မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်သည် ကျွန်ကုန်ကူးခြင်းကို ခွင့်ပြုခဲ့သလော

ဘုရားသခင်သည် ကျွန်ကုန်ကူးခြင်းကို ခွင့်ပြုခဲ့သလော

သမ္မာကျမ်းစာရှုထောင့်

ဘုရားသခင်သည် ကျွန်ကုန်ကူးခြင်းကို ခွင့်ပြုခဲ့သလော

မဲနက်ပြီး ချွေးတဒီးဒီးကျနေသော ကိုယ်လုံးများဖြင့် လေးလံလှသော ကုန်စည်ထုပ်ကြီးများကို ထမ်းနေကြသည်။ ညှာတာမှုမရှိသော ကြီးကြပ်သူများက ကြာပွတ်များဖြင့် အတင်းခိုင်းစေနေကြသည်။ အော်ဟစ်ငိုယိုနေကြသည့် ကလေးများကို မျက်ရည်ကျနေသည့် မိခင်များ၏လက်မှ အတင်းလုယူပြီး အမြင့်ဆုံးဈေးဖြင့် လေလံဆွဲသူများထံ ရောင်းချနေကြသည်။ ယင်းတို့သည် ကျွန်ဘဝအကြောင်း စဉ်းစားကြည့်လိုက်လျှင် စိတ်ကူးထဲပေါ်လာသည့် စက်ဆုပ်ဖွယ်ကြမ်းကြုတ်သည့် ပုံရိပ်များတည်း။

များစွာသော ကျွန်ကုန်ကူးသူများနှင့် ကျွန်ပိုင်ရှင်များသည် ဘာသာရေးအလွန်ကိုင်းရှိုင်းသူများဖြစ်ကြသည်ဟု ဆိုကြခြင်းမှာ တလွဲဖြစ်နေပါသည်။ သမိုင်းဆရာ ဂျိမ်းစ် ဝေါလ်ဗင်က ဤသို့ရေးသားခဲ့သည်– “သူတို့၏ကျွန်ကုန်ကူးသည့်သင်္ဘောများကို ရွက်လွှင့်ပြီး ကမ္ဘာသစ် [တောင်နှင့် မြောက်အမေရိကတိုက်] ဆီသို့ဦးတည်ကြစဉ် အာဖရိကတိုက်ရှိ လုပ်ငန်းမှ အကျိုးအမြတ်ရရှိပြီး ဘေးကင်းရေးအတွက် ကျေးဇူးတော်ချီးမွမ်းကာ မိမိကောင်းချီးရရေးအတွက် သခင်ကိုချီးမွမ်းခဲ့ကြသည့် ဥရောပတိုက်သားများနှင့် အမေရိကန်လူမျိုးများ ရာနှင့်ချီရှိခဲ့ကြသည်။”

ဘုရားသခင်သည် ကျွန်ကုန်ကူးမှုကို ခွင့်ပြုသည်ဟုပင် လူတချို့ အခိုင်အမာဆိုခဲ့ကြသည်။ ဥပမာ၊ ၁၈၄၂ ခုနှစ်၊ မက်သဒစ် ပရိုတက်စတင့်ချာ့ခ်ျ အထွေအထွေညီလာခံတွင် အလက်ဇန္ဒား မက်ကိန်းက မိန့်ခွန်းပြောကြားရာ၌ ကျွန်ပြုမှုထုံးနည်းကို “ဘုရားသခင်ကိုယ်တိုင် ပြဋ္ဌာန်းခဲ့သည်” ဟုထုတ်ဖော်ပြောဆိုခဲ့သည်။ မက်ကိန်း မှန်ကန်ခဲ့သလော။ မက်ကိန်းခေတ်မှ ကျွန်ကုန်ကူးမှုတွင် ဖြစ်လေ့ရှိခဲ့သည့် ပြန်ပေးဆွဲခြင်း၊ မိန်းကလေးများကိုအဓမ္မပြုကျင့်ခြင်း၊ မိသားစုများကို အညှာအတာမဲ့ခွဲခွာစေခြင်းနှင့် ရက်ရက်စက်စက်ရိုက်နှက်ခြင်းတို့ကို ဘုရားသခင်သဘောတူခွင့်ပြုခဲ့ပါသလော။ ထို့ပြင် ယနေ့ ခက်ထန်ကြမ်းတမ်းသည့် အခြေအနေများအောက် ကျွန်များအဖြစ် အတင်းအကျပ်စေခိုင်းခံနေကြရသူ သန်းနှင့်ချီသူများကော အသို့နည်း။ လူမဆန်သည့် ထိုသို့သောပြုမူဆက်ဆံမှုများကို ဘုရားသခင် ခွင့်ပြုပါသလော။

ကျွန်ဘဝနှင့် ဣသရေလလူမျိုး

“လူသည် တစ်ဦးပေါ်တစ်ဦး အကျိုးနစ်နာအောင် အုပ်စိုးလာခဲ့ကြ၏” ဟုသမ္မာကျမ်းစာက ဖော်ပြထားသည်။ (ဒေ. ၈:၉ကဘ) လူတို့ဖန်တီးခဲ့ကြသော ဖိနှိပ်ချုပ်ချယ်သည့် ကျွန်ပြုမှုပုံစံများသည် ယခုအချိန်တွင် ပို၍ပင်ထင်ရှားလျက်ရှိ၏။ ယေဟောဝါဘုရားသခင်သည် ကျွန်ခံနေရသူတို့ကို ခွဲခြားမဆက်ဆံပါလေ။

ဥပမာအနေနှင့် ဣသရေလလူမျိုးကြုံခဲ့သည့် အခြေအနေကို သုံးသပ်ကြည့်ပါ။ အီဂျစ်လူမျိုးတို့သည် “သရွတ်နှင့်အုတ်လုပ်သောအမှု၊ လယ်လုပ်သောအမှုအမျိုးမျိုး၌ ခဲယဉ်းစွာစေခိုင်း၍ အလွန်ဆင်းရဲပင်ပန်းစေကြ၏။ စေခိုင်းလေရာရာ၌လည်း ခဲယဉ်းစွာစေခိုင်းကြ၏။” ဣသရေလလူမျိုးတို့သည် “အစေကျွန်ခံရသောကြောင့် ညည်းတွားငိုကြွေးကြ၏။ ထိုသို့ အစေကျွန်ခံ၍ ငိုကြွေးသောအသံသည် ဘုရားသခင်ထံတော်သို့ တက်ရောက်လေ၏။” ယေဟောဝါသည် သူတို့၏အခြေအနေကို လျစ်လျူရှုခဲ့သလော။ ထိုသို့ဖြစ်မည့်အစား “သူတို့ညည်းတွားမြည်တမ်းခြင်းအသံကို ဘုရားသခင်ကြားတော်မူလျှင် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်ပြုခဲ့ဖူးသောပဋိညာဉ်ကို အောက်မေ့တော်မူ၏။” ထို့အပြင် ယေဟောဝါသည် မိမိလူမျိုးကို ဤသို့ပြောကြားခဲ့သည်– “ငါသည်လည်း သင်တို့ကို အဲဂုတ္တုလူတို့လက်မှလွှတ်၍ သူတို့၏ညှဉ်းဆဲခြင်းထဲကနုတ်ယူမည်။”—⁠ထွက်မြောက်ရာ ၁:၁၄; ၂:၂၃၊ ၂၄; ၆:၆-၈

ရှင်းနေသည်ကား ယေဟောဝါသည် မတော်မတရားကျွန်ပြုခြင်းဖြင့် ‘လူတစ်ဦးအပေါ်တစ်ဦး အုပ်စိုးခြင်း’ ကိုမနှစ်သက်ခဲ့ချေ။ သို့သော် ဘုရားသခင်သည် နောက်ပိုင်း၌ မိမိလူမျိုးအလယ်တွင် ကျွန်ပြုခြင်းကို ခွင့်ပြုခဲ့သည်မဟုတ်လော။ ခွင့်ပြုခဲ့ပါသည်။ သို့ရာတွင် ဣသရေလနိုင်ငံတွင် တည်ရှိခဲ့သည့် ကျွန်ပြုခြင်းသည် သမိုင်းတစ်လျှောက်တည်ရှိခဲ့သည့် ရက်စက်ကြမ်းကြုတ်သော ကျွန်ပြုမှုပုံစံများနှင့် အလွန်ကွာခြားပါသည်။

လူပြန်ပေးဆွဲခြင်းနှင့် ရောင်းချခြင်းသည် သေဒဏ်ဖြစ်ကြောင်း ဘုရားသခင့်ပညတ်တော်က ဖော်ပြထားသည်။ ထို့အပြင် ယေဟောဝါသည် ကျွန်များကို ကာကွယ်ပေးရန် ညွှန်ကြားချက်များ ပြဋ္ဌာန်းပေးခဲ့သည်။ ဥပမာ၊ သခင်ကြောင့် ကိုယ်လက်အင်္ဂါချို့တဲ့သွားလျှင် [ကျွန်ဘဝမှ] လွှတ်ခြင်းခံရမည်ဖြစ်သည်။ သခင်၏ ရိုက်နှက်မှုကြောင့် ကျွန်သေဆုံးသွားခဲ့လျှင် သခင်သည် သေဒဏ်ခံရနိုင်သည်။ အမျိုးသမီးသုံ့ပန်းများသည် ကျွန်များဖြစ်လာနိုင်သည်၊ သို့မဟုတ် သူတို့ကို ဇနီးများအဖြစ် ထိမ်းမြားနိုင်သည်။ သို့သော် သူတို့ကို လိင်ဆန္ဒပြေစေဖို့သက်သက်အတွက် အသုံးပြုရန် မဟုတ်ခဲ့ချေ။ ပညတ်တရား၏အနှစ်သာရသည် စိတ်နှလုံးဖြောင့်မတ်သည့် ဣသရေလလူမျိုးတို့အား ကျွန်များကို အငှားလုပ်သားများနှယ် လေးလေးစားစား၊ ကြင်ကြင်နာနာဆက်ဆံရန် လှုံ့ဆော်ခဲ့မည်ဖြစ်သည်။—⁠ထွက်မြောက်ရာ ၂၀:၁၀; ၂၁:၁၂၊ ၁၆၊ ၂၆၊ ၂၇; ဝတ်ပြုရာ ၂၂:၁၀၊ ၁၁; တရားဟောရာ ၂၁:၁၀-၁၄

တချို့ဂျူးများသည် ကြွေးများပြန်ဆပ်ဖို့ ဂျူးအမျိုးသားချင်းများထံ စိတ်လိုကိုယ်လျောက် ကျွန်ခံလာခဲ့ကြသည်။ ဤဓလေ့ထုံးစံက လူတို့ကို ငတ်ပြတ်မှုမှကာကွယ်ပေးခဲ့ပြီး လူများစွာတို့ကို ဆင်းရဲမှုဒဏ်မှ အမှန်ပင် နာလန်ထူနိုင်စေခဲ့သည်။ ထို့အပြင် ဂျူးပြက္ခဒိန်၌ သတ်မှတ်ထားသောအချိန်များတွင် ကျွန်များသည် ဆန္ဒပြင်းပြလွန်းလျှင် လွတ်မြောက်ခွင့်ရရှိခဲ့ကြသည်။ * (ထွက်မြောက်ရာ ၂၁:၂; ဝတ်ပြုရာ ၂၅:၁၀; တရားဟောရာ ၁၅:၁၂) ကျွန်များနှင့်စပ်လျဉ်းသော ဤပညတ်များနှင့်ပတ်သက်၍ “ကျွန်တစ်ယောက်သည် လူတစ်ဦးအဖြစ် ဘယ်တော့မျှရပ်စဲမသွားပါ၊ သခင်ဖြစ်သူကပင် ဝင်စွက်ဖက်မရနိုင်သည့် တချို့သောလူ့အခွင့်အရေးများကို ပိုင်ဆိုင်သည့် ပုဂ္ဂိုလ်တစ်အဦးအဖြစ် ယူမှတ်ခံခဲ့ရသည်” ဟုဂျူးကျမ်းပညာရှင် မိုးဇက်စ် မီလ်ဇင်နာက ထုတ်ဖော်ပြောဆိုခဲ့သည်။ သမိုင်းရာဇဝင်များကို အမဲစွန်းထင်းစေသည့် မတော်မတရားကျွန်ပြုသည့်စနစ်များနှင့် ခြားနားလှသည်တကား!

ကျွန်ပြုခြင်းနှင့် ခရစ်ယာန်များ

ကျွန်ပြုခြင်းသည် ပထမရာစုခရစ်ယာန်များ နေထိုင်ခဲ့ကြသည့် ရောမအင်ပါယာ၏ စီးပွားရေးစနစ်အစိတ်အပိုင်းဖြစ်ခဲ့သည်။ ထို့ကြောင့် တချို့ခရစ်ယာန်များသည် ကျွန်များဖြစ်ခဲ့ကြပြီး တခြားသူများ၌မူ ကျွန်များရှိခဲ့ကြသည်။ (၁ ကောရိန္သု ၇:၂၁၊ ၂၂) သို့သော် ယင်းက ယေရှု၏တပည့်များသည် မတော်မတရားပြုသောကျွန်ပိုင်ရှင်များဖြစ်သည်ဟု ဆိုလိုပါသလော။ ဝေးစွ! ရောမဥပဒေက မည်သို့ပင်ခွင့်ပြုခဲ့ပါစေ ခရစ်ယာန်များသည် မိမိတို့၏လုပ်ပိုင်ခွင့်အောက်တွင် ထိုသူတို့ကို မတော်မတရားမပြုခဲ့ကြကြောင်း ကျွန်ုပ်တို့ယုံကြည်နိုင်ပါသည်။ တမန်တော်ပေါလုက ဖိလေမုန်အား ခရစ်ယာန်တစ်ဦးဖြစ်လာသည့် မိမိ၏ကျွန် ဩနေသိမ်ကို “ညီအစ်ကိုတစ်ဦး” ကဲ့သို့ဆက်ဆံရန်ပင် အားပေးခဲ့သည်။ *—⁠ဖိလေမုန် ၁၀-၁၇ကဘ။

လူသားချင်းကျွန်ပြုခြင်းသည် လူသားထုအတွက် ဘုရားသခင့်မူလရည်ရွယ်ချက်အဝင်ဖြစ်ကြောင်း သမ္မာကျမ်းစာဖော်ပြချက်မရှိချေ။ ထို့အပြင် ဘုရားသခင့်ကမ္ဘာသစ်တွင် ကျွန်ပြုခြင်းဖြင့် လူသားချင်းကိုပိုင်ဆိုင်ရမည့် ကျမ်းစာပရောဖက်ပြုချက်လည်းမရှိချေ။ ယင်းအစား လာမည့်ပရဒိသုတွင် ဖြောင့်မတ်သူများသည် “ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။”—⁠မိက္ခာ ၄:⁠၄

ရှင်းနေသည်မှာ သမ္မာကျမ်းစာသည် မည်သည့်ပုံစံဖြင့်မဆို သူတစ်ပါးအား နှိပ်စက်ခြင်းကို ခွင့်မပြုပါ။ ယင်းအစား လူသားအချင်းချင်း လေးစားမှု၊ တန်းတူညီမျှမှုကို အားပေးထားသည်။ (တမန်တော် ၁၀:၃၄၊ ၃၅) မိမိအပေါ် သူတစ်ပါးပြုစေလိုသည်အတိုင်း သူတစ်ပါးကိုလည်းပြုရန် တိုက်တွန်းထားသည်။ (လုကာ ၆:၃၁) ထို့အပြင် သမ္မာကျမ်းစာက အခြားသူများ၏ လူမှုရေးအဆင့်အတန်း မည်သို့ပင်ရှိပါစေ မိမိထက်သာလွန်သူများအဖြစ် နှိမ့်ချစွာရှုမြင်ရန် အားပေးထားသည်။ (ဖိလိပ္ပိ ၂:⁠၃) ဤမူများသည် နိုင်ငံများစွာ၌ အထူးသဖြင့် မကြာသေးမီရာစုနှစ်များ၌ ကျင့်သုံးခဲ့ကြသည့် မတရားကျွန်ဇာတ်သွင်းမှုများနှင့် လုံးလုံးလျားလျားဆန့်ကျင်ပါသည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 11 တချို့ကို မိမိတို့၏သခင်နှင့်အတူ ဆက်နေခွင့်ပြုခြင်းက ဣသရေလကျွန်ပြုမှုသည် မတော်မတရားမဟုတ်ခဲ့ကြောင်း ရှင်းလင်းစွာ ဖော်ပြသည်။

^ အပိုဒ်၊ 13 အလားတူစွာ ယနေ့ခရစ်ယာန်များသည် အလုပ်ရှင်များဖြစ်ကြသည်; တခြားသူများမှာမူ အလုပ်သမားများဖြစ်ကြသည်။ ခရစ်ယာန်အလုပ်ရှင်တစ်ဦးသည် မိမိလက်အောက်တွင် အလုပ်လုပ်နေသူတို့ကို မတော်မတရားမပြုကြရသကဲ့သို့ပင် ပထမရာစုရှိ ယေရှု၏တပည့်များသည်လည်း အစေခံကျွန်များကို ခရစ်ယာန်မူများအရ ဆက်ဆံခဲ့ကြပါလိမ့်မည်။—⁠မဿဲ ၇:⁠၁၂