မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကားသေ့ခ်ျ ရောမအား ကျဆုံးလုနီးပါးဖြစ်စေခဲ့သည့် မြို့တော်

ကားသေ့ခ်ျ ရောမအား ကျဆုံးလုနီးပါးဖြစ်စေခဲ့သည့် မြို့တော်

ကားသေ့ခ်ျ ရောမအား ကျဆုံးလုနီးပါးဖြစ်စေခဲ့သည့် မြို့တော်

ပြင်သစ်နိုင်ငံမှ နိုးလော့! စာရေးသူပေးပို့သည်

အာဖရိကတိုက် မြောက်ဘက်ကမ်းခြေရှိ တူနီးရှားနိုင်ငံ၏မြို့တော် တူနစ်မြို့စွန်တွင် ပြိုပျက်နေသော ရှေးကားသေ့ခ်ျမြို့ဟောင်း တည်ရှိသည်။ ဆွဲဆောင်မှုမရှိလှသဖြင့် ၎င်းတို့ကို မကြည့်ဖြစ်လိုက်သည့်အတွက် ကမ္ဘာလှည့်ခရီးသည်များကို အပြစ်မမြင်သင့်ချေ။ သို့တိုင် ဤနေရာတွင် အင်အားကြီးရောမကို ကျဆုံးလုနီးပါးဖြစ်စေခဲ့သည့် ရှေးခေတ်အကြီးမားဆုံးမြို့ဟောင်းတစ်မြို့၏ အကြွင်းအကျန်များတည်ရှိ၏။ ရောမသမိုင်းပညာရှင် လီဗီ၏အဆိုအရ “ကမ္ဘာပေါ်တွင် အချမ်းသာအကြွယ်ဝဆုံးမြို့ကြီးနှစ်မြို့ တိုက်ပွဲကြောင့် ရှင်ဘုရင်များနှင့် လူထုတို့ ရင်တထိတ်ထိတ်ဖြစ်ခဲ့ကြရသည်၊” အကြောင်းမှာ ကမ္ဘာကိုစိုးမိုးမည့် အရေးကိစ္စနှင့် ပတ်သက်နေသောကြောင့်တည်း။

မြို့တည်ထောင်ခြင်း

ဘီ.စီ.အီး. ဒုတိယထောင်စုနှစ်တွင် ဖီနီရှန်လူမျိုးများသည် မျက်မှောက်ခေတ် လက်ဘနွန်နိုင်ငံ မြောက်ဘက်မှ တောင်ဘက်အထိကျယ်ပြန့်ပြီး မြေထဲပင်လယ်ကမ်းရိုးတန်းနှင့် ကပ်လျက်ရှိသောနေရာတွင် နေထိုင်ခဲ့ကြသည်။ သူတို့သည် ကျွမ်းကျင်သော သင်္ဘောသားများဖြစ်ကြရာ ရွှေ၊ ငွေ၊ သံ၊ ခဲမဖြူနှင့် ခဲတို့ကို ရှာဖွေရန် အနောက်တိုင်းကို စိတ်ဝင်စားလာကြသည်။ ဤပစ္စည်းများကို (နာမည်ကြီး လက်ဘနွန်ထင်းရှူး အစရှိသော) သစ်၊ မရမ်းစေ့ရောင် အဝတ်ဆိုးဆေး၊ ရေမွှေး၊ ဝိုင်၊ ဟင်းခတ်အမွှေးအကြိုင်၊ အခြားကုန်ထုတ်ပစ္စည်းများနှင့် လဲလှယ်ခဲ့ကြ၏။ *

ဖီနီရှန်တို့သည် အနောက်နိုင်ငံများသို့ ခရီးထွက်သောအခါ အာဖရိက၊ စစ္စလီ၊ စာဒီးနီးယာနှင့် ကျမ်းစာခေတ်က တာရှုမြို့ဖြစ်ဖွယ်ရှိသော စပိန်တောင်ပိုင်း ကမ်းခြေတစ်လျှောက်တို့တွင် အခြေချနေထိုင်ခဲ့ကြသည်။ (၃ ဓမ္မရာဇဝင် ၁၀:၂၂; ယေဇကျေလ ၂၇:၂၊ ၁၂) ရှေးလူကြီးသူမတို့၏အဆိုအရ ကားသေ့ခ်ျမြို့ကို ၎င်း၏ပြိုင်ဘက် ရောမ,မပေါ်မီ အနှစ် ၆၀ ခန့် ဘီ.စီ.အီး. ၈၁၄ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ရှေးခေတ်အာဖရိကမြောက်ဘက်မှ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ဆာဂ်ျ လာန်ဆဲလ်က ဤသို့ဖော်ပြသည်– “ဘီစီကိုးရာစုနှောင်းပိုင်းတွင် ကားသေ့ခ်ျမြို့ကို တည်ထောင်ပြီးနောက် မြေထဲပင်လယ်အနောက်ဘက်မြစ်ဝှမ်း၏ နိုင်ငံရေးနှင့် ယဉ်ကျေးမှုတို့ကို နှစ်ပေါင်းရာနှင့်ချီ၍ လွှမ်းမိုးခဲ့သည်။”

အင်ပါယာ၏ဇာစ်မြစ်များ

သမိုင်းပညာရှင် ဖရားန်စဝက် ဒီကရေ၏အဆိုအရ ကားသေ့ခ်ျမြို့သည် “ပင်လယ်ထဲ ကျောက်ချထားသော ဧရာမကျောက်ဆူး” နှင့်သဏ္ဌာန်တူသည့် ကျွန်းဆွယ်ပေါ်တွင် အင်ပါယာကို စတင်တည်ထောင်ခဲ့သည်။ ကားသေ့ခ်ျတို့သည် ဖီနီရှန်ဘိုးဘေးများချခဲ့သော အုတ်မြစ်အပေါ် ဆက်တည်ဆောက်ခဲ့ကြသည်၊ ကူးသန်းရောင်းဝယ်ရေးကွန်ရက်—⁠သတ္တုပစ္စည်းများ အဓိကတင်သွင်းခြင်းအပါအဝင်—⁠ကို တဖြည်းဖြည်းတိုးချဲ့ကာ သင်္ဘောများနှင့် ကြေးစားစစ်သားများဖြင့် ကူးသန်းရောင်းဝယ်ရေးကို လက်ဝါးကြီးအုပ်လာခဲ့ကြ၏။

ကားသေ့ခ်ျလူတို့သည် အောင်မြင်မှုကို အတောမသတ်နိုင်ဘဲ ဈေးကွက်သစ်များကို သဲသဲမဲမဲရှာဖွေကြလေတော့သည်။ ဘီ.စီ.အီး. ၄၈၀ ပြည့်နှစ်ခန့်တွင် ရေကြောင်းထိန်း ဟီမီလ်ကိုသည် ဗြိတိန်နိုင်ငံမှ ခဲမဖြူပေါများသော ကွန်ဝေါလ်မြို့သို့ ဆိုက်ကပ်ခဲ့သည်ဟု ယူဆရ၏။ နောက်ပိုင်းအနှစ် ၃၀ ခန့်တွင် ကားသေ့ခ်ျမျိုးနွယ်များကို ဦးဆောင်သူ ဟန်နိုသည် ကိုလိုနီနယ်သစ်များတည်ထောင်ရန် အမျိုးသား ၃၀,၀၀၀ နှင့်အမျိုးသမီးများကို ခေါ်ဆောင်၍ သင်္ဘောအစင်း ၆၀ ဖြင့်ခရီးထွက်ခဲ့သည်ဟုဆို၏။ ဟန်နိုသည် ဂျီဘရော်လ်တာရေလက်ကြားကို ဖြတ်ကျော်၍ အာဖရိကန်ကမ်းရိုးတန်းတစ်လျှောက် ရွက်လွှင့်ကာ ဂီနီယာပင်လယ်ကွေ့အပြင် ကဲန်မရွန်းကမ်းခြေသို့ပင် ရောက်ရှိသွားခဲ့ပေပြီ။

ဤကဲ့သို့စွန့်စားလုပ်ဆောင်လိုပြီး စီးပွားရေးထက်မြက်မှုရှိခြင်းတို့ကြောင့် ကားသေ့ခ်ျမြို့သည် ရှေးခေတ်ကမ္ဘာတွင် အကြွယ်ဝဆုံးမြို့တော်ဖြစ်လာရသည်ဟု ဆိုစမှတ်ပြုကြ၏။ “[ဘီ.စီ.အီး.] တတိယရာစုနှစ် စတင်သော် ၎င်းတို့၏နည်းပညာ၊ သင်္ဘောနှင့် စီးပွားရေးထူထောင်မှုသည် . . . အထွတ်အထိပ်သို့ရောက်ရှိခဲ့သည်” ဟုကားသေ့ခ်ျ စာအုပ်ကဆိုသည်။ ကားသေ့ခ်ျလူမျိုးအကြောင်းကို ဂရိသမိုင်းပညာရှင် အက်ပီယန်းက ဤသို့ဖော်ပြခဲ့သည်– “သူတို့၏တန်ခိုးအာဏာမှာ ဂရိနှင့်တန်းတူဖြစ်လာပြီး ချမ်းသာကြွယ်ဝမှုမှာ ပါရှန်းနှင့် တန်းတူဖြစ်ခဲ့သည်။”

ဗာလဘုရား၏ ကြီးစိုးမှုအောက်ဝယ်

ဖီနီရှန်လူမျိုးတို့သည် မြေထဲပင်လယ်အနောက်ပိုင်းတစ်ခွင် ပျံ့နှံ့သွားခဲ့ကြသော်လည်း သူတို့၏ဘာသာရေးယုံကြည်ချက်များကြောင့် စည်းလုံးခဲ့ကြသည်။ ကားသေ့ခ်ျလူတို့သည် သူတို့၏ဖီနီရှန်ဘိုးဘေးများထံမှ ခါနာန်ဘာသာတရားကို အမွေရခဲ့ကြ၏။ ကားသေ့ခ်ျတို့သည် ရာစုနှစ်ချီ၍ မာကာတ်ဗိမာန်တွင် ယဇ်ပူဇော်ရန် တုရုမြို့သို့ နှစ်စဉ် ကိုယ်စားလှယ်တစ်ဦး စေလွှတ်ခဲ့သည်။ ကားသေ့ခ်ျမြို့တွင် နတ်ဘုရားမင်းများမှာ “မီးမယ်ဖျူးသခင်” ဟုအဓိပ္ပာယ်ရသည့် ဗာလ-ဟာမွန်နတ်ဘုရားမောင်နှံနှင့် အက်စ်တာ့ဘုရားမဟုခေါ်သည့် တားနစ်နတ်ဘုရားတို့ဖြစ်သည်။

ကားသေ့ခ်ျဘာသာတရား၏ အကျော်ကြားဆုံးဓလေ့မှာ ကလေးပူဇော်ခြင်းဖြစ်သည်။ ဘီ.စီ.အီး. ၃၁၀ ပြည့်နှစ်တွင် ကားသေ့ခ်ျတို့သည် ပြည်တွင်းစစ်အတွင်း ဗာလ-ဟာမွန်နတ်ဘုရား စိတ်ကျေနပ်စေရန် မှူးမတ်မျိုးနွယ်မှ ကလေး ၂၀၀ ကျော်ကို ပူဇော်ခဲ့သည်ဟု ဒိုင်အိုဒိုးရပ်စ် စစ်ကလ်စ်က ဖော်ပြသည်။ “ဓားစာခံအဖြစ် အပြစ်မဲ့ကလေးတစ်ဦးကို ပူဇော်ခြင်းသည် အကောင်းဆုံးအပြစ်ဖြေနည်းဖြစ်ခဲ့သည်၊ ယင်းက မိသားစုနှင့် လူမျိုးစုအကျိုးအတွက် အာမခံချက်ဖြစ်ကောင်းဖြစ်မည်” ဟုဘာသာရေးစွယ်စုံကျမ်းကဖော်ပြ၏။

၄ ဓမ္မရာဇဝင် ၂၃:၁၀ နှင့်ယေရမိ ၇:၃၁ တို့တွင် ကျမ်းစာအခေါ် တောဖက်အရပ်ကို ရှေးဟောင်းသုတေသနပညာရှင်များက ၁၉၂၁ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ကြ၏။ အလှူရှင်ကမ္ပည်းကျောက်စာများအောက်တွင် မြှုပ်ထားသော တိရစ္ဆာန်များ (အစားထိုးယဇ်များအဖြစ် အသုံးပြုခဲ့) နှင့် လူမမည်ကလေးများ၏ မီးကျွမ်းရုပ်ကြွင်းများပါရှိသည့် အရိုးအိုး အထပ်လိုက် တူးဖော်တွေ့ရှိခဲ့ကြသည်။ တောဖက်ဒေသတွင် ၂၀၀ ပြည့်နှစ်တစ်နှစ်တည်းအတွင်း ပူဇော်ခဲ့ကြသော ကလေး ၂၀,၀၀၀ ကျော်၏ရုပ်ကြွင်းများပါရှိသည်ဟု ခန့်မှန်းခဲ့ကြ၏။ ယနေ့ ပြန်လည်ပြုပြင်ရေးဝါဒီအချို့က တောဖက်ဒေသသည် သင်္ချိုင်းများတွင် မြေမြှုပ်သင်္ဂြိုဟ်သည့် လျှောမွေးကလေးများ သို့မဟုတ် သေဆုံးသွားသောလူမမည်လေးများ၏ အသုဘမြေနေရာမျှသာ ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် အစပိုင်းတွင် ကိုးကားခဲ့သည့် လာန်ဆဲလ်၏ပြောပြချက်အရ “ကားသေ့ခ်ျတို့၏ လူသားယဇ်ပူဇော်ခြင်း အမှန်ရှိကြောင်းကို လုံးဝငြင်းပယ်၍မရနိုင်ချေ။”

ကြီးစိုးလွှမ်းမိုးမှုအတွက် ပဋိပက္ခဖြစ်ခြင်း

ဘီ.စီ.အီး. ဆဋ္ဌမရာစုနှစ်တွင် တုရုအင်အားကျဆင်းလာသည့်အတွက် အနောက်ပိုင်းဖီနီရှန်တို့၏ ခေါင်းဆောင်ရာထူးကို ကားသေ့ခ်ျတို့ သိမ်းပိုက်လိုက်သည်။ သို့သော် ကားသေ့ခ်ျလူတို့ အထွတ်အထိပ်သို့ ရောက်ရှိလာသောအခါ တိုက်ခိုက်မှုကိုခံခဲ့ရ၏။ အစောပိုင်းကတည်းက ပျူနစ်နှင့် ဂရိကုန်သည်တို့သည် ပင်လယ်ကြီးစိုးမှုအတွက် အငြင်းပွားခဲ့ကြ၍ ဘီ.စီ.အီး. ၅၅၀ ပြည့်နှစ်တွင် စစ်ဖြစ်ပွားခဲ့သည်။ ဘီ.စီ.အီး. ၅၃၅ ခုနှစ်တွင် အက်ထရူးစကင်မဟာမိတ်များ၏ အကူအညီဖြင့် ကားသေ့ခ်ျတို့သည် ကော်ဆီကာကျွန်းမှ ဂရိတို့ကို မောင်းထုတ်၍ ဆာဒင်နီယာကျွန်းကို သိမ်းပိုက်လိုက်ကြသည်။ * စစ်ဗျူဟာအတွက် အဓိကကျသည့် စစ္စလီကျွန်းကို သိမ်းပိုက်လိုက်ရာ ကားသေ့ခ်ျနှင့် ဂရိတို့ကြား ပဋိပက္ခမှာ ပိုမိုပြင်းထန်လာလေသည်။

တစ်ချိန်တည်းတွင် ရောမသည်လည်း ၎င်းတို့၏အင်အားကို စတင်ပြလာလေသည်။ ကားသေ့ခ်ျနှင့် ရောမတို့၏ သဘောတူညီချက်စာချုပ်တွင် စစ္စလီကျွန်း၌ ကားသေ့ခ်ျတို့ လွတ်လပ်စွာကုန်သွယ်ကြပြီး ရောမတို့ကိုမူ ကန့်သတ်ထားရန် သဘောတူခဲ့ကြသည်။ သို့သော် ရောမတို့သည် အီတလီကျွန်းဆွယ်ကို သိမ်းပိုက်လိုက်သောအခါ အီတလီနိုင်ငံနယ်စပ်တွင် ကားသေ့ခ်ျတို့ ကြီးစိုးနေခြင်းကို အန္တရာယ်ကြီးသဖွယ် ယူမှတ်လာခဲ့သည်။ ဘီ.စီ.အီး. ဒုတိယရာစု ဂရိသမိုင်းပညာရှင် ပိုလီဘီယက်စ်က ဤသို့ဆို၏– “ကားသေ့ခ်ျတို့သည် အာဖရိကနိုင်ငံအပြင် * ရောမပိုင် စပိန်ကိုပါ သိမ်းပိုက်ခဲ့ပြီး ဆာဒင်နီယာနှင့် တူရီနီယာပင်လယ်ရှိ ကျွန်းရှိသမျှ၏အုပ်စိုးရှင်ဖြစ်သည်ဟု . . . ရောမတို့က ယူမှတ်ခဲ့ကြသည်။ စစ္စလီကျွန်းကို ကားသေ့ခ်ျတို့ သိမ်းပိုက်လိုက်လျှင် အီတလီနိုင်ငံကို အဘက်ဘက်မှ ဝိုင်းရံထားပြီး နိုင်ငံ၏ဒေသအသီးသီးကို ခြိမ်းခြောက်နိုင်သောကြောင့် အန္တရာယ်အရှိဆုံး အိမ်နီးချင်းနိုင်ငံဖြစ်လာမည်။” ရောမလွှတ်တော်မှ ပါတီအချို့သည် စီးပွားရေးရှုထောင့်ဖြင့် စစ္စလီကျွန်းအရေးတွင် ဝင်ရောက်စွက်ဖက်ရန် တွန်းအားပေးခဲ့သည်။

ပျူနစ်စစ်ပွဲများ

ဘီ.စီ.အီး. ၂၆၄ ခုနှစ်၌ စစ္စလီကျွန်းတွင် ပဋိပက္ခက ရောမတို့ ကြားဝင်စွက်ဖက်ရန် အကြောင်းပေါ်စေသည်။ ရောမသည် သဘောတူစာချုပ်ကို ချိုးဖောက်၍ စစ်တပ်တစ်တပ်ကို စေလွှတ်ပြီး ပထမပျူနစ်စစ်ပွဲဖြစ်ပွားရန် အစပျိုးပေးလိုက်၏။ ရှေးခေတ် အကြီးမားဆုံးရေတပ်စစ်များမှ တစ်ခုဖြစ်သည့် ဤပဋိပက္ခသည် အနှစ် ၂၀ ကျော်ဖြစ်ပွားခဲ့သည်။ နောက်ဆုံး၌ ဘီ.စီ.အီး. ၂၄၁ ခုနှစ်တွင် ကားသေ့ခ်ျတို့သည် အရေးမလှသဖြင့် စစ္စလီကျွန်းကို စွန့်လွှတ်လိုက်ရ၏။ ထို့ပြင် ကားသေ့ခ်ျတို့လက်မှ ကော်စီကာကျွန်းနှင့် ဆာဒင်နီယာကျွန်းတို့ကိုလည်း ရောမတို့ သိမ်းပိုက်ခဲ့ကြသည်။

ဤဆုံးရှုံးမှုများကို အစားထိုးရန် ကားသေ့ခ်ျစစ်ဗိုလ်ချုပ်ကြီး ဟာမီလ်ကာ ဗာကာသည် စပိန်နိုင်ငံတွင် အင်ပါယာတည်ထောင်ခြင်းဖြင့် ကားသေ့ခ်ျအင်အားကို ပြန်လည်ဖြည့်ဆည်းခဲ့သည်။ “ကားသေ့ခ်ျမြို့သစ်”—⁠ကားသာဂျီနာမြို့—⁠ကို စပိန်နိုင်ငံ၏အရှေ့တောင်ကျွန်းဆွယ်တွင် တည်ထောင်ခဲ့ပြီး နှစ်အနည်းငယ်အတွင်း ကားသေ့ခ်ျဘဏ္ဍာတိုက်သို့ စပိန်နိုင်ငံ၏ တွင်းထွက်ပစ္စည်းများ ပြန်ဖြည့်ပေးခဲ့သည်။ ဤသို့နယ်မြေချဲ့ထွင်ခြင်းကြောင့် ရောမနှင့် ပဋိပက္ခဖြစ်ခဲ့ပြီး ဘီ.စီ.အီး. ၂၁၈ ခုနှစ်တွင် စစ်ဖြစ်ပွားခဲ့ပြန်သည်။

ကားသေ့ခ်ျစစ်တပ်၏ စစ်ဦးစီးမှာ ဟာမီလ်ကာ၏သား “ဗာလ၏-မျက်နှာသာရသူ” ဟူ၍အဓိပ္ပာယ်ရသည့် ဟန်နီဘောဖြစ်သည်။ သူသည် ဘီ.စီ.အီး. ၂၁၈ ခုနှစ်တွင် ကားသာဂျီနာမြို့မှ ထွက်ခွာ၍ ဆင်ကောင်ရေ ၄၀ နီးပါးဖြင့် အာဖရိကန်များနှင့် စပိန်ပြည်သားများပါဝင်သော သူ၏စစ်တပ်သည် အဲ့လ်ပ်တောင်တန်းကို ဖြတ်ကျော်ကာ စပိန်နှင့် ဂေါနယ်မှတစ်ဆင့် ခက်ခဲကြာရှည်သော ချီတက်ပွဲကြီး စတင်လေတော့သည်။ ရောမတို့ကို အငိုက်ဖမ်းတိုက်ခိုက်ခဲ့သဖြင့် ရောမတို့ မရှုမလှအရေးနိမ့်ခဲ့ရ၏။ ဘီ.စီ.အီး. ၂၁၆၊ ဩဂုတ် ၂ ရက်တွင် “ရောမစစ်တပ် ကြုံရသမျှတွင် အဆိုးရွားဆုံးဘေးသင့်ခဲ့သည့်” ကန်နီးတိုက်ပွဲ၌ ဟန်နီဘောစစ်တပ်သည် ရောမတပ်ကို နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ဟန်နီဘောဘက်မှ အမျိုးသား ၆,၀၀၀ သာကျဆုံးသော်လည်း ရန်သူဘက်မှ ၇၀,၀၀၀ နီးပါး ကျဆုံးခဲ့သည်။

ရောမကျဆုံးလုနီးပါးဖြစ်ခဲ့ရ၏! ရောမတို့သည် အလျှော့မပေးဘဲ နောက် ၁၃ နှစ်ကြာအထိ ဟန်နီဘော၏စစ်သည်များ အင်အားဆုတ်ယုတ်လာရန် တိုက်ခိုက်ခဲ့သည်။ ရောမသည် အာဖရိကသို့ စစ်တပ်တစ်တပ် ပို့လိုက်သောအခါ ကားသေ့ခ်ျကို ၎င်း၏မဟာမိတ်များက စွန့်ခွာခဲ့ကာ စပိန်နိုင်ငံနှင့် စစ္စလီကျွန်းတွင် ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် ဟန်နီဘောကို ကားသေ့ခ်ျမြို့သို့ ပြန်ခေါ်လိုက်ရ၏။ နောက်တစ်နှစ် ဘီ.စီ.အီး. ၂၀၂ ခုနှစ်တွင် ရောမဗိုလ်ချုပ် ဆက်ပီယို အာဖရီကနက်စ်သည် ကားသေ့ခ်ျအနောက်တောင်ဘက် ဇာမာတွင် ဟန်နီဘောစစ်တပ်ကို ချေမှုန်းလိုက်သည်။ ပျူနစ်မြို့တော်သည် ၎င်း၏သင်္ဘောတပ်ကို လက်နက်ချလိုက်စေရပြီး စစ်ရေးအရ လွတ်လပ်မှုမရှိတော့ဘဲ အနှစ် ၅၀ ကျော်အထိ စစ်လျော်ကြေး မြောက်မြားစွာ ပေးဆက်ခဲ့ရ၏။ ဟန်နီဘောမူကား နောက်ပိုင်းတွင် ပြည်မှ ထွက်ပြေးခဲ့ကာ ဘီ.စီ.အီး. ၁၈၃ ခုနှစ်ခန့်တွင် သူ့ကိုယ်သူသတ်သေခဲ့သည်။

“ဒက်လန်ဒါ အက်စ် ကားသေ့ဂို!”

စစ်ပြေငြိမ်းလိုက်ခြင်းဖြင့် ကားသေ့ခ်ျမြို့ ပြန်လည်ကြီးပွားလာပြီး ဆယ်နှစ်အထိသာ စစ်လျော်ကြေးပေးဆပ်ခဲ့ရသည်။ ဤကဲ့သို့တန်ခိုးကြီးလာပြီး နိုင်ငံရေးပြောင်းလဲမှုများကြောင့် အခဲမကျေသေးသော ကားသေ့ခ်ျရန်သူများက အကြီးအကျယ် အန္တရာယ်ပေးနိုင်ဖွယ်ရှိသည်။ သက်ကြီးပိုင်း ရောမနိုင်ငံ့ခေါင်းဆောင် ကေတိုသည် နှစ်နှစ်နီးပါးတိုင်တိုင် သူသေဆုံးသည့်အထိ လွှတ်တော်ရှေ့ သူ၏မိန့်ခွန်းအားလုံးတွင် “ကားသေ့ခ်ျကို ချေမှုန်းရမည်!” ဟူ၍ အဓိပ္ပာယ်ရှိသည့် “ဒက်လန်ဒါ အက်စ် ကားသေ့ဂို!” ဆောင်ပုဒ်ဖြင့် နိဂုံးချုပ်လေ့ရှိသည်။

နောက်ဆုံး ဘီ.စီ.အီး. ၁၅၀ ပြည့်နှစ်တွင် စာချုပ်ကို ချိုးဖောက်သည်ဟူသော စွဲချက်က ရောမတို့အား ရမယ်ရှာခွင့်ရစေသည်။ “မျိုးဖြုတ်စစ်ပွဲ” အဖြစ် စစ်ကြေညာခဲ့သည်။ ရောမတို့သည် အချို့ပေ ၄၀ ကျော်မြင့်သည့် မြို့တော်၏မိုင် ၂၀ ရှိခံတပ်များကို သုံးနှစ်အထိ ဝိုင်းရံခဲ့ကြသည်။ နောက်ဆုံး ဘီ.စီ.အီး. ၁၄၆ ခုနှစ်တွင် ခံတပ်ကို ဖောက်ချလေတော့သည်။ လက်နက်မိုး ရွာသွန်းနေသည့် လမ်းကျဉ်းများမှ ချီတက်လာကြသော ရောမစစ်သားများသည် တစ်ဦးချင်း အနီးကပ်တိုက်ခိုက်ခဲ့ကြသည်။ ထိတ်လန့်ဖွယ်ကောင်းသော ရှေးမှတ်တမ်းထောက်ခံချက်တွင် ရှေးဟောင်းသုတေသနပညာရှင်များက ပြန့်ကျဲနေသော ကျောက်တုံးများအောက်တွင် လူအရိုးများကို တွေ့ရှိခဲ့ကြသည်ဟု ဆိုသည်။

ကြောက်မက်ဖွယ် တိုက်ပွဲခြောက်ရက်တာပြီးနောက် ခိုင်ခံ့သောတောင်ထိပ်ခံတပ် ဘာရ်ဆာတွင် ပုန်းအောင်းနေသည့် အစာရေစာငတ်ပြတ်နေသော မြို့သား ၅၀,၀၀၀ ခန့်မှာ လက်နက်ချခဲ့ကြသည်။ ကွပ်မျက်မခံလိုသော သို့မဟုတ် ကျွန်ဘဝမရောက်လိုသော အခြားသူများမှာမူ အက်စ်မူန်ဘုရားကျောင်းသို့ဝင်၍ တံခါးပိတ်ပြီး သူတို့ကိုယ်ကိုသူတို့ မီးရှို့လိုက်ကြသည်။ ရောမတို့သည် မြို့တွင်ကျန်ရှိရာကို မီးရှို့၍ ကားသေ့ခ်ျတစ်မြို့လုံးကို အခမ်းအနားဖြင့် ဖျက်ဆီးပစ်ကာ မည်သူကိုမျှ နေထိုင်ခွင့်မပြုတော့ချေ။

ထိုသို့ဖြင့် နှစ်ပေါင်း ၁၂၀ အတွင်း ရောမသည် ကားသေ့ခ်ျ၏ နယ်ချဲ့ရေးပန်းတိုင်များကို ဖျက်ဆီးပစ်လိုက်သည်။ သမိုင်းပညာရှင် အာနိုးလ် တွိုင်ဘီက ဤသို့ဖော်ပြခဲ့၏– “ဟန်နီဘောစစ်ပွဲ၏ တကယ့်အရေးကိစ္စမှာ လာတော့မည့် ဂရိနိုင်ငံဆိုင်ရာဒေသများသည် ကားသေ့ခ်ျအင်ပါယာ သို့မဟုတ် ရောမအင်ပါယာ ဖြစ်သင့်သလောဟူ၍ဖြစ်သည်။” ယူနီဗာဆယ်လီစ်စွယ်စုံကျမ်းက ဤသို့ဖော်ပြသည်– “အကယ်၍ ဟန်နီဘောအနိုင်ရရှိခဲ့လျှင် အလက်ဇန္ဒားကဲ့သို့ပင် အင်ပါယာကြီးတစ်ခုကို တည်ထောင်မည်မှာ သေချာပါသည်။” နောက်ဆုံး၌ ပျူနစ်စစ်ပွဲများသည် ကမ္ဘာကိုစိုးမိုးရန် ဦးတည်စေသည့် ရောမနယ်ချဲ့ဝါဒ၏ အစဖြစ်ခဲ့သည်။

“အာဖရိကန်ရောမ”

ကားသေ့ခ်ျသည် အပြတ်အသတ်ရှုံးနိမ့်သွားပုံရ၏။ ထို့ကြောင့် နှစ်ပေါင်းတစ်ရာနောက်ပိုင်းတွင် ဂျူးလီယက်ဆီဇာသည် ထိုနေရာတွင် ကိုလိုနီတည်ထောင်ရန် ဆုံးဖြတ်ခဲ့သည်။ သူ့ကို ဂုဏ်ပြုသည့်အနေနှင့် ၎င်းနေရာကို ကိုလိုနီယာ ဂျူလီယာ ကာသေ့ဂိုဟု ခေါ်ခဲ့သည်။ ရောမအင်ဂျင်နီယာများသည် ကုဗပေ,လေးသန်းဖြစ်နိုင်ဖွယ်ရှိသည့် မြေကြီးကို ယူလာ၍ ဘာရ်ဆာတောင်ထိပ်ကို ဧရာမစင်မြင့်အဖြစ် မြေညှိလိုက်ပြီး ယခင်ပုံစံရှိသမျှကို ဖျောက်ဖျက်ပစ်လိုက်ကြသည်။ ၎င်းအပေါ်တွင် ဗိမာန်များနှင့် အလှတန်ဆာဆင်ထားသော ပြည်သူ့အဆောက်အဦများ ဆောက်လုပ်ခဲ့၏။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ကားသေ့ခ်ျမြို့သည် ‘ရောမကမ္ဘာတွင် ဥစ္စာဓနအကြွယ်ဝဆုံး’ ဖြစ်ပြီး ရောမမြို့ပြီးလျှင် အနောက်နိုင်ငံများတွင် ဒုတိယအကြီးဆုံးမြို့တစ်မြို့ ဖြစ်လာသည်။ ထိုတွင်နေထိုင်ကြသူ ၃၀၀,၀၀၀ ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဇာတ်ရုံတစ်ရုံ၊ အမိုးဖွင့်ပွဲကြည့်စင်တစ်ခု၊ ဧရာမရေပူချိုးခန်းများ၊ ၈၂ မိုင်ရှည်သော ရေသွယ်မြောင်းတစ်ခုနှင့် ပရိသတ် ၆၀,၀၀၀ ဆံ့နိုင်သည့် ဆပ်ကပ်ပွဲရုံတစ်ခုတို့ကို ဆောက်လုပ်ပေးခဲ့သည်။

စီ.အီး. ဒုတိယရာစု အလယ်လောက်၌ ကားသေ့ခ်ျတွင် ခရစ်ယာန်ဘာသာ ပေါ်ပေါက်ခဲ့ပြီး အလျင်အမြန်တိုးတက်ခဲ့၏။ နာမည်ကြီးချာ့ခ်ျဘာသာရေး ကျွမ်းကျင်သူ၊ ခုခံချေပသူဖြစ်သည့် တာတူလျန်သည် စီ.အီး. ၁၅၅ ခုနှစ်ခန့်၌ ကားသေ့ခ်ျမြို့တွင် မွေးဖွားခဲ့သည်။ သူ၏စာပေကြောင့် လက်တင်သည် အနောက်ပိုင်းချာ့ခ်ျ၏ ရုံးသုံးဘာသာစကားဖြစ်လာ၏။ အဆင့်ခုနစ်ဆင့်ရှိသည့် ခရစ်ယာန်ဘုန်းကြီးစနစ်ကို တီထွင်ခဲ့သည့် တတိယရာစု ကားသေ့ခ်ျဘိရှော့ စစ်ပရီယန်သည် စီ.အီး. ၂၅၈ ခုနှစ်၌ ထိုမြို့တွင် အသတ်ခံခဲ့ရသည်။ ရှေးခေတ်ခရစ်ယာန်အတွေးအခေါ်ပညာရှင်ကြီးဟု ခေါ်ကြသည့် မြောက်အာဖရိကန်လူမျိုး ဩဂတ်စတင်း (စီ.အီး. ၃၅၄-၄၃၀) သည် ဂရိအတွေးအခေါ်နှင့် ချာ့ခ်ျအယူဝါဒကို ပေါင်းစပ်ရာတွင် အခရာဖြစ်၏။ “အို အာဖရိက၊ အသင်သည် စိတ်အားထက်သန်စွာဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မြှင့်တင်ပေးသည်။ အသင်၏ဆုံးဖြတ်ချက်ကို ရောမက လက်ခံအတည်ပြုပြီး ကမ္ဘာ့ခေါင်းဆောင်များက လိုက်လျှောက်ကြသည်” ဟု ခရစ်ယာန်ဓမ္မဆရာတစ်ဦး ပြောရသည့်အထိပင် မြောက်အာဖရိကချာ့ခ်ျက လွှမ်းမိုးခဲ့သည်။

သို့သော် ကားသေ့ခ်ျခေတ်ကာလ ကုန်ဆုံးတော့မည်။ ဤတွင်တစ်ဖန်၊ ကားသေ့ခ်ျ၏ကြမ္မာသည် ရောမနှင့် ခွဲခြား၍မရနိုင်လောက်အောင် ဆက်စပ်နေပြန်သည်။ ရောမအင်ပါယာ မှေးမှိန်လာသည်နှင့်အမျှ ကားသေ့ခ်ျသည်လည်း မှေးမှိန်လာ၏။ စီ.အီး. ၄၃၉ ခုနှစ်တွင် ဗန်ဒဲလ်လူမျိုးတို့က ထိုမြို့ကို တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့သည်။ ရာစုတစ်ခုအကြာတွင် ထိုမြို့ကို သိမ်းပိုက်ခဲ့သော ဘိုင်ဇန်တိုင်သည် မဖျက်ဆီးဘဲ ခေတ္တဆိုင်းငံ့ထားခဲ့သည်။ သို့ရာတွင် ကားသေ့ခ်ျသည် မြောက်အာဖရိကမှတစ်ဆင့် ဝင်ရောက်လာသော အာရပ်လူမျိုးများကို မခုခံနိုင်ခဲ့ချေ။ စီ.အီး. ၆၉၈ ခုနှစ်တွင် ထိုမြို့သည် သိမ်းပိုက်ခံရပြီးနောက် ၎င်း၏ကျောက်တုံးများဖြင့် တူနစ်မြို့ကို တည်ဆောက်ခဲ့၏။ နောက်ပိုင်းရာစုနှစ်များတွင် တစ်ချိန်က ရောမမြို့တော်ကို အလှဆင်ထားသည့် စကျင်ကျောက်နှင့် နှမ်းဖတ်ကျောက်တို့ကို သိမ်းယူ၍ ပြည်ပသို့တင်ပို့ခဲ့ကြပြီး ၎င်းကျောက်တို့ဖြင့် အီတလီနိုင်ငံ၊ ဂျီနိုအာမြို့နှင့် ပီဆာမြို့တို့ရှိ ခရစ်ယာန်ဘုရားကျောင်းများအပြင် အင်္ဂလန်နိုင်ငံရှိ ကန်တာဘရီဘုရားကျောင်းကိုပင် တည်ဆောက်ခဲ့ဖွယ်ရှိ၏။ ရှေးခေတ်တွင် အကြွယ်ဝဆုံး၊ ဩဇာအရှိဆုံးအဖြစ်မှ၊ ကမ္ဘာကို အုပ်စိုးလုနီးပါးဖြစ်ခဲ့သည့် အင်ပါယာအဖြစ်မှ ကားသေ့ခ်ျမြို့သည် နောက်ဆုံး၌ မမှတ်မိနိုင်သော အုတ်ပုံမျှသာ ဖြစ်ကျန်ရစ်တော့သည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 5 ဖီနီရှန်ဟူသော အမည်သည် “ခရမ်းရောင်” အပြင် “အုန်းထန်းမျိုးအပင်” ဟုလည်း အဓိပ္ပာယ်ရသည့် ဂရိစကားလုံး ဖီနစ်ခ်စ် မှဆင်းသက်လာသည်။ ယင်းမှ လက်တင်စကားလုံး ပေါနီအာစ် ဆင်းသက်လာပြီး “ကားသေ့ခ်ျနီယန်” ဟုအဓိပ္ပာယ်ရသော နာမဝိသေသန “ပျူနစ်” ဖြစ်လာ၏။

^ အပိုဒ်၊ 16 ကားသေ့ခ်ျတို့နှင့် အက်ထရူးစကင်တို့၏ ရာစုနှစ်ပေါင်း အတော်ကြာကြာ ရင်းနှီးသောဆက်ဆံရေးကြောင့် ထိုလူမျိုးနှစ်မျိုးသည် တစ်နိုင်ငံတည်းသားများဖြစ်ပုံရသည်ဟု အရစ္စတိုတယ်က ဝေဖန်ခဲ့၏။ အက်ထရူးစကင်နှင့်ပတ်သက်၍ ထပ်ဆင့်အချက်အလက်အတွက် နိုဝင်ဘာ ၈၊ ၁၉၉၇ ခုနှစ်ထုတ် နိုးလော့! စာမျက်နှာ ၂၄-၇ [လိပ်] ကိုရှု။

^ အပိုဒ်၊ 17 “ကားသေ့ခ်ျမြို့ ပတ်လည်ရှိနယ်မြေကို အာဖရိကဟူ၍ ကားသေ့ခ်ျတို့က အမည်ပေးခဲ့ခြင်းဖြစ်သည်။ ထိုအမည်အတိုင်း နောက်ပိုင်းတွင် ထိုတိုက်ကြီး၏နယ်မြေများအားလုံးကို ခေါ်လာကြ၏။ ထိုနယ်မြေသည် ရောမအင်ပါယာနယ်မြေဖြစ်လာသောအခါ ရောမတို့သည် ၎င်းအမည်ကိုပင် ဆက်အသုံးပြုခဲ့ကြသည်။”—⁠ဒစ်ရှင်းနရီ ဒီ လာန်တီကီတာ—⁠မီတောလောဂျီ၊ လီတရာ့ချာ၊ စီဗီလီဇေရှင်း။

[စာမျက်နှာ ၁၄ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ရောမ

မြေထဲပင်လယ်

ကားသေ့ခ်ျ (အပျက်အယွင်းများ)

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ရောမရေပူချိုးခန်းများ၏ အပျက်အစီးအကြွင်းအကျန်များ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဖီနီရှန်သင်္ဘောများဖြင့် လက်ဘနွန်ထင်းရှူးများကို သယ်ဆောင်လာ

[Credit Line]

Musée du Louvre, Paris

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

လာဘ်ကောင်းသည့်လက်ဖွဲ့အဖြစ် ဖန်ဆွဲသီးများကို ဝတ်ဆင်ခဲ့ကြ

[Credit Line]

Musée du Louvre, Paris

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ကားသေ့ခ်ျတို့သည် နတ်ဆိုး၏ရန်ကိုကာကွယ်ရန် သင်္ချိုင်းတွင် အသုဘမျက်နှာဖုံးများ ဝတ်ဆင်ထားကြ

[Credit Line]

Musée du Louvre, Paris

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ကလေးသတ်ဖြတ်ခြင်းသည် ကားသေ့ခ်ျတို့အမွေရခဲ့သော ခါနာန်ဝတ်ပြုရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သည်။ ယင်းသည် ပူဇော်ထားသော ကလေးအတွက် သင်္ချိုင်းအမှတ်အသား

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဘီ.စီ.အီး. ၁၄၆ ခုနှစ်တွင် ရောမလက်အောက်ရောက်ခဲ့ပြီး ပျက်စီးသွားသော ပျူနစ်မြို့၏အကြွင်းအကျန်များ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဟန်နီဘောကို အသက်ရှင်ခဲ့သမျှတွင် စစ်မဟာဗျူဟာကဝိရှင်ကြီးတစ်ဦးအဖြစ် လေးစားကြ

[Credit Line]

Alinari/Art Resource, NY