မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လက္ခဏာများကို သိမှတ်ခြင်း

လက္ခဏာများကို သိမှတ်ခြင်း

လက္ခဏာများကို သိမှတ်ခြင်း

“ဝမ်းနည်းခြင်းသည် ဖြစ်ရိုးဖြစ်စဉ်၊ ကျန်းမာသည့် စိတ်ခံစားမှုတစ်မျိုးဖြစ်၏; စိတ်ဓာတ်ကျခြင်းမူကား ရောဂါတစ်မျိုးတည်း။ [ယင်းတို့၏] ကွဲပြားခြားနားချက်ကို နားလည်ရခက်၊ သတိပြုရခက်သည်။”—⁠ဒေါက်တာ ဒေးဗစ် ဂျီ. ဖက်စလာ။

အခြားသောရောဂါအများစုကဲ့သို့ပင် စိတ်ကျရောဂါကို သိရှိစေသောလက္ခဏာများရှိသည်။ သို့သော် လက္ခဏာများကို သတိပြုမိရန်မှာ မလွယ်လှချေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဆယ်ကျော်သက်အားလုံးလိုလိုသည် လူကြီးများကဲ့သို့ပင် မကြာခဏ စိတ်အားငယ်တတ်ကြ၍တည်း။ စိတ်ညှိုးငယ်ခြင်းနှင့် စိတ်ကျရောဂါတို့၏ ခြားနားချက်ကား အဘယ်နည်း။ အခြေအနေ ပြင်းထန်မှုနှင့် အချိန်ကာလတို့ များစွာပါဝင်ပတ်သက်သည်။

ပြင်းထန်မှုတွင် လူငယ်ကို ဖိစီးနှိပ်စက်သည့် အပျက်သဘောခံစားချက်များ၏ အတိုင်းအတာ ပါဝင်သည်။ ခေတ္တစိတ်ပျက်လက်ပျက်ဖြစ်ခြင်းထက် ပိုပြင်းထန်သည့် စိတ်ကျရောဂါသည် သာမန်အားဖြင့် ဆယ်ကျော်သက်၏စွမ်းရည်ကို ဆိုးရွားစွာထိခိုက်စေသည့် စိတ်ပိုင်းဆိုင်ရာရောဂါဖြစ်သည်။ ဒေါက်တာ အင်ဒရူး ဆလေဘီက အခြေအနေပြင်းထန်မှုကို ဤသို့ဖော်ပြသည်– “သင်ကြုံတွေ့ခဲ့ဖူးသည့် အဆိုးရွားဆုံးကိုယ်ခန္ဓာနာကျင်မှု—⁠အရိုးကျိုးခြင်း၊ သွားကိုက်ခြင်း သို့မဟုတ် သားဖွားဝေဒနာ—⁠ထက် ဆယ်ဆပိုနာကျင်ပြီး နာကျင်ရသည့်အကြောင်းရင်းကို မသိဘဲဖြစ်နေသည်ဟု စိတ်ကူးကြည့်ပါ; သို့ဆိုလျှင် စိတ်ကျရောဂါ နာကျင်မှုကို သင်ခန့်မှန်းနိုင်ကောင်း၏။”

အချိန်ကာလဟူသည် မည်မျှကြာကြာနုံးချိသည်ကို ဆိုလိုသည်။ ဆေးဘက်ဆိုင်ရာပါရဂူ လီယွန် စိုက်တရင်းနှင့် ဒေါ်နယ် အိပ်ခ်ျ. မက္ကနယူးတို့အဆိုအရ “(မည်သည့်အကြောင်းရင်းကြောင့်ဖြစ်စေ) စိတ်အားငယ်မှုဖြစ်ပြီး တစ်ပတ်အတွင်း—⁠သို့မဟုတ် သူ့အတွက် ဆိုးရွားသည့်ဆုံးရှုံးမှုတစ်ခု ကြုံရပြီးခြောက်လအတွင်း—⁠နှစ်သိမ့်ပေးခြင်းခံရ သို့မဟုတ် သာမန်အခြေအနေပြန်ရောက်သည့် လက္ခဏာမပြသော ကလေးတစ်ဦးသည် စိတ်ကျရောဂါဖြစ်ပေါ်လာမည့် အန္တရာယ်ရှိသည်။”

ဖြစ်ရိုးဖြစ်စဉ်လက္ခဏာများ

လူငယ်တစ်ဦးသည် အနည်းဆုံးနှစ်ပတ်အတွင်း နေ့တိုင်းလိုလို၊ နေ့ခင်းဘက်များတွင် လက္ခဏာအတော်များများကို ထင်ရှားဖော်ပြမှသာ စိတ်ကျရောဂါကိုသိရသည်။ တစ်ခဏ စိတ်ဓာတ်ကျသည့် အခြေအနေကို အခိုက်အတန့်စိတ်ဓာတ်ကျမှုဟုခေါ်သည်။ အနည်းဆုံးတစ်နှစ်အတွင်း ရောဂါလက္ခဏာများရှိနေကာ နှစ်လကျော်ကျော်သက်သာမှုမရမှသာ (ဒီစသီးမီးယား) ဟုခေါ်သော နာတာရှည်စိတ်ကျရောဂါကို သိရှိရသည်။ မည်သို့ပင်ဆိုစေ စိတ်ကျရောဂါ၏ ဖြစ်ရိုးဖြစ်စဉ်လက္ခဏာအချို့ကား အဘယ်နည်း။ *

စိတ်နေစိတ်ထားနှင့် အပြုအမူ ရုတ်တရက်ပြောင်းလဲခြင်း။ ယခင်က သိမ်မွေ့သည့်ဆယ်ကျော်သက်လူငယ်သည် ရုတ်တရက်ရန်လိုတတ်၏။ စိတ်ဓာတ်ကျသည့် ဆယ်ကျော်သက်များတွင် ဖြစ်လေ့ရှိသည့်အရာမှာ ကလန်ကဆန်အပြုအမူနှင့် အိမ်မှထွက်ပြေးခြင်းပင် ဖြစ်သည်။

တစ်သီးပုဂ္ဂလနေခြင်း။ စိတ်ဓာတ်ကျသည့် မြီးကောင်ပေါက်သည် မိတ်ဆွေများနှင့် မပေါင်းသင်းတော့။ သို့မဟုတ် စိတ်ဓာတ်ကျသည့်လူငယ်၏ သဘောထားနှင့် အပြုအမူတို့တွင် မလိုလားအပ်ဖွယ်ပြောင်းလဲမှုကို သတိပြုမိကြ၍ သူ့အား မိတ်ဆွေသူငယ်ချင်းများက ပထုတ်လိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။

လှုပ်ရှားဆောင်ရွက်မှုတိုင်းလိုလိုကို စိတ်မဝင်စားခြင်း။ ဆယ်ကျော်သက်သည် ထူးထူးခြားခြား လှုပ်ရှားတက်ကြွမှု မရှိတော့ခြင်းဖြစ်၏။ မကြာသေးမီ စိတ်ဝင်စားခဲ့သည့်ဝါသနာများသည် ယခုအခါ ငြီးငွေ့ဖွယ်ဖြစ်လာသည်။

စားသောက်သည့်အကျင့် သိသိသာသာပြောင်းလဲခြင်း။ အစာငတ်ခံစိတ်ရောဂါ၊ ဆာလောင်စိတ်ရောဂါနှင့် အာသာဆန္ဒမထိန်းနိုင်ဘဲစားကြူးခြင်းအစရှိသည့် ရောဂါများသည် စိတ်ကျရောဂါနှင့်တွဲလေ့ (ရံဖန်ရံခါ စိတ်ကျရောဂါကြောင့် ဖြစ်လေ့ရှိ) ရှိကြောင်း ကျွမ်းကျင်သူများစွာက ယူဆကြသည်။

အအိပ်ပြဿနာများ။ ဆယ်ကျော်သက်သည် အအိပ်နည်းလွန်း သို့မဟုတ် အအိပ်ကြီးလွန်းနေသည်။ တချို့မှာ တစ်ညလုံးနိုးနေပြီး နေ့ဘက်တွင်တစ်နေကုန်အိပ်သည့် ကပြောင်းကပြန်အကျင့်များ ဖြစ်လာသည်။

ပညာရေးတွင် ကျဆင်းလာ။ စိတ်ဓာတ်ကျသည့် မြီးကောင်ပေါက်သည် ဆရာ/မများ၊ ရွယ်တူချင်းများနှင့် အဆင်မပြေဖြစ်ပြီး အဆင့်ကျလာသည်။ မကြာမီ ဆယ်ကျော်သက်သည် ကျောင်းမတက်ချင်တော့။

စွန့်စား သို့မဟုတ် ကိုယ့်ကိုယ်ကိုဖျက်ဆီးသည့် လုပ်ရပ်များ။ ‘သေမင်းနှင့်နီးသည့်’ အပြုအမူများက အသက်ရှင်လိုစိတ်သိပ်မရှိကြောင်း ဖော်ပြပေမည်။ (အရေပြားကိုလှီးဖြတ်ခြင်းအစရှိသော) ကိုယ်လက်အင်္ဂါများကို ဖြတ်တောက်ခြင်းသည်လည်း လက္ခဏာတစ်ခုဖြစ်နိုင်ပေသည်။

တန်ဖိုးမရှိ သို့မဟုတ် အပြစ်ရှိနေသည်ဟူသည့် ခံစားချက်များ။ အဖြစ်မှန်မှာ အခြားအကြောင်းကြောင့်ဖြစ်နေသော်လည်း ဆယ်ကျော်သက်သည် မိမိကိုယ်ကို လွန်ကဲစွာ ပြစ်တင်ဝေဖန်ကာ လုံးဝရှုံးနိမ့်ပျက်ကွက်သူဟုခံစားရသည်။

စိတ်ဖိစီးမှုအရင်းခံသော ပြဿနာများ။ စိတ်ဖိစီးမှုဖြစ်စေသည့် ရုပ်ပိုင်းအကြောင်းတရားမတွေ့ရလျှင် ခေါင်းကိုက်ခြင်း၊ ကျောနာခြင်း၊ ဗိုက်အောင့်ခြင်းနှင့် အလားတူပြဿနာများသည် စိတ်ကျရောဂါရှိကြောင်း ဖော်ပြခြင်းဖြစ်ပေမည်။

သေချင်စိတ် သို့မဟုတ် မိမိကိုယ်ကိုသတ်သေချင်စိတ် အကြိမ်ကြိမ်ဖြစ်ပေါ်ခြင်း။ အစွဲကြီးခြင်းသည် စိတ်ကျရောဂါရှိကြောင်း ဖော်ပြနိုင်သည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကို သတ်သေမည့် အန္တရာယ်များ ပေါ်နိုင်သည်။—⁠အောက်ပါလေးထောင့်ကွက်ကိုရှု။

ဘိုင်ပိုလာရောဂါ

နားလည်ရခက်သောရောဂါတစ်မျိုး—⁠ဘိုင်ပိုလာရောဂါ—⁠တွင် အလားတူလက္ခဏာတချို့ကို တွေ့ရပေမည်။ ဒေါက်တာ ဘာဘရာ ဒီ. အင်ဂါဆိုလ်နှင့် ဆမ် ဂိုးလ် စတင်းတို့အဆိုအရ ဘိုင်ပိုလာရောဂါသည် (စိတ်ရွစိတ်ကျရောဂါဟုလည်းခေါ်) “အခိုက်အတန့်အားဖြင့် စိတ်ဓာတ်ကျလိုက် အလွန်အကျွံစိတ်တက်ကြွလိုက်ဖြစ်—⁠စိတ်သဘောကောင်းနေသည့် သာမန်အချိန်များထက် စိတ်တက်ကြွ—⁠သည့်အခြေအနေ” ဖြစ်သည်။

ဤစိတ်တက်ကြွခြင်းကို စိတ်ရွခြင်းဟုခေါ်သည်။ ယင်းလက္ခဏာများတွင် အတွေးလွန်ခြင်း၊ စကားများလွန်းခြင်းနှင့် အိပ်ချင်စိတ်နည်းခြင်းတို့ ပါဝင်ပေမည်။ မှန်ပါသည်၊ ရောဂါမှာ အားယုတ်သွားသည့်လက္ခဏာမပြဘဲ ရက်အတန်ကြာ မအိပ်ဘဲဖြစ်နေပေမည်။ ဘိုင်ပိုလာရောဂါ၏ နောက်ထပ်လက္ခဏာတစ်မျိုးမှာ မည်သည့်အကျိုးဆက်ဖြစ်လာမည်ကိုမမှုဘဲ စိတ်လိုက်မာန်ပါလုပ်သည့် အမူအကျင့်ဖြစ်သည်။ “စိတ်ရွခြင်းသည် အတွေးအခေါ်၊ ဆုံးဖြတ်ချက်၊ အမူအကျင့်တို့ကို နည်းအမျိုးမျိုးဖြင့် ထိခိုက်လေ့ရှိသဖြင့် ကြီးလေးသောပြဿနာများ၊ အရှက်တကွဲဖြစ်မှုများဖြစ်စေ၏” ဟုယူ.အက်စ်. အမျိုးသားစိတ်ကျန်းမာရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ စိတ်ကြွချိန်သည် မည်မျှကြာသနည်း။ တစ်ခါတစ်ရံ ရက်အနည်းငယ်ခန့်မျှဖြစ်သည်; တချို့ကိစ္စများတွင် စိတ်ရွခြင်းသည် ယင်းနှင့်ဆင်တူသော စိတ်ကျရောဂါမဖြစ်မီ လအတန်ကြာတာရှည်တတ်သည်။

ဘိုင်ပိုလာရောဂါ အဖြစ်နိုင်ဆုံးသူတို့တွင် ထိုရောဂါခံစားရသူများရှိသည့် မိသားစုဝင်များပါဝင်ကြသည်။ သတင်းကောင်းမှာ ထိုရောဂါသည်များအတွက် မျှော်လင့်ချက်ရှိခြင်းဖြစ်သည်။ “စောစောစီးစီး ရောဂါရှာတွေ့ပြီး လျောက်ပတ်စွာကုသမည်ဆိုလျှင် ဤကလေးများနှင့် မိသားစုများသည် ပို၍တည်ငြိမ်သည့်အသက်တာဖြင့် နေထိုင်သွားနိုင်ကြသည်” ဟု ဘိုင်ပိုလာကလေးငယ် ဟူသောစာအုပ်ကဆို၏။

ရောဂါလက္ခဏာတစ်ခုတည်းဖြင့် စိတ်ကျရောဂါ သို့မဟုတ် ဘိုင်ပိုလာရောဂါရှိသည်ဟု မဆိုနိုင်ကြောင်း သတိပြုရန်အရေးကြီးသည်။ အများအားဖြင့် ကာလအတန်ကြာ လက္ခဏာများစုပြုံဖြစ်ပေါ်မှ ရောဂါကိုသိရှိရသည်။ သို့တိုင် ဤနားလည်ရခက်သောရောဂါသည် ဆယ်ကျော်သက်များကို အဘယ်ကြောင့် ဖိစီးနှိပ်စက်ရသနည်းဟူသည့် မေးခွန်းမှာ ကျန်နေသေးသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ဤတွင်ဖော်ပြထားသော ရောဂါလက္ခဏာများသည် ရောဂါဖော်ထုတ်ရေးစံနှုန်းအဖြစ်မဟုတ်ဘဲ ခြုံငုံဖော်ပြချက်အဖြစ် ရည်ရွယ်တင်ဆက်ခြင်းဖြစ်သည်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

ကလေးတစ်ဦး သေချင်စိတ်ဖြစ်ပေါ်သောအခါ

ယူ.အက်စ်. ရောဂါထိန်းချုပ်ရေးဌာနများ အဆိုအရ မကြာသေးမီတစ်နှစ်အတွင်း ယူနိုက်တက်စတိတ်ရှိလူငယ်များ ကိုယ့်ကိုယ်ကိုသတ်သေမှုသည် ကင်ဆာ၊ နှလုံးရောဂါ၊ အေ့ဒ်စ်၊ မွေးရာပါချို့ယွင်းချက်၊ လေဖြတ်ခြင်း၊ အအေးမိခြင်း၊ တုတ်ကွေးနှင့် နာတာရှည်အဆုတ်ရောဂါတို့ကြောင့်ဖြစ်သည့် သေဆုံးမှုအားလုံးပေါင်းထက် ပိုများခဲ့သည်။ စိတ်အနှောင့်အယှက်ဖြစ်စေသည့် နောက်ထပ်ဖြစ်ရပ်တစ်ခုမှာ– အသက် ၁၀ နှစ်နှင့် ၁၄ နှစ်အကြားရှိ ကိုယ့်ကိုယ်ကိုသတ်သေမှု ထူးထူးခြားခြားတိုးများလာခြင်းဖြစ်သည်။

မြီးကောင်ပေါက်အရွယ် ကိုယ့်ကိုယ်ကိုသတ်သေခြင်းကို ကာကွယ်တားဆီးနိုင်မည်လော။ တချို့ကိစ္စများတွင် ဖြစ်နိုင်ပါသည်။ “သတ်သေရန်ကြိုးပမ်းမှုများ၊ အရိပ်အမြွက်ပြောဆိုသတိပေးမှုများ အရင်ပြုပြီးမှ ကိုယ့်ကိုယ်ကိုသတ်သေလေ့ရှိကြကြောင်း စာရင်းဇယားများက ဖော်ပြသည်။ သင့်ဆယ်ကျော်သက်သည် ကိုယ့်ကိုယ်ကိုသတ်သေလိုမှုများကို အရိပ်အမြွက်ပြောဆိုသောအခါ ယင်းအချိန်သည် အနီးကပ်ဂရုစိုက်ပေးရမည့်၊ ဖြစ်နိုင်မည်ဆိုလျှင် တတ်ကျွမ်းသည့်အကူအညီရှာရမည့် အချိန်ဖြစ်သည်” ဟု ဒေါက်တာကက်သလင်းမက်ကွိုင်းက ရေးသားသည်။

ဆယ်ကျော်သက်အရွယ် စိတ်ကျရောဂါပျံ့နှံ့မှုက လူငယ်တစ်ဦး မိမိအသက်ကို အဆုံးစီရင်လိုကြောင်း ဖော်ပြချက်မှန်သမျှကို မိဘများနှင့် တခြားလူကြီးများက အလေးအနက်ထားရန်လိုအပ်ချက်ကို ပေါ်လွင်စေသည်။ “ကျွန်ုပ်သုံးသပ်ခဲ့ဖူးသမျှ ကိုယ့်ကိုယ်ကိုသတ်သေမှုတိုင်းလိုလိုတွင် မြီးကောင်ပေါက်၏ကြံစည်မှု သဲလွန်စများကို လျစ်လျူရှုခဲ့ကြသည်၊ သို့မဟုတ် အလေးအနက်မထားခဲ့ကြချေ။ မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများသည် သူတို့တွေ့ မြင်နေခဲ့ကြသည့် အကြီးအကျယ်ပြောင်းလဲမှုများကို နားမလည်ခဲ့ကြချေ။ သူတို့သည် အရင်းခံပြဿနာကိုမဟုတ်ဘဲ အကျိုးဆက်များကို အာရုံစိုက်ခဲ့ကြသည်၊ သို့ဖြစ်၍ ‘မိသားစုပြဿနာများ’ သို့မဟုတ် ‘မူးယစ်ဆေးဝါးသုံးစွဲမှု’ သို့မဟုတ် ‘အစာငတ်ခံစိတ်ရောဂါ’ ဟူ၍ရောဂါအမည်တပ်ခဲ့ကြသည်။ တစ်ခါတစ်ရံ ဒေါသထွက်ခြင်း၊ စိတ်ရှုပ်ခြင်းနှင့် စိတ်တိုခြင်းကိုကုသပြီး စိတ်ကျရောဂါကိုမူ မကုသခဲ့ကြချေ။ အရင်းခံပြဿနာမှာ ဆက်ရှိနေကာ ပြင်းထန်လာပြီး စိတ်ဆွေးရိလာသည်” ဟုကျွန်ုပ်၏ဝေဒနာကို မည်သူမျှမတွေ့ဟူသည့် သူ၏စာအုပ်တွင် ဒေါက်တာအင်ဒရူး ဆလာဘီက ရေးသားဖော်ပြထားသည်။

ဆိုလိုသည့်အချက်မှာ ရှင်းနေပါသည်– ကိုယ့်ကိုယ်ကိုသတ်သေရန် ကြံစည်မှု သဲလွန်စအားလုံးကို အလေးအနက်ထားပါ!

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ရံဖန်ရံခါ ကလန်ကဆန်ပြုမူခြင်းသည် စိတ်ကျရောဂါရှိကြောင်း ဖော်ပြသည့်လက္ခဏာတစ်ခုဖြစ်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

စိတ်ဓာတ်ကျသော ဆယ်ကျော်သက်များသည် တစ်ချိန်ကစိတ်ဝင်တစား ရှိခဲ့သော လှုပ်ရှားဆောင်ရွက်မှုများကို စိတ်မဝင်စားတတ်ကြတော့