မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကြမ်းတမ်းသောလုပ်သားနှင့် နူးညံ့သောလက်ရာ

ကြမ်းတမ်းသောလုပ်သားနှင့် နူးညံ့သောလက်ရာ

ကြမ်းတမ်းသောလုပ်သားနှင့် နူးညံ့သောလက်ရာ

ယင်းကြောင့် စန္ဒရားမှ တေးသံထွက်ပေါ်၏၊ ဂျက်လေယာဉ်များက လေထုမြည်ဟည်းသံထွက်ပေါ်စေ၏၊ လက်ပတ်နာရီများ စက်သံတချက်ချက်မြည်၏၊ မော်တာစက်များ တဝီဝီမြည်၏၊ မိုးမျှော်တိုက်ကြီးများ မိုးထိုးရ၏၊ ကြိုးတံတားများ တွဲလွဲဆွဲနေရ၏။ ယင်းသည် အဘယ်နည်း။

ယင်းသည် သံမဏိတည်း။ သံမဏိသည် ဆောက်လုပ်ရေးလုပ်ငန်းကြီးများ၏ အဓိကအပိုင်းဖြစ်သည်။ ယင်းနှင့်ပြုလုပ်သော ဧရာမသင်္ဘောများသည် သမုဒ္ဒရာအားလုံးကိုဖြတ်ကူးသည်။ ယင်းနှင့်ပြုလုပ်သောပိုက်များသည် ဝေးလံသောတွင်းများမှ လောင်စာဆီများနှင့် ဓာတ်ငွေ့များကို သယ်ယူပို့ဆောင်ပေး၏။ သို့သော် စွယ်စုံသုံးနိုင်သည့်ယင်းဒြပ်ဝတ္ထုသည် ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် နောက်ထပ်နည်းလမ်းများစွာဖြင့် ပါဝင်ပတ်သက်နေသည်။ ဥပမာ၊ အလုပ်သွားဖို့ သင်စီးသည့် ဘတ်စကားမှ သံမဏိခွေပတ်ထားသောတာရာများ သို့မဟုတ် သင့်တိုက်ခန်းရှိဓာတ်လှေကားကို အတက်အဆင်းလုပ်ပေးသောသံမဏိကြိုးကို သုံးသပ်ကြည့်ပါ။ သင့်မျက်မှန်မှ သံမဏိပတ္တာများနှင့် လက်ဖက်ရည်ဖျော်သည့် သံမဏိဇွန်းကော အသို့နည်း။ တာရှည်ခံပြီး အနုစိတ်သောဤသတ္တု အသုံးဝင်မှုထောင်နှင့်ချီရှိ၏။ ယင်းကိုမည်သို့ပြုလုပ်ပြီး အဘယ်အရာက အလွန်အသုံးဝင်စေသနည်း။

ကာဗွန်နှင့် ပုံဆောင်ခဲများ

သံမဏိသည် အသွင်မတူသည့် အရာနှစ်မျိုး—⁠သံနှင့် ကာဗွန်—⁠ရောနှောထားသည့် သတ္တုတစ်မျိုးဖြစ်သည်။ သံအစစ်သည် သတ္တုအများစုနှင့်ယှဉ်လိုက်လျှင် ပိုပျော့သောကြောင့် အကြမ်းသုံးပစ္စည်းများအတွက် မသင့်တော်ချေ။ ကာဗွန်သည် သတ္တုမဟုတ်ချေ။ စိန်များနှင့် ကျပ်ခိုးတို့သည် ဤဒြပ်စင်၏ပုံစံကွဲများသာ ဖြစ်ကြသည်။ သို့သော် ကာဗွန်အနည်းငယ်ကို သံရည်ပူနှင့်ရောစပ်လိုက်လျှင် ကာဗွန်နှင့်အလွန်ကွဲပြားပြီး သံထက်ပို၍ခိုင်ခံ့သည့် ဒြပ်ဝတ္ထုတစ်မျိုးဖြစ်လာသည်။

သံမဏိပြုလုပ်ရေးအတွက် သော့ချက်မှာ ပုံဆောင်ခဲဟုခေါ်သည့်အရာဖြစ်သည်။ သံသည် ပုံဆောင်ခဲများဖြင့် ပေါင်းစပ်ထားကြောင်း သင်သိပါသလော။ * စင်စစ်အားဖြင့် သတ္တုခဲအားလုံးသည် ပုံဆောင်ခဲများဖြစ်ကြပြီး ယင်းပုံဆောင်ခဲက အလုပ်ဖြစ်စေသည့်အစွမ်း၊ တောက်ပြောင်ခြင်းနှင့် အခြားဂုဏ်သတ္တိများရှိစေသည်။ သို့သော် သံပုံဆောင်ခဲများတွင် နောက်တစ်ဆင့်ပိုသည်။

သံမဏိအပေါ်အကျိုးသက်ရောက်မှု

သံမဏိကိုပြုလုပ်သောအခါ သံရည်ပူကို အခြားပစ္စည်းများနှင့် ရောစပ်ရ၏။ ဤဒြပ်နှောအေးခဲလာသည်နှင့်အမျှ သံသည် အခြားသတ္တုများကို ပျက်ပြယ်စေရာ စင်စစ်အားဖြင့် ၎င်းတို့ကိုစုပ်ယူလိုက်ပြီး ပုံဆောင်ခဲအစုအစည်းများအတွင်း၌ ရှိနေစေသည်။ အခြားသတ္တုများလည်း အလားတူပင်လုပ်ဆောင်သည်။ သံနှင့်ပတ်သက်၍ အဘယ်အရာသည် အလွန်ထူးခြားသနည်း။

ပုံဆောင်ခဲအစုအစည်းသည် အစိုင်အခဲအဖြစ်ရှိနေစဉ်ပင် အပူဖြင့် ပြောင်းလဲနိုင်သောကြောင့် သံသည် ထူးခြားသည်။ ယင်းထူးခြားသောဂုဏ်ရည်ကြောင့် သံပုံဆောင်ခဲများကို အခေါင်းပိတ်ပုံစံမှ အခေါင်းဖွင့်ပုံစံသို့၊ တစ်ဖန် အခေါင်းပိတ်ပုံစံသို့ ပြောင်းလဲနိုင်ခြင်းဖြစ်သည်။ သင့်ဧည့်ခန်း၌ထိုင်နေစဉ် ဘေးတိုက်ရွေ့လျားသည့်နံရံများနှင့် အထက်အောက်ရွေ့လျားသည့်ကြမ်းခင်းတို့ဖြင့် ကောင်းစွာဆောက်လုပ်ထားသည့်အိမ်တစ်လုံးကို မြင်ယောင်ကြည့်ပါ။ သတ္တုကို အရည်ကျိုခြင်းနှင့် အအေးခံခြင်းမပြုဘဲ မြင့်မားသောအပူချိန်ဖြင့် အပူပေးသောအခါ သံပုံဆောင်ခဲအတွင်းပိုင်းတွင် အထက်ပါနည်းနှင်နှင်ပင်ဖြစ်ပျက်၏။

ယင်းပြောင်းလဲမှုများဖြစ်ပေါ်သောအခါ ကာဗွန်ရှိနေမည်ဆိုလျှင် မာကျောသောသတ္တုစပ်သည် ပျော့ပျောင်းလာနိုင်သည် သို့မဟုတ် ပျော့ပျောင်းရာမှ မာကျောလာနိုင်၏။ သံမဏိထုတ်လုပ်သူများသည် ယင်းကိုအခွင့်ကောင်းယူကာ အမြန်အအေးခံခြင်း၊ မီးပူပေးခြင်းနှင့် မီးတင်ခြင်းအစရှိသည့် အပူပေးခြင်းတို့ဖြင့် ၎င်းတို့ထုတ်လုပ်သည့်ပစ္စည်း၏မာကျောမှုကို ပြုပြင်ကြသည်။ * သို့သော် ထို့ထက်မကရှိသေး၏။

အခြားဒြပ်စင်များ—⁠မဂ္ဂနီ၊ မိုလစ်ဒီနမ်၊ နီကယ်၊ ဗနေဒီယမ်၊ ဆီလီကွန်၊ ခဲ၊ ခရိုမီယမ်၊ ဗိုရွန်၊ တန်စတင် [အဖြိုက်]၊ သို့မဟုတ် ကန့်စသည်တို့—⁠ကိုရောစပ်သောအခါ သံမဏိသည် မာကျောရုံ၊ ပျော့ပျောင်းရုံသာမက ခိုင်ခံ့လာ၏၊ တောင့်တင်းလာ၏၊ ပျော့အိလာ၏၊ ဓာတ်ပြု၍စားခြင်းဒဏ်ခံနိုင်လာ၏၊ စက်တွင်တပ်ဆင်နိုင်လာ၏၊ ပြုပြင်လွယ်လာ၏၊ သံလိုက်သတ္တိရှိလာ၏၊ သံမလိုက်သည့်သတ္တိရှိလာ၏—⁠စာရင်းပြုဖော်ပြရလျှင် ယင်းထက်မကရှိသေးသည်။ မုန့်ဖုတ်သမားက မုန့်အမျိုးမျိုးလုပ်ရန် ပါဝင်သည့်အရာများနှင့် ဒယ်အိုးအပူအအေးကို ပြောင်းလိုက်သကဲ့သို့ပင် သတ္တုထုတ်လုပ်သူများသည် အမျိုးမျိုးသော သတ္တုနှောများနှင့် အပူပေးနည်းများဖြင့် အစုံသုံးနိုင်သည့် ပြိုင်ဘက်ကင်းသံမဏိအမျိုးမျိုးကို ပြုလုပ်နိုင်ပါသည်။ သံမဏိရထားလမ်းများသည် တန်ချိန် ၁၂,၀၀၀ လေးသော ကုန်တင်ရထားများကိုခံနိုင်ပြီး အပ်ခေါင်းအရွယ်ရှိသောသံမဏိသည် လက်ပတ်နာရီ၏ချိန်ဘီးကို ထောက်မထားနိုင်သည်။

သံမဏိပြုလုပ်ခြင်း—⁠နည်းဟောင်းနှင့် နည်းသစ်

လွန်ခဲ့သောရာစုနှစ်များက သတ္တုလုပ်သားများသည် သံကို ကိရိယာတန်ဆာပလာများနှင့် လက်နက်များအဖြစ်ပြုလုပ်ခဲ့ကြသည်။ အရည်ကျိုထားသောသံ (သတ္တုရိုင်းဟုခေါ်သော တွင်းထွက်ကျောက်များမှခွဲထုတ်ထားသောသံ) တွင် သတ္တုကိုခိုင်ခံ့မာကျောစေသည့် မသန့်စင်သောအရာများရှိကြောင်း တွေ့ရှိခဲ့ကြသည်။ သံကိရိယာတစ်ခုကို ရေတွင် အမြန်အအေးခံခြင်းဖြင့် ပို၍ပင်မာကျောစေကြောင်းကိုလည်း သိရှိခဲ့ကြသည်။ ယနေ့ ဧရာမမီးဖိုကြီးများသည် ပန်းပဲသမားများ၏မီးဖိုကို အစားထိုးလိုက်ပြီဖြစ်သည်; ဧရာမဘီးတပ်ကြိတ်စက်များသည် တူနှင့်ပေတို့ကို အစားထိုးလိုက်ပြီ။ သို့သော် ခေတ်သစ်လုပ်ထုံးများသည် ခေတ်ဟောင်းပန်းပဲလုပ်နည်းများအတိုင်းပင် အခြေခံကျသောအဆင့်များကို လုပ်ဆောင်ရ၏။ သူတို့သည် (၁) သံကိုအရည်ကျိုရ၏၊ (၂) ဒြပ်ဝတ္ထုများနှင့် ရောစပ်ရ၏၊ (၃) သံမဏိကိုအအေးခံ၏၊ (၄) ယင်းကိုပုံစံပြုပြီး အပူပေးရ၏။

ကပ်လျက်ရှိလေးထောင့်ကွက်ပါ အရေအတွက်များကို မှတ်သားပါ။ ၎င်းတို့သည် မှတ်သားဖွယ်ကောင်းသော်လည်း သံမဏိစက်ရုံတစ်လုံးသည် တစ်ရက်တည်းဖြင့် ယင်းတို့အားလုံးကို လုပ်ဆောင်နိုင်၏။ အလုပ်ရုံသည် သံမဏိပြုလုပ်ရေးအတွက်လိုအပ်သည့် သတ္တုမြောက်မြားစွာပုံထားရာတွင် နေရာကျယ်ကြီးတည်ရှိသည်။

အံ့ဖွယ်သတ္တုသည် အသွင်များစွာဆောင်

သံမဏိ၏အသုံးဝင်မှုကို နေရာများစွာ၌ ထူးထူးခြားခြားတွေ့မြင်ရသည်။ စန္ဒရားကြီးတစ်ခုတွင် တချို့ကိုတွေ့မြင်ရပါလိမ့်မည်။ ယင်းတွင် အခိုင်ခံ့ဆုံးသံမဏိဖြင့်ပြုလုပ်ထားသော တူရိယာနန်းကြိုးရှိပြီး သာယာသောတေးသံကို ထွက်ပေါ်စေ၏။ ဟက်ဒ်ဖီးလ်ဒ်မဂ္ဂနီသံမဏိကို ဧရာမကျောက်ခွဲစက်များပြုလုပ်ရာတွင် အသုံးပြုကြပြီး ယင်းသည် ကျောက်လုံးကြီးများကို ပိုမိုပြင်းပြင်း ကြိတ်ခွဲလေလေ သံမဏိသည် ပိုမိုမာကျောလာလေလေဖြစ်၏။ သံချေးမတက်သောသံမဏိကို ခွဲစိတ်ကုဆရာဝန်သုံးဓားများ၊ ဝိုင်စည်များနှင့် ရေခဲမုန့်လုပ်စက်များအဖြစ်သို့ ပုံစံပြု၏။ သင့်ခေါင်းပေါ်မှဆံပင်များကဲ့သို့ပင် သံမဏိ၏အသုံးဝင်မှုများကို ရေတွက်ဖို့ခက်ခဲသည်။

ကမ္ဘာတစ်ဝန်းတွင် တစ်နှစ်လျှင် သံမဏိတန်ချိန် ၈၀၀,၀၀၀,၀၀၀ နီးပါးထုတ်လုပ်လျက်ရှိကြသည်။ ကမ္ဘာမြေပေါ် အများဆုံးတည်ရှိသည့်ဒြပ်စင်များအနက်တစ်ခုဖြစ်သော သံမရှိဘဲနှင့် သံမဏိရှိမည်မဟုတ်ချေ။ မီးသွေးနှင့် ထုံးကျောက်တို့ များစွာရရှိနိုင်သောကြောင့် သံမဏိများကို အနာဂတ်အထိ ဖောဖောသီသီရရှိနိုင်ဦးမည့်ပုံရှိသည်။

ထို့ကြောင့် နောက်တစ်ခေါက် သတ္တုအပ်တစ်ချောင်းဖြင့် သီသည့်အခါဖြစ်စေ၊ ငါးမျှားတံဖြင့် ငါးမျှားသည့်အခါဖြစ်စေ၊ သို့မဟုတ် နောက်တစ်ခေါက် ခွရှင်အသုံးပြုသည့်အခါဖြစ်စေ၊ သံဝင်းတံခါးကိုဖွင့်သည့်အခါဖြစ်စေ၊ သို့မဟုတ် နောက်တစ်ခေါက် မော်တော်ကားတစ်စီးဖြင့် ခရီးသွားသည့်အခါဖြစ်စေ၊ လယ်ကွင်း၌ ထွန်ယက်သည့်အခါဖြစ်စေ သံနှင့်ကာဗွန်နှောထားသည့်သတ္တု၏ အံ့ဖွယ်အသုံးဝင်မှုကို စဉ်းစားကြည့်ပါလေ။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 6 ပုံဆောင်ခဲသည် အက်တမ်အစီအစဉ်ကိုပုံမှန်ပြန်စီပေးသည့် ဒြပ်စင် သို့မဟုတ် အခဲအခြေအနေတွင်ရှိ ဒြပ်ပေါင်းတစ်ခု၏ ယူနစ်တစ်ခုဖြစ်သည်။

^ အပိုဒ်၊ 10 အမြန်အအေးခံခြင်းသည် မြင့်မားသောအပူချိန်မှ ရုတ်ခြည်းအေးစေခြင်းဖြစ်သည်။ မီးပူပေးခြင်းနှင့် မီးတင်ခြင်းတို့တွင် တဖြည်းဖြည်းအအေးခံခြင်းပါဝင်သည်။

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]

သံမဏိ တန်ချိန် ၁၀,၀၀၀ ပြုလုပ်ရန် လိုသည့်ဒြပ်ဝတ္ထုများ

မီးသွေးတန်ချိန် ၆,၅၀၀

သတ္တုရိုင်းတန်ချိန် ၁၃,၀၀၀

ထုံးကျောက်တန်ချိန် ၂,၀၀၀

သံမဏိအတိုအစတန်ချိန် ၂,၅၀၀

ရေဂါလံ ၄၀၀,၀၀၀,၀၀၀

လေတန်ချိန် ၈၀,၀၀၀

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သံမဏိပြုလုပ်ပုံ

အမြင်ရှင်းစေရန် အသေးစိတ်အချက်အလက်တချို့ကို ချန်လှပ်ထားသည်

သံမဏိပြုလုပ်ရာတွင် အပူလိုအပ်သည်။ သာမိုမီတာတစ်ခုကို ကျွန်ုပ်တို့၏ လမ်းညွှန်မှတ်တိုင်အဖြစ် သုံးကာ သံမဏိလုပ်ပုံလုပ်နည်းကို အပြီးသတ်သည့်အထိ လိုက်ကြည့်ကြစို့။

၂၅၀၀ °F။ လေလုံသောအခန်းများ၌ မီးပေါင်းဖိုကြီးများတွင် ကျောက်မီးသွေးကို ဖုတ်ကာ အပိုင်းအစများကို မလောင်ကျွမ်းစေဘဲ အလိုမရှိသော ဒြပ်ဝတ္ထုကို အငွေ့ပြန်စေကြ၏။ မီးဖုတ်ပြီးသော ကုတ်မီးသွေးဟုခေါ်သည့် ကျပ်ခိုးတုံးများထွက်လာပြီး ယင်းတို့သည် နောက်ပိုင်းတွင် လိုအပ်မည့်အပူနှင့် ကာဗွန်တို့ကို ထုတ်လုပ်ပေးသည်။

၃၀၀၀ °F။ မီးဖုတ်ပြီးသော ကျောက်မီးသွေး၊ သံသတ္တုရိုင်းနှင့် ထုံးကျောက်တို့ကို ပေ ၂၅၀ မြင့်သော လေမှုတ်ဖိုထဲသို့ ကျဆင်းသွားကာ မီးတောက်ကြီးနှင့် အလွန်ပူပြင်းသော လေပူထဲတွင်ဖြစ်၏။ မီးဖုတ်ပြီးသော ကျောက်မီးသွေးမှာလောင်ကျွမ်းပြီး ပြင်းထန်လှသောအပူရှိန်တွင် သတ္တုရိုင်းတွင်ပါရှိသည့် အလိုမရှိသောဒြပ်ဝတ္ထုသည် ထုံးကျောက်နှင့်ပေါင်းစပ်ကာ ချော်ခဲဟုခေါ်သည့် ဘေးထွက်ပစ္စည်းအဖြစ် ပုံစံပြောင်းပေး၏။ ဒြပ်ဝတ္ထုများသည် အရည်ပျော်ပြီး မီးဖို၏အောက်ပိုင်းသို့ ရောက်ရှိသွား၏။ သံရည်ပေါ်တွင် ပေါလောမျောနေသောချော်ခဲကို ဖယ်ရှားပစ်ရန် အိုးကြီးတစ်လုံးထဲသို့ စုလိုက်သည်။ သံရည်သည် စည်ပိုင်းကြီးများထဲသို့ စီးဝင်သွားကာ နောက်တစ်နေရာသို့ ရောက်ရှိသွား၏။

၃၀၀၀ °F။ ဂရုတစိုက်အမျိုးအစားခွဲထားသည့် သတ္တုအတိုအစတန်ချိန် ၉၀ ကိုအခြေခံအောက်ဆီဂျင်မီးဖိုဟုသိရှိကြသည့် ပေ ၃၀ မြင့်သောသစ်တော်သီးသဏ္ဌာန်အိုးထဲသို့ ပစ်ထည့်လိုက်၏။ ယောက်ချိုဇွန်းကြီးတစ်ခုဖြင့် သံရည်ကိုသတ္တုအစအနပေါ် လောင်းထည့်လိုက်ရာ မီးပွားများပန်းထွက်လာစဉ် မှုတ်ပြွန်ဟုခေါ်သည့် အအေးခံပြွန်ကို အိုးထဲသို့ နှိမ့်ချပေးလိုက်၏။ မှုတ်ပြွန်မှ သန့်စင်ထားသောအောက်စီဂျင်သည် အရှိန်ပြင်းပြင်းဖြင့် ပန်းထွက်လာ၏၊ မကြာမီ ပူပြင်းသောမီးဖိုပေါ်မှ ဟင်းရည်ပမာ သတ္တုသည် ပွက်ပွက်ဆူ၏။ ဓာတ်ပြုမှုများဖြစ်ပေါ်လာ၏။ တစ်နာရီမကြာလိုက်ပါ၊ မီးဖိုကြီးသည် ယင်း၏အလုပ်ကို လက်စသတ်လိုက်၏၊ ထို့နောက် အလွန်ပူပြင်းသောသံမဏိရည်တန် ၃၀၀ ကို သယ်ပို့ပေးသည့်ယောက်ချိုဇွန်းကြီးများဆီသို့ လောင်းထည့်လိုက်၏။ သတ္တုစပ်များကိုထပ်ဖြည့်လိုက်သည်။ မီးကဲ့သို့တောက်လောင်သောအရည်သည် သွန်းစက်များဆီသို့ စီးဝင်သွား၏။ သံမဏိသည် စ၍ပုံစံပေါ်လာသည်။

၂၂၀၀ °F။ နီရဲပူပြင်းသောသံမဏိကို လိုအပ်သည့်အထူမရမချင်း လှိမ့်တုံးကြီးများဖြင့် ကျစ်လျစ်သည်ထက်ကျစ်လျစ်အောင် ညှစ်ကြိတ်သည်။ ဤသို့ ပြင်းပြင်းထန်ထန်လုပ်ဆောင်မှုသည် သတ္တုကိုမာသည်ထက်မာလာစေကာ နောက်ထပ် ပုံစံသွင်း၍မရသည့်အထိဖြစ်လာသည်။ မီးပြန်လှိမ့်တုံးကြီးများသည် ယင်းကိုပိုပျော့ပျောင်းကွေးညွတ်စေ၏။

အခန်းအပူချိန်။ သံမဏိကို ပုံသွင်း၊ ဖြတ်တောက်၊ အပူပေး၊ အအေးခံပြီး ချဉ်ရည်စိမ် (အက်ဆစ်ဖြင့်သန့်စင်) ရ၏။ ယင်းကို အထပ်ထပ်အပူပြန်ပေးပြီး နောက်ဆုံးတွင် အပူချိန်ကိုအပြီးချလိုက်၏။ သံမဏိရည် သို့မဟုတ် သံပူသည် သံမဏိချပ်များဖြစ်လာသည်။ မကြာမီ သတ္တုအလုပ်ရုံသည် ယင်းကိုရုံးအဆောက်အဦတစ်ခုအတွက် ပုံသွင်းလိုက်သည်။

သံမဏိစက်၏ အဓိကအစိတ်အပိုင်းများကို အလားတူသတ္တုဖြင့်ပြုလုပ် ထားခြင်းကြောင့် ၎င်းတို့လည်ပတ်လုပ်ဆောင်နေကြစဉ် အဘယ်ကြောင့် အရည်မပျော်သနည်း။ မီးဖိုကြီးများ၊ စည်ကြီးများနှင့် ပြွန်များ၏ အတွင်းမျက်နှာပြင်များကို အရည်မပျော်နိုင်သည့်၊ သို့မဟုတ် အပူခံပစ္စည်း တို့ဖြင့်ပြုလုပ်သော အုတ်များ ခံထားသောကြောင့်တည်း။ သုံးပေထူသည့် ဤအခံသည် အခြေခံအောက်စီဂျင်မီးဖိုကို ကာကွယ်ပေးသည်။ သို့သော် ယင်း အုပ်ချပ်များသည်လည်း ပူပြင်းလွန်းလှသောအပူဒဏ်ကိုခံရကြရာ ပုံမှန်အစားထိုးပေးရသည်။

[ပုံကြမ်း]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

၁။ သံကျိုချက်ခြင်း

၂၅၀၀°F ကျောက်မီးသွေး → ကျောက်မီးသွေးပေါင်းဖိုများ

 

၃၀၀၀°F သံသတ္တုရိုင်း → သံရည်ကြို

ထုံးကျောက် → မီးဖိုကြီး

သံရည်

၂။ သံမဏိကျိုချက်ခြင်း

၃၀၀၀°F သံတိုသံစ → အခြေခံ

ထုံး နှင့် ချော်စာ → အောက်စီဂျင်

အောက်ဆီဂျင် → မီးဖို

၃။ အအေးခံခြင်း

အဆက်မပြတ်သွန်းခြင်း

သတ္တုတုံးကြီး

သတ္တုတုံးသေး

သတ္တုချပ်

၄။ အပြီးသတ်ခြင်း

၂၂၀၀°F သံမဏိလှိမ့်တုံး (သဲခုံတာများ သို့မဟုတ် ရက်မများ)

သွပ်ရည်စိမ်ခြင်း

အအေးခံလှိမ့်တုံး

အပူပေးလှိမ့်တုံး

အခန်းအပူချိန်

[ရုပ်ပုံများ]

လူ့အရွယ်အစားကို သတိပြုပါ

[Picture Credit Line on page 23]

All photos on pages 23-5 except watch: Courtesy of Bethlehem Steel