မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရော့ကီးတောင်များ၏ သက်တမ်းအနုဆုံး တောင်တန်း

ရော့ကီးတောင်များ၏ သက်တမ်းအနုဆုံး တောင်တန်း

ရော့ကီးတောင်များ၏ သက်တမ်းအနုဆုံး တောင်တန်း

အရမ်းမောဟိုက်နေကြပြီ၊ စခန်းသုံးမီးဖိုငယ်လေးကို ထုတ်လိုက်ပြီး နံနက်စာအတွက် ကျွန်တော်တို့ ပြင်ဆင်ကြတယ်။ နယူးယောက်ကနေ ဝူးမင်ပြည်နယ်အထိ ငါးရက်တာ မိုင် ၃,၀၀၀ နီးပါးခရီးကို ကားမောင်းလာကြတာပါ။ နံနက်စာစားရင်းနဲ့ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကို ရှုစားလိုက်ကြတယ်။

တောက်ပတဲ့နေရောင်ခြည်ဟာ ရွှန်းလဲ့ထိန်ညီးနေပြီး အေးမြလတ်ဆတ်တဲ့လေကြောင့် လန်းဆန်းသွားတယ်။ ဒါပေမဲ့ အဲဒီမြင်ကွင်းဟာ ကျွန်တော်တို့ရဲ့ အရင်က လမ်းဘေးပျော်ပွဲစားထွက်တာတွေနဲ့ မတူဘူး—⁠ရှုခင်းက ရင်သပ်ရှုမောစရာကောင်းလွန်းနေတယ်! ဂရန်းတီးတန်အမျိုးသားဥယျာဉ်ကြီးထဲက ဂျက်ဆင်ရေကန်ကမ်းစပ်နားမှာ ကျွန်တော်တို့ ညစာစားကြတယ်။ ကျွန်တော်တို့ရဲ့ရှေ့မှာတော့ အတော့်ကိုခန့်ညားလှတဲ့ တောတောင်ရှုခင်းဟာ ဝင့်ထည်နေပါတယ်။ အနောက်ဘက်ကနေ ကျွန်တော်တို့ထွက်လာတဲ့မိုင် ၁၀,၀၀၀ အတွင်းမှာ ဒီလောက်ကောင်းတဲ့မြင်ကွင်းမျိုး မရှိခဲ့ဘူး။ ပြန်လည်ပတ်ဖို့ အခွင့်အရေးရခဲ့မယ်ဆိုရင် ကျွန်တော်တို့ပြန်လာကြဦးမှာပါ။

ဂရန်းတီးတန်ဟာ ပေ ၁၃,၇၇၀ မြင့်တယ်၊ ဒီတောင်တန်းမှာရှိတဲ့ တခြားတောင်ထွတ်တစ်ဒါဇင်ဟာ ပေ ၁၂,၀၀၀ ကျော်မြင့်တယ်။ တောင်နိမ့်လေးတွေပါလို့မပြောသာပေမဲ့ အမြင့်ဆုံးတောင်တွေတော့ မဟုတ်ဘူး။ ကားနဲ့လာတဲ့အပေါ်မှာမူတည်ပြီး တီးတန်တောင်တန်းအနေအထားကို သတိမမူမိဘဲဖြစ်သွားနိုင်တယ်။ အနောက်ဘက်ကနေလာရင် တောင်ဟာ ခပ်ပြေပြေလေးမြင့်တက်သွားတာတွေ့ရမှာဖြစ်လို့ စာဖွဲ့လောက်စရာမရှိပါဘူး! ဒါပေမဲ့ အရှေ့ဘက်ကနေလာရင်တော့ ဒီတောင်တန်းတွေဟာ အောက်ဘက်လွင်ပြင်ချိုင့်ဝှမ်းကနေ ရုတ်တရက်ကြီး တစ်မိုင်ကျော်လောက် ထိုးတက်သွားတယ်။ အာရုံကို တကယ်ညှို့ယူဖမ်းစားနိုင်လွန်းတယ်။

တစ်ကျော့ပြန်ခရီး

နှစ်နဲ့ချီတမ်းတခဲ့ပြီးတဲ့နောက် တစ်ကျော့ပြန်ခရီးကို စီစဉ်နိုင်ခဲ့ကြတယ်။ ဒီတစ်ခေါက်တော့ ဝူးမင်ပြည်နယ်၊ ဂျက်ဆင်ဟိုးလ်ကို လေယာဉ်စီးသွားပြီး မြောက်ဘက်ကနေ တီးတန်ဒေသကို ထွက်လာခဲ့ကြတယ်။ လမ်းပြနဲ့အတူ အေးစိမ့်ပြီး ရတနာနဲ့တူတဲ့ ဂျဲနီရေကန်ကနေ ကျွန်တော်တို့ရဲ့ ခရီးကိုစခဲ့ကြတယ်၊ အဲဒီရေကန်က ဒီတောင်တန်းရဲ့ အမြင့်ဆုံးတောင်ထိပ်တွေရဲ့ခြေရင်းမှာ ရှိတယ်။

အေးစိမ့်တဲ့ နံနက်ခင်းလေကြောင့် ကျွန်တော်တို့ရဲ့အရေပြားတွေ စပ်ဖျဉ်းဖျဉ်းဖြစ်လာတယ်။ နေမထွက်ခင် ထကြတာ ကျွန်တော်တို့ချည်းပဲမဟုတ်ဘူး။ တခြားသူတွေလည်း ထပြီး လှုပ်ရှားနေကြပြီ။ ဓာတ်ပုံဆရာတချို့ဆိုရင် ရောင်နီဦးရဲ့ ပန်းရောင်၊ ရွှေရောင် နေရောင်ခြည်ဆမ်းထားတဲ့ တောင်တန်းရဲ့အလှကို အမိအရ ဓာတ်ပုံရိုက်ယူချင်နေကြတယ်။ ရုတ်တရက် ကျွန်တော်တို့ ကြက်သေသေသွားတယ်—⁠သမင်မကြီးတစ်ကောင်က ကျွန်တော်တို့ကို ရှေ့တည့်တည့်ကနေ စူးစိုက်ကြည့်နေလို့လေ! တောင့်ပြီး သတိနဲ့ရပ်နေတယ်၊ သမင်ပေါက်လေးက ကျွန်တော်တို့နဲ့ ၁၀ ကိုက်တောင်မဝေးတဲ့နေရာမှာ မြက်စားနေတယ်။ ကျွန်တော်တို့ ကင်မရာကိုဖြည်းဖြည်းချင်း လှမ်းယူလိုက်တယ်။ အသက်အောင့်ပြီး ချိန်ရိုက်လိုက်တယ်။ အခုမှ အသက်ပြန်ရှူနိုင်ကြတယ်၊ ကျွန်တော်တို့ရဲ့ခရီးစဉ်က ဂျဲနီရေကန်ကနေ စထွက်ရုံပဲရှိသေးတယ်။

ခြေကျင်လျှောက်ကြတဲ့အုပ်စုတစ်စုနဲ့ လွန်းပျံရေယာဉ်ကို စုစီးကြတယ်၊ သိပ်မကြာခင်မှာပဲ အင်စပိုင်ရေးရှင်းပွိုင့်ကို တက်သွားတဲ့ တစ်မိုင်ရှည်တဲ့တောင်ကြားလမ်းရဲ့အောက်ခြေကို ရောက်လာကြတယ်။ လှေပေါ်ကနေ ဆင်းလိုက်တာနဲ့ ချက်ချင်းပဲ သစ်တောရဲ့အေးစိမ့်မှုက ကျွန်တော်တို့ကို လွှမ်းခြုံသွားတယ်။ မတ်စောက်တဲ့တောင်ကြားလမ်းအတိုင်း တက်သွားတာနဲ့အမျှ ရေကန်ဟာ နောက်ဝေးဝေးမှာကျန်ခဲ့တယ်။ ခပ်လှမ်းလှမ်းက ရေတံခွန်သံတဝုန်းဝုန်းကို စကြားရပြီ။ မောဟိုက်နေပြီ၊ သစ်တောအပြင်ရောက်တာနဲ့ ကျောက်စွန်းတစ်ခုမှာ နားကြတယ်။ တောက်ပတဲ့ရောင်နီဦးအောက်မှာ နေပူစာလှုံပြီး အေးမြတဲ့တောင်ပေါ်လေကို တဝကြီးရှူပစ်လိုက်ကြတယ်။ ကျွန်တော်တို့ရဲ့အောက်ဘက် ခပ်လှမ်းလှမ်းမှာတော့ တလျှပ်လျှပ် လင်းလက်နေတဲ့ နီလာပြာရောင် ဂျဲနီရေကန်ရှိနေတယ်။ ထူးခြားတဲ့တောင်ကုန်းတစ်ခုပေါ်မှာ စီတန်းပေါက်ရောက်တဲ့ သစ်ပင်တန်းတွေကြားမှာတည်ရှိတဲ့ ရေကန်ဟာ ကျောက်သွေးပြောင်မြောက်သူတစ်ဦးရဲ့ လက်ရာလိုပါပဲ။

ကျွန်တော်တို့ရဲ့အပေါ်မှာ ထိုးတက်နေတဲ့တောင်ထွတ်တွေကိုတော့ ကက်သီဒရာလ်တောင်စုလို့ ခေါ်ကြတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေမှာ ဒီတောင်တန်းကို သုတေသနပြုခဲ့တဲ့ သဘာဝလောကပညာရှင် ဒေါက်တာဖရစ်ဇဲလ်က ဒီလိုရေးသားခဲ့ပါတယ်– “အခြားအရာအထက် ထိုးတက်နေတဲ့ တောင်ထွတ်ချွန်တွေဟာ လူတစ်ယောက်ရဲ့အမြင်အာရုံ၊ အတွေးနယ်ပယ်တို့ကို အဲဒါတွေထက်မြင့်မားတဲ့အရာကို တွေးမြင်စေပါတယ်။” တအံ့တဩနဲ့ အင်စပိုင်ရေးရှင်းပွိုင့်ရဲ့ ခမ်းနားထည်ဝါမှုမှာ ကြည်နူးနစ်မျောသွားကြတယ်။ ကျွန်တော်တို့ ပင်ပန်းရကျိုးနပ်ပြီလို့ ခံစားလိုက်ကြရတယ်။ ဒါပေမဲ့ ကြည့်စရာတွေ ရှိပါသေးတယ်။

ခက်စခိတ်ချောက်အဆုံးပိုင်းတစ်လျှောက်မှာရှိတဲ့ မြွေလိမ်မြွေကောက်လမ်းလေးဟာ အခုတော့ အံ့ဩစရာကောင်းလောက်အောင် ညီညာပြန့်ပြူးနေပြန်တယ်။ မကြာခင်မှာပဲ ကျောက်တောင်ကမ်းပါးယံတွေဟာ ကျွန်တော်တို့ကို မိုးနေပြန်ပြီး အဲ့ဒီကမ်းပါးယံတွေဘေးမှာတော့ တောင်ကျချောင်းရေဟာ ဝါးလုံးထိုးစီးဆင်းနေတယ်။ ‘ဘယ်စွမ်းအားရှင်တွေကများ ဒီနေရာကိုပုံသွင်းတာပါလိမ့်’ လို့စဉ်းစားမိကြတယ်။ ရုတ်တရက် စိတ်လှုပ်ရှားနေတဲ့ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူ့ခမျာ အသက်တောင်မရှူနိုင်ဘဲ တိုးတိုးလေးပြောတယ်– “ဒီမှာ မူးသမင်တစ်ကောင်။ မြန်မြန်၊ လာကြည့်ကြ!”

ဒီတောင်တန်းတွေရဲ့အသွင်အပြင် ဘယ်လိုများပါလိမ့်ဆိုတဲ့အတွေးကို ဖယ်ရှားပစ်လိုက်တယ်။ ကင်မရာကိုကိုင်ပြီး ဒီဥယျာဉ်ကြီးထဲမှာ ကျက်စားနေကြတဲ့ ထူးခြားတဲ့ အဲ့ဒီတိရစ္ဆာန်တစ်ကောင်ကို ဓာတ်ပုံရိုက်ယူဖို့ အဆင်သင့်ပြင်လိုက်ကြတယ်။ ကလေးမက အပေါ်စီးကနေမြင်ရတဲ့ နေရာတစ်ခုကို ခေါ်သွားတယ်။ အားလုံး တိတ်တိတ်လေးလိုက်ကြပြီး သူလေးရဲ့မိသားစုဝင်တွေကလည်း လက်ညှိုးထိုးပြနေတယ်။ အဲဒီမှာ မြစ်ကြောင်းတစ်လျှောက်ရွှံ့ညွန်ပြင်ထဲမှာ မူးဆတ်ထီးတစ်ကောင်ကို တွေ့လိုက်ကြတယ်။ တအံ့တသြငေးမောကြည့်ကြပြီး ကင်မရာကိုမြှောက်ပြီး၊ ဒီနေရာကို အမှတ်မထင် အချိန်သင့်ရောက်လာတာ ငါတို့အတွက် မင်္ဂလာတစ်ပါးပဲလို့ တိုးတိုးတိတ်တိတ်ပြောလိုက်ကြတယ်။

ဘူမိဗေဒနှင့် ကမ္ဘာ့ကျောက်လွှာထုများ

ကြည့်စရာတွေများလွန်းတာမို့ ဒီလိုအံ့မခန်းဖွယ် တောတောင်ရှုခင်းရဲ့ရာဇဝင်ကို မေးဖို့မေ့သွားနိုင်တယ်။ ဒါပေမဲ့ ဥယျာဉ်ကြီးကတော့ ပြည်သူလူထုကို အသိပညာပေးဖို့ အမြဲတမ်းကြိုးစားနေပါတယ်၊ စာစောင်လေးတွေထုတ်ပေးတယ်၊ တောခေါင်း-သဘာဝပညာရှင်တွေ ဦးဆောင်လမ်းပြမှုနဲ့ ခြေကျင်ခရီးသွားအုပ်စုတွေအတွက် အစီအစဉ်ပြုလုပ်ပေးပါတယ်။

ကျွန်တော်တို့ခြေထောက်အောက်က ကမ္ဘာကြီးဟာ အတော့်ကိုမြဲမြံတယ်လို့ထင်ရပေမဲ့ နွေဦးရာသီမှာ ရေခဲနေတဲ့ရေကန်လိုမျိုးဖြစ်ပြီး ကျစ်လျစ်ပုံပေါက်သလောက် မကျစ်လျစ်ကြောင်း ရှင်းပြခဲ့တယ်! ကမ္ဘာ့မြေလွှာထုကြီးကို ကျောက်လွှာထု အတော်များများနဲ့ဖွဲ့စည်းထားတယ်၊ ဒီကျောက်လွှာထုတွေဟာ ကျောက်ရည်လွှာထုကြီးတွေပေါ်မှာ တည်ရှိနေပြီး ရွေ့လျားကြတယ်ဆိုတဲ့ သီအိုရီကို ဘူမိဗေဒပညာရှင်တွေ ယုံကြည်လာကြတယ်။ ကျွန်တော်တို့ကတော့ ဒီကျောက်လွှာထုတွေဟာ အချင်းချင်းတိုးတိုက်မိကြတဲ့အခါ တောင်တန်းကြီးတွေဖြစ်လာတယ်ဆိုတဲ့ သီအိုရီကို စိတ်ဝင်စားကြတယ်။

တီးတန်တောင်တန်းကိုကြည့်ရင် ကျောက်လွှာထုတစ်ခုဟာ တခြားကျောက်လွှာထုတစ်ခုကို ကော်တင်လိုက်တဲ့ သံတူရွင်းတစ်ခုလိုမျိုး လုပ်ဆောင်ထားပုံရနေပါတယ်။ ရလဒ်အနေနဲ့ ဘူမိဗေဒပညာရှင်တွေအခေါ် ပြတ်ရွေ့တုံးတောင်တစ်ခု ဖြစ်လာပါတယ်။ တီးတန်တောင်တန်းဟာ ဘူမိသက်တမ်းအရ သိပ်မကြာခင်ကမှ ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဥယျာဉ်ကြီးရဲ့ လက်ကမ်းစာစောင်လေးမှာ ဒီတောင်တန်းကို “ရော့ကီးတောင်ဆက်များတွင် သက်တမ်းအနုဆုံးနှင့် အထူးခြားဆုံးတောင်တန်း” လို့ခေါ်ထားတယ်။

ပန်းပုဆရာအဖြစ် ရေနှင့် ရေခဲ

ခုလိုရှင်းပြတဲ့အချက်တွေဟာ စိတ်ဝင်စားစရာကောင်းပေမဲ့ မေးစရာတွေရှိသေးတယ်။ ဂျဲနီရေကန်က ကျွန်တော်တို့ရဲ့ခြေကျင်ခရီးကို စဉ်းစားမိတယ်။ အဲဒီတောင်ထိပ်တွေ ဘာကြောင့်များ လွှသွားပုံဖြစ်နေရတာလဲ။ ပြီးတော့၊ ရေကန်ပတ်လည်မှာ တောထနေတဲ့ ထူးခြားတဲ့တောင်ကုန်းကိုကော ဘယ်လိုပြောမလဲ။ ဘူမိဗေဒပညာရှင်တွေ ပေးတဲ့အဖြေကတော့၊ ဒါတွေအားလုံး ရေကြောင့်ပဲဖြစ်သတဲ့။ သီအိုရီကတော့ ဟိုးအတိတ်တစ်ချိန်ချိန်မှာ ရေခဲမြစ်ကြီးတွေက တီးတန်တောင်တန်းရဲ့ချောက်ကို ဖောက်လုပ်လိုက်တာလို့ဆိုပါတယ်။ ရေခဲဆောင်ကျောက်ပုံလို့ခေါ်တဲ့ ရေကန်ပတ်လည်က ကုန်းမြေဟာ ရေခဲရွေ့လျားမှုကြောင့်ဖြစ်သတဲ့။ ဒီရေခဲဆောင်ကျောက်ပုံဟာ အရည်ပျော်သွားတဲ့ရေခဲမြစ်တချို့ကို ပိတ်ကာလိုက်တဲ့အပြင် မြေဆီမြေနှစ်ကိုလည်း ထိန်းထားပေးတယ်။

အထူးသဖြင့် ကျတ်တီးမြေလို ကျောက်စရစ်ပြင်၊ အဲ့ဒီလွင်ပြင်အနီးအနားမှာပေါက်ရောက်နေတဲ့ ချုံပုတ်တို့နဲ့ယှဉ်ကြည့်လိုက်ရင် ရေကန်ပတ်လည်မှာ အပင်တွေ ဘာကြောင့်ရှင်သန်ဖွံ့ဖြိုးနေရတယ်ဆိုတာကို အဲ့ဒီသီအိုရီက ဖော်ပြနေပါတယ်။ စိတ်ဝင်စားစရာကောင်းတာမို့ တောခေါင်း-သဘာဝလောကပညာရှင်ကို ထပ်ရှင်းပြဖို့ တိုက်တွန်းခဲ့ကြတယ်။ အဲဒီတောင်ထွတ်တွေကို လွှသွားပုံဖြစ်စေတဲ့အရာက အတော့်ကိုအံ့သြစရာကောင်းပါသတဲ့။ သူက အဲဒါကို နှင်းခဲသပ်သွင်းခြင်းလို့ခေါ်တယ်။ ရေတွေဟာ ကျောက်ဆောင်အက်ကြောင်းတွေမှာ ရေစီးကြောင်းဖောက်ပြီး အေးခဲသွားတဲ့အချိန်မှာ လမ်းကြောင်းကိုချဲ့ပေးတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ကျောက်ဆောင်ကို သီးခြားအပိုင်းများအဖြစ် ခွဲလိုက်တော့ ဆောက်နဲ့ဖြတ်လိုက်သလိုဖြစ်ကျန်ခဲ့တယ်။ ဒီတောင်တန်းအကြောင်း အားတက်သရောရှင်းပြပို့ချပေးတဲ့အတွက် သူ့ကို ကျွန်တော်တို့ တကယ်ကျေးဇူးတင်မိကြတယ်။

တိရစ္ဆာန်များ

ဘူမိဗေဒကထူးခြားတဲ့အပြင် အဲဒီဒေသမှာ တိရစ္ဆာန်တွေလည်း ပေါများတယ်။ အဲဒါကြောင့်ပဲ အမှတ်ရလောက်တဲ့ နာမည်ကြီးစနိတ်ခ် ရိမ်ဗားမြစ်ကို ကျွန်တော်တို့ ခရီးဆက်ခဲ့ကြတယ်။ တောတောင်ရှုခင်းငေးကြည့်နေတုန်းမှာပဲ လင်းယုန်ထိပ်ပြောင်တွေနဲ့ ဝံလက်ငှက်တွေဟာ ပျံဝဲပြီး ငါးဖမ်းသုတ်ဖို့ ကန်ထဲကို ဒိုင်ဗင်ထိုးချလိုက်ကြတယ်။ ကျွန်တော်တို့ရဲ့ လှေလမ်းပြဖြစ်တဲ့ ကျွမ်းကျင်-ဇီဝဗေဒပညာရှင်က ကျွန်တော်တို့ကို အံ့သြသွားစေတဲ့အရာကို လက်ညှိုးထိုးပြလိုက်တယ်။ လင်းယုန်ထိပ်ပြောင်က အကောင်ပိုကြီးပြီး ပိုထူးခြားတဲအသွင်အပြင်ရှိပေမဲ့ တကယ်တမ်း ငါးဖမ်းတဲ့နေရာမှာတော့ ဝံလက်ငှက်က ပိုသာနေတယ်။ လင်းယုန်ငှက်တွေဟာ ဝံလက်ငှက်တွေဆီက ငါးတွေ ခိုးယူကြတာကို တွေ့ခဲ့ဖူးသတဲ့။ မှန်နေတယ်၊ ကျွန်တော်တို့ကြည့်နေတုန်းမှာပဲ လင်းယုန်ထိပ်ပြောင်ဟာ ဝံလက်ငှက်တစ်ကောင်ဆီ ချဉ်းကပ်သွားတယ်။ ဝံလက်ငှက်က ဖမ်းထားတာကိုလွှတ်ချပြီး အဝေးကိုပျံပြေးသွားတယ်။

တောရိုင်းတိရစ္ဆာန်တွေကို သဘာဝအတိုင်းမြင်ရတာ ကျွန်တော်တို့အတွက် ပီတိဖြစ်စရာပဲ။ အမျိုးသားဆတ်ထိန်းသိမ်းရေးအဖွဲ့က နီးနီးလေးမှာရှိနေတယ်၊ ဆတ်များစွာဟာ နွေရာသီဆိုရင် ဂရန်းတီးတန်အမျိုးသားဥယျာဉ်ကြီးမှာ ကျက်စားလေ့ရှိကြတယ်။ ကျွန်တော်တို့ဟာ ကားကို လမ်းဘေးမှာထိုးရပ်ပြီး မြက်တွေစားရင်း လေးလေးပင်ပင် သွားလာလှုပ်ရှားနေကြတဲ့ ဆတ်အုတ်ကြီးကို ကြည့်လေ့ရှိတယ်။ တချို့အချိန်တွေမှာတော့ တည်းခိုဆောင်ရဲ့ ဝရန်တာကနေထွက်ပြီး မိုးမခပင်တွေကြားမှာ အေးအေးလူလူ စားသောက်နေကြတဲ့ မူးဆတ်တွေကို ကြည့်ကြတယ်။ ညဘက်ဆိုရင် ဒီသတ္တဝါတွေဟာ သူတို့ကိုစောင့်ကြည့်နေတဲ့ လူအုပ်ကို ဟန်ရေးပြကြတယ်။ မောပန်းနေကြပေမဲ့ ကျွန်တော်တို့လို မြို့သားတွေ တွေ့မြင်ရခဲတဲ့ ကြယ်တွေနဲ့ တောက်ပနေတဲ့ မဲမှောင်လုလုကောင်းကင်ပြင်ကို အကြာကြီး ငေးမောကြည့်နေကြတယ်။

နောက်ဆုံးနေ့ရောက်လာလို့ နှုတ်ဆက်ချိန်တန်လာပြီ။ အံ့သြစိုးရိမ်စိတ်နဲ့ပဲ ပြောင်အုပ်တည့်တည့်ကို ကျွန်တော်တို့ ဖြတ်မောင်းခဲ့ကြတယ်။ အကောင်ကြီးမားပြီး အမွေးဖားလျားကျနေတဲ့ ပြောင်အုပ်ကြီးဟာ လမ်းဘေးဝဲယာမှာ အတန်းရှည်ကြီးသွားနေကြတယ်။ ကျွန်တော်တို့ ပြန်ချင်စိတ်တောင်မရှိဘူး! ဒါပေမဲ့ ပြန်ချိန်တန်နေပြီ။

လေယာဉ်ပေါ်ထိုင်၊ ပျံတက်မယ့်အချိန်ကိုစောင့်ရင်းနဲ့ ကျွန်တော်တို့သွားခဲ့တဲ့ခရီးကို ပြန်ပြောင်းစဉ်းစားမိတယ်။ တောင်တန်းကြီးတွေ၊ တောင်ပေါ်လေနှင့် တိရစ္ဆာန်တွေအကြောင်းပေါ့။ တီးတန်တောင်တန်းကို ဟိုအရင်ကတည်းက ပြန်လည်ပတ်ချင်တဲ့ဆန္ဒ ပြည့်သွားတာမို့ ကျေနပ်ပီတိဖြစ်မိတယ်! ဒီ ရော့ကီးတောင်များရဲ့သက်တမ်းအနုဆုံး တောင်တန်းလေးဟာ တကယ့်ကို နုပျိုလှပနေတယ်။

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ခရီးသည်များအတွက် အကြံပေးချက်တချို့

ပါးလွှာတဲ့လေထုနဲ့ နေသားကျစေဖို့ သင့်ကိုယ်ကို အချိန်ပေးပါ။ ဤချိုင့်ဝှမ်းသည်ပင် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆,၀၀၀ ကျော်တွင်တည်ရှိ၏။ မြေနိမ့်ပိုင်းမှ ကမ္ဘာလှည့်ခရီးသည်တချို့သည် ခေါင်းကိုက်ခြင်း သို့မဟုတ် စိတ်တိုလွယ်ခြင်းကဲ့သို့သော မျက်နှာပြင်အနိမ့်အမြင့်ခံစားမှုဝေဒနာရနိုင်သည်။ လူကြီးများသည် အထူးသဖြင့် နှလုံးရောဂါ သို့မဟုတ် အသက်ရှူအင်္ဂါဆိုင်ရာဝေဒနာအခံရှိသူများသည် ထိုခရီးစဉ်ကိုမထွက်မီ ၎င်းတို့၏ဆရာဝန်နှင့် ဆွေးနွေးလျှင် ပိုကောင်းသည်။

ခြေကျင်ခရီးမထွက်မီ ကောင်းစွာပြင်ဆင်ထားပါ။ ကုန်းမြင့်ပြီး မိုးနည်းရပ်ဝန်းအခြေအနေများသည် ခန္ဓာကိုယ်ရေ ခန်းခြောက်မှု လျင်မြန်သည်ကို မမေ့ပါနှင့်။ ရေများများယူဆောင်သွားပါ။

ကြီးမားကျယ်ပြန့်ပြီး လှပသော်လည်း ယင်းသည် တောရိုင်းတိရစ္ဆာန်များရှိသည့် တောကန္တာရဥယျာဉ်ကြီးတစ်ခုဖြစ်သည်။ တချို့ခရီးသည်များသည် တိရစ္ဆာန်များအနားသို့ ကပ်ဖို့သာ စိတ်သန်နေတတ်ကြ၏၊ သို့သော် တိရစ္ဆာန်များသည် ကြို၍မမှန်းဆနိုင်သောနည်းဖြင့် တုံ့ပြန်နိုင်သည်။ တောရိုင်းတိရစ္ဆာန်များရှိသည့် ပတ်ဝန်းကျင်တွင် ၎င်းတို့ကို မည်သို့ပြုမူမည်နှင့်ပတ်သက်၍ တောခေါင်းများ၏အကြံပေးချက်ကို နားထောင်ပြီး လိုက်နာပါ။ တောခေါင်းများ၏စကားများသည် စိတ်ဝင်စားစရာကောင်းသည့်အပြင် အသက်ပင် ကယ်တင်နိုင်ပေသည်။

[စာမျက်နှာ ၁၇ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ဂရန်းတီးတန် အမျိုးသားဥယျာဉ်ကြီး

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံများ]

တီးတန်တောင်တန်းမှ မိုရန်တောင်ကုန်း

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

အပေါ်ဘက်ရှိ ခက်စခိတ်ချောက်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ပြောင်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

လင်းယုန်ထိပ်ပြောင်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

တီးတန်မှ နေဝင်ချိန်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

မူးဆတ်ထီး