယေဟောဝါသက်သေများရဲ့ အသင်းတော်တစ်ခုမှာ အကြီးအကဲအဖြစ်ခန့်အပ်ခံရတယ်။ ဆယ်ကျော်သက်တွေကို ပြုစုပျိုးထောင်ရာမှာ ဖြစ်မြဲစိန်ခေါ်ချက်တွေကို အောင်မြင်နိုင်အောင် ယေဟောဝါရဲ့ စိတ်ပိုင်းဆိုင်ရာထိန်းကျောင်းနည်းအတိုင်း ကျွန်မတို့ရဲ့ကလေးတွေကို အတတ်နိုင်ဆုံး ပြုစုပျိုးထောင်ခဲ့ကြတယ်။—ဧဖက် ၆:၄။
ဝမ်းနည်းစရာကတော့ ကျွန်မတို့သားလေး စတီဖင်ဟာ အသက် ၁၈ နှစ်အရွယ်မှာ ယာဉ်တိုက်မှုတစ်ခုကြောင့် သေဆုံးသွားခဲ့တယ်။ ကျွန်မတို့ ဝမ်းနည်းကြေကွဲခဲ့ကြပေမဲ့ စတီဖင်ဟာ ယေဟောဝါကိုဝတ်ပြုသူတစ်ယောက်ဖြစ်တာကြောင့် တကယ့်ကို စိတ်သက်သာမှုရခဲ့တယ်။ အောက်မေ့ရာသင်္ချိုင်းများမှာရှိတဲ့သူတွေကို ယေဟောဝါ ထမြောက်စေတဲ့အခါ သားလေးကိုပြန်တွေ့ရဖို့ ကျွန်မတို့တောင့်တနေပါတယ်။ (ယောဟန် ၅:၂၈၊ ၂၉) နောက်တစ်နှစ် ၁၉၈၃ ခုနှစ်မှာ သမီးအဲန်ဂျလာနဲ့အတူ အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုမှာ ပါဝင်ခဲ့တယ်၊ အဲဒီအချိန်ကစပြီး အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုမှာ ကျွန်မဆက်ရပ်တည်ခဲ့တယ်။ တခြားသူတွေကို ကျမ်းစာအခြေပြုမျှော်လင့်ချက်ဝေမျှရတာ ဘဝကို အပြုသဘောမြင်စေဖို့ ထောက်ကူပေးတဲ့အပြင် စိတ်ဆင်းရဲမှုကိုလည်း သက်သာစေခဲ့တယ်။ ကျွန်မအရမ်းပျော်ရတာကတော့ အစ်မအန်းမေဟာ ဝေလနယ်မှာရှိတဲ့ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစသင်နေပြီဆိုတာ မကြာခင်က သိရတဲ့အတွက်ပါပဲ။
၁၉၈၄ ခုနှစ်မှာ အဲဒီအချိန်တုန်းက နားလည်ရခက်ပုံပေါက်တဲ့ ရောဂါတစ်မျိုး ပက်ထရစ်မှာ ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာ အဲဒီရောဂါဟာ နာတာရှည်မောပန်းခြင်းလက္ခဏာစုလို့ သိခဲ့ရတယ်။ နောက်ဆုံးမှာတော့ သူရဲ့ပုံမှန်လောကအလုပ်ကို စွန့်လိုက်ရတဲ့အပြင် ခရစ်ယာန်အကြီးအကဲတစ်ယောက်အဖြစ်ကလည်း နားလိုက်ရတယ်။ ဝမ်းသာစရာကတော့ သူနည်းနည်းပြန်ကျန်းမာလာပြီး အခုဆိုရင် အသင်းတော်မှာ ခန့်အပ်ခံအမှုထမ်းတစ်ဦးအဖြစ် ပြန်အမှုဆောင်နေပါတယ်။
ကျွန်မကလေးဘဝတုန်းက စည်းမျဉ်းစည်းကမ်းတွေ၊ ကိုယ်ကျိုးစွန့်စိတ်ထားတွေကို သင်ယူခဲ့ရလို့ ဘဝကိုရိုးရိုးရှင်းရှင်းနေထိုင်တတ်အောင် သင်ပေးခဲ့ပြီး ဥစ္စာပစ္စည်းနည်းနည်းနဲ့ ရောင့်ရဲစေခဲ့တယ်။ ဒါပေမဲ့ ကျွန်မအပါအဝင် မိန်းကလေး ၄ ယောက်ကို ခရစ်ယာန်သီလရှင်ကျောင်းပို့ထားခဲ့ပေမဲ့ ကျန်ကလေး ၁၁ ယောက်ကိုတော့ အိမ်မှာဘာကြောင့်ထားရသလဲဆိုတာကို ကျွန်မစဉ်းစားရခက်နေတုန်းပဲ။ လွန်ခဲ့တဲ့နှစ်တွေက သေဆုံးသွားပြီဖြစ်တဲ့ ကျွန်မမိဘနှစ်ပါးဟာ ကျွန်မဘယ်တော့မှ အပြည့်အဝနားလည်နိုင်မှာမဟုတ်တဲ့ အခြေအနေတွေအောက်မှာ အကောင်းဆုံးလုပ်ဆောင်ခဲ့ကြတယ်ဆိုတဲ့အတွေးနဲ့ပဲ ကိုယ့်ကိုယ်ကိုဖြေသိမ့်ခဲ့ရတယ်။ အဲဒီအချိန်တွေဟာ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချဖို့ ခဲယဉ်းတဲ့အချိန်ပါပဲ။ ဒါပေမဲ့လည်း ကျွန်မကို အသက်ဆုကျေးဇူးပေးခဲ့တဲ့အပြင် သူတို့သိရှိခဲ့တဲ့ အကောင်းဆုံးနည်းတွေနဲ့ ပြုစုစောင့်ရှောက်ပေးခဲ့ကြတဲ့အတွက် မိဘနှစ်ပါးကို ကျေးဇူးတင်ပါတယ်။ အဓိကအနေနဲ့ကတော့ ယေဟောဝါဘုရားသခင်ရဲ့ ဖခင်တစ်ဦးသဖွယ် စောင့်ရှောက်ပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
လပ်ထပ်ပြီးခါစအချိန်က
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
ကျွန်မတို့ကလေးတွေ ငယ်စဉ်က
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
ယနေ့ ပက်ထရစ်နှင့်အတူ