မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဆေးမှတ်တမ်း—⁠ရုပ်မြင်သံကြားကြည့်ရှုသည့် အကျင့်များ ပါသလော

ကလေးတစ်ဦး၏ ဆေးမှတ်တမ်းတွင် သူ၏ရုပ်မြင်သံကြားကြည့်ရှုသည့် အကျင့်များ ပါဝင်သင့်သည်ဟု စပိန်နိုင်ငံမှ ကလေးအထူးကုဆရာဝန်အုပ်စုတစ်စုက အကြံပြုသည်။ စပိန်သတင်းစာ ဒီအာရ်ယို မီဒီကို ၏အဆိုအရ ကလေးလူနာတစ်ဦး တစ်ရက်လျှင် ရုပ်မြင်သံကြားကြည့်ရှုသည့် အချိန်နာရီ မည်မျှရှိကြောင်းအပြင် သူကြည့်ရှုသည့် အစီအစဉ်၊ မည်သူနှင့်တွဲကြည့်ကြောင်းကိုပါ သိထားသင့်သည်ဟု ဆရာဝန်များက ယူဆကြ၏။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ရုပ်မြင်သံကြားကြည့်ရှုခြင်းသည် အထိုင်များသည့်ဘဝပုံစံကို ဖြစ်စေသည်၊ ရန်လိုစိတ်နှင့် ပစ္စည်းဥစ္စာများ ဝယ်ယူလိုစိတ်တို့ကို ဖြစ်ပေါ်စေသည်၊ ကျောင်းစာကို ထိခိုက်စေသည်၊ ရုပ်မြင်သံကြားကို စွဲလမ်းသွားစေနိုင်သည်ဟု ကလေးအထူးကုဆရာဝန်များ၏ လေ့လာဆန်းစစ်ချက်က ဖော်ပြခဲ့သည်။ “ကလေးများ၏ အိပ်ခန်းတွင် သို့မဟုတ် အစီအစဉ်များကို [ကလေးများ] စိတ်ကြိုက်ကြည့်နိုင်သည့် နေရာတွင် ရုပ်မြင်သံကြား မထားပေးပါနှင့်ဟု မိဘများကို ကလေးအထူးကုဆရာဝန်များက အကြံပြုကြသည်။ ထို့ပြင် အစာစားချိန်များအတွင်း ရုပ်မြင်သံကြားကို မကြည့်ရှုသင့်ချေ၊ မိဘများက ကလေးများ ရုပ်မြင်သံကြားကြည့်ရှုခြင်းကို တစ်နေ့လျှင် နှစ်နာရီအောက် ကန့်သတ်ပေးသင့်ပြီး တစ်နာရီမကျော်လျှင် သာ၍ကောင်း၏” ဟု မှတ်တမ်းက ဖော်ပြသည်။

အနံ့ခံခိုင်း၍ ရောဂါများကို ဖော်ထုတ်ခြင်း

အနံ့ခံခိုင်းသော စမ်းသပ်မှုသည် ပါကင်ဆန်ရောဂါ (နဗ်ကြောရောဂါ) သို့မဟုတ် အဲလ်ဇိုင်းမားရောဂါအစရှိသော ရောဂါများကို စောစောခွဲခြားသိရှိစေနိုင်သည်ဟု ဂျာမန်သိပ္ပံမဂ္ဂဇင်း နောတူရ်နှင့်ကော့စ်မော့စ် တွင်ဖော်ပြထားသည်။ အနံ့အာရုံခံနိုင်စွမ်း ကျဆင်းလာခြင်းသည် ပါကင်ဆန်ရောဂါ ဖြစ်စဉ်တွင် အစောပိုင်း၌ ဖြစ်ပေါ်လာပြီး ယင်းသည် အများဆုံးဖြစ်နေကျ လက္ခဏာများအနက် တစ်ခုဖြစ်၏။ ပါမောက္ခ ဂ့ဒ် ကိုဘာလ်၏ ကြိုးစားမှုကြောင့် ယခုအခါ လူနာတစ်ဦး၏ အနံ့အာရုံခံနိုင်စွမ်း ကျဆင်းသွားသောအဆင့်ကို ထိရောက်စွာ စမ်းသပ်နည်း တွေ့ရှိခဲ့ပြီ။ ကတုန်ကယင်ဖြစ်ခြင်း၊ ကြွက်သားများ တောင့်တင်းမာကျောခြင်းစသည့် ပိုမိုသိသာသော ပါကင်ဆန်ရောဂါလက္ခဏာများသည် ရောဂါနှောင်းပိုင်းတွင် ပေါ်လာသော်လည်း အနံ့အာရုံပျက်ပြားခြင်းကို လများ (သို့) နှစ်နှင့်ချီ၍ပင် သိရှိနိုင်၏၊ အနံ့ခံစမ်းသပ်နည်းသစ်ကို ကျေးဇူးတင်စရာပင်။ ယင်းသည် လောလောဆယ် ကုသ၍မရနိုင်သော ဤရောဂါ၏ တဖြည်းဖြည်းဆိုးရွားလာမှုကို နှောင့်နှေးစေနိုင်မည့် ကုသနည်းအတွက် လမ်းပွင့်သွားသည်။

“မြေအောက်ဘဏ္ဍာ”

ဘရာဇီးဇလဘူမိဗေဒပညာရှင် အာရာလ်ဒူ ကမ်ပိုစ် ဦးဆောင်သော သုတေသီများသည် တောင်အမေရိက၏ အကြီးဆုံးမြေအောက်ရေလှောင်ကန်များကို မြေပုံရေးဆွဲရန် ခုနစ်နှစ်တာစီမံကိန်းတစ်ခု ပြီးဆုံးခဲ့လေပြီ။ ဘရာဇီး၊ ယူရုဂွေး၊ ပါရာဂွေးနှင့် အာဂျင်တီးနားတို့၏ မြေအောက်တွင်တည်ရှိသော ဂွာရာနီရေအောင်းလွှာသည် စုစုပေါင်းမြေမျက်နှာပြင် ၅၀၀,၀၀၀ စတုရန်းမိုင်နီးပါးရှိပြီး ရေထုထည် ၁၀,၀၀၀ ကုဗမိုင်ခန့်ရှိသည်ဟု ခန့်မှန်းခဲ့ကြသည်။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့၏ မှတ်တမ်းအရ “ယနေ့ သိုလှောင်ထားသောရေထုထည်သည် နောက်နှစ်ပေါင်း ၃,၅၀၀ အထိ ဘရာဇီးလူဦးရေအားလုံးကို အလုံအလောက် ထောက်ပံ့ပေးနိုင်သည်။” အနာဂတ်တွင် သဲကန္တာရဖြစ်ပေါ်ခြင်းကို ကာကွယ်ရန် ဤ “မြေအောက်ဘဏ္ဍာ” မှ ရေထုတ်ယူနိုင်သည့်အပြင် ရေ၏အပူချိန်ကြောင့် စွမ်းအင်ရင်းမြစ်တစ်ခုအဖြစ်လည်း အသုံးပြုနိုင်ပေမည်။ ရေအောင်းလွှာကို မြေပုံရေးဆွဲဖော်ပြခြင်းဖြင့် ၎င်း၏ပြည့်ဝဧရိယာများကို ပိုးသတ်ဆေးနှင့် မြေသြဇာညစ်ညမ်းမှုတို့မှ ကာကွယ်ပေးနိုင်မည်ဟု သုတေသီများက မျှော်လင့်ကြ၏။

အရေပြားကင်ဆာ တိုးများလာ

စပိန်နိုင်ငံ၊ အယ်လ် ပါအီစ် ဒီကီတာလ်သတင်းအဖွဲ့၏ အဆိုအရ အစိုးရိမ်ရဆုံး အရေပြားအကျိတ်များဖြစ်သည့် မီလာနင်ရောဂါ သိသိသာသာ အဖြစ်များလာခဲ့သည်။ ၂၀ ရာစုအလယ်ပိုင်း၌ မီလာနင်ရောဂါသည် ၁,၅၀၀ လျှင် ၁ ဦးကျ ဖြစ်ပွားခဲ့သည်။ သို့သော် ၂၀၀၀ ပြည့်နှစ်တိုင်သော် ၇၅ ဦးလျှင် ၁ ဦးအထိ တိုးများလာခဲ့ရာ အဓိကအားဖြင့် နေရောင်ခံခြင်း ဆန်းသစ်မှုကြောင့်ဖြစ်သည်။ မီလာနင်အကျိတ်ဖြစ်ရခြင်း၏ ၄၀ ရာခိုင်နှုန်းသည် မျိုးရိုးဗီဇနှင့်ပတ်သက်သော်လည်း ကျန်သည့် ၆၀ ရာခိုင်နှုန်းမှာမူ အလွန်အမင်းနေရောင်ခံခြင်းနှင့်ပတ်သက်သည်ဟု မြင်းဖုရောဂါကုသရေးဆိုင်ရာ ဥရောပအဖွဲ့၏ ညီလာခံတစ်ခု၌ ပါမောက္ခ ဂျေ. ကာခ်ဝက်ဒ်က ဖော်ပြခဲ့သည်။ ၎င်းရောဂါသည် အသက် ၂၃ နှစ်နှင့် ၅၀ ကြားရှိ အမျိုးသမီးများတွင် အများဆုံးဖြစ်တတ်၏။ နေရောင်ဖြာထွက်မှုသည် ကလေးဘဝနှင့် မြီးကောင်ပေါက်အရွယ်အတွင်း အရေပြားရောင်ခြယ်ဆဲလ်များပြောင်းလဲမှုကို အစပြုစေနိုင်သော်လည်း ကင်ဆာရောဂါမှာမူ နောက်နှစ်ပေါင်းများစွာမတိုင်မီ ပေါ်ထွက်လာပေမည်မဟုတ်ဟု ကာခ်ဝက်ဒ်က ရှင်းပြခဲ့၏။ “အရေပြားသည် ထိတွေ့ခဲ့သော နေရောင်ခြည်ဖြာကို အမှတ်ရထားသည်” ဟုကာခ်ဝက်ဒ်က ဖော်ပြသည်။

သကြားမှ ပလတ်စတစ်အဖြစ်သို့

ဘရာဇီးနည်းပညာသုတေသနအသင်းမှ သိပ္ပံပညာရှင်များသည် သကြားမှ ပလတ်စတစ်အဖြစ်သို့ ပြောင်းလဲပေးနိုင်စွမ်းရှိသော ဘက်တီးရီးယားမျိုးစိတ်သစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ယခင်က ရှာဖွေတွေ့ရှိခဲ့သော မျိုးစိတ်များသည် သကြားကို ပိုမိုသေးငယ်သော မော်လီကျူးလေးများအဖြစ် ဖြိုခွဲပြီးမှသာ ချေဖျက်ပြောင်းလဲပေးနိုင်သော်လည်း “[မကြာသေးမီက ရှာဖွေတွေ့ရှိထားသော ဘက်တီးရီးယား] မှာမူ သကြားကို တိုက်ရိုက်ချေဖျက်ပေးနိုင်စွမ်းရှိသည်” ဟု အင်ဂျင်နီယာကာရ်လိုစ် ရိုဆဲလ်က ဆိုသည်။ အစာအဝကျွေးထားသော ဘက်တီးရီးယားပိုးသည် ပိုလျှံသောသကြားကို အသုံးပြု၍ သေးငယ်သော တစ်ခါသုံးပလတ်စတစ်မျှင်များကို ထုတ်လုပ်ကြသည်၊ ယင်းကို သိပ္ပံပညာရှင်များက ဖျော်ရည်တစ်မျိုးသုံးလျက် သီးခြားခွဲထုတ်ထား၏။ သုတေသီများ၏အဆိုအရ “သကြား သုံးကီလိုဂရမ် [၆.၆ ပေါင်] မှပလပ်စတစ် တစ်ကီလိုဂရမ် [၂.၂ ပေါင်] ရရှိနိုင်သည်” ဟု အို အက်စ်တာဒို ဒါ အက်စ်. ပိုလို သတင်းစာက ဆိုသည်။

အဆီများသောအစာက ဉာဏ်ထိုင်းစေ

“အဆီများသောအစာသည် သင့်ဦးနှောက်နှင့် နှလုံးသွေးလွှတ်ကြောများကိုလည်း ပိတ်ဆို့စေနိုင်သည်” ဟု နယူးဆိုင်းယင်းတစ် မဂ္ဂဇင်းကဆို၏။ အဆီများသောအစာကြောင့် ဦးနှောက်ထိခိုက်နိုင်သည့်ဆိုးကျိုးများကို နားလည်သဘောပေါက်ရန် ကနေဒါနိုင်ငံရှိ သုတေသီများသည် “တစ်လသားအရွယ် ကြွက်များကို လေးလအရွယ်အထိ တိရစ္ဆာန်အဆီ သို့မဟုတ် ဟင်းသီးဟင်းရွက်အဆီများများပါသော အစာကိုကျွေးခဲ့ကြသည်။” ထိန်းချုပ်အုပ်စုကို အဆီနည်းသောအစာကို ကျွေးကြသည်။ ထို့နောက် အုပ်စုနှစ်စုစလုံးကို သင်ယူခြင်းတာဝန်များပေးခဲ့သည်။ ရလဒ်ကား အဘယ်နည်း။ အဆီများများကျွေးထားသော ကြွက်များသည် “အဆီနည်းသောကြွက်များလောက် လုပ်ဆောင်နိုင်ခြင်းမရှိချေ။” သုတေသီဂေါဒင် ဝင်နိုကာက ဤသို့ဆိုသည်– “အဆီများသောအစာသည် ကျွန်ုပ်တို့၏လုပ်ငန်းစဉ်အားလုံးနီးပါးကို ထိခိုက်နိုင်သည်။ ဤတိရစ္ဆာန်များ လုပ်ဆောင်မှုညံ့ပုံမှာ မှတ်သားလောက်သည်။” အစီရင်ခံစာ၏အဆိုအရ “အဆီသည် ဦးနှောက်က ဂလူးကို့စ်ကို စုပ်မယူစေရန် တားဆီးသည်၊ သွေးချိုအဆင့်ကို ထိန်းညှိပေးသော အင်ဆူလင်လုပ်ဆောင်မှုကို ချေဖျက်ခြင်းအားဖြင့် ဖြစ်တန်ရာသည်” ဟူ၍ သုတေသီများက ယူဆကြသည်ဟုဆို၏။

နှိပ်စက်မှုအရောင်းအဝယ်

“နှိပ်စက်သည့်ကိရိယာတန်ဆာပလာများ ရောင်းဝယ်သည့်လုပ်ငန်း တိုးများလာသည်” ဟုဂျာမနီသတင်းစာ ဆူတ်ဝက်စ် ပရက်စ် မှဆောင်းပါးတစ်ပုဒ်က ဆို၏။ လူ့အခွင့်အရေးအဖွဲ့အစည်း အမ်နက်စတီ အင်တာနေရှင်နယ်၏အဆိုအရ ဂျာမနီနိုင်ငံမှ ကုမ္ပဏီ ၃၀ နှင့် ယူနိုက်တက်စတိတ်မှ ကုမ္ပဏီ ၉၇ ခုအပါအဝင် ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီပေါင်း ၁၅၀ သည် ဤစက်ဆုပ်ဖွယ်လုပ်ငန်းနှင့် ပါဝင်ပတ်သက်နေသည်ဟု ယူဆရသည်။ သူတို့၏ရောင်းကုန်များတွင် သံခြေကျင်းများနှင့် လက်မများတွင်ခတ်သည့် ခွေးသွားစိပ်ပုံ လက်ထိတ်များသာမက ဗို့အားမြင့်လျှပ်စစ်ဓာတ်လိုက်စေသည့် ကိရိယာများ ပါဝင်သည်။ ယူနိုက်တက်စတိတ်မှ ကုမ္ပဏီတစ်ခုသည် ကိုယ်ခန္ဓာတစ်လျှောက် ဗို့အား ၅၀,၀၀၀ အထိ လျှပ်စီးနိုင်သော အဝေးထိန်းခါးပတ်များကို ရောင်းချနေသည်ဟုဆိုသည်။ နှိပ်စက်သူများသည် သူတို့နှိပ်စက်မည့်သူများနှင့်ပတ်သက်၍ မည်သည့်သဲလွန်စမှ ထားလေ့မရှိကြသောကြောင့် ထိုသို့သောအဆင့်မြင့်နည်းပညာ ကိရိယာတန်ဆာပလာများကို ပို၍နှစ်သက်ကြ၏။

ဆီးနှင်းကြားမှ ပင့်ကူများ

မိုင်စ်တက္ကသိုလ်မှ ဂျာမန်သုတေသီ ပီတာ ဂျေဂါသည် ပင့်ကူကဏန်းမျိုးများကို လေ့လာရာ၌ “၃,၈၀၀ မီတာ [၁၂,၅၀၀ ပေ] အထိမြင့်သော ဟိမဝန္တာတောင်ထိပ်ရှိ ဆီးနှင်းခဲတွင် ကျက်စားနေသော ပင့်ကူကဏန်းမျိုးသစ် ၅၀ ကို မကြာမီက သိရှိဖော်ပြခဲ့သည်။ သူတို့၏အရွယ်အစားမှာ လေးစင်တီမီတာ [၁.၆ လက်မ] အထိရှိသော်လည်း ဧရာမပင့်ကူကဏန်းများသည် လူတို့ကို လုံးဝအန္တရာယ်မပေးချေ” ဟု အေရှန်းအိပ်ခ်ျသတင်းစာက ဆိုသည်။ ပင့်ကူကဏန်းများသည် ကျောက်ဆောင်အက်ကွဲကြောင်းများ သို့မဟုတ် သစ်ခေါက်ကြားတွင် ပုန်းအောင်းနေသည်၊ ၎င်းတို့၏နားပါးမှုကြောင့် အင်းဆက်ပိုးများကို အလွယ်တကူ ရှာဖွေစားသောက်နိုင်ကြသည်။ သို့သော် ဤပင့်ကူများသည် ဆောင်းရာသီတွင် အဘယ်ကြောင့် အေးခဲမသွားသနည်း။ ဟိမဝန္တာမျိုးစိတ်များသည် အပူပိုင်းဒေသရှိ အခြားမျိုးစိတ်များနှင့်မတူဘဲ “ဇီဝဗေဒဆိုင်ရာ မအေးခဲနိုင်မှု” ရှိထားသည်ဟု ဂျေဂါက ပြောပြသည်။ “သူတို့၏ကိုယ်ခန္ဓာအရည်များတွင် အလွန်ပြင်းသည့် အရက်ပြန်အဆီ သိုလှောင်ထားကြရာ ယင်းက ရေခဲမှတ်အောက်ရှိ အအေးဒဏ်ကို ခံရပ်နိုင်စေသည်။”

တရုတ်ပြည်၏ လူဦးရေတိုးပွားနှုန်း

“တရုတ်ပြည်၏လူဦးရေသည် ၁.၂၆ ဘီလီယံအထိ တိုးများလာသည့်အပြင် ပို၍အသက်ရှည်လာကြသည်၊ ပညာတတ်လာကြသည်၊ မြို့ပြတွင် အနေများလာကြသည်” ဟု အေဘီစီသတင်းကဆို၏။ ပြည်သူ့စာရင်းအင်းဌာနမှ ဒါရိုက်တာဂျူ ဂျက်ဇင်၏အဆိုအရ ၁၉၉၀ ပြည့်နှစ်ကတည်းက လူဦးရေ ၁၃၂.၂ သန်းအထိ တိုးများခဲ့သည်ဟုဆို၏။ တစ်နှစ်လျှင် မွေးဖွားနှုန်း ၁.၀၇ ရာခိုင်နှုန်းကျဆင်းခြင်းမှာ ၁၉၇၀ ပြည့်လွန်နှစ်များနှောင်းပိုင်းမှစ၍ တရုတ်နိုင်ငံ၌ ကလေးတစ်ဦးသာ မွေးဖွားရမည့် ပေါ်လစီများ ထုတ်ပြန်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ယူဆရ၏။ သို့သော် မိန်းကလေးအယောက် ၁၀၀ မွေးလျှင် ယောက်ျားလေး ၁၁၇ ယောက်မွေးသည်ဟု ၁၉၉၉ ခုနှစ်အစီရင်ခံစာက ဖော်ပြသောကြောင့် အရာရှိများက စိုးရိမ်လျက်ရှိကြသည်၊ ဖြစ်နိုင်ဖွယ်မှာ မိန်းကလေးသန္ဓေသားများကို ရွေးချယ်ဖျက်ချလိုက်ခြင်းကြောင့်ဖြစ်သည်။ “မမျှတသောမွေးဖွားနှုန်းက သတို့သမီးရှားပါးမှုကို ဖြစ်ပေါ်စေပြီး ပြည့်တန်ဆာလုပ်ငန်း၊ အိမ်ထောင်ပြုဖို့အတွက် အမျိုးသမီးများကို ပြန်ပေးဆွဲရောင်းချမှုတို့ ပိုမိုဆိုးရွားလာမည်ကို လူမှုရေးပညာရှင်အများက ပူပန်လျက်ရှိကြသည်” ဟု မှတ်တမ်းကဆိုသည်။

အစားအစာ ဖြုန်းတီးခြင်း

“မင်္ဂလာဧည့်ခံပွဲများနှင့် ကြီးကျယ်ခမ်းနားသည့် တခြားပါတီပွဲများတွင် အစားအစာများကို မယုံကြည်နိုင်လောက်အောင် ဖြုန်းတီးနေကြသည်” ဟု ဂျပန်နိုင်ငံ မစ်နီချီနေ့စဉ်သတင်းစာ ကဆိုသည်။ အစားအစာဖြုန်းတီးမှုနှင့်ပတ်သက်၍ အစိုးရ၏ဆန်းစစ်လေ့လာချက်အရ ပျမ်းမျှအားဖြင့် အိမ်ထောင်စုတွင် အစားအစာ၏ ၇.၇ ရာခိုင်နှုန်း၊ အစားအစာရောင်းချသူများသည် ၁.၁ ရာခိုင်နှုန်း ဖြုန်းတီးပစ်ကြပြီး စားသောက်ဆိုင်များတွင် မပြင်ဆင်ရသေးသောအစားအစာ ၅.၁ ရာခိုင်နှုန်းကို စွန့်ပစ်ကြသည်။ သို့ရာတွင် “ဘူဖေးဖြင့် အလျှံပယ်ဧည့်ခံကျွေးမွေးသည့် ပါတီပွဲများသည် စားဖွယ်ရာ ၁၅.၇ ရာခိုင်နှုန်း ပစ်လိုက်ကြ” ပြီး မင်္ဂလာဧည့်ခံပွဲများအတွက် ပြင်ဆင်ထားသောအစားအစာ ၂၄ ရာခိုင်နှုန်းနီးပါး ပိုလျှံ၍ “စွန့်ပစ်ခဲ့ကြသည်” ဟုသတင်းစာက ဖော်ပြသည်။ အစားအစာထုတ်လုပ်သူများသာ “အစားအစာဖြုန်းတီးခြင်းမရှိ” ဟုဖော်ပြသည်။