မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လက်တုံ့ပြန်ခြင်းသည် မှားသလော

လက်တုံ့ပြန်ခြင်းသည် မှားသလော

လူငယ်များအမေး . . .

လက်တုံ့ပြန်ခြင်းသည် မှားသလော

“သူ ကျွန်တော့်ကို စော်ကားတယ်။”—⁠လူသတ်မှုဖြင့် ထောင်ကျနေသော အသက် ၁၅ နှစ်အရွယ် ကော်နီလ်။

ကျောင်းကပွဲတစ်ခုတွင် ကျောင်းဆရာမတစ်ဦးကို သတ်ခဲ့သည့် ၁၄ နှစ်အရွယ် အင်ဒရူးက ကျောင်းဆရာ/မများနှင့် မိဘတို့ကိုမုန်းတီးကြောင်း၊ သူ့အားငြင်းပယ်သည့်အတွက် မိန်းကလေးများကို စိတ်ဆိုးကြောင်း ဖော်ပြခဲ့သည်။

ယင်းကို “အဖျက်စံနမူနာ” ဟုတိုင်းမ်စ်မဂ္ဂဇင်းက သမုတ်လိုက်သည်။ ဒေါသထွက်နေသော လူငယ်တစ်ဦးသည် သူ၏ကျောင်းသို့ သေနတ်ငယ်တစ်လက်ဝှက်ယူလာပြီး သူ၏ကျောင်းနေဖက်များနှင့် ဆရာ/မများကို စတင်ပစ်ခတ်လေ၏။ ထိုသို့သောဖြစ်ရပ်ဆိုးများသည် ယူနိုက်တက်စတိတ်တွင် ဖြစ်လေ့ရှိပုံရသဖြင့် တီဗွီသတင်းကွန်ရက်တစ်ခုက “အကြမ်းဖက်မှုတိုးပွားပျံ့နှံ့မှု” အဖြစ်ဖော်ပြခဲ့သည်။

ကျောင်းတွင်းပစ်ခတ်မှုများ အတော်အတန်ဖြစ်ခဲနေသေး၍ တော်ပါသေးသည်။ သို့သော် များမကြာမီက ဒေါသအလျောက်ဖြစ်ခဲ့သည့်ပြစ်မှုများသည် စင်စစ်အားဖြင့် လူငယ်တချို့ မည်မျှဒေါသတကြီးဖြစ်နေကြသည်ကို ဖော်ပြခြင်းသာဖြစ်သည်။ အဆိုပါဒေါသပေါက်ကွဲမှုများကို အဘယ်အရာက တွန်းပို့ပေးသနည်း။ တချို့လူငယ်များသည် အခွင့်အာဏာရှိသူတို့၏လက်ချက်ဖြင့် သူတို့ကြုံခဲ့သည့် မတရားမှု သို့မဟုတ် အာဏာတလွဲသုံးမှုတို့ကြောင့် အမျက်ဒေါသထွက်ကြခြင်းဖြစ်ပြီး တခြားသူများမှာမူ ရွယ်တူချင်းများထံမှ အမြဲတမ်းလိုလို လှောင်ပြောင်ခံရခြင်းကြောင့် ဒေါသထွက်ကြသည်မှာ ထင်ရှားသည်။ အတန်းဖော်တစ်ဦးကို ပစ်သတ်—⁠ပြီးနောက် မိမိကိုယ်ကိုပစ်သတ်—⁠ခဲ့သည့် ၁၂ နှစ်အရွယ်ယောက်ျားလေးတစ်ဦးသည် အဝလွန်မှုကြောင့် လှောင်ပြောင်ခံခဲ့ရခြင်းဖြစ်သည်။

လူငယ်အများစုသည် ထိုသို့တရားလွန်အကြမ်းဖက်ခြင်းတွင် ပါဝင်ရခြင်းကို မည်သည့်အခါမျှ အလေးအနက်ထား စဉ်းစားကြဖွယ်မရှိသည်ကို ဝန်ခံရမည်။ သို့တိုင် လူမျိုးရေးခွဲခြားမှု၊ အနိုင်ကျင့်မှု သို့မဟုတ် ကြင်နာမှုကင်းသည့်လှောင်ပြောင်မှုတို့ ခံရသောအခါ ဖြစ်ပေါ်လာသည့် စိတ်ထိခိုက်နာကျင်မှုကို တိုက်လှန်ရခြင်းသည် မလွယ်ကူချေ။ ဘင်က သူ၏ကျောင်းတက်ရက်များကို ဤသို့ပြန်ပြောပြသည်– “ကျွန်တော့်အရွယ် လူငယ်တွေထက် ကျွန်တော်ဟာ အရပ်ပိုပုနေတယ်။ ပြီးတော့ ကျွန်တော့်ခေါင်းကို အမြဲကတုံးရိတ်ထားတဲ့အတွက် တခြားကောင်လေးတွေက အမြဲတမ်းလိုလို လှောင်ပြောင်တတ်ကြပြီး ကျွန်တော့်ခေါင်းကို လာလာပုတ်ကြတယ်။ အဲဒါကြောင့် ကျွန်တော်သိပ်စိတ်ဆိုးတယ်။ အခွင့်အာဏာရှိတဲ့သူတွေဆီ အကူအညီတောင်းတဲ့အခါ ကျွန်တော့်ကို လျစ်လျူရှုကြတာမို့ အခြေအနေကို ပိုဆိုးသွားစေတယ်။ အဲဒါကြောင့် ကျွန်တော် ပိုပြီးတော့တောင် ဒေါသကြီးလာတယ်!” ဘင်က ဤသို့ထပ်ဆင့်သည်– “သေနတ်ကိုင်ဆောင်ခွင့်မရလို့သာ ဒီလူတွေကို သေနတ်နဲ့မပစ်တာ။”

သူတို့ကိုထိခိုက်စေသူတို့အား လက်တုံ့ပြန်ဖို့ကြံစည်သည့် လူငယ်များကို သင်မည်သို့ ရှုမြင်သင့်သနည်း။ သင်ကိုယ်တိုင် နှိပ်စက်ခံရသည့်သားကောင်ဖြစ်လာလျှင် သင်ဘာလုပ်သင့်သနည်း။ အဖြေအတွက် ဘုရားသခင့်နှုတ်မြွက်တော်အဆိုကို သုံးသပ်ကြည့်ပါ။

ချုပ်တည်းခြင်း—⁠ခွန်အား၏အမှတ်လက္ခဏာတစ်ခု!

နှိပ်စက်ခံရမှုနှင့် မတရားမှုတို့သည် အသစ်အဆန်းတော့ မဟုတ်ချေ။ သမ္မာကျမ်းစာရေးသူတစ်ဦးက ဤသို့အကြံပြုခဲ့သည်– “အမျက်မထွက်ဘဲ ဒေါသမီးကိုငြိမ်းစေလော့။ အဆိုးကိုဖြစ်ပွားစေသော စိတ်မျက်ခြင်းမရှိလင့်။” (ဆာလံ ၃၇:⁠၈သမ) မကြာခဏဆိုသလို အမျက်ဒေါသသည် ချုပ်တည်းမှုမရှိခြင်းကြောင့် ဖြစ်လေ့ရှိပြီး ဆိုးကျိုးများကို ထည့်မတွက်ကြောင်း ဖော်ပြ၏။ မိမိကိုယ်ကို “စိတ်မျက်” စေခြင်းသည် ဒေါသအိုးပေါက်ကွဲမှုကို ဖြစ်စေနိုင်သည်! အဘယ်ရလဒ်ဖြစ်ပေါ်မည်နည်း။

ကာဣနနှင့် အာဗေလတို့နှင့်ပတ်သက်သော ကျမ်းစာဥပမာကို သုံးသပ်ကြည့်ပါ။ “ကာဣနသည်” သူ၏ညီအာဗေလကို “အလွန်စိတ်ဆိုး . . . လေ၏။” ရလဒ်အနေနှင့် “လယ်သို့ရောက်သောအခါ ညီအာဗေလကို ရန်ဘက်ပြု၍သတ်လေ၏။” (ကမ္ဘာဦး ၄:၅၊ ၈) ဒေါသအမျက်မချုပ်တည်းနိုင်သည့် နောက်ထပ်ပုံသက်သေတစ်ခုမှာ ဘုရင်ရှောလုနှင့်ပတ်သက်သည်။ လူငယ်ဒါဝိဒ်၏ စစ်ရေးစွန့်စားခန်းများကို မနာလိုဖြစ်ရာ သူသည် ဒါဝိဒ်ကိုသာမက သူ၏သားဖြစ်သူ ယောနသန်ကိုပါ လှံနှင့်ပစ်ပေါက်ခဲ့သည်!—⁠၁ ဓမ္မရာဇဝင် ၁၈:၁၁; ၁၉:၁၀; ၂၀:၃၀-၃၄

ဒေါသထွက်သင့်သည့်အခါများ ရှိသည်မှာ မှန်ပါသည်။ သို့ဖြစ်လင့်ကစား ဖြောင့်မှန်သည့်အမျက်ဒေါသသည်ပင် မထိန်းချုပ်နိုင်လျှင် ဆိုးကျိုးဖြစ်စေနိုင်၏။ ဥပမာ၊ ရှိမောင်နှင့် လေဝိတို့သည် ၎င်းတို့၏နှမဒိနကို ရှေခင်က မတရားပြုကျင့်ကြောင်း သိရှိသည့်အခါ ဒေါသထွက်သင့်ပါသည်။ သို့သော် စိတ်အေးအေးထားမည့်အစား ဒေါသအမျက်ချောင်းချောင်းထွက်ခဲ့ကြကြောင်း နောက်ပိုင်း သူတို့ပြောသည့် ဤစကားများက ဖော်ပြသည်– “ငါတို့နှမကို ပြည့်တန်ဆာကဲ့သို့မှတ်၍ပြုရမည်လော။” (ကမ္ဘာဦး ၃၄:၃၁) သို့နှင့် သူတို့အလွန်စိတ်နာကြသောအခါ သူတို့သည် “ဓားလက်နက် တစ်ယောက်တစ်စင်းစီ စွဲကိုင်လျက်” ရှေခင်၏ရွာတွင် နေထိုင်သည့် “ယောက်ျားအပေါင်းတို့ကိုသတ်လေ၏။” သူတို့၏ဒေါသသည် “ယာကုပ်၏တခြားသားတို့” ပါတိုက်ခိုက်သတ်ဖြတ်မှုတွင် ပါဝင်သည့်အထိ ကူးစက်ခဲ့သည်။ (ကမ္ဘာဦး ၃၄:၂၅-၂၇ကဘ) နောက်ပိုင်း နှစ်နှင့်ချီကြာပြီးနောက်၌ပင် ရှိမောင်နှင့် လေဝိတို့၏ဖခင်ယာကုပ်က သူတို့၏ဒေါသအမျက်မချုပ်တည်းမှုကို ပြစ်တင်ပြောဆိုခဲ့သည်။—⁠ကမ္ဘာဦး ၄၉:၅-၇

ယင်းမှ အရေးကြီးသည့်အချက်တစ်ချက်ကို ကျွန်ုပ်တို့သိရှိရသည်– ဒေါသအမျက်မထိန်းနိုင်ခြင်းသည် ခွန်အား၏အမှတ်လက္ခဏာမဟုတ်ဘဲ အားနည်းမှု၏လက္ခဏာဖြစ်သည်။ နယပုံပြင် ၁၆:၃၂ ကဤသို့ဆိုသည်– “စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူထက်လည်းကောင်း၊ မိမိစိတ်ကိုချုပ်တည်းသောသူသည် မြို့ကိုတိုက်ယူသောသူထက်လည်းကောင်း သာ၍ကောင်း၏။”

လက်စားချေခြင်း၏မိုက်မဲမှု

သို့ဖြစ်၍ ကျမ်းစာက ဤသို့အကြံပေးသည်– “အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်။ . . . ကိုယ်တိုင်အပြစ်ပြန်၍မတုံ့ကြနှင့်။” (ရောမ ၁၂:၁၇၊ ၁၉) လက်စားချေခြင်းသည်—⁠ကိုယ်ထိလက်ရောက်ဖြစ်စေ၊ ကြင်နာမှုကင်းသည့်စကားလုံးများဖြင့်ပင်ဖြစ်စေ—⁠ဘာသာရေးသဘောမဆန်ချေ။ တစ်ချိန်တည်းတွင် ထိုသို့လက်စားချေခြင်းသည် လက်တွေ့မကျရုံသာမက ပညာမဲ့ရာကျ၏။ တစ်ချက်အနေနှင့် အကြမ်းဖက်မှုသည် များသောအားဖြင့် အကြမ်းဖက်မှုကို ပိုဖြစ်ပွားစေလေ့ရှိသည်။ (မဿဲ ၂၆:၅၂) ထို့အပြင် ကြင်နာမှုကင်းသည့်စကားလုံးများသည် ပို၍ကြင်နာမှုကင်းသည့်စကားများကို ဖြစ်စေလေ့ရှိ၏။ အမျက်ဒေါသသည် မတရားမှုဖြစ်စေလေ့ရှိကြောင်းကိုလည်း သတိရပါ။ ဥပမာ၊ သင့်အား ထိခိုက်စေသူတစ်ဦးသည် သင့်အား မလိုမုန်းထားဖြစ်နေသည်ဟု သင်အမှန်တကယ် သိနိုင်ပါမည်လော။ ထိုသူသည် မထင်မှတ်ဘဲ သို့မဟုတ် အမှတ်မဲ့ ပြုလိုက်ခြင်း မဖြစ်နိုင်ပေလော။ မလိုတမာမှုပါဝင်သည်ဆိုဦးတော့ ယင်းအခြေအနေသည် လက်စားချေခြင်းကို လုပ်သင့်လုပ်ထိုက်သည့်အရာ အမှန်တကယ် ဖြစ်စေသလော။

ဒေ. ၇:၂၁၊ ၂၂ ပါကျမ်းစကားများကို သုံးသပ်ကြည့်ပါ– “သူတစ်ပါး ပြောသမျှသောစကားတို့ကို မမှတ်နှင့်။ သို့ပြုလျှင် ကိုယ်ကျွန်ကျိန်ဆဲသောစကားကို ကြားလိမ့်မည်။ သင်သည် ကိုယ်တိုင်သူတစ်ပါးတို့ကို အဖန်ဖန်ကျိန်ဆဲကြောင်းကို ကိုယ်စိတ်နှလုံးထဲမှာသိ၏။” သင့်အကြောင်းကို လူတို့မကောင်းပြောဆိုခြင်းသည် မနှစ်မြို့ဖွယ်ဖြစ်သည်မှာ မှန်ပါသည်။ သို့သော် သမ္မာကျမ်းစာက ယင်းသည် ဘဝအဖြစ်မှန်တစ်ခုဖြစ်ကြောင်း သမ္မာကျမ်းစာက ဝန်ခံထား၏။ သူတစ်ပါးအကြောင်းကို သင်မပြောသင့်ဘဲ ပြောခဲ့ဖူးသည် မဟုတ်လော။ သို့ဆိုလျှင် တစ်စုံတစ်ယောက်က သင့်အကြောင်း မငဲ့မညှာတစ်စုံတစ်ရာပြောဆိုသည့်အခါ အဘယ်ကြောင့် အလွန်အကျွံတုံ့ပြန်ရမည်နည်း။ အများအားဖြင့် လှောင်ပြောင်မှုကို လျစ်လျူရှုလိုက်ခြင်းသည် အကောင်းဆုံးဖြေရှင်းနည်း ဖြစ်လေ့ရှိသည်။

အလားတူပင် သင်မတရားဆက်ဆံခံရသည်ဟု ယူဆသောအခါ အလွန်အကျွံတုံ့ပြန်ခြင်းသည် ပညာမဲ့ရာရောက်သည်။ ဆယ်ကျော်သက်တစ်ဦးဖြစ်သူ ဒေးဗစ်က ခရစ်ယာန်ချင်းတချို့နှင့် ဘတ်စကက်ဘောကစားချိန်က အဖြစ်အပျက်ကို ဤသို့ပြန်ပြောပြသည်။ “တစ်ဖက်အဖွဲ့က တစ်ယောက်ဟာ ကျွန်တော့်ကို ဘောလုံးနဲ့ပစ်ပေါက်လိုက်တယ်” ဟုဒေးဗစ်ကဆို၏။ ယင်းကို ရန်လိုသည့်လုပ်ရပ်ဟု ချက်ချင်းကောက်ချက်ချကာ တစ်ဖက်သူကို ဘောလုံးဖြင့် ပြန်ပစ်ပေါက်ပြီး တုံ့ပြန်လိုက်၏။ “ကျွန်တော် တကယ်စိတ်ဆိုးခဲ့တယ်” ဟုဒေးဗစ်ကဝန်ခံသည်။ သို့သော် အခြေအနေပိုဆိုးမလာမီ ယေဟောဝါထံ ဒေးဗစ်ဆုတောင်းခဲ့သည်။ ‘ငါဘာဖြစ်လို့ ခရစ်ယာန်ညီအစ်ကိုတစ်ယောက်နဲ့ ရန်ဖြစ်ချင်နေရတာလဲ’ ဟုသူ့ကိုယ်သူပြောခဲ့သည်။ နောက်ပိုင်းတွင် သူတို့သည် တစ်ယောက်ကိုတစ်ယောက် တောင်းပန်ခဲ့ကြသည်။

ထိုသို့သောအခြေအနေတွင် ယေရှုခရစ်၏ပုံသက်သေကို သတိရခြင်းသည် ကောင်း၏။ “ကဲ့ရဲ့ခြင်းကိုခံရသောအခါ ပြန်၍မကဲ့ရဲ့။ အသေခံရသောအခါ ခြိမ်းခြောက်ခြင်းကိုမပြု။” (၁ ပေတရု ၂:၂၃) မှန်ပါသည်၊ ဖိစီးမှုကြုံရသောအခါ လက်တုံ့ပြန်မည့်အစား ချုပ်တည်းနိုင်ရန်ကူညီပေးဖို့ ဘုရားသခင်ထံ ဆုတောင်းပါ။ ကိုယ်တော်သည် “ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို” ရက်ရောစွာပေးတော်မူပါလိမ့်မည်။ (လုကာ ၁၁:၁၃) သင့်အား တစ်စုံတစ်ယောက်က ထိခိုက်စေသောအခါ လက်စားချေမည့်အစား သင်လုပ်ဆောင်နိုင်သည့်အရာမှာ ထိုသူအားချဉ်းကပ်ပြီး စကားပြောပါ။ (မဿဲ ၅:၂၃၊ ၂၄) သို့မဟုတ် သင်သည် အကြီးအကျယ်နှောင့်ယှက်မှု ဆက်တိုက်ကြုံနေရလျှင်ဖြစ်စေ၊ ကျောင်းတွင်အနိုင်ကျင့်မှုကို ကြုံရလျှင်ဖြစ်စေ မိုက်မိုက်မဲမဲ မရင်ဆိုင်လိုက်ပါနှင့်။ ယင်းအစား သင့်ကိုယ်ကိုကာကွယ်ဖို့ လက်တွေ့ကျသောခြေလှမ်းများ လုပ်ဆောင်ရန်လိုသည်။ *

အမျက်ဒေါသကိုငြိမ်းစေသည့်လူငယ်တစ်ဦး

ဤကျမ်းစာမူများကို ကျင့်သုံးခဲ့သည့်လူငယ်များစွာသည် ကောင်းသောရလဒ်များရရှိခဲ့ကြသည်။ ဥပမာ၊ ကက်သရင်းနားသည် ငယ်စဉ်က မွေးစားဖို့ စွန့်ပစ်ခံခဲ့ရသည်။ သူက ဤသို့ဆိုသည်– “ကျွန်မရဲ့မွေးမိခင်က ဘာကြောင့် ကျွန်မကိုစွန့်ပစ်ရသလဲဆိုတာ နားမလည်ခဲ့တဲ့အတွက် ကျွန်မဒေါသကြီးခဲ့တယ်။ ဒါကြောင့် ကျွန်မရဲ့ဒေါသဟာ မွေးစားအမေအပေါ်မှာ ပေါက်ကွဲတော့တယ်။ သူ့ကို ကျွန်မစိတ်နာစေမယ်ဆိုရင် မွေးမိခင်ကို လက်တုံ့ပြန်တာဖြစ်တယ်လို့ မိုက်မိုက်မဲမဲတွေးခဲ့မိတယ်။ ဒါကြောင့် ကျွန်မ ရိုင်းစိုင်းတဲ့စကားတွေပြောခဲ့တယ်၊ ခြေဆောင့်တယ်၊ ဒေါသူပုန်ထတယ်—⁠စိတ်ထင်ရင်ထင်သလို အကုန်လုပ်ခဲ့တယ်။ တံခါးတွေ ဝုန်းခနဲဆောင့်ပိတ်တာ ကျွန်မအကြိုက်ဆုံးပေါ့။ ‘ရှင့်ကိုမုန်းတယ်!’ ဆိုပြီး ကျွန်မပြောတတ်တယ်—⁠ဒါတွေအားလုံးက ကျွန်မသိပ်ဒေါသကြီးခဲ့လို့ပဲ။ ကျွန်မ ပြန်စဉ်းစားကြည့်တဲ့အခါ ကျွန်မအဲသလိုလုပ်ခဲ့တာတွေကို မယုံနိုင်လောက်အောင်ပဲ။”

ကက်သရီးနား၏ဒေါသကို ထိန်းချုပ်ရန် အဘယ်အရာက ကူညီပေးခဲ့သနည်း။ သူ ဤသို့ဖြေသည်– “ကျမ်းစာဖတ်ရှုခြင်းပါ! ကျွန်မတို့ရဲ့ ခံစားချက်ကို ယေဟောဝါသိတဲ့အတွက် အဲဒါက သိပ်အရေးကြီးတယ်။” ကက်သရီးနားသည် သူ၏မိသားစုအခြေအနေမျိုးအကြောင်း အထူးဖော်ပြထားသည့် နိုးလော့!ဆောင်းပါးများကို သူနှင့်သူ့မိသားစုတို့ဖတ်သောအခါ နှစ်သိမ့်မှုပါ ရရှိခဲ့သည်။ * “ကျွန်မတို့အားလုံး အတူတကွထိုင်နိုင်ခဲ့ပြီး အချင်းချင်းရဲ့ခံစားချက်တွေကို နားလည်ပေးနိုင်ခဲ့တယ်” ဟုသူပြန်ပြောပြသည်။

အမျက်ဒေါသနှင့်ပတ်သက်သော ခံစားချက်များကို သင်လည်း ထိန်းချုပ်နိုင်ပါသည်။ ပြောင်လှောင်မှု၊ အနိုင်ကျင့်မှု သို့မဟုတ် မတရားဆက်ဆံခံရမှုတို့ကြုံရသောအခါ ဆာလံ ၄:၄ [ကဘ] ပါကျမ်းစာစကားများကို သတိရပါ– “စိတ်အနှောင့်အယှက်ဖြစ်လော့၊ သို့သော် အပြစ်မပြုနှင့်။” ဤစကားများသည် အပျက်သဘောဆောင်သည့် အမျက်ဒေါသအလျှော့ပေးခြင်းကို ရှောင်ရှားရန် ကူညီပေးနိုင်သည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 18 သမာသမတ်မရှိသောဆရာ/မများ၊ ကျောင်းတွင်အနိုင်ကျင့်သူများနှင့် နှောင့်ယှက်သူများကို ဖြေရှင်းခြင်းနှင့်ပတ်သက်သည့် လက်တွေ့ကျသော အကြံပြုချက်အတွက် လူငယ်များအမေး—⁠တာသွားသည့်အဖြေစာအုပ် အခန်း ၁၉၊ ၂၀ နှင့် ၁၉၈၉၊ ဩဂုတ် ၈ ရက်ထုတ်နိုးလော့! [လိပ်] တွင်ဖော်ပြထားသော “လူငယ်များအမေး . . . ” ဆောင်းပါးကိုရှု။

^ အပိုဒ်၊ 21 မေ ၈၊ ၁၉၉၆ ထုတ်နိုးလော့! [လိပ်] တွင်ဖော်ပြထားသော “မွေးစားခြင်း—⁠ရွှင်လန်းမှုများ၊ စိန်ခေါ်ချက်များ” ဟူသည့်ဆောင်းပါးများကိုရှု။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

အများအားဖြင့် ပြောင်လှောင်မှုကို လုံးလုံးလျစ်လျူရှုလိုက်ခြင်းသည် အကောင်းဆုံးဖြေရှင်းနည်း ဖြစ်လေ့ရှိ