မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဒီတစ်ခါတော့ သူပြောင်းလဲတန်ကောင်းပါရဲ့”

“ဒီတစ်ခါတော့ သူပြောင်းလဲတန်ကောင်းပါရဲ့”

“ဒီတစ်ခါတော့ သူပြောင်းလဲတန်ကောင်းပါရဲ့”

ရိုစာနာ *သည် တောင်အမေရိကရှိ လူအများလေးစားခံရသည့် ခွဲစိတ်ဆရာဝန်တစ်ဦးနှင့် ထိမ်းမြားခဲ့သည့် ဖျတ်လတ်သော၊ ဆွဲဆောင်မှုရှိသော သားသမီးလေးဦး၏မိခင်ဖြစ်သည်။ “ကျွန်မရဲ့ခင်ပွန်းဟာ အမျိုးသမီးတွေကို ညှို့ယူနိုင်စွမ်းရှိပြီး အမျိုးသားတွေကြားမှာ ရေပန်းစားသူလည်းဖြစ်တယ်” ဟု သူကဆိုသည်။ သို့သော် ရိုစာနာအိမ်ထောင်ဖက်၏ အဆိုးကိုမူ သူတို့နှင့်ရင်းနှီးသောမိတ်ဆွေများပင် မသိရှိကြချေ။ “အိမ်မှာတော့ သူဟာ သိပ်ကြောက်စရာကောင်းတယ်။ သိပ်ပြီးတော့အူတိုတယ်။”

ရိုစာနာသည် သူ၏အဖြစ်ကို ဆက်လက်ပြောပြနေစဉ် စိုးရိမ်ပူပန်ကြောင်း သူ၏မျက်နှာတွင် အထင်းသားတွေ့ရသည်။ “ကျွန်မတို့ လက်ထပ်ပြီးလို့ သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ ပြဿနာစတော့တယ်။ ကျွန်မတို့ဆီကို ကျွန်မရဲ့မောင်တွေနဲ့ အမေလာလည်ကြတယ်၊ သူတို့နဲ့ ရယ်ရယ်မောမော၊ ပျော်ပျော်ပါးပါး စကားပြောဖြစ်တယ်။ ဒါပေမဲ့ သူတို့ပြန်သွားတော့ ကျွန်မခင်ပွန်းက ကျွန်မကို ဒေါသတကြီးနဲ့ ဆိုဖာပေါ် ကြမ်းကြမ်းတမ်းတမ်း တွန်းပစ်လိုက်ပါတယ်။ ဖြစ်ပျက်နေတာကို ကျွန်မ ယုံတောင်မယုံနိုင်ဘူး။”

ဝမ်းနည်းစရာမှာ ယင်းသည် ရိုစာနာ၏ချောက်ချားဖွယ်အတွေ့အကြုံ အစမျှသာရှိသေး၏၊ အကြောင်းမှာ နှစ်နှင့်ချီ၍ အကြိမ်ကြိမ် ရိုက်နှက်ခံခဲ့ရသောကြောင့်တည်း။ ထိုသို့မတရားပြုခံနေရသည့်သံသရာမှာ ဆက်လည်မည့်ဟန်ရှိနေသည်။ ရိုစာနာ၏ခင်ပွန်းဖြစ်သူသည် သူ့အားရိုက်နှက်လိုက်၊ ဒီနောက်တွင် အကြီးအကျယ်ပြန်တောင်းပန်ကာ၊ နောက်နောင် မလုပ်တော့ဟု ကတိပေးလိုက်ဖြစ်နေ၏။ သူ့အပြုအမူသည် တိုးတက်လာ၏၊ သို့သော် တစ်ခဏသာခံ၏။ ပြန်ပြီး ကြောက်မက်ဖွယ်ကောင်းပြန်၏။ “ဒီတစ်ခေါက်တော့ သူပြောင်းလဲတန်ကောင်းပါရဲ့လို့ ကျွန်မထင်နေတုန်းပဲ။ ကျွန်မထွက်ပြေးသွားရင်တောင်မှ သူ့ဆီကို အမြဲပြန်ရတာပဲ” ဟုရိုစာနာက ပြောပြသည်။

ခင်ပွန်းဖြစ်သူ၏အကြမ်းဖက်မှု တစ်နေ့နေ့ ပိုမိုဆိုးလာမည်ကို ရိုစာနာကြောက်နေသည်။ သူ ဤသို့ပြောပြသည်– “ကျွန်မကိုရော၊ ကလေးတွေကိုပါ သတ်ပစ်မယ်၊ ပြီးမှ သူ့ကိုယ်သူပါ သတ်သေပစ်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ တစ်ခါကဆိုရင် ကပ်ကြေးနဲ့ ကျွန်မရဲ့လည်မျိုကို ထောက်ထားတယ်။ နောက်တစ်ခေါက်ကျတော့ ကျွန်မကိုသေနတ်နဲ့ ခြိမ်းခြောက်တယ်၊ ကျွန်မရဲ့နားကို သေနတ်နဲ့ထောက်ပြီး ခလုတ်ဆွဲဖြုတ်လိုက်တာလေ! တော်ပါသေးရဲ့၊ ကျည်ဆံမပါလို့၊ ဒါပေမဲ့ ကြောက်လိုက်တာ သေမတတ်ပဲ။”

ရေငုံနှုတ်ဆိတ်နေခြင်း

ရိုစာနာနည်းတူ ကမ္ဘာတစ်ဝန်းတွင် သန်းနှင့်ချီသော အမျိုးသမီးများသည် အကြမ်းဖက်တတ်သည့် အမျိုးသားများ၏ ရိုက်နှက်မှုများကို ခံနေကြရသည်။ * ထိုအမျိုးသမီးများစွာသည် မိမိတို့၏ချောက်ချားဖွယ်အတွေ့အကြုံကို ရေငုံနှုတ်ဆိတ်ထားကြ၏။ တိုင်တန်းလျှင်လည်း ဘာမျှထူးခြားလာမည်မဟုတ်ဟု သူတို့ဆင်ခြင်ကြသည်။ ထို့ထက်ကား မတရားပြုသည့် ခင်ပွန်းသည်များစွာသည် “ကျွန်တော့်မိန်းမက စိတ်လှုပ်ရှားလွယ်လွန်းလို့ပါ” သို့မဟုတ် “သူချဲ့ကားပြီးပြောတတ်တယ်” စသည့်စကားများဖြင့် စွဲချက်များကို ငြင်းပယ်တတ်ကြသည်။

အမျိုးသမီးများစွာသည် အလုံခြုံဆုံးနေရာဟု သူတို့ယူဆသည့် ၎င်းတို့၏အိမ်တွင်ပင် အရိုက်အပုတ်ခံရမည်ကို အမြဲကြောက်နေရသည်မှာ စိတ်မကောင်းစရာပင်။ သို့တိုင် ခံရသူဘက်မှမဟုတ်ဘဲ မတရားပြုသူဘက်မှ စာနာမှုပြတတ်ကြပြန်သည်။ ဧကန်စင်စစ် တချို့သည် ဖြောင့်မှန်ပုံရသည့် အမျိုးသားတစ်ဦးက မိမိ၏အိမ်ထောင်ဖက်ကို ရိုက်နှက်လိမ့်မည်ဆိုသည်ကို ယုံကြည်နိုင်ကြမည်မဟုတ်ချေ။ လေးစားခံရသောခင်ပွန်း၏ မတရားပြုမှုအကြောင်း အနီတာ ထုတ်ဖော်ပြောချိန်တွင် သူတွေ့ကြုံရသည့် အဖြစ်ကို သုံးသပ်ကြည့်ပါ။ “ကျွန်မတို့ရဲ့ အသိအကျွမ်းတွေထဲက တစ်ယောက်က ကျွန်မကို ဒီလိုပြောပါတယ်– ‘ဒီလောက်ကောင်းတဲ့လင်သားကို မင်းမို့လို့ စွပ်စွဲရက်တယ်။’ ကျွန်မကပဲ တစ်နည်းနည်းနဲ့ သူ့ကိုဒေါသဆွပေးတာဖြစ်ရမယ်ဆိုပြီး နောက်တစ်ယောက်က ပြောပါတယ်! ကျွန်မရဲ့ခင်ပွန်းအကြောင်း ပေါ်သွားပြီးတဲ့နောက်တောင် ကျွန်မရဲ့မိတ်ဆွေတချို့က ကျွန်မကို ရှောင်စပြုကြတယ်။ ‘ယောက်ျားသားတွေဟာ အဲဒီလိုပဲဆိုတော့’  ကျွန်မဘက်က သူ့ကိုသည်းခံပြီး နေသင့်တယ်လို့ သူတို့ယူဆကြတယ်လေ။”

အနီတာတွေ့ကြုံရသကဲ့သို့ အိမ်ထောင်ဖက်၏အမှန်ရက်စက်ကြမ်းကြုတ်မှုကို လူများစွာတို့ သိမြင်နားလည်ရခက်နေကြသည်။ သူချစ်လှပါသည်ဟုဆိုသည့် အမျိုးသမီးအပေါ် ရက်စက်စွာပြုမူရန် အမျိုးသားတစ်ဦးကို အဘယ်အရာက လှုံ့ဆော်ပေးသနည်း။ အကြမ်းဖက်ခံနေရသူများကို မည်သို့ကူညီပေးနိုင်သနည်း။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 2 ဤအခန်းဆက်ဆောင်းပါးများမှ အမည်များကို ပြောင်းထားသည်။

^ အပိုဒ်၊ 7 အမျိုးသားများစွာမှာလည်း အကြမ်းဖက်ခံနေရကြောင်း ကျွန်ုပ်တို့သိရှိပါသည်။ သို့သော် အမျိုးသမီးများသည် ပိုမိုဆိုးရွားသည့် ထိခိုက်အနာတရဖြစ်မှုများကို ပိုမိုကြုံရဖွယ်ရှိကြောင်း လေ့လာမှုများက ဖော်ပြ၏။ ထို့ကြောင့် ဤဆောင်းပါးများတွင် အမျိုးသမီးများကို မတရားပြုခံရသူနေရာမှ ဆွေးနွေးထားသည်။

[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အိမ်တွင်းအကြမ်းဖက်မှု မြင်ကွင်းကျယ်

အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ၏ကြေညာစာတမ်းအရ “အမျိုးသမီးများအား အကြမ်းဖက်မှု” ဟူသည့်ဝေါဟာရသည် “လူသိရှင်ကြားဖြစ်ပျက်ခြင်းဖြစ်စေ၊ လူမသိသူမသိဖြစ်ပျက်ခြင်းဖြစ်စေ လွတ်လပ်မှုဆုံးရှုံးစေသည့် နှိပ်ကွပ်မှု သို့မဟုတ် နိုင်ထက်စီးနင်းပြုမှုစသည့် အန္တရာယ်ဖြစ်စေသည့် လုပ်ရပ်များအပါအဝင် ကာယရေး၊ လိင်ဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာအရ အမျိုးသမီးများကို ထိခိုက်နာကျင်စေနိုင်ဖွယ်ရှိသည့် ကျားမလိင်-အခြေခံသည့် မည်သည့်အကြမ်းဖက်မဆို” ကိုဆိုလိုနိုင်သည်။ ဤအကြမ်းဖက်မှုတွင်အကျုံးဝင်သည့် အခြားအရာများမှာ “ရိုက်နှက်ခြင်း၊ အမျိုးသမီးမိန်းကလေးငယ်များကို လိင်ဆိုင်ရာမတရားပြုခြင်း၊ သတို့သမီးဘက်မှပေးရသည့် ကွမ်းဖိုးပစ္စည်းနှင့်ဆက်နွှယ်သော အကြမ်းဖက်မှု၊ အိမ်ထောင်ဖက်ကို မတရားပြုကျင့်မှု၊ အမျိုးသမီးလိင်အင်္ဂါဆိုင်ရာများကို ဖြတ်တောက်ခြင်းနှင့် အမျိုးသမီးများကို အန္တရာယ်ပြုသည့် အခြားထုံးတမ်းစဉ်လာများအပါအဝင် မိသားစုအတွင်း၊ ရပ်ကွက်အသိုင်းအဝိုင်းတွင် ဖြစ်ပျက်သည့် ကာယရေး၊ လိင်ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ပါဝင်သည်။”