မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာချီ ပြဿနာတစ်ရပ်

ကမ္ဘာချီ ပြဿနာတစ်ရပ်

ကမ္ဘာချီ ပြဿနာတစ်ရပ်

“ကိုယ့်ကိုယ်ကိုသတ်သေခြင်းသည် ဆိုးရွားသော ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်သည်။”—ယူ.အက်စ်. သမားတော်ချုပ် ဒေးဗစ် စက်ချာ၊ ၁၉၉၉ ခုနှစ်။

ယူနိုက်တက်စတိတ်မှ သမားတော်ချုပ်တစ်ဦး၏ အထက်ပါစကားသည် သမိုင်းတွင် ကိုယ့်ကိုယ်ကိုသတ်သေမှုကို ပြည်သူ့အရေးကိစ္စတစ်ရပ်အဖြစ် ပထမဆုံးအကြိမ် ဖော်ပြခြင်းဖြစ်သည်။ ယခုအခါ ထိုနိုင်ငံတွင် သူတစ်ပါး၏သတ်ဖြတ်မှုခံရခြင်းထက် ကိုယ့်ကိုယ်ကိုသတ်သေသူ ပိုများပြားလျက်ရှိသည်။ ကိုယ့်ကိုယ်ကိုသတ်သေမှု တားဆီးကာကွယ်ရေးသည် တိုင်းပြည်၏ဦးစားပေး အရေးကိစ္စတစ်ရပ်ဟု ယူ.အက်စ်. ဆီးနိတ်လွှတ်တော်က ကြေညာခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်ချေ။

သို့တိုင် ၁၉၉၇ ခုနှစ်၌ လူ ၁၀၀,၀၀၀ လျှင် ၁၁.၄ ဦးရှိခဲ့သော ယူနိုက်တက်စတိတ်မှ ကိုယ့်ကိုယ်ကိုသတ်သေမှုနှုန်းသည် ၂၀၀၀ ပြည့်နှစ်၌ လူ ၁၀၀,၀၀၀ လျှင် ၁၆ ဦးရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့သည့် ကမ္ဘာချီသတ်သေမှုနှုန်းထက် ပိုနည်းပါသည်။ ကမ္ဘာတစ်ဝန်း ကိုယ့်ကိုယ်ကိုသတ်သေမှုနှုန်းသည် လွန်ခဲ့သော ၄၅ နှစ်အတွင်း ၆၀ ရာခိုင်နှုန်း တိုးများခဲ့ပြီ။ ယခုအခါ တစ်နှစ်တည်းတွင် ကမ္ဘာတစ်ဝန်းမှ လူတစ်သန်းခန့်သည် မိမိကိုယ်ကို အဆုံးစီရင်နေကြသည်။ ယင်းပမာဏမှာ စက္ကန့် ၄၀ တိုင်းတွင် လူတစ်ဦးခန့်သေဆုံးသည့် သဘောပင်တည်း!

သို့ရာတွင် ကိန်းဂဏန်းများသည် အခြေအနေအပြည့်အစုံကို မဖော်ပြချေ။ အမှုများစွာတွင် လူသေမှုတစ်မှုကို ကိုယ့်ကိုယ်ကိုသတ်သေမှုဖြစ်ကြောင်း မိသားစုဝင်များက ငြင်းဆန်ကြသည်။ ထို့အပြင် ကိုယ့်ကိုယ်ကိုသတ်သေမှု တစ်ခုအောင်မြင်ပြီးမြောက်တိုင်း ကြံစည်အားထုတ်ခဲ့မှု ၁၀ မှုနှင့် ၁၅ မှုကြားရှိသည်ဟု ခန့်မှန်းရသည်။ ယူနိုက်တက်စတိတ်မှ အထက်တန်းကျောင်းသား ၂၇ ရာခိုင်နှုန်းသည် လွန်ခဲ့သောနှစ်အတွင်း ကိုယ့်ကိုယ်ကိုသတ်သေရန် အလေးအနက် စဉ်းစားသုံးသပ်ခဲ့ကြကြောင်း၊ ဆန်းစစ်လေ့လာသည့်အုပ်စုမှ ၈ ရာခိုင်နှုန်းသည် ကိုယ့်ကိုယ်ကိုသတ်သေရန် ကြံစည်အားထုတ်ခဲ့ကြကြောင်း လေ့လာမှုတစ်ရပ်အရ တွေ့ရှိရသည်။ တစ်ချိန်မဟုတ်တစ်ချိန်တွင် လူကြီး ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိသည် ကိုယ့်ကိုယ်ကိုသတ်သေလိုစိတ်ပေါ်ခဲ့ကြောင်း အခြားလေ့လာမှုများအရ တွေ့ရှိရသည်။

ယဉ်ကျေးမှုကွဲပြားချက်များ

ကိုယ့်ကိုယ်ကိုသတ်သေမှုအပေါ် လူတို့၏ရှုမြင်ပုံမှာ အကြီးအကျယ်ကွဲပြားသည်။ ယင်းကို တချို့က ရာဇဝတ်မှုဟူ၍လည်းကောင်း၊ သူရဲဘောကြောင်သည့် ခေါင်းရှောင်မှုဟူ၍လည်းကောင်း၊ အမှားပြုမိသူအတွက် အသရေရှိရှိ တောင်းပန်မှုတစ်ရပ်ဟူ၍ပင် ယူမှတ်ကြသည်။ တချို့က နောက်ထပ်လိုက်လျှောက်ရမည့် ဂုဏ်ယူဖွယ်လမ်းစဉ်တစ်ရပ်ဟုပင် ယူမှတ်ကြ၏။ အဘယ်ကြောင့် ထိုသို့ အယူအဆကွဲပြားရသနည်း။ ယဉ်ကျေးမှုသည် အရေးပါသည့်ကဏ္ဍမှ ပါဝင်သည်။ အမှန်မှာ ယဉ်ကျေးမှုသည် “ကိုယ့်ကိုယ်ကိုသတ်သေနိုင်သည့်အထိ” ပင် ဖြစ်စေနိုင်ကြောင်း ဟားဗဒ် စိတ်ကျန်းမာရေးစာလွှာတွင် ဖော်ပြသည်။

ဥရောပအလယ်ပိုင်းနိုင်ငံတစ်နိုင်ငံ—⁠ဟန်ဂေရီ—⁠ကို သုံးသပ်ကြည့်ပါ။ ထိုနိုင်ငံတွင် ကိုယ့်ကိုယ်ကိုသတ်သေမှုနှုန်း မြင့်မားခြင်းကို ဟန်ဂေရီနိုင်ငံ၏ “ဝမ်းနည်းဖွယ် ‘ဓလေ့ထုံးစံ’” အဖြစ် ဒေါက်တာ ဇိုလ်တန် ရီးမားက ဖော်ပြခဲ့သည်။ ဟန်ဂေရီလူမျိုးများသည် မည်သည့်အကြောင်းရင်းကြောင့်မဆို ဟုဆိုရမလောက် လွယ်လွယ်နှင့် ကိုယ့်ကိုယ်ကိုသတ်သေလေ့ရှိကြသည်ဟု ဟန်ဂေရီအမျိုးသားကျန်းမာရေးအဖွဲ့၏ ဒါရိုက်တာ ဘေလာ ဘူဒါက ဖော်ပြခဲ့သည်။ ဘူဒါ၏အဆိုအရ “သူ့မှာ ကင်ဆာရောဂါရှိတယ်—⁠အဲဒါကို ဘယ်လိုအဆုံးသတ်ရမလဲဆိုတာ သူသိတယ်” ဟူ၍ တုံ့ပြန်လေ့ရှိကြသည်။

တစ်ချိန်က အိန္ဒိယနိုင်ငံတွင် ဆတ်တီးဟု လူသိများသည့် ဘာသာရေးထုံးစံတစ်ခုရှိခဲ့သည်။ မုဆိုးမဖြစ်သူတစ်ဦး လင်၏အလောင်းရှို့ရန် ထင်းပုံအပေါ် မိမိကိုယ်ကို ပစ်လှဲမီးသင်္ဂြိုဟ်ခံသည့် ယင်းထုံးစံကို တားမြစ်ထားသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း လုံးလုံးမကွယ်ပျောက်သေးချေ။ ဤနည်းဖြင့် အမျိုးသမီးတစ်ဦး မိမိကိုယ်ကိုသတ်သေကြောင်း သတင်းထွက်လျှင် ဒေသခံလူများစွာသည် ဤအဖြစ်ဆိုးကို ချီးမွမ်းကြ၏။ ယနေ့အိန္ဒိယသတင်းစာအဆိုအရ အိန္ဒိယနိုင်ငံ၏ ထိုထုံးစံရှိသည့်ဒေသတွင် “နှစ်များတစ်လျှောက် (၂၅ နှစ်အတွင်း) အမျိုးသမီး ၂၅ ဦးခန့်သည် လင်သား၏အလောင်းနှင့်အတူ မိမိတို့ကိုယ်ကို မီးသင်္ဂြိုဟ်ခံကြကြောင်း သိရသည်။”

ဂျပန်နိုင်ငံမှ ကိုယ့်ကိုယ်ကိုသတ်သေမှုသည် မတော်တဆယာဉ်တိုက်မှုများထက် သုံးဆပိုများနေရာ ထူးခြားလှပေသည်! ကိုယ့်ကိုယ်ကိုသတ်သေခြင်းကို ဘယ်သောအခါမျှ အပြစ်မတင်သော ဂျပန်ဓလေ့ထုံးစံသည် သတ်မှတ်နည်းအတိုင်း ကိုယ့်ဝမ်းဗိုက်ကို ဟက်တက်ခွဲသတ်သေသည့်ပုံစံ (ဆက်ပူကူ သို့မဟုတ် ဟာရ-ကီရိ) ကိုအလွန်လိုက်နာကျင့်သုံးခြင်းကြောင့် နာမည်ကြီးခဲ့သည်” ဟုဂျပန်—⁠ပုံပြစွယ်စုံကျမ်းက ဖော်ပြသည်။

နိုင်ငံပေါင်းချုပ်အသင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့သူ အီနာဇို နီတိုဘီက ဘူရှိဒို—⁠ဂျပန်စရိုက်လက္ခဏာဟူသည့် သူ၏စာအုပ်တွင် သေခြင်းနှင့်စပ်လျဉ်း၍ ယင်းထုံးစံ၏ စွဲမက်ဖွယ်ဖြစ်မှုကို ရှင်းပြခဲ့သည်။ သူဤသို့ရေးသားခဲ့သည်– “စစ်သည်များ ကျင့်သုံးသည့် နည်းစနစ်တစ်ခုဖြစ်ကာ အလယ်ခေတ်တွင် ဖန်တီးသည့် [ဆက်ပူကူ] သည် ၎င်းတို့၏ပြစ်မှုများကို ပြေငြိမ်းစေနိုင်သည်၊ မှားယွင်းမှုများအတွက် တောင်းပန်မှုဖြစ်စေနိုင်သည်၊ အရှက်တကွဲဖြစ်ခြင်းကို ရှောင်ကွင်းနိုင်သည်၊ ၎င်းတို့၏မိတ်ဆွေများကို လွတ်မြောက်စေနိုင်သည် သို့မဟုတ် ၎င်းတို့၏ရိုးသားမှန်ကန်မှုကို သက်သေထူစေနိုင်သည်။” ကိုယ့်ကိုယ်ကိုသတ်သေခြင်းနှင့်ပတ်သက်သည့် ဤထုံးစံမှာ ယေဘုယျအားဖြင့် အတိတ်တွင် ကျန်ခဲ့ပြီဖြစ်သော်လည်း လူနည်းစုမှာမူ လူမှုရေးအကျိုးသက်ရောက်မှုအတွက် ကျင့်သုံးကြဆဲဖြစ်သည်။

အခြားတစ်ဖက်တွင် ခရစ်ယာန်ဘောင်သည် ကိုယ့်ကိုယ်ကိုသတ်သေခြင်းကို ရာဇဝတ်မှုဟု ရှုမြင်ခဲ့ကြသည်မှာ ကြာပေပြီ။ ခြောက်ရာစုနှင့် ခုနစ်ရာစုများအတွင်း ရိုမန်ကက်သလစ်ချာ့ခ်ျသည် ကိုယ့်ကိုယ်ကိုသတ်သေသူတို့ကို ပယ်ကြဉ်ခဲ့ကြပြီး ဈာပနအခမ်းအနားများ မပြုလုပ်ပေးခဲ့ကြချေ။ တချို့ဒေသများတွင် ဘာသာရေးစိတ်ထက်သန်မှုသည်—⁠အသေကောင်ကို ကြိုးဆွဲချခြင်း၊ နှလုံးကိုတုတ်ချောင်းဖြင့် ထိုးဖောက်ခြင်းပင်အပါအဝင်—⁠ကိုယ့်ကိုယ်ကိုသတ်သေမှုများနှင့်ပတ်သက်သော ထူးဆန်းသည့်ထုံးစံများကို ဖြစ်ပေါ်စေသည်။

ရှေ့နောက်မညီဟန်ရှိသည့်အရာမှာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံသူတို့သည် သေဒဏ်ကျခံနိုင်သည်။ ၁၉ ရာစုမှ အင်္ဂလိပ်လူမျိုးတစ်ဦးသည် မိမိ၏လည်ပင်းကို လှီးဖြတ်သတ်သေရန် ကြံစည်ခြင်းကြောင့် ကြိုးမိန့်ပေးခံခဲ့ရသည်။ သို့ဖြင့် ထိုသူအထမမြောက်ခဲ့သည့်အရာကို အာဏာပိုင်များက အကောင်အထည်ဖော်ပေးခဲ့ကြ၏။ ကိုယ့်ကိုယ်ကိုသေကြောင်းကြံမှုအတွက် ပြစ်ဒဏ်ကို နှစ်များတစ်လျှောက် ပြောင်းလဲခဲ့သော်လည်း ကိုယ့်ကိုယ်ကိုသတ်သေခြင်းနှင့် ကိုယ့်ကိုယ်ကိုသေကြောင်းကြံခြင်းတို့သည် ရာဇဝတ်မှုမမြောက်တော့ကြောင်း ဗြိတိသျှတရားဥပဒေပြုလွှတ်တော်က မကြေညာသေးမီ ၁၉၆၁ ခုနှစ်ရောက်မှသာ ကြေညာခဲ့သည်။ အိုင်ယာလန်နိုင်ငံတွင် ၁၉၉၃ ခုနှစ်အထိ ရာဇဝတ်မှုမြောက်ခဲ့သည်။

ယနေ့ တချို့သောစာရေးဆရာများသည် ကိုယ့်ကိုယ်ကိုသတ်သေမှုကို ရွေးချယ်စရာနည်းလမ်းတစ်ရပ်အဖြစ် အားပေးအားမြှောက်ပြုကြသည်။ သေဆုံးတော့မည့်လူနာအတွက် ကိုယ့်ကိုယ်ကိုသတ်သေဖို့ အကူအညီပေးခြင်းနှင့်ပတ်သက်သည့် ၁၉၉၁ ခုနှစ်ထုတ် စာအုပ်တစ်အုပ်တွင် ဘဝကိုအဆုံးစီရင်သည့်နည်းများ ဖော်ပြထားသည်။ နောက်ပိုင်းတွင် အကြံပြုထားသော နည်းတစ်နည်းကို အသုံးပြုခဲ့ကြသည့် သေတော့မည့် လူနာဟုတ်သူဦးရေမှာ တိုးပွားလာခဲ့သည်။

စင်စစ်အားဖြင့် ကိုယ့်ကိုယ်ကိုသတ်သေခြင်းသည် ပြဿနာဖြေရှင်းနည်းလော။ သို့မဟုတ် ဆက်အသက်ရှင်နေထိုင်ဖို့ အကြောင်းကောင်းများ ရှိသလော။ ဤမေးခွန်းများကို မသုံးသပ်မီ အဘယ်အရာက ကိုယ့်ကိုယ်ကိုသတ်သေမှု ဖြစ်စေသနည်း ဟူသည့်အချက်ကို ဦးစွာသုံးသပ်ကြည့်ကြစို့။

[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]

တစ်နှစ်တည်းတွင် ကမ္ဘာတစ်ဝန်း မှ လူတစ်သန်းခန့်သည် မိမိကိုယ်ကိုအဆုံးစီရင်ကြသည်။ ယင်းပမာဏမှာ စက္ကန့် ၄၀ တိုင်းတွင် လူတစ်ဦးသေဆုံးသည့်သဘောတည်း!