မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ကူညီပေးနိုင်ပုံ

သင်ကူညီပေးနိုင်ပုံ

သင်ကူညီပေးနိုင်ပုံ

“စိတ်ဓာတ်ကျသည့် ကလေးများသည် အကူအညီလိုအပ်ကြသည်။ သို့သော် ယင်းအကူအညီကို ၎င်းတို့ဘာသာမရနိုင်ကြချေ။ လူကြီးတစ်ဦးက ပြဿနာကို ဦးဆုံးသတိပြုပြီး ၎င်းကို အလေးအနက်ထားရန်လိုသည်။ ယင်းသည် ခက်ခဲသောအပိုင်းဖြစ်သည်။”—⁠ဒေါက်တာ မာ့ခ် အက်စ်. ဂိုးလ်။

သင့်ဆယ်ကျော်သက်ကလေး စိတ်ဓာတ်ကျနေသည်ဟု သင်ယူဆလျှင် အဘယ်အရာ လုပ်ဆောင်နိုင်သနည်း။ ဦးဆုံးအနေနှင့်၊ ယင်းကိစ္စကို အစောတလျင် မဆုံးဖြတ်လိုက်ပါနှင့်။ အမှန်မှာ ရောဂါလက္ခဏာများသည် အခြားအရာတစ်ခုခုကို လုံးလုံးဖော်ပြခြင်းဖြစ်ပေမည်။ * ထို့အပြင် လူငယ်အားလုံးသည် ရံဖန်ရံခါ သုန်သုန်မှုန်မှုန်ဖြစ်တတ်ကြ၏။ သို့သော် ထိုအခြေအနေအတိုင်းဆက်ရှိနေပြီး ခေတ္တစိတ်ညှိုးငယ်မှုထက် ပိုသည့်လက္ခဏာရှိလျှင် ဆရာဝန်တစ်ဦးနှင့် ဆွေးနွေးတိုင်ပင်ခြင်းသည် အကောင်းဆုံးဖြစ်ပေမည်။ ဤကိစ္စတွင် ယေရှု၏ ဤစကားများကို စိတ်စွဲမှတ်ထားဖို့ ကောင်းသည်– “ကျန်းမာသောသူတို့သည် ဆေးသမားကိုအလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။”—⁠မဿဲ ၉:⁠၁၂

ဆယ်ကျော်သက်ကို နွမ်းလျစေသည့် မကြာသေးမီက ၎င်း၏ဘဝအပြောင်းအလဲများ အပါအဝင် အထောက်အကူပြုသော အချက်အလက်မှန်သမျှကို ဆရာဝန်အား အတတ်နိုင်ဆုံး ပွင့်ပွင့်လင်းလင်း ပြောပြပါ။ ရောဂါအမည်ကိုမဖော်မီ ဆရာဝန်သည် ရောဂါလက္ခဏာများကို အချိန်ပေးပြီး ကောင်းစွာ နားထောင်ကြောင်း သေချာစေပါ။ “ကလေးတစ်ဦးကို အပြည့်အဝ အကဲဖြတ်နိုင်ဖို့ လိုအပ်သည့် အချက်အလက်အားလုံးကို မိနစ်နှစ်ဆယ်မျှဖြင့် ထုတ်ဖော်ပြောဆိုဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ” ဟုဒေါက်တာ ဒေးဗစ် ဂျီ. ဖက်စလာကသတိပေးသည်။

သင်မေးချင်သည့် မေးခွန်းမှန်သမျှကို ဆရာဝန်အား ဘွင်းဘွင်းမေးပါ။ ဥပမာ၊ သင့်ဆယ်ကျော်သက်သည် ဆေးကုသရမည့် စိတ်ဓာတ်ကျမှုဖြစ်သည်ဟု ဆရာဝန်ယူဆမည်ဆိုလျှင် အဘယ်ကြောင့် အခြားရောဂါမဟုတ်ကြောင်းကို သင်မေးလိုပေမည်။ သင်သည် ဆရာဝန်၏အကဲဖြတ်မှုကို သံသယရှိမည်ဆိုလျှင် နောက်တစ်ဦး၏သဘောထားကို ရလိုကြောင်း ပြောပြပါ။ သေချာသည်မှာ စိတ်ရင်းကောင်းရှိသည့်ဆရာဝန်သည် သင်နောက်တစ်ဦးထံ မပြရလေအောင် တားဆီးဖျောင်းဖျလိမ့်မည် မဟုတ်ချေ။

အခြေအနေကို လက်ခံဖြေရှင်းခြင်း

သင့်ဆယ်ကျော်သက်သည် ကုသရမည့် စိတ်ဓာတ်ကျမှုဖြစ်မည်ဆိုလျှင် ယင်းအခြေအနေကြောင့် မရှက်ပါနှင့်။ စင်စစ်ဆိုရလျှင် စိတ်ကျရောဂါသည် လူငယ်၏အကောင်းဆုံးအရာကို အနိုင်ယူသွားနိုင်၏။ အမှန်ပင်၊ စိတ်နာကျင်မှုများသည် အသက်အရွယ်မရွေး ဘုရားသခင်အား အတတ်နိုင်ဆုံး ကြိုးစားဝတ်ပြုခဲ့သူတချို့ကိုပင် ဖိစီးနှိပ်စက်ခဲ့ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ ဘုရားသခင်၏စွန့်ပစ်ခြင်းခံရသည်ဟု ခံစားခဲ့ကာ ဘဝအကျည်းတန်မှုကိုဖော်ပြခဲ့သည့် တည်ကြည်သောယောဘကို သုံးသပ်ကြည့်ပါ။ (ယောဘ ၁၀:၁; ၂၉:၂၊ ၄၊ ၅) ဟန္နသည် မစားနိုင်၊ မသောက်နိုင်လောက်အောင် “စိတ်ဆင်းရဲ” ခဲ့သည့် ဘုရားသခင့် ကျေးကျွန်တစ်ဦးဖြစ်၏။ (၁ ဓမ္မရာဇဝင် ၁:၄-၁၀) ထို့အပြင် သားသေဆုံးသောကြောင့် ရက်ပေါင်းများစွာ မြည်တမ်းခဲ့ပြီး “နှစ်သိမ့်စေသောစကားကို နားမထောင်” ခဲ့သည့် ဘုရားတရားကိုင်းရှိုင်းသောအမျိုးသား ယာကုပ်လည်း ရှိခဲ့၏။ ယာကုပ်သည် သားရှိရာ သင်္ချိုင်းသို့ ဆင်းသက်ချင်သည့်အထိပင် ဖြစ်ခဲ့၏! (ကမ္ဘာဦး ၃၇:၃၃-၃၅) ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုသည် ဝိညာဉ်ရေးချို့တဲ့မှုကြောင့် အမြဲဖြစ်လေ့မရှိချေ။

သို့သော်ငြားလည်း ဆယ်ကျော်သက်တစ်ဦး၌ စိတ်ကျရောဂါခံစားနေရလျှင် မိဘများကို အလွန်ထိခိုက်နိုင်သည်။ “ကျွန်မဟာ ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေရတယ်။ ကျွန်မ စိုးရိမ်ထိတ်လန့်နေရတယ်၊ ရန်လိုပြီး ဒေါသထွက်နေရတယ်၊ နွမ်းလျနေရတယ်” ဟုစိတ်ဓာတ်ကျသည့် ဆယ်ကျော်သက်တစ်ဦး၏ မိခင်က ဆိုသည်။ နောက်မိခင်တစ်ဦးက ဤသို့ဝန်ခံခဲ့သည်– “ကျွန်မဟာ အပြင်ထွက်ပြီး ဆယ်ကျော်သက်သမီးနဲ့ ဈေးဝယ်နေတဲ့ မိခင်တစ်ယောက်ကို တွေ့မိတယ်ဆိုရင် ကျွန်မဝမ်းနည်းကြေကွဲလိမ့်မယ်၊ ဘာကြောင့်လဲဆိုတော့ [ကျွန်မရဲ့သမီးနဲ့အတူ] အဲသလိုဈေးဝယ်ထွက်ရတဲ့ အခွင့်အရေးကို ဆုံးရှုံးခဲ့ပြီး ဘယ်တော့မှပြန်ရနိုင်မှာ မဟုတ်လို့ဘဲ။”

ထိုသို့သောခံစားချက်များသည် ဓမ္မတာပင်။ သို့သော် ရံဖန်ရံခါ အလွန်ဖိစီးလွှမ်းမိုးလာပေမည်။ ထိုသို့ဖြစ်မည်ဆိုလျှင် ယုံကြည်စိတ်ချရသည့် မိတ်ဆွေတစ်ဦးထံ ရင်ဖွင့်ပါလေ။ နယပုံပြင် ၁၇:၁၇ ကဤသို့ဖော်ပြသည်– “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် [ဆင်းရဲသည့်] ကာလအဖို့ မွေးဖွားလျက်ရှိ၏။” ထို့အပြင် ဆုမတောင်းဘဲမနေပါနှင့်။ ကျွန်ုပ်တို့၏ဝန်ကို ဘုရားသခင်ထံ ချထားမည်ဆိုလျှင် ကိုယ်တော်ထောက်မပေးမည်ဖြစ်ကြောင်း သမ္မာကျမ်းစာက အာမခံထားသည်။—⁠ဆာလံ ၅၅:⁠၂၂

အပြစ်ဖို့လိုသည့်ဉာဉ်

စိတ်ဓာတ်ကျသော ဆယ်ကျော်သက်များ၏ မိဘများစွာသည် အလွန်စိတ်ပျက်အားလျော့လာကြပြီး အခြေအနေအတွက် မိမိတို့တွင် တစ်နည်းနည်းဖြင့် အပြစ်ရှိသည်ဟု ခံစားတတ်ကြသည်။ “သင့်ကလေးစိတ်ဓာတ်ကျသောအခါ အပြစ်ရှိသည်ဟု သင်ခံစားမည်ဖြစ်ပြီး ထိုသို့မခံစားဖို့ မည်သူကမှ ကူမပြောပေးနိုင်ပါ။ ‘ငါတို့ ဘာများအမှားလုပ်မိလို့လဲ။ ဘယ်ကနေ ဒီလိုအလှည့်အပြောင်းမျိုးဖြစ်သွားတာလဲ။ ငါဘယ်လိုလုပ်ပြီး အဲသလိုဖြစ်စေရတာလဲ’ ”ဟု သင်တွေးနေမည်။ ဤကိစ္စတွင် မိဘများသည် ၎င်းတို့၏အတွေးအခေါ်ကို မည်သို့မျှတစေနိုင်သနည်း။

အိမ်တွင်း ခက်ထန်ကြမ်းတမ်းသည့် အခြေအနေသည် ကလေးတစ်ဦးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်မှာ သံသယရှိစရာမလိုချေ။ အကြောင်းကောင်းရှိ၍သာ သမ္မာကျမ်းစာက ဖခင်များအား ဤသို့သတိပေးခြင်းဖြစ်သည်– “အဘတို့၊ ကိုယ်သားသမီးကိုစိတ်ဆိုးစေခြင်းငှာမပြုကြနှင့်။ ထိုသို့ပြုလျှင်၊ သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။” (ကောလောသဲ ၃:၂၁) ထို့ကြောင့် မိဘများသည် သားသမီးများနှင့် မိမိတို့ဆက်ဆံပုံများကို ဆန်းစစ်ပြီး လိုအပ်သည့်နေရာတွင် ပြုပြင်မှုများပြုရန် သတိပေးခံရကြခြင်းဖြစ်သည်။ သို့သော် စိတ်ကျရောဂါသည် မိဘအုပ်ထိန်းမှုညံ့ခြင်းကြောင့် ဖြစ်လေ့ရှိသည်တော့ မဟုတ်ချေ။ စင်စစ်အားဖြင့် ထိုရောဂါကို ချစ်ခြင်းမေတ္တာအလွှမ်းခြုံဆုံးအိမ်များတွင်လည်း တွေ့နိုင်ပါသည်။ ထို့ကြောင့် သားသမီးများကို အတတ်နိုင်ဆုံး ကူညီပေးနေကြသည့် မိဘများသည် အပြစ်ရှိသည်ဟု ခံစားစရာမလိုချေ။

ထပ်တူအရေးကြီးသည်မှာ စိတ်ဓာတ်ကျသည့် ဆယ်ကျော်သက်ကို အပြစ်မတင်မိရန်ဖြစ်သည်။ တကယ်တမ်းဆိုရလျှင် သူ့တွင် ထိုရောဂါကိုထိန်းချုပ်နိုင်စွမ်း မဆိုစလောက်သာရှိသည်။ “ရေကျောက်ကြောင့်ဖျားဖျား၊ ငှက်ဖျားကြောင့်ဖျားဖျား သူ့ကိုဘယ်တုန်းကမှ ကျွန်မအပြစ်မတင်ခဲ့ဖူးဘူး။ ဒါပေမဲ့ စိတ်ကျရောဂါကြောင့်တော့ ကျွန်မ သူ့ကိုအပြစ်တင်မိတယ်။ အဲသလိုဖြစ်ရကောင်းလား ဆိုပြီးအပြစ်တင်ခဲ့မိတယ်—⁠အဲဒါက ကျွန်မကိုအထိတ်တလန့်ဖြစ်စေတယ်” ဟုမိခင်တစ်ဦးက ပြောဆိုဝန်ခံခဲ့သည်။ စိတ်ကျရောဂါကို အားနည်းချက်တစ်ခုဟု ယူမှတ်မည့်အစား ရောဂါတစ်ခုဟု ယူမှတ်ခြင်းသည် မိဘများကိုသက်သာစေမည်ဖြစ်ပြီး အခြားသူများသည် ရောဂါသည်ကို မည်သို့ကူညီနိုင်ကြောင်း အာရုံစိုက်ကြမည်ဖြစ်သည်။

စိတ်ဓာတ်ကျသည့် ဆယ်ကျော်သက်တစ်ဦးအား ပျိုးထောင်ခြင်းသည် မိဘများအကြားဆက်ဆံရေးကို သိသိသာသာတင်းမာစေနိုင်သည်။ “ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ကြတယ်၊ အထူးသဖြင့် ကျွန်မတို့သားကြောင့် ကျွန်မတို့မျှော်လင့်ထားတဲ့ဘဝမျိုးနဲ့ ကျွန်မတို့ဖြစ်နေတဲ့ဘဝမျိုးကို စဉ်းစားမိတဲ့အချိန်တွေမှာပေါ့” ဟုဇနီးသည်တစ်ဦးကဆိုသည်။ စိတ်ကျရောဂါခံစားနေသည့် သမီးတစ်ဦးရှိသူ တီမ်က ဤသို့ဝန်ခံသည်– “ခင်ဗျားရဲ့အိမ်ထောင်ဖက်ကို အပြစ်တင်ဖို့လွယ်တယ်။ ကလေးမှာ စိတ်ကျရောဂါလက္ခဏာမပေါ်ခင် မိဘတွေ အိမ်ထောင်ရေးပြဿနာရှိမယ်ဆိုရင် ကလေးရဲ့နားလည်ရခက်တဲ့အပြုအမူတွေက ထပ်ဆင့်ဆိုးသွားစေနိုင်တယ်။” ကလေး၏စိတ်ကျရောဂါကြောင့် သင့်အိမ်ထောင်အတွင်း ဆူးငြှောင့်ခလုတ်မဖြစ်စေပါနှင့်! စင်စစ်အားဖြင့် သင့်ကိုယ်သင်ဖြစ်စေ၊ သင့်ကလေးကိုဖြစ်စေ၊ သင့်အိမ်ထောင်ဖက်ကိုဖြစ်စေ လက်ညှိုးထိုးခြင်းဖြင့် မည်သည့်အကျိုးမျှရှိမည်မဟုတ်ချေ။ အရေးကြီးသည်မှာ ရောဂါရှိသူကို ထောက်မကူညီရန်ဖြစ်သည်။

ထောက်မကူညီပေးခြင်း

သမ္မာကျမ်းစာက ခရစ်ယာန်များကို ဤသို့သတိပေးထားသည်– “စိတ်ငယ်သောသူတို့ကို အားပေးကြလော့။” (၁ သက်သာလောနိတ် ၅:၁၄) စိတ်ဓာတ်ကျသည့်လူငယ်သည် မိမိကိုယ်ကို အသုံးမကျဟူသည့် ခံစားချက်များစွဲကပ်နေလျှင် သင်ကူညီနိုင်ပါသည်။ မည်သို့နည်း။ “မင်း အဲသလို မခံစားသင့်ဘူး” သို့မဟုတ် “အဲဒီသဘောထားက မှားတာပေါ့” ဟူသည့် ပြစ်တင်စကားများကို မပြောခြင်းအားဖြင့်ဖြစ်သည်။ ယင်းအစား “စာနာစိတ်” တင်ပြခြင်းဖြင့် ကိုယ်ချင်းစာတတ်ဖို့ကြိုးစားပါ။ (၁ ပေတရု ၃:⁠၈ကဘ) ပေါလုသည် “ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကိုပြုကြ” ရန်ခရစ်ယာန်များအား သတိပေးခဲ့သည်။ (ရောမ ၁၂:၁၅) အမှန်တကယ် စိတ်ဓာတ်ကျနေသူတစ်ဦးသည် အမှန်ပင် စိတ်ထိခိုက်နေကြောင်း သတိရပါ။ နာကျင်မှုမှာ စိတ်ထင်ခြင်းမဟုတ်ချေ၊ အာရုံစိုက်ခံရရန် ဟန်ဆောင်ခြင်းလည်း မဟုတ်ချေ။ နားထောင်ပြီး ရောဂါသည်ကို စကားပြောဖို့ ကြိုးစားပါ။ အဘယ်ကြောင့် ထိုသို့ခံစားရကြောင်း မေးပါ။ ထို့နောက် မိမိကိုယ်ကိုထိုသို့ဝေဖန်သတ်မှတ်ဖို့ အဘယ်ကြောင့် ခိုင်လုံသောအကြောင်းမရှိကြောင်း သဘောပေါက်ဖို့ ဆယ်ကျော်သက်ဖြစ်သူကို သိမ်မွေ့စွာနှင့် စိတ်ရှည်စွာ ကူညီပါ။ ယေဟောဝါ၏ မေတ္တာကရုဏာကို စိတ်ချစေခြင်းသည် ရောဂါခံစားရသူ၏ စိုးရိမ်ပူပန်မှုများကို သက်သာစေရန် ကူညီပေးနိုင်ပေမည်။—⁠၁ ပေတရု ၅:၆၊ ၇

သင်နောက်ထပ် လုပ်ဆောင်နိုင်သည့် လက်တွေ့ကျသော ခြေလှမ်းများလည်း ရှိပေမည်။ ဥပမာ၊ စိတ်ဓာတ်ကျသည့် ဆယ်ကျော်သက်သည် ကောင်းကောင်းအနားယူကာ၊ အာဟာရရှိအစာစားပြီး၊ လေ့ကျင့်ခန်းမှန်မှန်လုပ်နေကြောင်း သေချာစေဖို့ လိုကောင်းလိုပေမည်။ (ဒေ. ၄:⁠၆) ဆေးဝါးသောက်သုံးရမည်ဆိုလျှင် ဆေးသောက်ရန်အရေးကြီးမှုကို သိစေရန် ဆယ်ကျော်သက်အား ကူညီပေးခြင်းသည် ပညာရှိရာရောက်ပါလိမ့်မည်။ ထောက်မကူညီပေးရာ၌ ဘယ်တော့မှ လက်မလျှော့လိုက်ပါနှင့်၊ မေတ္တာပြခြင်းကိုလည်း ဘယ်တော့မှ မရပ်လိုက်ပါနှင့်။

ဆယ်ကျော်သက်တစ်ဦး စိတ်ကျရောဂါရှိခြင်းသည် ရောဂါရှိသူအတွက်ရော ကျန်သည့်မိသားစုဝင်များအတွက်ပါ အလူးအလဲသောကရောက်စေသည့် အတွေ့အကြုံဖြစ်နိုင်သည်ကို ဝန်ခံရမည်။ နောက်ဆုံးအနေနှင့် သည်းခံမှု၊ လုံ့လဝီရိယနှင့် ချစ်ခြင်းမေတ္တာသည် စိတ်ဓာတ်ကျသည့်ဆယ်ကျော်သက်များကို ကူညီပေးရေးအတွက် အုတ်မြစ်တစ်ခုဖြစ်ပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဧကနယူကလီယဆဲလ်တိုးခြင်း၊ ဆီးချို၊ သွေးအားနည်းခြင်း၊ သိုင်းရွိုက်လျော့နည်းခြင်းနှင့် သွေးသကြားနည်းခြင်းတို့အပါအဝင် ဆေးဘက်ဆိုင်ရာရောဂါတချို့သည် စိတ်ကျရောဂါနှင့် ဆင်တူသော လက္ခဏာများကို ဖြစ်ပေါ်စေသည်ဟု ဆိုစမှတ်ပြုကြသည်။

[စာမျက်နှာ ၁၁ ပါ အကျဉ်းဖော်ပြချက်]

အမှန်တကယ် စိတ်ဓာတ်ကျနေသူတစ်ဦးသည် အမှန်ပင်စိတ်ထိခိုက်နေသည်။ နာကျင်မှုသည် စိတ်ထင်မဟုတ်ချေ

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

သင်သည် စိတ်ဓာတ်ကျနေသည့် ဆယ်ကျော်သက်တစ်ဦးဖြစ်လျှင်

သင်သည် အကူအညီမဲ့နေသူမဟုတ်ချေ၊ သင့်အခြေအနေမှာ မျှော်လင့်ချက်မဲ့သည့် အခြေအနေမဟုတ်ပါ။ သင့်စိတ်ကျရောဂါသည် (၁) ဇီဝဓာတု အချိုးညီမျှတမှုမရှိခြင်း၊ (၂) သင်အနည်းငယ်သာ ထိန်းချုပ်နိုင်သည့် သို့မဟုတ် လုံးဝမထိန်းချုပ်နိုင်သည့် ဘဝအခြေအနေများနှင့် ဆက်စပ်မှုရှိပေမည်။ မည်သို့ပင်ဆိုစေ သင့်အခြေအနေအတွက် သင်၌အပြစ်မရှိပါ။ သို့တိုင် ယင်းနှင့်ပတ်သက်၍ သင်အဘယ်အရာလုပ်ဆောင်နိုင်သနည်း။

“မိတ်ဆွေမူကား ညီအစ်ကိုစွဲကပ်သည်ထက် သာ၍စွဲကပ်တတ်၏” ဟုသမ္မာကျမ်းစာက ဖော်ပြထားသည်။ (သု. ၁၈:၂၄) မိတ်ဆွေတစ်ယောက်ရှာပြီး သင့်ခံစားချက်များကို ရင်ဖွင့်ကြည့်ပါလေ။ သင့်မိဘတစ်ဦး သို့မဟုတ် ရင့်ကျက်သောလူကြီးတစ်ဦးသည် စိတ်ကျရောဂါတိုက်လှန်ရာ၌ သင့်အတွက် အကောင်းဆုံးမဟာမိတ်ဖြစ်နိုင်ပါသည်။

သင်သည် ဆေးကုသရမည့် စိတ်ကျရောဂါခံစားနေသည်ဟု သင့်မိဘများသံသယဖြစ်မည်ဆိုလျှင် ယင်းရောဂါကုသရာ၌ အတွေ့အကြုံရှိသည့် ဆရာဝန်တစ်ဦးထံ သင့်အားခေါ်သွားကောင်းခေါ်သွားပေမည်။ ယင်းသည် ပညာရှိသောခြေလှမ်းဖြစ်၏၊ အကြောင်းမှာ ထိုသို့ဖြစ်နိုင်သောနေရာတွင် ကုသခြင်းဖြင့် စိတ်ဓာတ်ကျမှု အကြီးအကျယ်သက်သာနိုင်၍တည်း။ ဥပမာ၊ ဓာတုပစ္စည်း အချိုးညီ မျှတမှုမရှိခြင်း ဖြစ်မည်ဆိုလျှင် စိတ်ကျနှိမ်ဆေး သောက်သုံးရန် ညွှန်ကြားပေမည်။ သင့်ကိစ္စတွင် ယင်းသို့ဖြစ်နေလျှင် ဆေးကုသမှုခံယူဖို့ မရှက်ပါနှင့်။ ယင်းသည် သင့်ခန္ဓာကိုယ်မှ ဓာတုပစ္စည်းများကို ပြန်မျှတစေမည်ဖြစ်ပြီး ရွှင်လန်းမှုပြန်ရဖို့နှင့် ဘဝတွင် တည်ငြိမ်မှုပြန်ရဖို့ ကူညီပေးသည့် သော့ချက်ဖြစ်နိုင်သည်။

စိတ်ကျရောဂါသည်များစွာသည် သမ္မာကျမ်းစာဖတ်ရှုခြင်း၊ ဘုရားသခင်ထံ ဆုတောင်းချဉ်းကပ်ခြင်းဖြင့် သက်သာမှုရရှိခဲ့ကြပြီဖြစ်သည်။ သမ္မာကျမ်းစာက ဤသို့အာမခံထားသည်– “ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကိုနီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ၏။” *—⁠ဆာလံ ၃၄:⁠၁၈

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 28 ထပ်ဆင့်အကြောင်းအရာအတွက် အောက်တိုဘာ ၂၂၊ ၂၀၀၀ ထုတ် နိုးလော့! [လိပ်] တွင် ဖော်ပြထားသည့် “လူငယ်များအမေး . . . ငါစိတ်ဓာတ်ကျနေတာကို တစ်ယောက်ယောက်အားပြောသင့်သလား” ဆောင်းပါးကိုရှု။

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ရောဂါသည်များအတွက် အကူအညီနှင့် မျှော်လင့်ချက်

စိတ်ကျရောဂါသည် ရှုပ်ထွေးသောကြောင့် အကြောင်းကဏ္ဍအားလုံးကို ဤအခန်းဆက်ဆောင်းပါးတိုများတွင် သုံးသပ်ရန်မှာ မဖြစ်နိုင်ချေ။ သို့သော်ငြားလည်း ဤတွင်ဖော်ပြထားသော အချက်အလက်များသည် အားနည်းဆုတ်ယုတ်စေသည့် ဤရောဂါကို ခံနိုင်ရည်ရှိစေရန် ဆယ်ကျော်သက်များနှင့် ၎င်းတို့၏မိဘများကို အထောက်အကူပြုမည်ဟု နိုးလော့!ထုတ်ဝေသူများအနေဖြင့် ယုံကြည်စိတ်ချပါသည်။

ရှေ့ဆောင်းပါးမှ လမ်းညွှန်ချက်များစွာသည် သမ္မာကျမ်းစာကို အခြေခံထားကြောင်း သင်သတိပြုမိပေမည်။ ယင်းသည် ရှေးကျသောစာအုပ်ဖြစ်သည်မှာ မှန်ပါသည်။ သို့တိုင် ယင်း၏ဆုံးမစကားများသည် ရေးသားခဲ့ချိန်ကကဲ့သို့ပင် ယနေ့လည်း လက်တွေ့ကျလျက်ရှိသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ အချိန်များပြောင်းလဲလျက်ရှိသော်လည်း လူ့သဘောသဘာဝ မပြောင်းလဲသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် ယခင်လူမျိုးဆက်များ တွေ့ကြုံခဲ့ကြသည့် အလားတူဖြစ်ရပ်များကို ရင်ဆိုင်ကြသည်။ ကွာခြားသည်မှာ ယနေ့ ယင်းပြဿနာများသည် ပိုကြီးမားပြီး ပျံ့နှံ့ခြင်းဖြစ်သည်။

သို့သော် သမ္မာကျမ်းစာ အလွန်တရာလက်တွေ့ကျရသည့် နောက်အကြောင်းရင်း တစ်ခုရှိသေးသည်– ဘုရားသခင် မှုတ်သွင်းထားသောကြောင့်တည်း။ (၂ တိမောသေ ၃:၁၆) ဖန်ဆင်းရှင်အနေနှင့် ဘဝကိုအကောင်းဆုံးမွေ့လျော်ဖို့ ကျွန်ုပ်တို့၏လိုအပ်ချက်များကို သိတော်မူ၏။

သမ္မာကျမ်းစာသည် ဆေးကျမ်းမဟုတ်သည်မှာ မှန်ပါသည်။ ထို့ကြောင့် စိတ်ကျရောဂါကဲ့သို့သော ဖျားနာမှုများအတွက် လျောက်ပတ်သော ဆေးဝါးကုသမှုခံယူရန်လိုအပ်မှုကို မပယ်ရှားချေ။ သို့တိုင် သမ္မာကျမ်းစာတွင် ပါရှိသောမူများသည် ရောဂါသည်များကိုနှစ်သိမ့်ပေးရန် အထောက်အကူပြုနိုင်သည်။ ထို့ထက်မက ယင်းတွင် ကျွန်ုပ်တို့၏ရောဂါဘယအားလုံးကို များမကြာမီ ကုသပေးမည့် ဘုရားသခင့်ကတိတော်လည်း ပါဝင်သည်။ (ဆာလံ ၁၀၃:⁠၃) မှန်ပါသည်၊ ယေဟောဝါသည် “နှလုံးကြေကွဲသောသူ” ကိုအားသစ်လောင်းရန် ရည်ရွယ်တော်မူ၏။—⁠ဟေရှာယ ၅၇:⁠၁၅

ဤမြင့်မြတ်သော မျှော်လင့်ချက်အကြောင်း သင်ပိုမိုသိရှိလိုပါသလော။ သင့်ဒေသရှိ ယေဟောဝါသက်သေများနှင့် ဆက်သွယ်ပါ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ တွင်ဖော်ပြထားသည့် သင့်တော်ရာလိပ်စာသို့ စာရေးပါ။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

စာနာစိတ်တင်ပြရန် ကြိုးစားပါ

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ဆယ်ကျော်သက်တစ်ဦးသည် စိတ်ဓာတ်ကျမြဲကျနေမည်ဆိုလျှင် ဆရာဝန်တစ်ဦးနှင့် ဆွေးနွေးတိုင်ပင်ခြင်းသည် ပညာရှိရာရောက်

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံများ]

မိဘတစ်ဦးအနေနှင့် သင့်ကိုယ်သင်၊ သင့်အိမ်ထောင်ဖက်၊ သို့မဟုတ် သင့်ဆယ်ကျော်သက်ကို အပြစ်တင်မစောပါနှင့်