ရေအားလုံး မည်သည့်နေရာသို့ ရောက်ကုန်ပြီနည်း
ရေအားလုံး မည်သည့်နေရာသို့ ရောက်ကုန်ပြီနည်း
အိန္ဒိယနိုင်ငံ၊ ချီရာပွန်ဂျီမြို့သည် ကမ္ဘာ့အစိုစွတ်ဆုံးဒေသတစ်ခုဖြစ်၏။ မုတ်သုံရာသီကာလတစ်လျှောက်လုံး မိုးရေချိန် ၃၅၀ လက်မရှိသည့် မိုးသည် ဟိမဝန္တာတောင်တန်းအောက်ခြေရှိ တောင်ကုန်းများကို စိုစွတ်စေသည်။ သို့ရာတွင်၊ ချီရာပွန်ဂျီမြို့သည်လည်း ရေရှားပါးမှုဒဏ် ခံစားလျက်ရှိခြင်းမှာ မယုံနိုင်စရာဖြစ်ဟန်ရှိ၏။
ရေကိုထိန်းသိမ်းထားရန် သဘာဝပေါက်ပင်များ မဆိုစလောက်သာရှိသောကြောင့် ကောင်းကင်မှမိုးရွာချလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် စီးထွက်ကုန်၏။ မုတ်သုံမိုးကုန်သွားပြီးနောက် နှစ်လကြာလေသော် ရေရှားပါးလာသည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ချီရာပွန်ဂျီမြို့ကို “ကမ္ဘာ့အစိုစွတ်ဆုံးသဲကန္တာရ” အဖြစ် ရေ– အပြည်ပြည်ဆိုင်ရာအကျပ်အတည်းဟူသည့် သူ၏စာအုပ်တွင် ရိုဘင်ကလာ့ခ်က ဖော်ပြခဲ့သည်။ *
လူဦးရေသိပ်သည်းပြီး မြေနိမ့်နိုင်ငံ တစ်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ချီရာပွန်ဂျီမှ သိပ်မဝေးလှသည့် ရေစုန်ဘက်တွင်တည်ရှိရာ အိန္ဒိယနှင့် နီပေါလ်နိုင်ငံတို့၏ တောင်စောင်းပြောင်ပြောင်များဘက်မှ ရေတဖွားဖွားကျဆင်းသည့် မုတ်သုံမိုး၏ဒဏ်ကို အလူးအလဲခံရသည်။ နှစ်အနည်းငယ်အတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သုံးပုံနှစ်ပုံကို ရေလွှမ်းမိုးခဲ့သည်။ သို့သော် လွှမ်းမိုးသည့်ရေထု လျော့ကျသွားပြီးနောက် ဂင်္ဂါမြစ်သည် တဖြည်းဖြည်းစီးကျသွားကာ နိုင်ငံမှာလည်း ခြောက်သွေ့လာခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လူဦးရေ သန်း ၁၀၀ ကျော်တို့မှာ ဤအညှာအတာမဲ့သည့် ရေလွှမ်းမိုးခြင်းနှင့် မိုးခေါင်ခြင်းတို့ကို နှစ်စဉ် တလည်လည် ရင်ဆိုင်နေရရှာ၏။ ထိုထက်ပိုဆိုးသည်မှာ ထိုနိုင်ငံရှိ တွင်းရေသည် စိန်ဓာတ်ပါသောအဆိပ်ဖြင့် ညစ်ညမ်းလာခဲ့ပြီဖြစ်ရာ သန်းနှင့်ချီသောလူတို့သည် အဆိပ်သင့်နေကြပေပြီ။
အာရာလ်ပင်လယ်နှင့်သိပ်မဝေးလှသော အုဇ်ဘက်ကစ္စတန်နိုင်ငံ၊ နူးကပ်စ်မြို့တွင် စိန်ဓာတ်ပါသောအဆိပ်ထက် ဆားဓာတ်က ပြဿနာဖြစ်နေ၏။ ဖြူဖွေး၍မာကြွပ်သောအနည်အနှစ်များက ဝါပင်များကို ဖုံးလွှမ်းထားပြီး ၎င်းတို့၏ကြီးထွားမှုကို အဟန့်အတားဖြစ်စေသည်။ ဆားများသည် ရေဝပ်သည့်အောက်မြေလွှာမှ မြေမျက်နှာပြင်သို့ ထွက်လာကြသည်။ ဆားများစုပုံလာခြင်းဟုခေါ်သည့် ဤပြဿနာသည် အသစ်အဆန်းမဟုတ်တော့ချေ။ လွန်ခဲ့သောအနှစ်လေးထောင်က မက်ဆိုပိုတေးမီးယားလူမျိုးတို့၏ စိုက်ပျိုးရေးလုပ်ငန်းသည် အလားတူအကြောင်းရင်းကြောင့် တဖြည်းဖြည်း ယိုယွင်းပျက်စီးသွားခဲ့၏။ ညံ့ဖျင်းသောရေနုတ်မြောင်းစနစ်နှင့်အတူ ဆည်မြောင်းများ အလွန်အမင်းတူးဖော်ခြင်းကလည်း မြေကြီးအတွင်းရှိဆားများကို မြေမျက်နှာပြင်ပေါ်သို့ စုပုံစေသည်။ သီးနှံအတော်အသင့်ရိတ်သိမ်းရဖို့ ရေချိုပိုမိုအသုံးပြုရမည်ဖြစ်၏။ သို့ရာတွင်၊ နောက်ဆုံး၌ မြေကြီးမှာ နောင်လာနောင်သားများအတွက် အသုံးပြု၍မရဖြစ်လာသည်။
ရေအားလုံး မည်သည့်နေရာသို့ ရောက်သွားသနည်း
အကြောင်းမလှစွာ မိုးရေအများစုသည် သည်းထန်စွာရွာသွန်းတတ်သည်။ ယင်းတို့သည် ရေလွှမ်းမိုးခြင်းကိုဖြစ်စေသည်သာမက မြေပြင်ပေါ်မှရေကို ပင်လယ်ထဲသို့ အလျင်အမြန်စီးဝင်သွားစေ၏။ အချို့ဒေသများတွင် မိုးရေများစွာရရှိပြီး အခြားဒေသများမှာမူ အနည်းငယ်သာရရှိကြသည်။ ချီရာပွန်ဂျီမြို့သည် တစ်နှစ်လျှင် မိုးရေချိန် ၁,၀၀၀ လက်မကျော်သည့်စံချိန်ရရှိနေစဉ် ချီလီနိုင်ငံတောင်ပိုင်း အတ်တာကာမာသဲကန္တာရမှာမူ နှစ်အတော်အတန် မိုးရွာမည့်အရိပ်အယောင်မရှိဘဲ ဖြစ်နေပေမည်။
ထို့အပြင်၊ ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်ပေါ်ရှိ လူအများစုသည် ရေရှားပါးသည့်ဒေသတွင် နေထိုင်ကြ၏။ ဥပမာ၊ လူနည်းစုသာ မိုးများသည့် အာဖရိကအပူပိုင်းဒေသများနှင့် တောင်အမေရိကနိုင်ငံများတွင် နေထိုင်ကြသည်။ အမေဇုံမြစ်ရေသည် အတ္တလန္တိတ်သမုဒ္ဒရာထဲသို့ နှစ်စဉ်စီးဝင်သည့် ကမ္ဘာတစ်ဝန်းမှ ရေ၏ ၁၅ ရာခိုင်နှုန်းရှိသည်၊ သို့တိုင် ထိုဒေသ၌ လူဦးရေနည်းပါးသောကြောင့် လူတို့သုံးစွဲရန်အတွက် ရေအနည်းငယ်သာလိုအပ်၏။ အခြားတစ်ဖက်တွင်မူ၊ လူပေါင်းသန်း ၆၀ ခန့်သည် မိုးရေနည်းပါးသည့် အီဂျစ်နိုင်ငံတွင် နေထိုင်ကြရာ ၎င်းတို့လိုအပ်သည့်ရေ အားလုံးနီးပါးကို လျော့နည်းလာသည့် နိုင်းလ်မြစ်ရေက ဖြည့်ဆည်းပေးရမည်ဖြစ်သည်။
လွန်ခဲ့သောနှစ်အနည်းငယ်က ရေထောက်ပံ့ပေးမှုများနှင့်ပတ်သက်၍ အဆိုပါကွာဟချက်များသည် ပြဿနာကြီးကြီးမားမား မဖြစ်စေခဲ့ချေ။ ဆန်းစစ်လေ့လာချက်တစ်ရပ်အရ၊ ၁၉၅၀ ပြည့်နှစ်အတွင်း ကမ္ဘာ့မည်သည့်ဒေသတွင်မျှ ရေထောက်ပံ့ပေးမှု အလွန်နည်းပါးသည့်ဒဏ်ကို မခံစားခဲ့ရချေ။ သို့သော် ထိုအချိန်ကရှိခဲ့သည့် ရေပေါများမှုသည် ပြောင်းလဲခဲ့ပြီ။ သွေ့ခြောက်သောဒေသများဖြစ်သည့် မြောက်အာဖရိကနှင့် အာရှအလယ်ပိုင်းဒေသများတွင် လူတစ်ဦးစီအတွက် ရရှိနိုင်သောရေပမာဏသည် ၁၉၅၀ ပြည့်နှစ်တွင်ရရှိခဲ့သည့်ရေပမာဏ၏ ဆယ်ပုံတစ်ပုံအထိ ကျဆင်းသွားခဲ့သည်။
လူဦးရေတိုးပွားလာမှု၊ လူဦးရေသိပ်သည်းသည့်ဒေသများစွာတွင် မိုးရေချိန်နည်းပါးမှုတို့အပြင် အခြားအကြောင်းရင်းများကြောင့်လည်း ရေလိုအပ်မှု မြင့်တက်ခဲ့သည်။ ယနေ့လောကတွင် တိုးတက်မှုနှင့် ချမ်းသာကြွယ်ဝမှုတို့သည် စိတ်ချရသည့် ရေထောက်ပံ့မှုနှင့် ဒွန်တွဲနေသည်။
ရေလိုအပ်မှုမြင့်မားလာခြင်း
သင်သည် စက်မှုထွန်းကားသောနိုင်ငံတစ်နိုင်ငံတွင် နေထိုင်မည်ဆိုလျှင် စက်ရုံများသည် အရေးပါသောမြစ်များအနား စုပြုံနေကြသည်ကို သတိပြုမိမည်မှာ သေချာပါသည်။ အကြောင်းရင်းမှာ ရှင်းပါသည်။ စက်မှုလက်မှုလုပ်ငန်းသည် ကွန်ပျူတာမှ စက္ကူညှပ်ကလစ်အထိ အရာအားလုံးနီးပါးကို ထုတ်လုပ်ရန် ရေလိုအပ်၏။ ထို့အပြင် အစားအစာထုတ်လုပ်ရာ၌ အသုံးပြုသည့်ရေပမာဏမှာလည်း အံ့သြဖွယ်ကောင်းလောက်ပေသည်။ ဓာတ်အားပေးစက်ရုံများတွင် ရေအတောမသတ်လိုအပ်သည့်အတွက် ၎င်းတို့ကို ရေကန်များ သို့မဟုတ် မြစ်များနံဘေးတွင် တည်ဆောက်ထားကြရသည်။
စိုက်ပျိုးရေးလုပ်ငန်း၌ ရေလိုအပ်မှုမှာ ပို၍ပင်ကြီးမား၏။ ဒေသများစွာတွင် သီးနှံကောင်းဖို့ မိုးရေချိန်မှာ နည်းလွန်း သို့မဟုတ် အားထား၍မရနိုင်လွန်းသောကြောင့် ဆာလောင်မွတ်သိပ်နေသည့်ကမ္ဘာဂြိုဟ်ကို ကျွေးမွေးရေးအတွက် ဆည်မြောင်းသည် အကောင်းဆုံးဖြေရှင်းနည်းဖြစ်ပုံပေါ်နေသည်။ ဆည်ရေပေး၍စိုက်ပျိုးသည့် ကောက်ပဲသီးနှံများအပေါ် မှီခိုအားထားမှုရလဒ်အနေနှင့် စိုက်ပျိုးရေးလုပ်ငန်းသည် ကမ္ဘာဂြိုဟ်ရေချိုထောက်ပံ့မှု၏ အများစုကို အသုံးပြုလျက်ရှိသည်။
ထို့အပြင် အိမ်တွင်းရေသုံးစွဲမှုမှာလည်း ကြီးထွားလာခဲ့ပြီ။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ထိတ်လန့်စရာကောင်းလောက်အောင် မြို့သူမြို့သားသစ် သန်း ၉၀၀ တို့သည် လုံလောက်သောကျန်းမာသန့်ရှင်းရေးစနစ်နှင့် ဘေးကင်းသောရေရရှိဖို့ လိုအပ်ခဲ့သည်။ မြစ်များနှင့် ရေတွင်းများကဲ့သို့သော အစဉ်အလာအရအသုံးပြုသည့် ရေအရင်းအမြစ်များသည် မြို့ကြီးများအတွက် မလောက်ငတော့ချေ။ ဥပမာအနေနှင့်၊ မက္ကဆီကိုမြို့တော်သည် ယခုအခါ မိုင် ၇၀ ကျော်ဝေးသည့်အရပ်မှရေကို ရေပိုက်လိုင်းဖြင့် သွယ်ယူရပြီး မြို့တော်၏မြေမျက်နှာအမြင့်ပေ ၄,၀၀၀ အထက်ရှိ တောင်တန်းများအပေါ်ကျော်ဖြတ်ကာ ရေကိုစုပ်တင်ရသည်။ အခြေအနေကို “ရေဘဝဲတစ်ကောင်နှင့် နှိုင်းယှဉ်နိုင်သည်; ရေကိုကြိုးစားရယူရန်အတွက် လက်တံများက မြို့တော်ပြင်ပသို့ ဆန့်ထုတ်လျက်ရှိသည်” ဟု ဒက်တာ ကရာမာက ရေ–အသက်ပေးရာရင်းမြစ် ဟူသည့် သူ၏အစီရင်ခံစာတွင်ဆို၏။
သို့ဖြစ်၍ စက်မှုလက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မြို့ပြဒေသရှိရှိသမျှတို့သည် ရေပိုမိုရရှိရေးအတွက် အပူတပြင်းတောင်းဆိုလျက်ရှိကြသည်။ ယခုလောလောဆယ်တွင် ကမ္ဘာဂြိုဟ်၏အရန်ရေထု—မြေအောက်ရေကို ထုတ်ယူခြင်းအားဖြင့် သူတို့၏လိုအပ်ချက်များကို ဖြည့်တင်းပေးနေရသည်။ ရေအောင်းလွှာများသည် ကမ္ဘာ့အဓိကရေချိုအောင်းရာနေရာဖြစ်သည်။ သို့သော် သုံးမကုန်အောင်ပေါများနေသည်ကား မဟုတ်ချေ။ ထိုသို့အောင်းနေသောရေများသည် ဘဏ်၌အပ်နှံထားသည့်ငွေနှင့်တူသည်။ ငွေသွင်းမှုများ နည်းနေမည်ဆိုလျှင် ငွေထုတ်ယူမြဲထုတ်ယူနေနိုင်မည်မဟုတ်ချေ။ အနှေးနှင့်အမြန် ထုတ်သလို ကုန်ခန်းလာမည်ဖြစ်သည်။
မြေအောက်ရေကို မှန်ကန်စွာသုံးခြင်းနှင့် အလွဲသုံးခြင်း
မြေအောက်ရေဆိုသည်မှာ တွင်းတစ်တွင်းတူးပြီး ထုတ်ယူသုံးစွဲသောရေကိုခေါ်သည်။ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့မှ ထုတ်ပြန်သည့် မြေအောက်ရေ– မျက်မြင်မရအန္တရာယ်ကြုံနေသောသယံဇာတ ဟူသည့်အစီရင်ခံစာက အိမ်တွင်းသုံးအတွက် ရည်ရွယ်ထားသည့်ရေနှင့် ရေသွင်းစိုက်ပျိုးသော ကောက်ပဲသီးနှံများအတွက် အသုံးပြုသည့်ရေထက်ဝက်သည် ဤအရင်းအမြစ်မှလာသည်ဟု တွက်ချက်ဖော်ပြသည်။ မြေအောက်ရေသည် အများအားဖြင့်
မြေမျက်နှာပြင်ပေါ်မှရေထက် ညစ်ညမ်းမှုနည်းလေ့ရှိသောကြောင့် မြို့ကြီးများနှင့်ကျေးလက်ဒေသတို့ရှိ သောက်သုံးရေအများစုကိုလည်း ထောက်ပံ့ပေးသည်။ ရေကိုတော်ရုံသင့်ရုံထုတ်ယူမည်ဆိုလျှင် မြေအောက်ရေကို မပြတ်တမ်းထောက်ပံ့ပေးနိုင်မည်ဖြစ်သည်၊ မိုးရေသည် မြေအောက်ရေများကို မှန်မှန်ပြန်ဖြည့်ပေးသောကြောင့် ဤမြေအောက်ရေသိုလှောင်ကန်များသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်သွားသည်။ သို့သော် လူသားတို့သည် ဆယ်စုနှစ်ချီ၍ သဘာဝရေသံသရာက ပြန်အစားထိုးနိုင်သည်ထက် ရေကို ပိုမိုစုပ်ယူသုံးစွဲလျက် ရှိကြပြီဖြစ်သည်။ရလဒ်မှာ မြေအောက်ရေလွှာသည် မြေမျက်နှာပြင်မှ ပို၍ဝေးကွာသွားပြီး ယင်းသို့ရောက်ရှိသည်အထိ နက်နက်တူးဖို့မှာ တွက်ခြေမကိုက် သို့မဟုတ် လက်တွေ့မကျဖြစ်လာသည်။ ရေတွင်းခန်းခြောက်သွားသောအခါ လူမှုစီးပွားရေးကို ဘေးသင့်စေ၏။ အိန္ဒိယနိုင်ငံတွင် ထိုကဲ့သို့သော ကြေကွဲဝမ်းနည်းဖွယ်ဖြစ်ရပ်များ စတင်ဖြစ်ပေါ်လာနေပြီဖြစ်သည်။ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ အလယ်ပိုင်း မြေပြန့်လွင်ပြင်ဒေသများတွင် နေထိုင်ကြသည့် လူပေါင်းတစ်ဘီလီယံကို ကျွေးမွေးရန်အစားအစာသည် မြေအောက်သိုလှောင်ရေအပေါ် မှီခိုအားထားရသောကြောင့် ရှေ့အလားအလာမှာ ထိတ်လန့်စရာပင်။
မြေအောက်ရေပေးဝေမှုများ ကုန်ခန်းခြင်းသည် ညစ်ညမ်းမှုကြောင့် ပို၍ဆိုးရွားခဲ့သည်။ စိုက်ပျိုးရေးသုံးမြေသြဇာများ၊ လူနှင့် တိရစ္ဆာန်တို့၏အညစ်အကြေးများ၊ စက်မှုဓာတုပစ္စည်းများအားလုံးသည် မြေအောက်ရေသို့ စီးဝင်သွားကြသည်။ “ရေအောင်းလွှာတစ်ခု ညစ်ညမ်းပြီဆိုလျှင် ပြုပြင်ရေးစီမံချက်များသည် ကြာရှည်ပြီး အကုန်အကျများနိုင်ရာ ဖြစ်နိုင်စရာပင်မရှိချေ။ ညစ်ညမ်းပစ္စည်းများ တဖြည်းဖြည်းထိုးဖောက်စိမ့်ဝင်လာမှုကို ‘ဓာတုချိန်ကိုက်ဗုံး’ ဟုခေါ်ခဲ့ကြပြီ။ ယင်းက လူသားထုကို ခြိမ်းခြောက်နေသည်” ဟု ကမ္ဘာ့မိုးလေဝသပညာရပ်အဖွဲ့မှထုတ်ဝေသည့် အစီရင်ခံစာတစ်စောင်တွင် ရှင်းလင်းဖော်ပြထားသည်။
နောက်ဆုံးအနေနှင့် မြေအောက်ရေအောင်းလွှာမှ ရေကိုစုပ်ထုတ်ယူခြင်းသည် ရေသွင်းစိုက်ပျိုးရန် ရည်စူးထားသည့်မြေကို ပျက်စီးဆုံးရှုံးစေနိုင်ပေသည်။ ယခုအခါ ခြောက်သွေ့သော သို့မဟုတ် မိုးနည်းရပ်ဝန်းကမ္ဘာ့နိုင်ငံများတွင်ရှိ ရေသွင်းစိုက်ပျိုးသည့်ဒေသများစွာတွင် ဆားများစုပုံသည့်ဒဏ်ကို ခံနေကြရသည်။ အိန္ဒိယနိုင်ငံနှင့် ယူနိုက်တက်စတိတ်—ကမ္ဘာ့အစားအစာထုတ်လုပ်ပေးနေသည့် အဓိကနိုင်ငံနှစ်နိုင်ငံ—တွင် ရေသွင်းစိုက်ပျိုးသည့်မြေ ၂၅ ရာခိုင်နှုန်းသည် အကြီးအကျယ် ပျက်စီးသွားခဲ့ပြီဖြစ်၏။
မဖြုန်းလျှင် မချို့ငဲ့
ဤအခက်အခဲများရှိနေလင့်ကစား ကမ္ဘာဂြိုဟ်၏အဖိုးထိုက်တန်သောရေကို ပိုမိုဂရုတစိုက် သုံးစွဲမည်ဆိုလျှင် အခြေအနေမှာ ဤမျှစိတ်ပျက်ဖွယ်ကောင်းမည်မဟုတ်ချေ။ ညံ့ဖျင်းသော ဆည်မြောင်းတူးဖော်သည့်နည်းစနစ်များက ကောက်ပဲသီးနှံစိုက်ခင်းများသို့ ရေမရောက်ရှိမီ ၆၀ ရာခိုင်နှုန်းကို ဖြုန်းတီးပစ်လေ့ရှိသည်။ တိုးတက်လာသောစွမ်းဆောင်ရည်—နည်းပညာအသုံးပြုခြင်း—သည် စက်မှုလုပ်ငန်းသုံးရေကို ထက်ဝက်လျှော့ချနိုင်ပါသည်။ ထို့အပြင် ကျိုးပျက်နေသောရေပိုက်များကို အလျင်အမြန် ပြုပြင်မည်ဆိုပါက မြို့ပြရေအသုံးပြုမှုကိုပင် ၃၀ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဖြစ်၏။
ရေကိုထိန်းသိမ်းလိုပါက ဆန္ဒရှိဖို့နှင့် နည်းလမ်းရှိဖို့လိုသည်။ ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်၏ အဖိုးထိုက်လှသောရေကို နောင်လာနောက်သားများအတွက် ထိန်းသိမ်းစုဆောင်းပေးမည်ဟု ယုံကြည်ဖို့ အကြောင်းကောင်းများရှိပါသလော။ ဤမေးခွန်းကို ကျွန်ုပ်တို့၏နောက်ဆုံးဆောင်းပါးက တင်ပြပါမည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 ၂၀၀၁၊ မေ ၈ နိုးလော့! [လိပ်] မှ “ချီရာပွန်ဂျီ—ကမ္ဘာ့အစိုစွတ်ဆုံးဒေသတစ်ခု” ဆောင်းပါးကိုရှု။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ရေက လောကကို လည်ပတ်စေ
အမှန်ဆိုရလျှင် စက်မှုလက်မှုလုပ်ငန်းစဉ်ရှိသမျှတို့သည် ရေအမြောက်အမြားကုန်ခန်းစေသည်။
▪ သံမဏိတစ်တန်ထုတ်လုပ်မှုက ရေ တန် ၂၈၀ ကို ကုန်ခန်းစေနိုင်သည်။
▪ စက္ကူတစ်ပေါင်ထုတ်လုပ်ရေးအတွက် ရေ ပေါင် ၇၀၀ မျှ လိုအပ်နိုင်သည် (စက်ရုံသည် သုံးပြီးရေကို ပြန်အသုံးမပြုလျှင်)။
▪ ကားတစ်စီးထုတ်လုပ်ရန် ထုတ်လုပ်သူများသည် ကားအလေးချိန်ထက် အဆ ၅၀ များသောရေကို အသုံးပြုကြ၏။
စိုက်ပျိုးရေး အထူးသဖြင့် ကမ္ဘာ့မိုးနည်းရပ်ဝန်းဒေသများတွင် တိရစ္ဆာန်မွေးမြူရေး တိုးများလာပါက ရေများစွာလိုအပ်ပေမည်။
▪ ကယ်လီဖိုးနီးယားအသားစားနွားမှ အမဲသားတစ်ပေါင်ထုတ်လုပ်ရန် ရေ ဂါလံ ၂,၅၀၀ လိုအပ်သည်။
▪ ကြက်တစ်ကောင်ကို အအေးခံရန်ပြင်ဆင်ရာ၌ အနည်းဆုံးရေ ၇ ဂါလံ အသုံးပြုရသည်။
[စာမျက်နှာ ၈ ပါ ဇယား/ရုပ်ပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ရေကို မည်သည့်နေရာ၌အသုံးပြုသနည်း
စိုက်ပျိုးရေး ၆၅%
စက်မှုလက်မှုလုပ်ငန်း ၂၅%
အိမ်တွင်းမှု ၁၀%
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ကျိုးပေါက်နေသောရေပြွန်မကြီးများနှင့် ရေပိုက်ခေါင်းများမှ ရေများယိုစီးနေခြင်းကြောင့် ရေဂါလံသန်းနှင့်ချီ၍ အလဟဿဖြစ်နေရသည်
[Credit Line]
AP Photo/Richard Drew