မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ထိုင်ဝမ်နိုင်ငံက “သိစိတ်ဆိုင်ရာအကျဉ်းသားများ” ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

“စစ်မှုထမ်းရန်ငြင်းဆိုသောကြောင့် အကျဉ်းချခံရသူ ‘သိစိတ်ဆိုင်ရာအကျဉ်းသား’ ၁၉ ဦးအပါအဝင် အကျဉ်းသား ၂၁ ဦးကို . . . [ထိုင်ဝမ်၏] သမ္မတ ချန်ရွှေဗျန်းသည် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း” သည်ချိုင်းနားပို့စ်ကဆို၏။ “[၂၀၀၀၊ ဒီဇင်ဘာလ ၁၀ ရက်] အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် အကျိုးသက်ရောက်သော လွတ်ငြိမ်းချမ်းသာခွင့်သည် ဘာသာရေးအကြောင်းရင်းများကြောင့် စစ်မှုမထမ်းမနေရအမိန့်ကို မလိုက်နာ၍ အကျဉ်းချခံရသော ယေဟောဝါသက်သေ ၁၉ ဦး၏အမည်များကို ကင်းလွတ်စေပါလိမ့်မည်။” ၁၉ ဦးထဲမှ ၁၄ ဦးကို ကတိခံဝန်ချက်ဖြင့် လွှတ်ပေးနှင့်ပြီးဖြစ်သည်။ ဤအထူးလွတ်ငြိမ်းချမ်းသာခွင့်သည် ဆယ်နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ သက်သေခံများဘက်မှ ဥပဒေအရ အမှုကိုကိုင်တွယ်ပေးသူ ရှေ့နေနိုက်ဂျလ်လီက ဤသို့ဖော်ပြခဲ့သည်– “သက်သေခံတွေနဲ့ သူတို့ရဲ့ငြိမ်းချမ်းရေးရှာဖွေတဲ့လုပ်ငန်းကြောင့် ကျွန်တော်လှုံ့ဆော်ခံရပြီး စိတ်ထိမိခဲ့ပါတယ်။ . . . ငြိမ်းချမ်းမှုကို သူတို့ရွေးချယ်ကြခြင်းက မြင့်မားတဲ့လူ့တန်ဖိုးကို ပေါ်လွင်စေတယ်။ ဒါကြောင့် သူတို့ကို အထူးလေးစားမှုပြဖို့လိုတယ်။”

အမေရိကန်ပြည်ထောင်စုမှ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှု

“အမေရိကန်ပြည်ထောင်စုသည် ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှုတွင် ဖွံ့ဖြိုးပြီးနိုင်ငံများကို ထိပ်ဆုံးမှဦးဆောင်လျက်ရှိသည်” ဟု ယူ.အက်စ်. သတင်းနှင့် ကမ္ဘာ့မှတ်တမ်း ကဆိုသည်။ အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ် ဆယ်ကျော်သက်တစ်သန်းခန့်သည် ကိုယ်ဝန်ရှိလာကြပြီး ၎င်းတို့အထဲမှ ၂၅ ရာခိုင်နှုန်းမှာ သားဦးမွေးပြီး နှစ်နှစ်အတွင်း ဒုတိယကလေးရရှိကြမည်ဟု ခန့်မှန်းသည်။ ဆယ်ကျော်သက်များ ကလေးမွေးဖွားသည့်ရာခိုင်နှုန်းသည် မက်ဆာချူးဆက်ပြည်နယ်တွင် အနိမ့်ဆုံး (၇.၂ ရာခိုင်နှုန်း) ရှိစဉ်၊ မစ္စစ္စပီပြည်နယ်တွင် အမြင့်ဆုံး (၂၀ ရာခိုင်နှုန်း) ရှိခဲ့ကြောင်း ၁၉၉၇ ခုနှစ် ကိန်းဂဏန်းက ဖော်ပြသည်။ ခြုံငုံကြည့်သော် အမေရိကန်ပြည်ထောင်စုတောင်ပိုင်းရှိ ဘိုင်ဘဲလ်ဘဲ့လ်ထ်ဟုခေါ်သောဒေသ၌ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်နှုန်း အမြင့်ဆုံးဖြစ်သည်။

ဘက်စုံအသုံးပြုနိုင်သော ရှားစောင်းမျိုး —⁠ဆီးချိုရောဂါကို အကျိုးပြု

ရှားစောင်းပင်ကို တောကန္တာရတွင်ပေါက်သောအပင်တစ်မျိုးဟုသာ လူအများယူမှတ်ကြသည်။ သို့သော် မက္ကဆီကိုမြို့၏သည်နယူးစ်တွင်ဖော်ပြသကဲ့သို့ ဘက်စုံအသုံးပြုနိုင်သော ရှားစောင်းပင်သည် သွေးထဲရှိသကြားဓာတ်ပမာဏ ကျဆင်းစေနိုင်သောဂုဏ်သတ္တိရှိသောကြောင့် ဆီးချိုဝေဒနာရှင်များက ယင်းကို အထူးစိတ်ဝင်စားကြခြင်းဖြစ်နိုင်သည်။ ဆီးချိုဝေဒနာရှင်များသည် ရှားစောင်းပင်ခြောက်၏အမှုန့်ဖြင့်ပြုလုပ်ထားသော အစားအစာများကို စားသုံးနိုင်ပြီး သွေးထဲတွင် သကြားဓာတ်ပမာဏ မြင့်တက်မှုမရှိကြောင်း သိပ္ပံပညာရှင်များတွေ့ရှိခဲ့ကြသည်။ ထိုအဖွဲ့၏ညှိနှိုင်းရေးမှူး အဲန်ကယ်လ် အာထူရို ကရဲန်ယို၏အဆိုအရ ရှားစောင်းပင်အမှုန့်ကိုစားသုံးသောအခါ ၎င်းသည် ရေပမာဏများစွာကို စုပ်ယူရာ ကိုယ်ခန္ဓာမှ သကြားဓာတ်ကိုစုပ်ယူသွားသည်ဟု ဆရာဝန်များကယုံကြည်ကြသည်။

အိန္ဒိယသမုဒ္ဒရာပေါ်တွင် လေထုညစ်ညမ်းခြင်း

မြောက်ပိုင်းအိန္ဒိယသမုဒ္ဒရာဧရိယာအတော်များများသည် မမျှော်လင့်ဘဲ လေထုညစ်ညမ်းမှုဒဏ်ကို အကြီးအကျယ်ခံရသည်ဟု မော်ဂန်ဝဲလ်ထ် နာရစ်ခ်ျတဲန်သတင်းစာကဆိုသည်။ ဆောင်းရာသီအတွင်း မုတ်သုန်လေသည် အာရှတောင်ပိုင်းနှင့် အာရှအရှေ့တောင်ပိုင်းတို့မှ ကျပ်ခိုး၊ ပြာမှုန့်၊ ဇီဝမှုန့်များ၊ သတ္တုဖုန်၊ နိုက်ထရိတ်နှင့် ကန့်ဒြပ်ပေါင်းများကို အိန္ဒိယသမုဒ္ဒရာပေါ်သို့ သယ်ဆောင်လာကြောင်း နိုင်ငံခြောက်နိုင်ငံမှ သုတေသီများကတွေ့ရှိခဲ့ကြသည်။ ၁၉၉၉၊ ဇန်နဝါရီလမှ မတ်လအထိ နှစ်မိုင်ခန့်မြင့်သော မြူလွှာထုက စတုရန်းမိုင်ပေါင်းလေးသန်းနီးပါးရှိဧရိယာကို ဖုံးလွှမ်းသွားခဲ့ရာ ကနေဒါနိုင်ငံ၏ကုန်းမြေစိုင်ထက် သာ၍ကြီးမားသည်။ “သိပ္ပံပညာရှင်များအဆိုအရ အာရှတိုက်တွင် တိုးများလာသော ညစ်ညမ်းပစ္စည်းပမာဏသည် လေထုကို အကြီးအကျယ်ညစ်ညမ်းစေပြီး ဒေသအလိုက်ကော ကမ္ဘာတစ်ဝန်းလုံးကိုပါ ထိခိုက်စေသည်” ဟုသတင်းစာကဆိုသည်။

ချော့ကလက်—⁠ကျန်းမာရေးအတွက် သင့်လျော်သလော

ချော့ကလက်သည် ကျန်းမာရေးအတွက် ကောင်းသည်ဟု အချို့ကဆိုကြောင်း ဂျပန်နိုင်ငံ နီဟွန်းခေဇိုင်ရှင်ဘွန်းသတင်းစာကဖော်ပြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ချော့ကလက်တွင် သွေးလွှတ်ကြောငယ် မာကျစ်ရောဂါနှင့် ကင်ဆာရောဂါကို တားဆီးရန်ထောက်ကူပေးသည့် ကိုကိုးပေါ်လီဖီနော ပါဝင်သောကြောင့်ဖြစ်သည်။ ထို့အပြင် ချော့ကလက်သည် ရောဂါပြီးစနစ်ကို ချိန်ညှိပေးရာ၌ထိရောက်မှုရှိပြီး ဖိစီးမှုဒဏ်မှ ကိုယ်ခန္ဓာကို ပြန်နာလန်ထူစေသည်ဟုဆို၏။ အီဘာရာကီ ခရစ်ယာန်တက္ကသိုလ်မှ ပါမောက္ခ ဟီရိုရှီကေ အီတာကူရာက ဤသို့ဆိုသည်– “ကိုကိုးစေ့များပြီး သကြားနှင့်ဆီနည်းနည်းသာပါသည့် အဆင့်မြင့်ချော့ကလက်သည် အထိရောက်ဆုံးဖြစ်သည်။” သို့သော် ခန္ဓာကိုယ်ကလိုအပ်သော “အစိမ်းရောင်၊ အဝါရောင်ဟင်းသီးဟင်းရွက်များနှင့် ပေါ်လီဖီနောအမျိုးမျိုးပါဝင်သော ပရိုတိန်းဓာတ်” ကိုစားသုံးဖို့အရေးကြီးကြောင်းကိုလည်း ပါမောက္ခဖြစ်သူက အလေးပေးဖော်ပြခဲ့သည်။

လူ့သက်တမ်း

အနာဂတ်သုတေသီများက လူ့သက်တမ်း ၁၀၀ ကျော်လာမည်ဟု မျှော်လင့်ကြသော်လည်း ၈၀ ကျော်ဖို့ပင် ခက်လှသည်။ ကနေဒါနိုင်ငံ၏ သည်ဂလုပ်ဘ်အဲန်မေးလ် သတင်းစာအရ ကျွမ်းကျင်သူများက ဤသို့ဆို၏– “ဆေးဘက်ဆိုင်ရာသုတေသီများက အိုမင်းခြင်းဖြစ်စဉ် ပြုပြင်ပြောင်းလဲသည့်နည်းလမ်းကို တွေ့ရှိပါမှ၊ အကုန်အကျနည်းနည်းဖြင့် ၎င်းကို လူအများရနိုင်အောင်ပြုပါမှ လူ့သက်တမ်း အကြီးအကျယ်တိုးတက်ပြောင်းလဲမှု ဖြစ်လာနိုင်မည်။ ထိုသို့မဖြစ်မချင်း ကျွန်ုပ်တို့၏ဘဝပုံစံကို မည်မျှတိုးတက်အောင်ပြုပါစေ၊ ဗီတာမင်မည်မျှစားသုံး၍ ဟော်မုန်းဓာတ် မည်မျှထိုးသွင်းပါစေ ကျွန်ုပ်တို့၏သက်တမ်း သိသိသာသာပြောင်းလဲလာမည်မဟုတ်ပါ။” လူ့သက်တမ်းနှင့်စပ်လျဉ်း၍ ယခင်နှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းအဆိုအရ နိုင်ငံပေါင်း ၁၉၁ နိုင်ငံတွင် ကနေဒါနိုင်ငံသည် အဆင့် ၁၂ ချိတ်သည်။ ခန့်မှန်းချက်အရ အမျိုးသားများအတွက် အသက် ၇၀၊ အမျိုးသမီးများအတွက် အသက် ၇၄ နှစ်အထိ အဖျားအနာမရှိ ကျန်းမာရေးကောင်းကြသည်။ ကျန်းမာရေးအကောင်းဆုံးနိုင်ငံဟု အသိအမှတ်ပြုခံရသော ဂျပန်နိုင်ငံတွင် နိုင်ငံသားတစ်ဦးသည် ၇၅ နှစ်ခန့် မဖျားမနာဘဲအသက်ရှင်ဖို့ မျှော်လင့်နိုင်သည်ဟု မှတ်တမ်းကဖော်ပြသည်။

ဧရာမမုတ်ကောင်များ၏ သင်္ချိုင်း

ကျောက်ဖြစ်ရုပ်ကြွင်း ဧရာမမုတ်ကောင် ၅၀၀ ကျော်ကို ပီရူးနိုင်ငံ၊ အက်စ်ကိုစတဲန်ဘိုမြို့၌ ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၁၂,၃၀၀ အမြင့်တွင် တွေ့ရှိခဲ့ကြရာ တချို့မှာ ဝန်းပတ်အလျား ၁၁ ပေနှင့် အလေးချိန်ပေါင် ၆၅၀ ရှိသည်ဟု အယ်လ် ဂိုမီစီယိုသတင်းစာက ဖော်ပြသည်။ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် အာသူရို ဘိုင်ဒူဇိုလာသည် ၎င်းမုတ်ကောင်အလွှာကြီးကို ပမ်းပတ်စ်မြို့နှင့် ကိုကာဘမ်ဘာမြို့အကြား အဝေးပြေးလမ်းမကြီးမှ မီတာအနည်းငယ်အကွာ၌ တွေ့ရှိခဲ့သည်။ ၎င်းအလွှာကြီးသည် နှစ်ပေါင်းများစွာ မြေပေါ်ပြန့်ကျဲနေခဲ့သော်လည်း ယခင်က မည်သူမျှအာရုံစိုက်မိခဲ့ကြဟန်မတူပေ။ ဤဧရာမမုတ်ကောင်များကို ရှာဖွေတွေ့ရှိခြင်းသည် အင်ဒီးစ်တောင်တန်းကို တစ်ချိန်က ရေလွှမ်းမိုးခဲ့သည်ဟူသောယူဆချက်ကို တိုး၍ခိုင်မာစေသည်။

“ကားသစ်” အနံ့အသက်

အဆောက်အအုံအတွင်း အပြီးသတ်မွမ်းမံမှုမှ ထွက်လာသော ဓာတုပစ္စည်းများသည် ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်ပြီး တစ်ခါတစ်ရံ ယင်းကို ဂျပန်နိုင်ငံတွင် “လူနာဆောင်လက္ခဏာစု” ဟု ခေါ်ဆိုကြသည်။ သို့သော် ကားသစ်များမှပစ္စည်းများသည် အဆိပ်အတောက်ဖြစ်စေသော အပြင်းစားဓာတုပစ္စည်းများကိုလည်း ထုတ်လွှတ်ပေးသည်ဟု သည်ဒေလီယိုမီအူရီသတင်းစာကဆို၏။ ကားအသစ်တစ်စီးကို စမ်းသပ်စစ်ဆေးကြည့်ရာဝယ် ကျန်းမာရေးနှင့် လူမှုဖူလုံရေးဌာနက နေအိမ်များအတွက် သတ်မှတ်ချက်ထက် ဥပဒ်ပေးသည့်ပစ္စည်း ၃၄ ဆခန့်ပါဝင်မှုရှိကြောင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ အိုဆာကီဦးစီးဌာနမှ သုတေသီများကတွေ့ရှိခဲ့ကြသည်။ ၎င်းကားကို တစ်နှစ်အသုံးပြုပြီးနောက်၌ပင် ဓာတုပစ္စည်းအဆင့်သည် ယာယီသတ်မှတ်ထားချက်အထက်တွင် ရှိနေဆဲဖြစ်သည်။ အမျိုးသားပြည်သူ့ကျန်းမာရေးဌာနမှ အိဝါအို ယူချီယာမာက ဤသို့ဖော်ပြသည်– “လူတစ်ဦးသည် ကားထဲတွင် အချိန်အတန်ကြာနေရသည့်အခါ သတိထားလျှင်ကောင်းမည်။” မည်သို့နည်း။ သူဤသို့ဆို၏– “ပြင်ပလေဝင်လာမည်ဆိုလျှင် ကားတစ်စီးသည် နေအိမ်တစ်လုံးထက် လေထွက်ရပိုလွယ်ကူနိုင်သည်။”

“‘လူဦးရေလွန်ကဲခြင်း’ ဒဏ္ဍာရီလော”

“အံ့အားသင့်ဖွယ်ဖြစ်ပုံရသော်လည်း ကမ္ဘာ့လူဦးရေ အားလုံးကို ယူ.အက်စ်. တက္ကဆက်ပြည်နယ်တွင် နေရာထိုင်ခင်းစီစဉ်ပေးနိုင်ကြောင်း” ဗိုက်တဲလ်လတီမဂ္ဂဇင်းကဆို၏။ ဆောင်းပါးအရ ကုလသမဂ္ဂ၏လက်ရှိကမ္ဘာ့လူဦးရေခန့်မှန်းချက်မှာ သန်းခြောက်ထောင်ခန့်ရှိပြီး တက္ကဆက်ပြည်နယ်တွင် ကုန်းမြေဧရိယာ စတုရန်းမိုင်ပေါင်း ၂၆၂,၀၀၀ ခန့်ရှိသည်ဟူ၏။ သို့ဖြစ်၍ လူတစ်ဦးလျှင် နေစရာမြေ စတုရန်းပေ ၁,၂၁၇ ပေကျော်ရှိမည်ဖြစ်သည်။ “ထို့ကြောင့် လူငါးဦးရှိသောမိသားစုတစ်ခုသည် နေစရာမြေ စတုရန်းပေ ၆,၀၈၅ ပေကျော်ကျော်ရရှိပေမည်။ ယင်းသည် တက္ကဆက်ပြည်နယ်၌ပင် တကယ့်အိမ်ကြီးရာကြီးဖြစ်မည်” ဟုဗိုက်တဲလ်လတီကဆိုသည်။ “ထိုအတောအတွင်း ကျန်သည့်ကမ္ဘာ့မြေနေရာသည် ဗလာနတ္ထိဖြစ်၍ လူသားအားလုံး၏ လယ်ယာစိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေး၊ ပညာရေးနှင့် အပန်းဖြေလုပ်ငန်းများအတွက် အသုံးပြုနိုင်မည်တည်း!”

သက်ကြီးရွယ်အိုများကို အိမ်တွင်းအကြမ်းဖက်မှု

“ပစ္စည်းဥစ္စာဆိုင်ရာအငြင်းပွားမှုများသည် သက်ကြီးရွယ်အိုများကို အိမ်တွင်းအကြမ်းဖက်မှု အများဆုံးဖြစ်စေသည့် အကြောင်းရင်းတစ်ခုဖြစ်လာသည်” ဟုအို အက်စ်တာဒို ဒီ ဆောပိုလိုသတင်းစာကဆို၏။ ၁၉၉၁ နှင့် ၁၉၉၈ ခုနှစ်အကြား၊ ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့တွင် ရဲတိုင်ကြားချက်များကို လေ့လာဆန်းစစ်ကြည့်ရာ အမှု ၄၇ ရာခိုင်နှုန်းတွင် ဆွေမျိုးများဖြစ်သည့် သားသမီးများ၊ မြေးများနှင့် ၎င်းတို့၏အိမ်ထောင်ဖက်များပါဝင်ကြောင်း ဖော်ပြသည်။ “အများအားဖြင့် သက်ကြီးရွယ်အိုများအသက်ရှင်ဆဲအချိန်၌ ၎င်းတို့၏ပစ္စည်းကိုလွှဲပြောင်းပေးဖို့ သို့မဟုတ် သူ၏ပိုင်ဆိုင်ရာများကို ဆွေမျိုးများအကြားခွဲဝေပေးဖို့ ကြိုးပမ်းခြင်းတို့ကြောင့် ကာယရေးနှင့် စိတ်ဓာတ်ရေးအကြမ်းဖက်မှုတို့ဖြစ်ရသည်” ဟုအစိုးရရှေ့နေ ဂျဝါး အက်စ်တာဗို ဒါ ဆီးလ်ဗားကဆိုခဲ့သည်။ တစ်ခါတစ်ရံ ငွေရေးကြေးရေးကြောင့်လည်း အစိုးရဆေးရုံများနှင့် လူအိုရုံများတွင် အကြင်နာမဲ့စွာစွန့်ပစ်ခံရကြ၏။ “ဆင်းရဲခြင်းကြောင့် သက်ကြီးရွယ်အိုများသည် ဝန်ထုပ်ဖြစ်လာကြပြီး ယင်းက အိမ်တွင်းရေးတင်းမာမှုများဖြစ်စေသည်” ဟု ဆီးလ်ဗားက ရှင်းပြခဲ့သည်။