မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“တစ်ခါတလေ ကျွန်မ အိပ်မက်မက်နေတာလားလို့ ထင်မိတယ်!”

“တစ်ခါတလေ ကျွန်မ အိပ်မက်မက်နေတာလားလို့ ထင်မိတယ်!”

“တစ်ခါတလေ ကျွန်မ အိပ်မက်မက်နေတာလားလို့ ထင်မိတယ်!”

လောဒိစ်သည် သူ၏တုန်ယင်နေသည့်နှုတ်ခမ်းကို လက်ချောင်းများဖြင့် အုပ်ထားကာ တိုက်ခန်းပြတင်းပေါက်မှ မြို့ထဲသို့ငေးကြည့်နေ၏။ သူသည် အကြမ်းဖက်သည့်ခင်ပွန်း အဲလ်ဖရက်ဒို၏လက်ချက်ဖြင့် အနှစ်နှစ်ဆယ်ကျော် ကိုယ်စိတ်ဆင်းရဲခဲ့သည့် လက်တင်အမေရိကသူတစ်ဦးဖြစ်သည်။ အဲလ်ဖရက်ဒိုသည် ပြောင်းလဲသွားခဲ့သည်။ သို့တိုင် ကြုံတွေ့ခံစားရသည့် ကာယနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုကိုပြောပြဖို့ လောဒိစ်အတွက် အခက်တွေ့နေဆဲဖြစ်သည်။

သူက ဤသို့ပြောပြသည်– “ကျွန်မတို့ရဲ့ လက်ထပ်ပွဲပြီးလို့ နှစ်ပတ်အကြာမှာ စတော့တာပဲ။ တစ်ခါဆို သူထိုးလို့ ကျွန်မရဲ့သွားနှစ်ချောင်းကျိုးသွားတယ်။ နောက်တစ်ခါတော့ ကျွန်မ ရှောင်လိုက်လို့ သူ့လက်သီးက အဝတ်ဗီရိုကို ထိုးမိပြီး ဗီရိုကျိုးပဲ့သွားတယ်။ ဒါပေမဲ့ သူကျွန်မကိုခေါ်တဲ့နာမည်တွေက ပိုပြီးတော့တောင် ထိခိုက်စေတယ်။ ‘ဆန်ကုန်မြေလေး’ လို့ကျွန်မကို ခေါ်ပြီး စဉ်းစားဉာဏ်မရှိတဲ့သူတစ်ယောက်လို ကျွန်မကို ဆက်ဆံတယ်။ ကျွန်မသူ့ကို စွန့်သွားချင်တယ်၊ ဒါပေမဲ့ ကျွန်မရဲ့ ကလေးသုံးယောက်နဲ့ ဘယ်လိုစခန်းသွားနိုင်မှာလဲ။”

အဲလ်ဖရက်ဒိုသည် လောဒိစ်၏ပခုံးကို ညင်သာစွာကိုင်ကာ ဤသို့ပြောသည်– “ငါဟာ အဆင့်မြင့်ပညာရှင်တစ်ယောက်ပါ။ ရုံးကနေဆင့်ခေါ်စာရပြီး အကာအကွယ်ပေးတဲ့အမိန့် ထုတ်ဆင့်ပေးလိုက်တော့ ငါအတော့်ကို ရှက်သွားတယ်။ ပြောင်းလဲဖို့ကြိုးစားပေမဲ့ အဲဒီအတိုင်းပဲ ပြန်ပြန်လုပ်မိတယ်။”

မည်သို့ပြောင်းလဲခဲ့သနည်း။ ယခု လောဒိစ်က သိသိသာသာ စိတ်အေးလက်အေးဖြင့် ဤသို့ရှင်းပြသည်– “လမ်းထောင့်ဆိုင်က အမျိုးသမီးဟာ ယေဟောဝါသက်သေတစ်ယောက်လေ။ သူက ကျွန်မကို ကျမ်းစာ နားလည်အောင်ကူညီပေးမယ်ဆိုပြီး ကမ်းလှမ်းပါတယ်။ ယေဟောဝါဟာ အမျိုးသမီးတွေကို တန်ဖိုးထားမှန်း ကျွန်မသိခဲ့ရတယ်။ ယေဟောဝါသက်သေတွေရဲ့အစည်းအဝေးတွေကို ကျွန်မစတက်ခဲ့တယ်၊ အစတုန်းကတော့ အဲလ်ဖရက်ဒို အကြီးအကျယ်ဒေါသထွက်ခဲ့တာပေါ့။ ဘုရားသခင့်နိုင်ငံတော်ခန်းမက မိတ်ဆွေတွေနဲ့အတူနေမိတာဟာ ကျွန်မအတွက် အတွေ့အကြုံသစ်တစ်ခုဖြစ်ခဲ့တယ်။ ကျွန်မမှာ ကိုယ်ပိုင်ယုံကြည်ချက်တွေ ရှိလာနိုင်တယ်၊ အဲဒါတွေကို လွတ်လွတ်လပ်လပ်ပြောဆိုနိုင်တယ်၊ တခြားသူတွေကိုတောင် သွန်သင်ပေးနိုင်တယ်ဆိုတာ ကျွန်မတအံ့တသြတွေ့ရှိခဲ့သည်။ ဘုရားသခင်ဟာ ကျွန်မကို တန်ဖိုးထားမှန်း ကျွန်မသဘောပေါက်ခဲ့တယ်။ အဲဒါက ကျွန်မကို ရဲစွမ်းသတ္တိရှိစေတယ်။

“ကျွန်မ မမေ့နိုင်တဲ့အလှည့်အပြောင်းတစ်ခုရှိခဲ့တယ်။ အဲလ်ဖရက်ဒိုက တနင်္ဂနွေနေ့တိုင်း ကက်သလစ်မားစ်ပွဲကို တက်ရောက်နေဆဲဖြစ်ခဲ့ပြီး ယေဟောဝါသက်သေတွေနဲ့ ကျွန်မလုပ်နေတာကို သူကန့်ကွက်ခဲ့တယ်။ ကျွန်မ သူ့ရဲ့မျက်လုံးကို တည့်တည့်စိုက်ကြည့်ပြီး အေးအေးဆေးအေး ယုံကြည်စိတ်ချစွာနဲ့ ‘အဲလ်ဖရက်ဒို၊ ရှင့်အယူအဆဟာ ကျွန်မအယူအဆမဟုတ်ဘူး’ လို့ပြောလိုက်တယ်။ သူ ကျွန်မကို မထိုးမရိုက်ခဲ့ဘူး! သိပ်မကြာပါဘူး၊ ကျွန်မနှစ်ခြင်းခံခဲ့တယ်၊ အဲဒီကတည်းက ငါးနှစ်အတွင်း ကျွန်မကို သူဘယ်တော့မှ မထိုးမရိုက်တော့ဘူး။”

သို့သော် သာ၍ကြီးမားသောပြောင်းလဲမှုများ ဖြစ်လာခဲ့သည်။ အဲလ်ဖရက်ဒိုက ဤသို့ရှင်းပြသည်– “လောဒိစ် နှစ်ခြင်းခံပြီးလို့ သုံးနှစ်လောက်အကြာမှာပေါ့၊ ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့ လုပ်ဖော်ဆောင်ဖက်တစ်ယောက်က ကျွန်တော့်ကို သူ့အိမ်ကို ဖိတ်ခေါ်ပြီး ကျမ်းစာထဲက စိတ်ဝင်စားစရာကောင်းတဲ့အရာတွေကို ရှင်းပြခဲ့တယ်။ ကျွန်တော့်ရဲ့ဇနီးကို မပြောဘဲနဲ့ အဲဒီလူနဲ့ကျမ်းစာစတင်လေ့လာခဲ့တယ်။ သိပ်မကြာပါဘူး၊ အစည်းအဝေးတွေကို လောဒိစ်နဲ့အတူ လိုက်သွားတယ်။ အဲဒီမှာ ကျွန်တော်ကြားခဲ့တဲ့ ဟောပြောချက်တွေက မိသားစုဘဝနဲ့ပတ်သက်တယ်၊ အဲဒါတွေကြောင့် ကျွန်တော်ရှက်စိတ်တွေ ဝင်လေ့ရှိခဲ့တယ်။”

အစည်းအဝေးများပြီးနောက် အမျိုးသားများအပါအဝင် အသင်းသားများ တံမြက်စည်းလှည်းနေကြသည်ကို တွေ့မြင်ရ၍ အဲလ်ဖရက်ဒို အလွန်စွဲမှတ်သွားခဲ့သည်။ ၎င်းတို့၏အိမ်များသို့ သူလည်ပတ်သောအခါ ခင်ပွန်းများက ဇနီးများအား ပန်းကန်ကူဆေးပေးနေသည်ကို တွေ့မြင်ခဲ့သည်။ ဤသေးငယ်သောဖြစ်ရပ်များက အဲလ်ဖရက်ဒိုအား မေတ္တာအမှန် မည်သို့ပြရမည်ကို ပြသပေးခဲ့သည်။

များမကြာမီ အဲလ်ဖရက်ဒို နှစ်ခြင်းခံခဲ့ပြီး ယခု သူနှင့် ဇနီးဖြစ်သူတို့သည် အချိန်ပြည့်အမှုဆောင်များအဖြစ် ထမ်းဆောင်နေကြသည်။ လောဒိစ်က ဤသို့ပြောပြသည်– “ထမင်းစားပြီးရင် စားပွဲရှင်းပေးတာတွေ၊ အိပ်ရာခင်းတာတွေကို မကြာခဏ သူကူညီပေးတတ်တယ်။ ကျွန်မချက်ပြုတ်တာကို ချီးမွမ်းပေးတယ်၊ ဘယ်လိုတေးဂီတနားထောင်ချင်တယ်၊ အိမ်အတွက် ဘယ်ပစ္စည်းဝယ်ချင်တယ် ဆိုတာတွေကိုပါ ကျွန်မကို ရွေးချယ်ခွင့်ပြုလာတယ်။ အဲဒါတွေက အရင်တုန်းက အဲလ်ဖရက်ဒို လုံးဝမလုပ်ခဲ့ဖူးတာတွေပေါ့! သိပ်မကြာသေးခင်ကပဲ ပထမဆုံးအကြိမ်အဖြစ် ကျွန်မအတွက် ပန်းစည်းတစ်စည်း ဝယ်လာပေးတယ်။ တစ်ခါတလေ ကျွန်မအိပ်မက်မက်နေတာလားလို့ ထင်မိတယ်!”

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

“ဘုရားသခင်က ကျွန်မကိုတန်ဖိုးထားမှန်း ကျွန်မသိတယ်။ အဲဒါက ကျွန်မကို ရဲစွမ်းသတ္တိရှိစေတယ်”

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဇနီးသည်များအား အိုးခွက်ပန်းကန်ဆေးကြော ကူညီပေးနေသည့် ခင်ပွန်းများကို သူတွေ့ရှိခဲ့

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အမျိုးသားများအပါအဝင် အသင်းတော်သားများသည် အစည်းအဝေးများပြီးနောက် တံမြက်စည်းလှည်းနေကြသည်ကို တွေ့မြင်ခဲ့၍ အဲလ်ဖရက်ဒို အလွန်စွဲမှတ်ခဲ့

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

“သိပ်မကြာသေးခင်ကပဲ ပထမဆုံးအကြိမ်အဖြစ်နဲ့ ကျွန်မအတွက် ပန်းစည်းတစ်စည်းဝယ်လာပေးတယ်”