မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏စာရှုသူများထံမှ

ကျွန်ုပ်တို့၏စာရှုသူများထံမှ

ကျွန်ုပ်တို့၏စာရှုသူများထံမှ

သူနာပြုများ ကျွန်မသူနာပြုတစ်ယောက်ဖြစ်တာ သုံးနှစ်နီးပါးရှိပြီ။ ဖျားနာမှု၊ ဝေဒနာတွေနဲ့ တိုက်ရိုက်ထိတွေ့နေရတာ တကယ်မလွယ်တဲ့အလုပ်ပဲ။ အခြားသူတွေ ကျွန်မတို့ရဲ့အလုပ်ကို ကျေးဇူးတင်လေးမြတ်ကြတယ်ဆိုတာကို “သူနာပြုများ—⁠သူတို့မရှိလျှင် ကျွန်ုပ်တို့ဘာလုပ်ကြမည်နည်း” (ဒီဇင်ဘာ ၈၊ ၂၀၀၁) ဆိုတဲ့အခန်းဆက်ဆောင်းပါးတွေထဲမှာ ဖတ်ရတာ တကယ်ကိုအားရှိစရာပဲ! မကြာခင် သူနာပြုတွေလိုအပ်တော့မှာမဟုတ်ဘူးဆိုတဲ့ သမ္မာကျမ်းစာရဲ့ကတိတော်က ပိုပြီးတော့တောင် အားရှိစရာကောင်းသေးတယ်။—⁠ဟေရှာယ ၃၃:⁠၂၄

ဂျေ.အက်စ်.ဘီ.၊ ဘရာဇီး

ကျွန်မခင်ပွန်းနဲ့ ကျွန်မဟာ ပြင်ပလူနာ သူနာပြုဌာနမှာ အလုပ်လုပ်ကြပါတယ်။ ဒီအခန်းဆက်ဆောင်းပါးတွေဟာ ကျွန်မတို့အတွက် အကြီးအကျယ်အားပေးမှုဖြစ်ခဲ့တယ်။ ကျွန်မတို့ရဲ့အလုပ်နဲ့ လူနာတွေအပေါ်ထားရှိတဲ့ သဘောထားတိုးတက်ကောင်းမွန်အောင် ကူညီပေးခဲ့တယ်။ သိပ်ကောင်းတဲ့ဆောင်းပါးတွေပဲ!

အက်စ်.အက်စ်.၊ ဂျာမနီ

သူနာပြုတွေဟာ သိပ်အရေးမပါလှဘူးလို့ ကျွန်မအမြဲထင်ခဲ့တယ်။ ဒါပေမဲ့ သူနာပြုတွေဟာ စိတ်ဝေဒနာကို များစွာသက်သာအောင် ကူညီပေးကြတယ်၊ သူတို့ဟာ တစ်ခါတလေ အလုပ်များနေတဲ့ဆရာဝန်တွေ မပေးနိုင်တဲ့ နားလည်မှုနဲ့ အကူအညီကိုပေးကြတယ်ဆိုတာ သဘောပေါက်အောင် ဒီဆောင်းပါးတွေက ကျွန်မကိုကူညီပေးခဲ့တယ်။ သူနာပြုသင်တန်းတက်နေကြတဲ့ ကျွန်မရဲ့ အရင်ကအတန်းဖော်အတော်များများဆီကို ဒီမဂ္ဂဇင်းတွေ ပို့ပေးခဲ့တယ်။

အက်ဖ်.ဂျီ.၊ အီတလီ

နားလည်စာနာပေးတဲ့ ဒီဆောင်းပါးတွေအတွက် ကျေးဇူးတင်ပါတယ်။ သူနာပြုအလုပ်ဟာ ကျွန်မကို နည်းများစွာနဲ့ရင့်ကျက်အောင် ကူညီပေးခဲ့တယ်။ အဲဒီအထဲကတစ်ခုကတော့ ဘဝရည်ရွယ်ချက်ကို ဆင်ခြင်သုံးသပ်ဖို့နဲ့ ကျမ်းစာလေ့လာမှုပြုဖို့ ကျွန်မကိုလှုံ့ဆော်ပေးခဲ့တာပါပဲ။ ဒီ နိုးလော့! လထုတ်ဟာ ကျွန်မရခဲ့ဖူးသမျှ ကျေးဇူးတင်စကားတွေထဲမှာ အကောင်းဆုံးပဲ။ ဒီစာစောင်ကရရှိတဲ့ အားပေးမှုကို ကျွန်မ တော်တော်နဲ့မေ့မှာ မဟုတ်ဘူး!

ဂျေ.ဒီ.၊ ချက်ခ်သမ္မတနိုင်ငံ

ဒီဆောင်းပါးတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ လက်မှတ်ရသူနာပြုတစ်ယောက်ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာရှိပြီ။ ကျွန်မရဲ့လူနာတွေကို မျက်စဉ်းခတ်ပေးတဲ့အခါ လူနာတွေအပေါ် စာနာပေးရလို့ ကိုယ်တိုင်မျက်ရည်ကျရတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ သူနာပြုတွေဟာ ဒီ နိုးလော့! ကို အပြုသဘောပါပါတုံ့ပြန်ကြမှာ သေချာတယ်။

အယ်လ်.အေ.အာရ်.၊ အမေရိကန်ပြည်ထောင်စု

ကလေးငယ်၏သွားများ သွားဆရာဝန်ရဲ့ရုံးမှာ ကျွန်မရဲ့အလုပ်တစ်စိတ်တစ်ဒေသအနေနဲ့ ကျွန်မဟာ ကလေးငယ်ရဲ့သွားတွေကို ဘယ်လိုဂရုစိုက်ကြည့်ရှုရမယ်ဆိုတာ မိခင်တွေကို သင်ပေးရတယ်။ “နုနယ်သောသွားများကို ကာကွယ်ခြင်း” (နိုဝင်ဘာ ၂၂၊ ၂၀၀၀ [လိပ်]) ဆိုတဲ့ဆောင်းပါးက သွားအချဉ်ပေါက်တဲ့အန္တရာယ်နဲ့ ဘက်တီးရီးယားကြောင့် သွားပျက်စီးရတဲ့အကြောင်းကို ရှင်းပြထားလို့ အကူအညီများစွာ ဖြစ်စေခဲ့တယ်။ ကျွန်မနဲ့ဆွေးနွေးတိုင်ပင်တဲ့ မိခင်အားလုံးဟာ အခုဆိုရင် မဂ္ဂဇင်းတစ်စောင်စီရထားကြပြီ၊ အလွန်ကောင်းတဲ့ရလဒ်တွေ ရရှိနေပါတယ်!

တီ.စီ.အက်စ်.၊ ဘရာဇီး

ရွစိရွစိခံစားနေရသောခြေထောက်များ “သင့်ခြေထောက်များ ရွစိရွစိခံစားနေရသလော” (နိုဝင်ဘာ ၂၂၊ ၂၀၀၀ [လိပ်]) ဆိုတဲ့ဆောင်းပါးကို ကျွန်မအခုပဲဖတ်ခဲ့ရတယ်။ အဲဒီလိုမျိုး ၁၈ နှစ်လောက် ကျွန်မခံစားခဲ့ရတယ်။ ကျွန်မတစ်ယောက်တည်းဖြစ်တာလို့ ကျွန်မထင်ခဲ့တယ်။ စိတ်ဓာတ်ကျတာရယ်၊ အိပ်လို့မရတာရယ်ကြောင့် ကျွန်မ ခဏခဏငိုခဲ့ရတယ်။ ဆေးဝါးမှီဝဲရတာလည်း အမျိုးပေါင်းစုံလို့။ လုံးဝဖြေရှင်းပေးနိုင်တဲ့ တစ်ခုတည်းသောအရာကတော့ ယေဟောဝါရဲ့နိုင်ငံတော်ပါပဲ။

အက်စ်.တီ.၊ စကော့တလန်

ဒီဆောင်းပါးကို ကျွန်မဖတ်တဲ့အခါ ကျွန်မရဲ့ရောဂါလက္ခဏာတွေကို အတိအကျဖော်ပြထားလို့ အံ့အားသင့်ခဲ့ရတယ်။ ကျွန်မရဲ့အခြေအနေက ခြေထောက်မှာ ရွစိရွစိခံစားရတဲ့ရောဂါလက္ခဏာရှိနေတယ်လို့ သတ်မှတ်လို့မရပေမဲ့ တခြားသူတွေလည်း ဒီလိုမျိုးခံစားနေရတယ်ဆိုတာသိရလို့ စိတ်သက်သာရာရခဲ့တယ်။ အခုတော့ အရင်ကထက် ပိုပြီးနေတတ်လာတယ်။ မနှစ်မြို့ဖွယ်ခံစားမှုတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ အခုသိရလို့ စိတ်သက်သာမှုအများကြီးရတယ်။

အေ.ကေ.၊ ဂျပန်

ကျွန်မဟာ အသက် ၄၃ နှစ်ရှိပြီး ကျွန်မရဲ့ခြေထောက်နဲ့လက်မှာ ရွစိရွစိခံစားရလို့ ညဘက်မှာ နိုးနိုးလာတတ်တယ်။ ဒီဆောင်းပါးကိုမဖတ်ခင်က ကျွန်မပဲ ဒီလိုဖြစ်နေတာလို့ထင်ခဲ့တယ်။ အခြားသူတွေလည်း ကျွန်မလိုခံစားနေရတယ်ဆိုတာ ကျွန်မသဘောမပေါက်ခဲ့ဘူး။ ဖြစ်ခဲတဲ့အခုလိုအခြေအနေတွေအကြောင်း အခြားသူတွေသိအောင် ဒီလိုမျိုးဆောင်းပါးတွေကို ပုံနှိပ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

ဒီ.အယ်လ်.၊ ကနေဒါ