မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသက်ရေ ရှာပုံတော်

အသက်ရေ ရှာပုံတော်

အသက်ရေ ရှာပုံတော်

လွန်ခဲ့သော အနှစ်နှစ်ထောင်ကျော်က လူဦးရေ ၃၀,၀၀၀ ကျော်ဖြင့် စည်ပင်ဖွံ့ ဖြိုးခဲ့သောမြို့ကြီးတစ်မြို့သည် အာရေဗျသဲကန္တာရတွင် ထင်ပေါ်ကျော်ကြားလာခဲ့၏။ တစ်နှစ်လျှင် ပျမ်းမျှမိုးရေချိန် ၆ လက်မသာရရှိသည့်ဒေသ၏ ရာသီဥတုမှာ ဆိုးဝါးလင့်ကစား ပက်ထရာမြို့သူမြို့သားများသည် ရေနည်းနည်းဖြင့် နေထိုင်တတ်လာခဲ့ကြသည်။ ထို့အပြင် ပက်ထရာမြို့သည် ချမ်းသာကြွယ်ဝလာခဲ့၏။

ပက်ထရာမြို့တွင်နေထိုင်ကြသည့် နာဘတန်လူမျိုးများတွင် လျှပ်စစ်ရေစုပ်စက်များ မရှိခဲ့ချေ။ ဧရာမရေကာတာကြီးများလည်း မတည်ဆောက်ခဲ့ကြချေ။ သို့သော် သူတို့သည် မည်သို့ကောက်ရိတ်သိမ်းရမည်၊ ရေကိုမည်သို့ထိန်းသိမ်းစောင့်ရှောက်ရမည်ကိုကား သိရှိထားကြ၏။ ရေလှောင်ကန်ငယ်များ၊ တာတမံများ၊ ရေမြောင်းများ၊ ရေစည်များနှင့်ပတ်သက်သော ကွန်ရက်ကြီးသည် ဂရုတစိုက်စုဆောင်းထားသောရေကို ၎င်းတို့၏မြို့ထဲသို့ဖြစ်စေ၊ မြေကွက်ငယ်များဆီသို့ဖြစ်စေ စီးဝင်စေနိုင်ခဲ့သည်။ ရေတစ်စက်ကလေးမျှ အလဟဿမဖြစ်ခဲ့ချေ။ သူတို့၏ရေတွင်းများနှင့် ရေစည်များကို ကောင်းစွာဆောက်လုပ်ထားသောကြောင့် မျက်မှောက်ခေတ် ဗက်ဒူအင်လူမျိုးများသည် ၎င်းတို့ကို အသုံးပြုနေကြဆဲရှိသည်။

“ဇလဗေဒသည် ပက်ထရာမြို့၏မမြင်ရသော အလှတစ်ခုဖြစ်၏။ နာဘတန်လူမျိုးများသည် တကယ့်ဉာဏ်ကြီးရှင်များဖြစ်ကြသည်” ဟုဇလဗေဒပညာရှင်တစ်ဦးက အံ့အားတကြီးဆို၏။ မကြာသေးမီက အစ္စရေးပညာရှင်များသည် တစ်နှစ်လျှင် မိုးရေချိန် လေးလက်မကျော်ကျော်သာရရှိသည့် တောင်ပိုင်းဒေသတွင်လည်း ကောက်ပဲသီးနှံများကို ထွန်ယက်စိုက်ပျိုးတတ်သည့် နာဘတန်လူမျိုးများ၏ ထူးခြားသောစွမ်းရည်များကို ဖော်ထုတ်အသုံးပြုခဲ့ကြသည်။ ပိုင်ရှင်များက ဆောင်းမိုးကို လှေကားထစ်စိုက်ခင်းငယ်များဆီသို့ ကျွမ်းကျင်စွာသွယ်ပို့ထားခဲ့ကြသော ထောင်နှင့်ချီ၍ ကျန်ရှိနေသေးသည့် နာဘတန်စိုက်ခင်းငယ်များကို သီးနှံစိုက်ပျိုးရေးပညာရှင်များက ဆန်းစစ်လေ့လာခဲ့ကြသည်။

နာဘတန်လူမျိုးများထံမှရရှိခဲ့ကြသည့် သင်ခန်းစာများသည် အာဖရိကနိုင်ငံ၏ မိုးခေါင်သည့် ဆာဟဲလ်ပြည်နယ်များတွင်နေထိုင်ကြသော လယ်သမားများကို အကူအညီပေးလျက်ရှိနေပြီဖြစ်သည်။ သို့ရာတွင်၊ ခေတ်သစ်ရေသိုလှောင်မှုနည်းစနစ်များသည်လည်း ထိရောက်မှုရှိနိုင်ပါသည်။ အာဖရိကပင်လယ်ကမ်းရိုးတန်းအနီးရှိ ကနေရီကျွန်းစုမှ လန်ဇာရိုတီကျွန်းပေါ်ရှိ လယ်သမားများသည် မိုးလုံးဝမရွာသည့်နေရာတွင် စပျစ်ပင်နှင့်သဖန်းပင်များ မည်သို့စိုက်ပျိုးရမည်ကို သိရှိခဲ့ကြသည်။ လုံးဝိုင်းနေသည့်အခေါင်းပေါက်များ၏အောက်ခြေတွင် စပျစ်ပင် သို့မဟုတ် သဖန်းပင်များကို စိုက်ပျိုးပြီး အငွေ့ပြန်ခြင်းမှကာကွယ်ရန် မီးတောင်ပြာရောနှောထားသည့်မြေကြီးဖြင့် ဖို့ကြသည်။ သို့နှင့် သီးနှံအထွက်ကောင်းစေရန် သစ်ပင်အမြစ်များသို့ ဆီးနှင်းများ လုံလုံလောက်လောက် စိမ့်ဝင်သွားနိုင်သည်။

အဆင့်နိမ့်နည်းပညာဖြေရှင်းချက်များ

ခြောက်သွေ့သောရာသီဥတုများနှင့်အညီ အလိုက်သင့်ပြုပြင်တတ်ကြသည့် အလားတူမှတ်တမ်းများကို အိန္ဒိယနိုင်ငံ၏ သာသဲကန္တာရတွင်နေထိုင်ကြသည့် ဘစ်ရှ်နွိုင်းလူမျိုးများ; ကင်ညာနိုင်ငံမှ တာကာနာအမျိုးသမီးများ; ယူ.အက်စ်.အေ. အရီဇိုးနားပြည်နယ်မှ နာဗာဟိုအင်ဒီးယန်းလူမျိုးများစသည်ဖြင့် ကမ္ဘာနှင့်အဝန်း တွေ့ရှိနိုင်ပေသည်။ လယ်ယာစိုက်ပျိုးရေးလိုအပ်ချက်များကို ဖြေရှင်းရေးအတွက် ရာစုနှစ်များစွာက သိရှိခဲ့ကြသည့် သူတို့၏မိုးရေသိုလှောင်သည့်နည်းပညာများသည် အထင်ကြီးလောက်သော အဆင့်မြင့်နည်းပညာဖြေရှင်းချက်များထက် ပို၍အားထားရသည်။

၂၀ ရာစုသည် ရေကာတာတည်ဆောက်သည့်ခေတ်ဖြစ်ခဲ့သည်။ မြစ်ကြီးများသည် အသုံးချခံခဲ့ရပြီး ဧရာမဆည်မြောင်းစနစ်များလည်း တိုးတက်ထွန်းကားခဲ့သည်။ ကမ္ဘာ့မြစ်ချောင်း ၆၀ ရာခိုင်နှုန်းသည် တစ်နည်းနည်းဖြင့် ထိန်းချုပ်ခံနေရကြောင်း သိပ္ပံပညာရှင်တစ်ဦးက ခန့်မှန်းသည်။ ထိုကဲ့သို့သောစီမံချက်များသည် အကျိုးကျေးဇူးအနည်းငယ်ဖြစ်ထွန်းစေသော်လည်း ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို ဂေဟဗေဒပညာရှင်များက ထောက်ပြကြသည်။ နေအိမ်များဆုံးရှုံးခဲ့ကြသည့် သန်းနှင့်ချီသောလူတို့အပေါ် ထိခိုက်မှုကိုကား မထောက်ပြသေးချေ။

ထို့ပြင်၊ ရည်ရွယ်ချက်ကောင်းများရှိလင့်ကစား ဤနည်းစနစ်များ၏ အကျိုးကျေးဇူးများကို ရေအရေးတကြီးလိုအပ်လျက်ရှိသည့် လယ်သမားများခံစားရခဲသည်။ အိန္ဒိယနိုင်ငံမှ ဆည်မြောင်းစီမံကိန်းများကို အကြောင်းပြု၍ ဝန်ကြီးချုပ်ဟောင်း ရာဂျစ် ဂန္ဒီက ဤသို့ဆိုခဲ့သည်– “ငွေတွေကို ၁၆ နှစ်ကြာ ပုံအောပြီး ကျွန်တော်တို့သုံးစွဲခဲ့ကြတယ်။ လူတွေ ဘာဆိုဘာမှ ပြန်မရခဲ့ကြဘူး၊ ဆည်မြောင်းမရှိ၊ ရေမရှိ၊ ထုတ်လုပ်မှုတိုးလာခြင်းမရှိ၊ သူတို့ရဲ့ဘဝအသက်တာမှာ အကူအညီမဲ့ဖြစ်နေကြတယ်။”

အခြားတစ်ဖက်တွင်မူ အဆင့်နိမ့်နည်းပညာဖြေရှင်းချက်များက ပတ်ဝန်းကျင်အတွက် ပို၍အသုံးဝင်ခဲ့ပြီး ထိခိုက်မှုပိုနည်းကြောင်း သက်သေပြခဲ့ကြပြီ။ ဒေသခံအဖွဲ့အစည်းများမှ တည်ဆောက်ခဲ့ကြသည့် ရေကန်ငယ်များနှင့်ရေကာတာငယ်များသည် တရုတ်ပြည်တွင် အလွန်အောင်မြင်ခဲ့ရာ၊ ထိုတွင် အရေအတွက် ၆ သန်းတည်ဆောက်ခဲ့ပြီဖြစ်သည်။ အစ္စရေးနိုင်ငံတွင် လူတို့သည် တီထွင်ဉာဏ်နည်းနည်းဖြင့် ရေတစ်မျိုးတည်းကို ပထမ လျှော်ဖွပ်ရေးအတွက်၊ နောက် ကျန်းမာသန့်ရှင်းရေးစနစ်အတွက်နှင့် နောက်ဆုံးတွင် ဆည်မြောင်းအတွက် အသုံးပြုနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။

လက်တွေ့ကျသည့် နောက်ထပ်ဖြေရှင်းနည်းမှာ စိမ့်ထွက်ရေပေးမြောင်း (drip irrigation) ဖြစ်သည်၊ ယင်းသည် မြေဆီလွှာကို ထိန်းသိမ်းပေးပြီး ရိုးရာနည်းစနစ်များအရ ရေ ၅ ရာခိုင်နှုန်းကိုသာ အသုံးပြုရန်လိုသည်။ ရေကို ပညာရှိရှိအသုံးပြုခြင်းဟူသည် ဆည်ရေအများအပြားလိုအပ်သည့် ကြံ၊ ပြောင်းကဲ့သို့သောသီးနှံများထက် ခြောက်သွေ့သောရာသီဥတုနှင့်ကိုက်ညီသည့် လူး၊ ဆပ်ကဲ့သို့သော နှံစားပြောင်းများ ရွေးချယ်စိုက်ပျိုးခြင်းကိုလည်း ဆိုလိုသည်။

အနည်းငယ်ကြိုးပမ်းလိုက်ရုံဖြင့် အိမ်တွင်းသုံးစွဲသူများနှင့် စက်ရုံများသည် ၎င်းတို့၏ရေလိုအပ်မှုများကို အလားတူ လျှော့ချနိုင်ပါသည်။ ဥပမာ၊ အကယ်၍ စက်ရုံသည် သုံးပြီးရေကိုပြန်အသုံးပြုမည်ဆိုလျှင် စက္ကူတစ်ပေါင်ကို ရေတစ်ပိုင့်ခန့်ဖြင့် ထုတ်လုပ်နိုင်မည်ဖြစ်ရာ ရေကို၉၀ ရာခိုင်နှုန်းထက်မက ချွေတာနိုင်မည်ဖြစ်၏။ မက္ကဆီကိုမြို့တော်သည်လည်း သမားရိုးကျရေလောင်းအိမ်သာများနေရာတွင် ရေသုံးပုံတစ်ပုံသာအသုံးပြုရသည့် ရေလောင်းအိမ်သာများဖြင့် အစားထိုးခဲ့ကြသည်။ ထို့အပြင် ၎င်းမြို့တော်သည် ရေအသုံးပြုမှုကို သိသိသာသာ လျှော့ချရန်ရည်ရွယ်ချက်ဖြင့် သတင်းပြန်ကြားရေးကင်ပိန်းတစ်ခုကို ကမကထပြုခဲ့သည်။

အောင်မြင်ရေးအတွက် လိုအပ်သည့်အရာ

ရေအကျပ်အတည်း—⁠နှင့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာအများစု—⁠ကိုဖြေရှင်းနည်းများတွင် သဘောထားပြောင်းလဲဖို့လိုသည်။ လူတို့သည် ကိုယ်ကျိုးရှာဖို့ထက် ပူးပေါင်းဆောင်ရွက်ခြင်း၊ လိုအပ်မည်ဆိုလျှင် အတော်အသင့်ကိုယ်ကျိုးစွန့်ခြင်းနှင့် နောင်လာနောက်သားများအတွက် ကမ္ဘာမြေကြီးကိုစောင့်ရှောက်ပေးရန် သန္နိဋ္ဌာန်ချခြင်းတို့လိုအပ်၏။ ယင်းနှင့်ပတ်သက်၍ ဆန်ဒရာ ပိုစတဲလ်က နောက်ဆုံးအိုအေစစ်—⁠ရေရှားပါးမှုကိုရင်ဆိုင်ခြင်းဟူသည့် သူ၏စာအုပ်တွင် ဤသို့ရှင်းပြသည်– “ကျွန်ုပ်တို့သည် ရေကျင့်ဝတ်တစ်ခုလိုအပ်၏—⁠ကျွန်ုပ်တို့နားမလည်၊ အပြည့်အဝနားမလည်နိုင်သည့် သဘာဝစနစ်များနှင့်ပတ်သက်၍ ရှုပ်ထွေးသောဆုံးဖြတ်ချက်များကို ရင်ဆိုင်ဖြေရှင်းရာတွင် တော်မှန်သောအမူအကျင့်ကို လမ်းညွှန်ပေးမှုတစ်ရပ် လိုအပ်သည်။”

ထို “ရေကျင့်ဝတ်” သည် ဒေသတစ်ခုတည်းဆောင်ရွက်ရန်ထက်မက ပိုမိုလိုအပ်ပေသည်။ မြစ်များသည် နိုင်ငံ့နယ်နိမိတ်များကိုဖြတ်ကျော်သည့်အတွက် မိမိနိုင်ငံအပြင် အိမ်နီးချင်းနိုင်ငံများပါ ပူးပေါင်းဆောင်ရွက်ဖို့လိုသည်။ အစ်မေလ် စီရာဂီလ်ဒင်က ရေအကျပ်အတည်းကို ကျော်လွှားအောင်မြင်ခြင်းဟူသည့် သူ၏အစီရင်ခံစာတွင် “သမိုင်းတစ်လျှောက် သီးသန့်အနေဖြင့် သုံးသပ်လာခဲ့ကြသည့် ရေပမာဏ၊ ရေအရည်အသွေးတို့နှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို ယခုအခါ ကမ္ဘာ့အရေးကိစ္စတစ်ခုအဖြစ် ရှုမြင်ရမည်” ဟုဆို၏။

သို့သော် ယူအဲန် အထွေထွေအတွင်းရေးမှူး ကိုဖီအာနန်ဝန်ခံသည့်အတိုင်းပင် ကမ္ဘာ့အရေးကိစ္စများကို နိုင်ငံများအား ကိုင်တွယ်စေခြင်းသည် လွယ်ကူသောအလုပ်မဟုတ်ချေ။ “ယနေ့ ကမ္ဘာနှင့်အဝန်း ပူးပေါင်းဆောင်ရွက်နေကြသည့်လောကတွင် ကမ္ဘာချီဆောင်ရွက်ရေးအတွက် အသင့်ရရှိနိုင်သော စက်ယန္တရားများသည် အခြေတည်စအဆင့်မျှသာရှိသည်။ ယခုအချိန်သည် ‘နိုင်ငံတကာလူ့အဖွဲ့အစည်း’ ဟူသည့်အယူအဆကို အဓိပ္ပာယ်ပို၍ လေးနက်ခိုင်မာစေသင့်သည့် အချိန်ဖြစ်သည်” ဟုသူကဆို၏။

ကျွန်ုပ်တို့သည် ကျန်းမာပြီး ပျော်ရွှင်သည့်အသက်တာကို မွေ့လျော်ခံစားလိုလျှင် ရေကောင်းအလုံအလောက်ရရှိရေးသည်—⁠အရေးကြီးသော်လည်း—⁠ယင်းထက်မကလိုအပ်သည်မှာ ရှင်းနေပါသည်။ လူသားများသည် ရေနှင့်အသက် ထောက်ပံ့ပေးရှင်ကို ဦးဆုံးအသိအမှတ်ပြုရမည်။ (ဆာလံ ၃၆:၉; ၁၀၀:⁠၃) ထို့အပြင် ကမ္ဘာမြေကြီးနှင့် ၎င်း၏အရင်းအမြစ်များကို အမြင်ကျဉ်းမြောင်းစွာ မတရားအသုံးပြုမည့်အစား ကျွန်ုပ်တို့၏ ကနဦးမိဘများအား ဖန်ဆင်းရှင်ညွှန်ကြားခဲ့သည့်အတိုင်း ‘ကြည့်ရှုပြုစု’ ဖို့လိုသည်။—⁠ကမ္ဘာဦး ၂:၈၊ ၁၅; ဆာလံ ၁၁၅:⁠၁၆

သာလွန်ထူးကဲသော ရေတစ်မျိုး

ရေသည် အလွန်အရေးပါသောကြောင့် သမ္မာကျမ်းစာထဲတွင် ယင်းကို ပုံဆောင်သဘောဖြင့် ဖော်ပြထားခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် ဘဝကိုမွေ့လျော်ရန် ရည်ရွယ်ခံရသောကြောင့် ဤပုံဆောင်ရေ၏ရင်းမြစ်ကို အသိအမှတ်ပြုရမည်။ ထို့အပြင် ကျွန်ုပ်တို့သည် “အရှင်၊ [ကျွန်မအား] ထိုရေကိုပေးပါ” ဟုယေရှုခရစ်ထံတောင်းဆိုခဲ့သည့် ပထမရာစုမှ အမျိုးသမီး၏သဘောထားကိုလည်း ထင်ဟပ်ပြဖို့ သင်ယူရမည်။ (ယောဟန် ၄:၁၅သမ္မာ) အဘယ်အရာဖြစ်ပျက်ခဲ့သည်ကို သုံးသပ်ကြည့်ပါ။

ယေရှုသည် မျက်မှောက်ခေတ် နာဘလပ်စ်မြို့အနီးရှိ အလွန်နက်သောရေတွင်းတစ်တွင်းတွင် ရပ်နားခဲ့သည်—⁠အထောက်အထားအရ ယနေ့ခေတ်ထိတိုင် ကမ္ဘာတစ်ဝန်းမှလူတို့ လည်ပတ်လေ့ရှိကြသည့် ရေတွင်းမှာ ထိုရေတွင်းဖြစ်သည်။ ထိုအချိန်တွင် ရှမာရိအမျိုးသမီးတစ်ဦးသည်လည်း ရေတွင်းသို့ရောက်လာခဲ့သည်။ ပထမရာစုမှ အမျိုးသမီးများစွာကဲ့သို့ပင် သူသည် ထိုနေရာသို့ ရေမှန်မှန်သွားရောက်ခပ်ယူခဲ့သည်မှာ သံသယမရှိပေ။ သို့သော် ယေရှုက သူ့ကို “အသက်ရေ”—⁠ဘယ်တော့မျှ ပြတ်လပ်မည်မဟုတ်သည့် ရေရင်းမြစ်တစ်ခု—⁠ပေးနိုင်ကြောင်း မိန့်တော်မူခဲ့သည်။—⁠ယောဟန် ၄:၁၀၊ ၁၃၊ ၁၄

ထိုအမျိုးသမီး၏ စိတ်ဝင်စားမှု လှုံ့ဆော်ခံခဲ့ရမည်ကို နားလည်နိုင်ပါသည်။ သို့သော် ယေရှုပြောဆိုခဲ့သည့် “အသက်ရေ” မှာ ပကတိရေတော့ မဟုတ်ချေ။ ယေရှုသည် လူတို့အား ထာဝစဉ်အသက်ရှင်စေနိုင်သည့် ဝိညာဉ်ရေးပြင်ဆင်ပေးချက်များကို ရည်စူးခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ပုံဆောင်ရေနှင့် ပကတိရေစပ်ကြား ကွင်းဆက်တစ်ခုရှိပါသည်၊ ကျွန်ုပ်တို့သည် ဘဝကို အပြည့်အဝမွေ့လျော်ရန် ထိုရေနှစ်မျိုးစလုံးလိုအပ်ကြသည်။

ဘုရားသခင်သည် တကယ့်ရေပြတ်လပ်မှုကို တစ်ကြိမ်ထက်မက ဖြေရှင်းပေးခြင်းဖြင့် မိမိ၏လူမျိုးတော်ကို ထောက်ပံ့ပေးခဲ့၏။ ကတိထားရာပြည်သို့သွားရာတွင် သိနာသဲကန္တာရကို ဖြတ်ကျော်ခဲ့ကြသည့် ဣသရေလဒုက္ခသည် လူအုပ်ကြီးအတွက် ရေကို အံ့ဖွယ်နည်းဖြင့် ကိုယ်တော်ထောက်ပံ့ပေးတော်မူခဲ့သည်။ (ထွက်မြောက်ရာ ၁၇:၁-၆; တောလည်ရာ ၂၀:၂-၁၁) ဘုရားသခင်၏ပရောဖက်တစ်ပါးဖြစ်သည့် ဧလိရှဲသည်လည်း ညစ်ညမ်းနေသည့် ယေရိခေါမြို့၏ရေတွင်းကို သန့်စင်ပေးခဲ့သည်။ (၄ ဓမ္မရာဇဝင် ၂:၁၉-၂၂) နောင်တယူခဲ့ကြသည့် ဣသရေလအကြွင်းအကျန်တို့သည် ဗာဗုလုန်မှ မိမိတို့မွေးရပ်မြေသို့ပြန်လာကြသောအခါ ဘုရားသခင်သည် သူတို့ကို ‘တော၌ရှိသည့်ရေများ’ ဆီသို့ ပို့ဆောင်ခဲ့သည်။—⁠ဟေရှာယ ၄၃:၁၄၊ ၁၉-၂၁

ယနေ့ ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ် အရေးတကြီးလိုအပ်နေသည့်အရာမှာ မကုန်မခန်းနိုင်သောရေဖြစ်သည်။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်သည် အတိတ်က ရေပြဿနာများကို ဖြေရှင်းတော်မူခဲ့သောကြောင့် အနာဂတ်တွင်လည်း ထိုသို့တစ်ဖန် ပြုလုပ်ပေးဦးမည်မဟုတ်ပေလော။ ကိုယ်တော်ပြုလုပ်ပေးတော်မူမည်ဟု သမ္မာကျမ်းစာက ကျွန်ုပ်တို့အား စိတ်ချစေ၏။ ကိုယ်တော်ကတိပြုထားသော ဘုရားသခင့်နိုင်ငံတော်အောက်ရှိ အခြေအနေများကို ဖော်ပြရာတွင် ဘုရားသခင်က ဤသို့မိန့်တော်မူသည်– “မြင့်သောအရပ်တို့၌ မြစ်ကိုလည်းကောင်း၊ နိမ့်သောအရပ်တို့၌ စမ်းရေကိုလည်းကောင်း ငါပေါက်စေမည်။ တောအရပ်၌ ရေကန်များကိုလည်းကောင်း၊ သွေ့ခြောက်သောအရပ်၌ စမ်းရေတွင်းများကိုလည်းကောင်း ငါဖြစ်စေမည်။ သို့ဖြစ်၍ ထာဝရဘုရား [ယေဟောဝါ] သည် ဤအမှုကိုစီရင်တော်မူကြောင်းကို ထိုသူအပေါင်းတို့သည်သိမြင်၍ ဆင်ခြင်နားလည်ကြလိမ့်မည်။”—⁠ဟေရှာယ ၄၁:၁၈၊ ၂၀

ထိုအချိန်ရောက်လာသောအခါ လူတို့သည် “ရေစာကို မငတ်မမွတ်ရ” ဟုသမ္မာကျမ်းစာက ကျွန်ုပ်တို့အား ကတိပေးထားသည်။ (ဟေရှာယ ၄၉:၁၀) ရေအကျပ်အတည်းအတွက် ယတိပြတ်ဖြေရှင်းပေးမည့် ကမ္ဘာချီစီမံခန့်ခွဲမှုအသစ်အတွက် ကျေးဇူးတင်စရာရှိပါသည်။ ဤစီမံခန့်ခွဲမှု—⁠ကျွန်ုပ်တို့အား တောင်းလျှောက်ရန် ယေရှုသင်ပေးခဲ့သော ဘုရားသခင့်နိုင်ငံတော်—⁠သည် “တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍ အမြဲတည်စေတော်မူ” မည်။ (ဟေရှာယ ၉:၆၊ ၇; မဿဲ ၆:၉၊ ၁၀) ရလဒ်အနေဖြင့် မြေကြီးအရပ်ရပ်မှလူတို့သည် နောက်ဆုံးတွင် စစ်မှန်သော အပြည်ပြည်ဆိုင်ရာလူ့အဖွဲ့အစည်း ဖြစ်လာကြပါလိမ့်မည်။—⁠ဆာလံ ၇၂:၅၊ ၇၊ ၈

ကျွန်ုပ်တို့သည် အသက်ရေကို ယခုရှာဖွေမည်ဆိုလျှင် လူတိုင်းအတွက် ရေအလုံအလောက် အမှန်တကယ်ရရှိမည့် နေ့ရက်အချိန်ကိုတွေ့မြင်ရန် ကျွန်ုပ်တို့ စောင့်မျှော်နိုင်ကြပါသည်။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံများ]

အထက်– ရှေးပက်ထရာမြို့သူမြို့သားများသည် ရေကိုမည်သို့ထိန်းသိမ်းစောင့်ရှောက်ရမည်ကို သိရှိခဲ့

အောက်– ပက်ထရာမြို့ရှိ နာဘတန်လူမျိုးများ၏ရေမြောင်းတစ်ခု

[Credit Line]

Garo Nalbandian

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံများ]

ကနေရီကျွန်းတစ်ကျွန်းပေါ်ရှိ လယ်သမားများသည် မိုးရွာသွန်းမှုမရှိသလောက်ဖြစ်သည့်ဒေသတွင် အပင်များမည်သို့စိုက်ပျိုးရမည်ကို သိရှိခဲ့ကြ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံများ]

ထိုအမျိုးသမီးအား “အသက်ရေ” ပေးမည်ဟု ယေရှုကတိပြုတော်မူသောအခါ ဘာကိုဆိုလိုသနည်း