မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရင်းမြစ်များကို ဖော်ထုတ်ခြင်း

ရင်းမြစ်များကို ဖော်ထုတ်ခြင်း

ရင်းမြစ်များကို ဖော်ထုတ်ခြင်း

“များသောအားဖြင့် ဆယ်ကျော်သက် စိတ်ကျရောဂါသည် အကြောင်းခြင်းရာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ ဖိစီးမှုဖြစ်စေသည့်အရာ အားလုံးပေါင်းစပ်ခြင်းကြောင့် ဖြစ်သည်။”—⁠ဒေါက်တာ ကက်သလင်း မက်ကွိုင်း။

ဆယ်ကျော်သက်စိတ်ကျရောဂါဖြစ်ရသည့် အကြောင်းရင်းကား အဘယ်နည်း။ အကြောင်းခြင်းရာ အတော်များများပါဝင်ပေမည်။ တစ်ချက်အနေနှင့် ကြီးကောင်ဝင်ချိန်တွင် ကာယရေး သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများသည် လူငယ်များကို မသေချာမှုနှင့် ကြောက်လန့်မှုဖြစ်စေနိုင်ကာ အထူးသဖြင့် အပျက်သဘောထားများ ကိန်းအောင်းလာစေသည်။ ထို့အပြင် ဆယ်ကျော်သက်များသည် ရွယ်တူချင်းများ သို့မဟုတ် သူတို့မေတ္တာသက်ဝင်ခဲ့သူတစ်ဦးဦးက ငြင်းပယ်သည်ဟု ခံစားရသောအခါ အပျက်သဘောထားများ ဝင်လာတတ်၏။ ထို့အပြင် အဖွင့်ဆောင်းပါးတွင် ဖော်ပြထားသကဲ့သို့ ယနေ့ဆယ်ကျော်သက်များသည် ဖိစီးဖွယ်ဖြစ်သည့် လောကတွင် ကြီးပြင်းလာကြသည်။ ကျွန်ုပ်တို့သည် စင်စစ်အားဖြင့် “ခဲယဉ်းသောကာလ” တွင်အသက်ရှင်နေထိုင်ကြသည်။—⁠၂ တိမောသေ ၃:⁠၁

ပြဿနာကိုပေါင်းစပ်၍ဆိုရလျှင် လူငယ်များသည် ဘဝ၏ဖိစီးမှုများကို ပထမဆုံးအကြိမ် ရင်ဆိုင်ကြခြင်းဖြစ်ပြီး လူကြီးများကဲ့သို့ ကျွမ်းကျင်မှုသော်လည်းကောင်း၊ အတွေ့အကြုံသော်လည်းကောင်း မရှိကြချေ။ ထို့ကြောင့် ဆယ်ကျော်သက်များသည် အကျွမ်းတဝင်မရှိသည့်နယ်မြေတွင် သွားလာနေကြသည့်—⁠ပတ်ဝန်းကျင်တွင် နစ်မြုပ်နေပြီး ကိစ္စအများစုတွင် အကူအညီတောင်းဖို့ပင် စိတ်မကူးကြသည့်—⁠ခရီးသည်များနှင့်တူလာကြသည်။ ဤအခြေအနေများသည် စိတ်ကျရောဂါကို အမြစ်တွယ်လာနိုင်စေသည်။

သို့သော် ဆယ်ကျော်သက် စိတ်ကျရောဂါကို ဖြစ်စေသည့် တခြားအကြောင်းရင်းများရှိသည်။ အနည်းငယ်ကို သုံးသပ်ကြည့်ကြစို့။

စိတ်ကျရောဂါနှင့် ဆုံးရှုံးမှု

တစ်ခါတစ်ရံ စိတ်ကျရောဂါသည် အကြီးအကျယ် ဆုံးရှုံးပြီးနောက် ဖြစ်ပေါ်တတ်သည်—⁠ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးခြင်း သို့မဟုတ် ကွာရှင်းပြတ်စဲခြင်းကြောင့် မိဘတစ်ဦးဆုံးရှုံးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အိမ်မွေးတိရစ္ဆာန်တစ်ကောင် သေသွားခြင်းသည်ပင် ဆယ်ကျော်သက်တစ်ဦးကို စိတ်ပျက်လက်ပျက်ဖြစ်စေနိုင်သည်။

ဆုံးရှုံးမှု မသိသာလှသော အမျိုးအစားများလည်းရှိသည်။ ဥပမာ၊ ဝန်းကျင်အသစ်သို့ပြောင်းရွှေ့ခြင်းသည် အကျွမ်းဝင်ပြီးသောဝန်းကျင်နှင့် ချစ်ခင်ရသော မိတ်ဆွေသူငယ်ချင်းများအား ထားခဲ့ခြင်းဟူသည့်သဘော သက်ရောက်၏။ ကျောင်းပြီးခြင်းအစရှိသော မျှော်လင့်ထားသောပန်းတိုင်သို့ ရောက်ရှိခြင်းသည်ပင် ဆုံးရှုံးသည့်ခံစားချက်များကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ထက်ကား ဘဝပုံစံသစ်တစ်ခုအစပြုခြင်းသည် အတိတ်မှ စိတ်ချမ်းမြေ့မှုနှင့် လုံခြုံမှုကို ဆုံးရှုံးသည့်သဘောဖြစ်၏။ ထို့အပြင် နာတာရှည်ရောဂါတစ်မျိုးမျိုးခံစားရသည့် လူငယ်များလည်းရှိသည်။ ထိုသို့သောအခြေအနေမျိုးတွင် ရွယ်တူခြင်းများနှင့် ကွဲပြားခြင်းကြောင့် ခံစားရသည့်စိတ်နာကျင်မှု—⁠သူတို့၏လျစ်လျူရှုခံရကောင်းခံရခြင်းပင်—⁠ဆယ်ကျော်တစ်ဦးအား ပုံမှန်အနေအထား အတော်ပင်ပျက်သွားဘိသကဲ့သို့ ခံစားစေနိုင်သည်။

ထိုသို့တွေ့ကြုံကြသည့် မြီးကောင်ပေါက်များစွာသည် လုံးလုံးလျားလျား ဖိစီးမှုမခံရကြသည်မှာ မှန်ပါသည်။ သူတို့သည် ဝမ်းနည်းကြ၊ ငိုကြ၊ ကြေကွဲကြ၊ မြည်တမ်းကြပါသည်—⁠သို့သော် အချိန်တန်သော် နေသားကျသွားကြ၏။ သို့ဆိုလျှင် ဆယ်ကျော်သက်များစွာသည် ဘဝ၏ဖိစီးမှုများကို ခံနိုင်ကြသော်လည်း တချို့သည် စိတ်ကျရောဂါကို အဘယ်ကြောင့် အရှုံးပေးလိုက်ကြသနည်း။ စိတ်ကျရောဂါသည် ရှုပ်ထွေးသည့် ရောဂါတစ်မျိုးဖြစ်သောကြောင့် လွယ်လွယ်နှင့်အဖြေပေး၍ မရချေ။ သို့သော် တချို့ဆယ်ကျော်သက်များသည် ပို၍ထိခိုက်လွယ်ခြင်းကြောင့် ဖြစ်ပေမည်။

ဇီဝဓာတုဆိုင်ရာဆက်စပ်မှု

ဦးနှောက်တွင်းရှိ ဇီဝဓာတုပစ္စည်းများ အချိုးညီ မျှတမှုမရှိခြင်းသည် စိတ်ကျရောဂါဖြစ်ရာတွင် အဓိကကဏ္ဍမှပါဝင်သည်ဟု စိတ်ကျန်းမာရေးပညာရှင်များစွာက ယူဆကြသည်။ * ယင်းသို့ အချိုးညီ မျှတမှုမရှိခြင်းသည် မျိုးရိုးလိုက်တတ်၏၊ အကြောင်းမှာ စိတ်ကျရောဂါခံစားရသည့် မိဘများရှိသော ဆယ်ကျော်သက်များသည် ထိုအခြေအနေဖြစ်နိုင်ဖွယ် ပိုရှိကြောင်း သုတေသီများတွေ့ရှိခဲ့ကြသောကြောင့်ဖြစ်သည်။ “အများအားဖြင့် စိတ်ဓာတ်ကျသည့်ကလေးများတွင် အနည်းဆုံးမိဘတစ်ဦးသည် စိတ်ကျရောဂါခံစားသည်” ဟုအထီးကျန်မှု၊ ဝမ်းနည်းမှုနှင့် အမျက်ဒေါသစာအုပ်တွင် ဖော်ပြသည်။

မေးစရာမေးခွန်းပေါ်လာသည်မှာ သားသမီးများသည် အမှန်ပင် စိတ်ကျရောဂါကို အမွေခံကြသလော၊ သို့မဟုတ် စိတ်ကျရောဂါသည်မိဘတစ်ဦးနှင့် အတူနေထိုင်ခြင်းကြောင့် စိတ်ဓာတ်ကျတတ်လာခြင်းမျှဖြစ်သလော။ ‘ဤမေးခွန်း’ မှာဖြေရခက်၏၊ အကြောင်းမှာ ဆယ်ကျော်သက်စိတ်ကျရောဂါ ဖြစ်ကောင်းဖြစ်စေနိုင်သည့် အခြားအကြောင်းခြင်းရာများစွာကဲ့သို့ပင် ဦးနှောက်သည် အလွန်ရှုပ်ထွေးသောကြောင့်ဖြစ်သည်။

စိတ်ကျရောဂါနှင့် မိသားစုဝန်းကျင်

စိတ်ကျရောဂါကို မိသားစုရေးရာကိစ္စဟု ဆိုခဲ့ကြပြီး ထိုသို့ဆိုရသည့် ခိုင်လုံသောအကြောင်းရှိသည်။ သတိပြုခဲ့ပြီးသကဲ့သို့ လူမျိုးဆက်တစ်ဆက်မှ နောက်တစ်ဆက်သို့ စိတ်ကျရောဂါကို ကူးစက်စေနိုင်သည့် မျိုးရိုးနှင့်ဆိုင်သော အစိတ်အပိုင်းတစ်ခု ရှိကောင်းရှိပေမည်။ သို့သော် မိသားစုဝန်းကျင်သည်လည်း ပါဝင်ပတ်သက်နိုင်သည်။ “မိဘများ၏ မတရားပြုမူခြင်းခံရသည့် သားသမီးများသည် စိတ်ကျရောဂါဖြစ်ဖို့ အန္တရာယ်များစွာရှိသည်။ အလားတူ အလွန်အကျွံ ပြစ်တင်ဝေဖန်တတ်ပြီး သားသမီး၏အားနည်းချက်များကို အာရုံစိုက်သည့်မိဘများရှိသော ကလေးများလည်း ထိုအတိုင်းဖြစ်သည်” ဟုဒေါက်တာ မာ့ခ် အက်စ်. ဂိုးလ်က ရေးသားဖော်ပြသည်။ မိဘများ အချစ်လွန်ပြီး အကာအကွယ်ပေးလွန်းခြင်းကြောင့်လည်း စိတ်ကျရောဂါဖြစ်နိုင်သည်။ သို့ရာတွင် စိတ်ဝင်စားစရာကောင်းသည်မှာ မိဘများသည် သားသမီးများကို စိတ်ဝင်စားမှုမရှိသောအခါ စိတ်ကျရောဂါပို၍ပင် ဖြစ်နိုင်ကြောင်း သုတေသီတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် စိတ်ဓာတ်ကျသည့် ဆယ်ကျော်သက်အားလုံးသည် ညံ့ဖျင်းသောမိဘအုပ်ထိန်းမှု၏သားကောင်များ ဖြစ်သည်ဟု ဆိုလိုပါ။ ထိုသို့သိမ်းကျုံးပြောဆိုခြင်းဖြင့် ပြဿနာဖြစ်စေနိုင်သည့် တခြားအကြောင်းခြင်းရာများစွာကို လျစ်လျူရှုစေပါမည်။ သို့တိုင် တချို့ကိစ္စတွင် မိသားစုဝန်းကျင်သည် အခြေအနေကို ထိခိုက်စေနိုင်သည့် အရေးတကြီးကိစ္စဖြစ်သည်။ “မိဘများကြား တင်းမာမှုရှိနေသည့် အိမ်များတွင် နေထိုင်သည့် သားသမီးများသည် ပြဿနာနည်းသော ဝန်းကျင်တွင်နေထိုင်သည့် သားသမီးများထက် စိတ်ကျရောဂါဖြစ်ဖို့ အန္တရာယ်ပိုများသည်။ အကြောင်းရင်းတစ်ခုမှာ တစ်ချိန်လုံးခိုက်ရန်ဖြစ်နေသော မိဘများသည် အငြင်းပွားမှုတွင် အာရုံစိုက်လွန်းကြသဖြင့် ကလေးများ၏လိုအပ်ချက်များကို လျစ်လျူရှုမိကြသည်။ နောက်တစ်ချက်မှာ မိဘများသည် သားရေးသမီးရေးကိစ္စကြောင့် အငြင်းပွားလေ့ရှိကြရာ ယင်းက လူငယ်များကို အပြစ်ရှိသည်ဟု ခံစားစေနိုင်ပြီး အမျက်ထွက်စေကာ မကျေမနပ်ဖြစ်စေနိုင်သည်” ဟုဒေါက်တာ ဒေးဗစ် ဂျီ. ဖက်စလာကဆိုသည်။

ဤအချက်များသည် ဆယ်ကျော်သက် စိတ်ကျရောဂါဖြစ်စေနိုင်သည့် အချက်တချို့သာဖြစ်သည်။ တခြားအချက်များရှိသည်။ ဥပမာ၊ (အာဟာရချို့တဲ့ခြင်း၊ အဆိပ်အတောက်များ၊ ဆေးဝါးများတလွဲသုံးစွဲခြင်းအစရှိသည့်) ပတ်ဝန်းကျင်အကြောင်းများကြောင့် စိတ်ကျရောဂါဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူတချို့က ဆိုကြသည်။ တချို့သောဆေးဝါးများ (တချို့သော ဟစ္စတာမင်းဖြေဆေးများနှင့် စိတ်ငြိမ်ဆေးများစသည်တို့) သည် စိတ်ကျရောဂါဖြစ်စေနိုင်သည်ဟု တချို့က ထောက်ပြကြသည်။ သင်ယူခြင်းစွမ်းရည်ချို့တဲ့သော ကလေးများသည်လည်း အထူးသဖြင့် စိတ်ကျရောဂါဖြစ်မည့်ပုံရသည်၊ အကြောင်းမှာ ၎င်းတို့၏ အတန်းဖော်များနှင့် တန်းတူမလိုက်နိုင်ကြောင်း သူတို့သဘောပေါက်လာကြသည်နှင့်အမျှ မိမိကိုယ်ကိုလေးစားသည့်စိတ် လျော့နည်းလာနိုင်ဖွယ် ရှိသောကြောင့်ဖြစ်သည်။

သို့ရာတွင် မည်သည့်အကြောင်းကြောင့်ဖြစ်စေ စိတ်ဓာတ်ကျသည့် ဆယ်ကျော်သက်များကို မည်သို့ကူညီပေးနိုင်သနည်းဟူသည့် မေးခွန်းကိုသုံးသပ်ဖို့ အရေးကြီးသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 ရောဂါသည်များစွာသည် အချိုးညီ မျှတမှုမရှိဘဲ မွေးဖွားလာကြစဉ် တခြားသူများသည် ကျန်းကျန်းမာမာဖြင့် အစပြုကြသည်၊ သို့သော် ထိခိုက်ဒဏ်ရာရမှုတစ်ခုက ဦးနှောက်ဓာတုပစ္စည်းကို တစ်မျိုးတစ်ဖုံ ပြောင်းလဲလိုက်သောအခါ စိတ်ကျရောဂါဖြစ်ဖို့ ပိုထိခိုက်လွယ်စေသည်။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

မိသားစုအတွင်းတင်းမာမှုသည် စိတ်ကျရောဂါဖြစ်စေသည့်အကြောင်းရင်းဖြစ်လေ့ရှိ