မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နိုင်အာဂရာရေတံခွန်—အံ့သြဖွယ်တွေ့ ကြုံမှုတစ်ခု

နိုင်အာဂရာရေတံခွန်—အံ့သြဖွယ်တွေ့ ကြုံမှုတစ်ခု

နိုင်အာဂရာရေတံခွန်—အံ့သြဖွယ်တွေ့ ကြုံမှုတစ်ခု

အရင်က တစ်ခါမှ အနီးကပ်မမြင်ခဲ့ဖူးတဲ့ နိုင်အာဂရာရေတံခွန်ကို မကြာခင်က ကျွန်တော်အနီးကပ် မြင်ခွင့်ရခဲ့တယ်။ အဲဒါဟာ အံ့သြဖွယ်တွေ့ ကြုံမှုတစ်ခုလို့ ကျွန်တော်တပ်အပ်ပြောနိုင်တယ်။ ကျွန်တော့်မိတ်ဆွေတွေနဲ့ ကနေဒါနိုင်ငံဘက်က မြင်းခွာရေတံခွန် (Horseshoe Falls) ကိုသွားရောက်လည်ပတ်ခဲ့ကြတယ်။ ရေတံခွန်ရဲ့ပုံသဏ္ဌာန်က မြင်းခွာပုံရှိလို့ အဲလိုခေါ်ရခြင်းဖြစ်တယ်။ အဲဒီကို ၁၉၅၈ ခုနှစ်မှာ ပထမဆုံးလည်ပတ်ခဲ့ချိန်ကစပြီး ကျွန်တော်အကြိမ်ကြိမ်ရောက်ခဲ့ဖူးတယ်။ ဒါပေမဲ့ အရင်က တစ်ခါမှ မလုပ်ခဲ့ဖူးတဲ့အရာ တစ်ခုရှိတယ်—⁠မြစ်တစ်လျှောက် ရေတံခွန်ရဲ့မျက်နှာပြင်အထိ တစ်ခါမှ လှေမစီးခဲ့ဖူးဘူး။ ဒါပေမဲ့ လူတွေဟာ ၁၈၄၈ ခုနှစ်မှာ ငွေနှင်းမြူလုံမလေး (Maid of the Mist) လို့ခေါ်တဲ့ အပျော်စီးလှေ စတင်ပြေးဆွဲချိန်ကတည်းက အဲဒါကို စီးနေကြတယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒီခရီးကို လူသန်းနဲ့ချီပြီး သွားကြတယ်။ ခုတစ်ခါတော့ ကျွန်တော့်အလှည့်ပေါ့။

လှေတွေဟာ အမေရိကန်ဘက်ကရော ကနေဒါဘက်ကပါ မြစ်နှစ်ဖက်စလုံးက ပုံမှန်ထွက်ကြတယ်။ လှေတန်းကြီးဟာ အဆက်ပြတ်တယ်မရှိဘူး။ ကလေးငယ်တွေလည်းပါတဲ့ အသက်အရွယ်အသီးသီးရှိတဲ့သူတွေဟာ ရေမှုန်တွေကိုကာကွယ်ဖို့ အပြာရောင် အပေါ့စား ပလတ်စတစ်မိုးကာအင်္ကျီတွေ ဝတ်ဆင်ထားကြတာကို တွေ့ခဲ့ရတယ်။ (အခြားတစ်ဖက်မှာရှိတဲ့ အမေရိကန်ရေတံခွန်ကို လည်ပတ်သူတွေအတွက် မိုးကာအင်္ကျီဟာ အဝါရောင်ဖြစ်တယ်။) ငွေနှင်းမြူလုံမလေး ၇ ဆိုတဲ့လှေဟာ ခရီးသည် ၅၈၂ ယောက်အထိတင်နိုင်တယ်။ အဲဒီလှေဟာ အလေးချိန် ၁၄၅ တန်၊ အရှည်ပေ ၈၀ နဲ့ ဗြက်ပေ ၃၀ ရှိတယ်။ အဲဒီမှာ အခုသုံးနေတဲ့ လှေလေးစီးရှိတယ်၊ ငွေနှင်းမြူလုံမလေး ၄၊ ၅၊ ၆၊ နဲ့ ၇ တို့ဖြစ်ကြတယ်။

ကျွန်တော်တို့ စိုရွှဲမယ့်အလှည့်

လူအုပ်နဲ့အတူ ကျွန်တော်တို့တန်းစီပြီး ငွေနှင်းမြူလုံမလေး ၇ ပေါ်က စိုရွှဲညစ်ပေနေတဲ့ ကမ္ဘာလှည့်ခရီးသည်အုပ်စုဆင်းလာတာနဲ့ လှေပေါ်တက်ကြတယ်။ ကျွန်တော်တို့ဟာ စိတ်လှုပ်ရှားစရာခရီးကို ကြုံတွေ့ရတော့မယ်ဆိုတာ သိလိုက်ရတယ်။ တစ်မိုင်လောက်မဝေးတဲ့နေရာမှာ ရေတွေဟာ ရေတံခွန်ရဲ့အနားစောင်း ပေ ၁၇၀ အကွာကနေ အောက်ဘက်မှာရှိတဲ့ ပေ ၁၈၀ နက်တဲ့အိုင်ထဲကို တဝေါဝေါစီးကျနေတယ်။ ကျွန်တော်တို့ရဲ့လှေဟာ မြစ်ထဲကို ဦးလှည့်ပြီး အမေရိကန်ဘက်ကို သွားခဲ့ပါတယ်။ အဲဒီမှာ စုစုပေါင်း ၁၇၆ ပေဇောက်ရှိတဲ့ အမေရိကန်ရေတံခွန်ရဲ့အောက်ခြေမှာ ချာလပတ်လည်နေတဲ့ရေတွေကို ကျွန်တော်တို့ထိုးဖောက်ဖြတ်သန်းခဲ့ကြတယ်။ * စိတ်လှုပ်ရှားစရာအကောင်းဆုံးနေရာက ရှေ့နားလေးတင်ပဲ။

တဝေါဝေါစီးကျနေတဲ့ရေတွေအနား ရောက်လာလေ စိုးရိမ်စိတ်ပိုလာလေပါပဲ။ လေကလည်းတိုက်၊ လေထဲမှာလည်း အရှိန်ပြင်းတဲ့ရေမှုန်တွေ အပြည့်ရှိနေတာကြောင့် ဓာတ်ပုံရိုက်လို့မရဘူး။ ပဲ့ကိုင်ဟာ တစ်မိနစ်မှာ ရေထုထည် ကုဗပေခြောက်သန်းထက်မက စီးကျနေတဲ့နေရာဆီ လှေကိုတဖြည်းဖြည်းချင်းကပ်သွားတဲ့အခါ အချိန်ကြာလိုက်တာလို့ ထင်ရတယ်။ အဲဒီရေတွေဟာ ရေတံခွန်ရဲ့အနားစောင်းကိုရိုက်ခတ်ပြီး လှေရဲ့ရှေ့နားလေးမှာ လာကျတယ်! အသံဗလံတွေကလည်း ဆူညံနေလို့ ကိုယ့်အော်သံကိုတောင် ကိုယ်ပြန်မကြားရဘူး။ ကျွန်တော့်နှလုံး တဒိန်းဒိန်းခုန်လာတယ်။ အေးလည်းအေး၊ သန့်စင်နေပုံလည်းရတဲ့ နိုင်အာဂရာရေကို ကျွန်တော်တကယ်မြည်းကြည့်ခဲ့ရတယ်။ ဒါဟာ တကယ့်ကို တစ်သက်မှာတစ်ခါရရှိခဲ့တဲ့ အတွေ့အကြုံတစ်ခုပါပဲ!

အတော်လေးကြာပြီးတဲ့နောက် ပဲ့ကိုင်က ကျွန်တော်တို့ရဲ့ လုံမလေး ကို အန္တရာယ်နယ်နိမိတ်ကနေ တဖြည်းဖြည်းပြန်ဆုတ်ခွာပြီး ရေစုန်ဘက်ကို ဦးလှည့်လိုက်တယ်။ ဒီတော့မှ သက်ပြင်းချနိုင်တော့တယ်။ ကျွန်တော်တို့လွတ်မြောက်လာခဲ့ပြီလေ။ တကယ်ဆိုရင် ဒီလောက်စိုးရိမ်စရာမရှိပါဘူး။ အဲဒီလှေတွေကို ပြေးဆွဲပေးနေတဲ့ကုမ္ပဏီမှာ မတော်တဆထိခိုက်မှုဖြစ်တယ်ဆိုတဲ့ မှတ်တမ်းမရှိခဲ့ဖူးဘူး။ မီးသင်္ဘောကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ဧမီလ် ဘင်ဒီ က လှေတစ်စီးစီမှာ ခရီးသည်တွေအတွက် အသက်ကယ်အင်္ကျီနဲ့ ဖောင်တွေ အလုံအလောက်ထားပေးတယ်လို့ ကျွန်တော်တို့ကို အခိုင်အမာပြောပါတယ်။ ဒီနေရာမှာ တိုင်တန်းနစ် အမှားမျိုး ဘယ်နည်းနဲ့မှ ဖြစ်စရာအကြောင်း မရှိပါဘူး!

ရေတံခွန်သည် နောက်ဘက်သို့ဆုတ်သွား!

မှန်ပါတယ်၊ တိုက်စားမှုကြောင့် ရေတံခွန်ပျက်စီးခဲ့ရတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂,၀၀၀ ကျော်အတွင်းမှာ နိုင်အာဂရာရေတံခွန်ဟာ လက်ရှိနေရာအထိ ခုနစ်မိုင်ခန့် နောက်ဘက်ကိုဆုတ်သွားတယ်လို့ ခန့်မှန်းရတယ်။ တစ်ချိန်က တိုက်စားမှုနှုန်းဟာ တစ်နှစ်ကိုသုံးပေခန့်ဖြစ်တယ်။ အခုတော့ ဆယ်နှစ်ကျမှ တစ်ပေခန့်အထိပဲ ဆုတ်သွားတယ်။ ဘာကြောင့် ဒီလိုတိုက်စားရတာလဲ။

ရေဟာ ပျော့ပျောင်းတဲ့ သဲကျောက်နဲ့ နုန်းကျောက်လွှာတွေအပေါ်မှာရှိတဲ့ ဒေါလမိုက်ထုံးကျောက်ရဲ့ မာကျောတဲ့ အပေါ်ပိုင်းအလွှာပေါ်ဖြတ်စီးဆင်းတယ်။ အဲဒီအောက်ဘက်အလွှာတွေ တိုက်စားခံရတဲ့အခါ ထုံးကျောက်တွေဟာ ပြိုကျပြီး အောက်ဘက်အိုင်ထဲကိုကျသွားတယ်။

အလေအလွင့်မဖြစ်သည့်ရေ

နိုင်အာဂရာမြစ်တို (၃၅ မိုင်) ထဲကို စီးဆင်းတဲ့ရေအလုံးအရင်းဟာ အိုင်ကြီးငါးအိုင်အနက် လေးအိုင်ဆီကလာတာဖြစ်တယ်။ အဲဒီရေဟာ မြောက်ဘက်ကိုဦးတည်ပြီး အီရီအိုင်ကနေ အွန်တဲရီးယိုအိုင် ဆီကို စီးဆင်းတယ်။ စီးဆင်းနေတဲ့ခရီးတိုအတွင်းမှာ အဲဒီရေကို ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ အသုံးချတယ်။ အဲဒီလျှပ်စစ်ဓာတ်အားကို ကနေဒါနဲ့ အမေရိကန်ပြည်ထောင်စုတို့က မျှပြီးသုံးကြတယ်။ အဲဒါကို ကမ္ဘာ့အကြီးမားဆုံး ရေအားလျှပ်စစ်စွမ်းအင် ရင်းမြစ်တစ်ခုဖြစ်တယ်လို့ ဆိုကြတယ်။ အဲဒီကြားမှာရှိနေတဲ့ ကနေဒါနဲ့ ယူ.အက်စ်. ဓာတ်အားပေးစက်ရုံတွေဟာ ကီလိုဝပ် ၄,၂၀၀,၀၀၀ ရှိတယ်။ နိုင်အာဂရာမြစ် ရေတံခွန်ထိမရောက်ခင်က တာဗိုင်စက်တွေအတွက်ရေကို အဲဒီမြစ်ကပဲယူရတယ်။

ပျားရည်ဆမ်းခရီးနှင့် ညဘက်အလင်းများ

နိုင်အာဂရာရေတံခွန်ဟာ ပျားရည်ဆမ်းခရီးထွက်တဲ့စုံတွဲတွေ အနှစ်သက်ဆုံးနေရာတစ်ခုဖြစ်တယ်။ အဲဒါဟာ ၁၉၅၃ ခုနှစ်မှာ နိုင်အာဂရာ ရုပ်ရှင်ကားရိုက်ပြီးတဲ့နောက် အထူးသဖြင့်မှန်ကန်ပါတယ်။ ညဘက်မှာ ရေတံခွန်ကို ရောင်စုံမီးမောင်းတွေ ထိုးပေးထားတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ကမ္ဘာဂြိုဟ်ပေါ်က တစ်မူထူးတဲ့ဒီနေရာရဲ့ လှပတင့်တယ်မှုနဲ့ ခံ့ညားထည်ဝါမှု နောက်ထပ်အသွင်တစ်မျိုးကို ပေါ်လွင်စေပါတယ်။ ကနေဒါနဲ့ အမေရိကန်ပြည်ထောင်စုကို သွားလည်တဲ့အခါ ဒီကမ္ဘာအံ့ဖွယ်နေရာကိုမသွားရင် မပြည့်စုံပါဘူး။ ဒီအပြင် သင် အနည်းငယ်စွန့်စားချင်တယ်ဆိုရင် လှေစီးဖို့မမေ့ပါနဲ့! သင် ဝမ်းနည်းမှာမဟုတ်သလို မေ့လို့လည်းရမှာမဟုတ်ဘူး။—⁠ဆောင်းပါးရှင်ရေးသားပေးပို့သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 “အမေရိကန်ရေတံခွန်တွင် ရေများသည် ၂၁ မီတာမှ ၃၄ မီတာ (ပေ ၇၀ မှ ၁၁၀) အကွာအဝေးမှ ရေတံခွန်အောက်ခြေရှိ ကျောက်ဆောင်[များ] ပေါ်သို့ မတ်မတ်ထိုးဆင်းလာသည်။”—⁠အွန်တဲရီးယိုပြည်နယ်၏ နိုင်အာဂရာပန်းဥယျာဉ်များ။

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

နိုင်အာဂရာ စပိန်ဝေဟင်ရထား

ရေတံခွန်မှ အောက်ဘက်သုံးမိုင်တွင် ဝဲကတော့ကြီးတစ်ခုရှိ၏။ “၎င်းသည် အလွန်နက်စောက်သည့်လျှိုမြောင်တစ်ခု အရှေ့မြောက်ဘက်သို့ ချိုးကွေ့သောနေရာဖြစ်ကာ ရေစွယ်ရေမော်များ၏အဖျားတွင် ဖြစ်ပေါ်နေခြင်းဖြစ်၏။ ဤနေရာ၌ လျှိုမြောင်ထဲရှိ အကျဉ်းဆုံးရေလက်ကြားမှလွတ်မြောက်ရန် တဝဲလည်လည်ဖြစ်နေသော မြစိမ်းရောင်ဝဲကတော့သည် ခွေလိုက်ဖြေလိုက်ဖြစ်နေသည်။”—⁠အွန်တဲရီးယို၏ နိုင်အာဂရာဥယျာဉ်များ။

ဤတစ်မူထူးခြားသည့် ရေအိုင်တစ်ခုလုံးအကြောင်းကို ကောင်းစွာသိရှိရန် အကောင်းဆုံးနည်းမှာ နိုင်အာဂရာ စပိန်ဝေဟင်ရထားကိုစီးခြင်းဖြစ်သည်။ ၎င်းရထားသည် ရေအိုင်ပေါ်ဖြတ်ကာ ရေစုန်ရေဆန်နှစ်ခုစလုံးနှင့် မြစ်၏စွဲမက်ဖွယ် မြင်ကွင်းများကို ရှုစားခွင့်ရစေသည်။ သို့သော် ယင်းကို “စပိန်” ဝေဟင်ရထားဟူ၍ အဘယ်ကြောင့်ခေါ်သနည်း။ ယင်းကို ဉာဏ်ကောင်းသော စပိန်အင်ဂျင်နီယာတစ်ဦးဖြစ်သည့် လေအိုနာဒို တောရက်စ် ကက်ဗာသို (၁၈၅၂-၁၉၃၆) ကဒီဇိုင်းရေးဆွဲ တည်ဆောက်ခဲ့သောကြောင့်ဖြစ်သည်။ ယင်းကို ၁၉၁၆ ခုနှစ်ကတည်းက အသုံးပြုခဲ့သည်။ ၎င်းသည် တစ်ခုတည်းသော အမျိုးအစားဖြစ်သည်။

[စာမျက်နှာ ၁၈ ပါ ပုံကြမ်း/ရုပ်ပုံ]

တိုက်စားမှုကြောင့် ရေတံခွန်သည် ၁၆၇၈ ခုနှစ်ကတည်းက ပေ ၁,၀၀၀ ခန့် သို့မဟုတ် ထိုထက်မက ဆုတ်သွားသည်

၁၆၇၈

၁၇၆၄

၁၈၁၉

၁၈၄၂

၁၈၈၆

၁၉၉၆

[Credit Line]

Source: Niagara Parks Commission

[စာမျက်နှာ ၁၉ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ကနေဒါ

ယူ.အက်စ်.အေ.

ကနေဒါ

ယူ.အက်စ်.အေ.

အီရီအိုင်

နိုင်အာဂရာ ရေတံခွန်

နိုင်အာဂရာမြစ်

အွန်တဲရီးယိုအိုင်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

အမေရိကန်ရေတံခွန်

ကနေဒါ မြင်းခွာရေတံခွန်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ညဘက်တွင် ရေတံခွန်ကို မီးမောင်းထိုးပေးထားသည့် ဆောင်းရာသီမြင်ကွင်း