မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရိုက်နှက်ခံနေရသည့် အမျိုးသမီးများအတွက် အကူအညီ

ရိုက်နှက်ခံနေရသည့် အမျိုးသမီးများအတွက် အကူအညီ

ရိုက်နှက်ခံနေရသည့် အမျိုးသမီးများအတွက် အကူအညီ

အကြမ်းဖက်ခံနေရသည့် အမျိုးသမီးများကို မည်သို့ကူညီပေးနိုင်သနည်း။ ဦးဆုံး၊ သူတို့ကြုံနေရသည့် အခက်အခဲကို နားလည်ဖို့လိုမည်။ ရိုက်နှက်တတ်သူများကြောင့် ထိခိုက်မှုသည် များသောအားဖြင့် ကာယပိုင်းသာမကချေ။ များသောအားဖြင့် စကားဖြင့် ကြိမ်းမောင်းခြောက်လှန့်မှုများ ပါဝင်လေ့ရှိရာ ခံရသူခမျာမှာ မိမိသည် တန်ဖိုးမရှိ၊ မျှော်လင့်ချက်မရှိဟူ၍ ခံစားသွားရသည်။

အဖွင့်ဆောင်းပါးတွင် ပြန်၍ဖော်ပြထားသော ရိုစာနာ၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ တစ်ခါတစ်ရံ ခင်ပွန်းဖြစ်သူသည် စကားလုံးများဖြင့် ထိုးနှက်တတ်သည်။ “ကျွန်မကို ရှုတ်ချတဲ့အမည်တွေတပ်ပြီးခေါ်တယ်။ ‘ကျောင်းတောင်မှ မပြီးတဲ့မိန်းမ။ ငါမရှိဘဲနဲ့ ကလေးတွေကို မင်းစောင့်ရှောက်နိုင်မှာမို့လို့လား။ အပျင်းထူပြီး တော်တော်စိတ်ပျက်စရာကောင်းတဲ့မအေပဲ။ မင်းသာ ငါ့ကိုစွန့်သွားရင် အစိုးရက ကလေးတွေကို မင်းနဲ့အတူပေးနေမယ်လို့ ထင်နေသလား’ ဆိုပြီး သူပြောတယ်” ဟု ရိုစာနာက ရင်ဖွင့်ခဲ့သည်။

ရိုစာနာ၏ခင်ပွန်းသည် ငွေအားလုံးကို မိမိလက်ထဲတွင်သာထားကာ ထိန်းချုပ်ထား၏။ သူ့အား ကားသုံးခွင့်မပေး၊ သူဘာလုပ်နေသည်ကိုသိဖို့ တစ်ချိန်လုံး ဖုန်းဆက်မေးတတ်သည်။ သူပိုကြိုက်နှစ်သက်ရာတစ်ခုကို တင်ပြမိလျှင် ဒေါသပေါက်ကွဲတော့သည်။ ရလဒ်အနေနှင့် ရိုစာနာသည် ဘာထင်ကြေးမှ မပေးရဲတော့ချေ။

ကျွန်ုပ်တို့သိရှိခဲ့သည့်အတိုင်း အိမ်ထောင်ဖက်မတရားပြုမှုသည် ရှုပ်ထွေးခက်ခဲသည့်ပြဿနာမျိုးဖြစ်သည်။ ထောက်မကူညီပေးရန် စာနာထောက်ထားစွာ နားထောင်ပေးပါ။ မတရားပြုခံရသူတစ်ဦးအတွက် သူအဘယ်အရာကြုံနေရကြောင်း ပြောပြရန်မှာ များသောအားဖြင့် အတော်အတန်ခက်ခဲလေ့ရှိကြောင်း သတိရပါ။ သင့်ပန်းတိုင်မှာ အခြေအနေကို သူ့နည်းသူ့ဟန်ဖြင့် ဖြေရှင်းနေစဉ် မတရားပြုခံရသူကို အားပေးရန်ဖြစ်သင့်သည်။

ရိုက်နှက်ခံနေရသော အမျိုးသမီးတချို့သည် အာဏာပိုင်များထံ အကူအညီတောင်းရန် လိုကောင်းလိုပေမည်။ တစ်ခါတစ်ရံ ရဲများပါ ပါလာသည့်အဆင့်ရောက်သည့်အထိ အခြေအနေအတော်ဆိုးသွားခြင်းကြောင့် မိမိ၏လုပ်ရပ်ဆိုးရွားမှုကို မတရားပြုသည့်အမျိုးသားတစ်ဦး သဘောပေါက်သွားနိုင်သည်။ သို့ရာတွင် ထိုအခြေအနေဆိုး လွန်သွားပြီးနောက်ပိုင်း ပြောင်းလဲရန် ဦးတည်ချက်မှန်သမျှသည် ပျက်ပြယ်သွားလေ့ရှိတတ်သည်မှာ မငြင်းသာပေ။

ရိုက်နှက်ခံနေရသည့်ဇနီးသည် ခင်ပွန်းဖြစ်သူကို စွန့်ခွာသင့်သလော။ ကျမ်းစာက လင်မယားတို့သီးခြားခွဲနေခြင်းကို ပေါ့ပေါ့တန်တန်ကိစ္စဟု မရှုမြင်ချေ။ တစ်ချိန်တည်းတွင် ရိုက်နှက်ခံနေရသည့် ဇနီးတစ်ဦးသည် မိမိ၏ကျန်းမာရေးနှင့် အသက်အန္တရာယ်ကိုပင် ထိခိုက်စေနိုင်သည့် အမျိုးသားတစ်ဦးနှင့်အတူ ဆက်နေရန် တာဝန်မရှိပေ။ ခရစ်ယာန်တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ကွာသွားလျှင် ခင်ပွန်းမရှိဘဲနေစေ။ သို့မဟုတ်လျှင်၊ ခင်ပွန်းဟောင်းထံသို့ပြန်၍ အသင့်အတင့်နေစေ။” (၁ ကောရိန္သု ၇:၁၀-၁၆သမ္မာ) အလွန်ဆိုးရွားသည့်အခြေအနေများတွင် ခွဲနေခြင်းကို ကျမ်းစာက တားမြစ်မထားသောကြောင့် အမျိုးသမီးတစ်ဦးအတွက် ဤကိစ္စမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်သည်။ (ဂလာတိ ၆:⁠၅) ဇနီးသည်တစ်ဦး သူ၏ခင်ပွန်းအား စွန့်ခွာသွားစေရန် မည်သူကမျှ မဖျောင်းဖျသင့်သလို ကျန်းမာရေး၊ အသက်နှင့် ဝိညာဉ်ရေးအန္တရာယ်ရှိနေသော ရိုက်နှက်ခံနေရသည့် အမျိုးသမီးတစ်ဦးအား မတရားပြုသောအမျိုးသားတစ်ဦးနှင့် ဆက်ပေါင်းရန်လည်း ဖိအားမပေးသင့်ချေ။

ရိုက်နှက်တတ်သူများအတွက် မျှော်လင့်ချက်ရှိသလော

အိမ်ထောင်ဖက်အားမတရားပြုခြင်းသည် ကျမ်းစာမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်။ ဧဖက် ၄:၂၉၊ ၃၁ တွင် ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ညစ်ညူးသောစကားတစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲကမထွက်စေနှင့်။ . . . ခပ်သိမ်းသောစိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်းတို့ကိုလည်းကောင်း၊ ခပ်သိမ်းသောမနာလိုခြင်းကိုလည်းကောင်း သင်တို့မှပယ်ရှားကြလော့။”

ခရစ်တော်၏နောက်လိုက်တစ်ဦးပါဟု ဆိုသည့်ခင်ပွန်းတစ်ဦးသည် မိမိ၏ဇနီးသည်အား မတရားပြုနေမည်ဆိုလျှင် ဇနီးအားချစ်သည်ဟု စင်စစ်မဆိုနိုင်ချေ။ မိမိ၏ဇနီးအားနှိပ်စက်မည်ဆိုလျှင် သူ၏ကောင်းသောတခြားလုပ်ရပ်အားလုံးသည် အဘယ်တန်ဖိုးရှိတော့မည်နည်း။ ‘သူတစ်ပါးကိုရိုက်ပုတ်သူ’ တစ်ဦးသည် ခရစ်ယာန်အသင်းတော်တွင် အခွင့်ထူးများအတွက် အရည်အချင်းမပြည့်မီချေ။ (၁ တိမောသေ ၃:၃; ၁ ကောရိန္သု ၁၃:၁-၃) စင်စစ်အားဖြင့် အမျက်ဒေါသအလျောက် ထပ်ခါတလဲ၊ နောင်တမရဘဲ ပြုမူနေသည့် ခရစ်ယာန်မှန်သမျှသည် ခရစ်ယာန်အသင်းတော်မှ နှင်ထုတ်ခံရနိုင်သည်။—⁠ဂလာတိ ၅:၁၉-၂၁; ၂ ယောဟန် ၉၊ ၁၀

အကြမ်းဖက်သည့်အမျိုးသားများသည် သူတို့၏အမူအကျင့်ကို ပြောင်းလဲနိုင်ပါမည်လော။ တချို့ပြောင်းလဲခဲ့ကြပြီ။ သို့ရာတွင် ရိုက်နှက်တတ်သူတစ်ဦးသည် (၁) သူ၏အပြုအမူ မှားကြောင်းဝန်မခံလျှင်၊ (၂) သူ၏လမ်းစဉ်ကို မပြောင်းလဲလိုလျှင်၊ (၃) အကူအညီမရှာလျှင် ပြောင်းလဲလိမ့်မည်မဟုတ်ချေ။ ကျမ်းစာတွင် ပြောင်းလဲပေးနိုင်သည့် အစွမ်းသတ္တိရှိကြောင်း ယေဟောဝါသက်သေများ တွေ့ရှိထားကြပြီ။ သူတို့နှင့်ကျမ်းစာလေ့လာနေသည့် စိတ်ဝင်စားသူများစွာတို့စိတ်ဝယ် ဘုရားသခင်၏ စိတ်တော်နှင့်တွေ့လိုသည့်ဆန္ဒ တဖွားဖွားပေါ်ပေါက်လာခဲ့ကြပြီ။ “လုယူဖျက်ဆီးလိုသောသူကို ဝိညာဉ်တော်သည် မုန်းတော်မူ” ကြောင်း ယေဟောဝါဘုရားသခင်နှင့်စပ်လျဉ်း၍ ဤကျမ်းစာသင်သားသစ်များ သိရှိနေကြလေပြီ။ (ဆာလံ ၁၁:⁠၅) မှန်ပါသည်၊ ရိုက်နှက်တတ်သူတစ်ဦးအတွက် သူ၏အမူအကျင့်ကို ပြောင်းလဲခြင်းတွင် မထိုးမကြိတ်ခြင်းထက်မက ပါဝင်ပတ်သက်၏။ ဇနီးဖြစ်သူအပေါ် လုံးဝခြားနားသည့် သဘောထားသစ်တစ်ခုထားတတ်လာဖို့လည်း လိုသည်။

အမျိုးသားတစ်ဦးသည် ဘုရားသခင်နှင့်ဆိုင်သောအသိပညာ ရရှိသောအခါ ဇနီးဖြစ်သူကို ကျွန်တစ်ယောက်ကဲ့သို့မဟုတ်ဘဲ ‘အထောက်အမ’ အဖြစ်၊ ဂုဏ်ရည်နိမ့်သူအဖြစ်မဟုတ်ဘဲ ‘ဂုဏ်တင်’ ရမည့်သူအဖြစ် ရှုမြင်ရမည်ဖြစ်ကြောင်း သိရှိလာသည်။ (ကမ္ဘာဦး ၂:၁၈; ၁ ပေတရု ၃:⁠၇) ဇနီး၏ရှုမြင်ပုံကို ထောက်ထားစာနာပေးပြီး နားထောင်ပေးရန်လိုအပ်ကြောင်းလည်း သိရှိလာသည်။ (ကမ္ဘာဦး ၂၁:၁၂; ဒေ. ၄:⁠၁) ယေဟောဝါသက်သေများကမ်းလှမ်းသည့် ကျမ်းစာသင်အံမှုအစီအစဉ်သည် မောင်နှံများစွာကို ကူညီပေးခဲ့ပြီ။ ခရစ်ယာန်မိသားစုတွင် နိုင်ထက်စီးနင်းပြုသူ၊ တရားလက်လွတ်ပြုမူသူ သို့မဟုတ် အနိုင်ကျင့်သူတို့အတွက် နေရာမရှိပါ။—⁠ဧဖက် ၅:၂၅၊ ၂၈၊ ၂၉

“ဘုရားသခင်၏ [စကား] တော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်” တတ်၏။ (ဟေဗြဲ ၄:၁၂) သို့ဖြစ်၍ သမ္မာကျမ်းစာတွင်ပါရှိသော ဉာဏ်ပညာသည် မောင်နှံစုံများ ရင်ဆိုင်ရသည့် ပြဿနာများကိုခွဲခြမ်းစိတ်ဖြာပြီး ယင်းတို့ကိုဖြေရှင်းရန် ရဲစွမ်းသတ္တိရှိဖို့ ကူညီပေးနိုင်သည်။ ထို့အပြင် ယေဟောဝါ၏ကောင်းကင်ဘုရင်က နာခံမှုရှိသောလူသားအားလုံးကို အုပ်စိုးသည့်အခါ အကြမ်းဖက်မှုမရှိသည့် ကမ္ဘာတစ်ခုတွေ့မြင်ရေးနှင့်ပတ်သက်သည့် သေချာပြီး နှစ်သိမ့်မှုပေးသော မျှော်လင့်ချက်အကြောင်း သမ္မာကျမ်းစာတွင် ပါရှိသည်။ ကျမ်းစာက ဤသို့ဆိုသည်– “ငတ်မွတ်သောသူအော်ဟစ်သောအခါ ထိုသူကိုလည်းကောင်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်။ သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှဉ်းဆဲခြင်း၏လက်မှရွေးနုတ်၍ သူတို့အသွေးကို နှမြောတော်မူလိမ့်မည်။”—⁠ဆာလံ ၇၂:၁၂၊ ၁၄

[စာမျက်နှာ ၁၂ ပါ အကျဉ်းဖော်ပြချက်]

ခရစ်ယာန်မိသားစုတွင် နိုင်ထက်စီးနင်းပြုသူ၊ တရားလက်လွတ်ပြုမူသူ သို့မဟုတ် အနိုင်ကျင့်သူတို့ အတွက် နေရာမရှိပါ

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]

အယူအဆလွဲမှားမှုများကို ပြုပြင်ခြင်း

• ရိုက်နှက်ခံနေရသော ဇနီးများသည် ခင်ပွန်းများ၏အပြုအမူများအတွက် တာဝန်ရှိသည်။

ရိုက်နှက်တတ်သူများစွာသည် ၎င်းတို့၏လုပ်ရပ်များအတွက် အပြစ်မရှိကြောင်း ငြင်းဆိုကာ ဇနီးများက ဒေါသလာဆွပေး၍လုပ်ရပါသည်ဟု ဆိုကြသည်။ မိသားစု၏မိတ်ဆွေတချို့ပင် မိန်းမဖြစ်သူက ဒီလောက်လက်ပေါက်ကပ်မှတော့ ယောက်ျားက မကြာခဏဆိုသလို ဒေါသပေါက်ကွဲတာဟာ ဘာဆန်းလဲဟု သဘောပိုက်တတ်ကြသည်။ သို့သော် ဤသဘောထားသည် မတရားပြုခံရသူကို အပြစ်ပုံချပြီး တိုက်ခိုက်သူ၌ အပြစ်မရှိဟုဆိုခြင်းနှင့်အတူတူပင်။ စင်စစ်အားဖြင့် ရိုက်နှက်ခံနေရသော ဇနီးများသည် ခင်ပွန်းနှင့်ပြေလည်မှုရရန် အထူးတလည် ကြိုးစားလေ့ရှိတတ်ကြသည်။ ထို့အပြင် မည်သည့်အခြေအနေမျိုးပင်ဖြစ်စေ မိမိ၏အိမ်ထောင်ဖက်အား ရိုက်နှက်ခြင်းသည် သင့်မြတ်လျော်ကန်ခြင်း မရှိပါ။ ရိုက်နှက်တတ်သူ—⁠စိတ်ပိုင်းဆိုင်ရာ ကောက်ကြောင်းစာအုပ်က ဤသို့ဆိုသည်– “ဇနီးအား ထိုးနှက်ရိုက်ပုတ်သည့်အတွက် တရားရုံးသို့ အပို့ခံရသည့်အမျိုးသားများသည် အကြမ်းမဖက်ရလျှင် မနေနိုင်သူများဖြစ်ကြသည်။ ယင်းကို ဒေါသနှင့် စိတ်ဓာတ်ကျဆင်းမှု ထွက်ပေါက်တစ်ခု၊ ပဋိပက္ခများကို ထိန်းချုပ်ဖြေရှင်းနည်း၊ တင်းမာမှုလျှော့ချနည်းတစ်ခုအဖြစ် အသုံးချကြသည်။ . . . သူတို့၏တာဝန်ရှိမှုကိုပင် အသိအမှတ်မပြု၊ ပြဿနာကို အလေးအနက်စဉ်းစားကြည့်ခြင်းပင်မရှိကြချေ။”

• အရက်မူးသောကြောင့် ယောက်ျားက မိမိ၏ဇနီးအား ရိုက်နှက်မိခြင်းဖြစ်သည်။

တချို့အမျိုးသားများသည် သူတို့သောက်စားထားသောအခါ ပိုမိုအကြမ်းဖက်တတ်ကြသည်မှာ မှန်ပါသည်။ သို့သော် အရက်ပေါ် အပြစ်ပုံချခြင်းသည် လျော်ကန်ပါသလော။ “မူးယစ်နေခြင်းကြောင့် ရိုက်နှက်သူသည် မိမိ၏အပြုအမူအတွက် မိမိကိုယ်ကိုထက် အခြားတစ်ခုခုအပေါ် အပြစ်ပုံချတတ်သည်” ဟုအိမ်တွင်း၌ အကြမ်းဖက်မှုအစပျိုးချိန်ဟူသည့် သူ၏စာအုပ်တွင် ကေ.ဂျေ. ဝီလ်ဆင်က ရေးသားသည်။ သူက ဤသို့ဆက်ရေးသည်– “ကျွန်မတို့ရဲ့လူ့အသိုင်းအဝိုင်းမှာ အိမ်တွင်းအကြမ်းဖက်မှုဟာ အမူးသမားကြောင့်ဖြစ်တဲ့အခါ ပိုပြီးနားလည်သွားကြပုံရတယ်။ မတရားပြုခံနေရတဲ့ အမျိုးသမီးဟာ မိမိရဲ့အိမ်ထောင်ဖက်ကို မတရားပြုသူလို့မယူမှတ်နိုင်သေးဘဲ သောက်ကြူးသူ ဒါမှမဟုတ် အရက်ချိုးလို့သာတွေးမြင်နေနိုင်တယ်။” ထိုအတွေးမျိုးကြောင့် အမျိုးသမီးတစ်ဦးက “သူအရက်ပြတ်သွားရင်တော့ အကြမ်းဖက်တော့မှာမဟုတ်ပါဘူး” ဟုမျှော်လင့်ချက်မှား ထားမိသွားနိုင်သည်ဟု ဝီလ်ဆင်က ထောက်ပြသည်။

လောလောဆယ်တွင် သုတေသီများစွာက သောက်စားခြင်းနှင့် ရိုက်နှက်ခြင်းကို သီးခြားပြဿနာနှစ်ရပ်အဖြစ် ယူဆကြသည်။ အမှန်သော် အရက် သို့မဟုတ် မူးယစ်ဆေးကို လွန်ကျွံစွာသုံးစွဲနေသည့် အမျိုးသားအများစုသည် ၎င်းတို့၏အိမ်ထောင်ဖက်များအား မရိုက်နှက်တတ်ကြချေ။ အမျိုးသားများက အမျိုးသမီးများကို ရိုက်နှက်ချိန်ဝယ်စာအုပ်ကို ရေးသားသူက ဤသို့ဖော်ပြသည်– “ရိုက်နှက်ခြင်းသည် ရိုက်နှက်ခံနေရသည့် အမျိုးသမီးကို ထိန်းချုပ်နိုင်ခြင်း၊ ခြိမ်းခြောက်နိုင်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ထားနိုင်ခြင်းတို့ကြောင့် ယင်းရိုက်နှက်ခြင်းသည် အခြေခံအားဖြင့် ဆက်ရှိနေရခြင်း ဖြစ်သည်။ . . . အရက်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့သည် ရိုက်နှက်တတ်သူတို့၏ ဘဝကဏ္ဍအဝင် ဖြစ်သည်။ သို့သော် အရက် သို့မဟုတ် မူးယစ်ဆေးဝါးကို အကြမ်းဖက်မှုဖြစ်စေသည့် အကြောင်းရင်းအဖြစ်ယူမှတ်လျှင် မှားပေမည်။”

ရိုက်နှက်တတ်သူများသည် လူတိုင်းကို အကြမ်းဖက်ကြသည်။

ရိုက်နှက်တတ်သူသည် အခြားသူများအတွက် နှစ်လိုဖွယ်မိတ်ဆွေကောင်း အရည်အသွေး ရှိနေတတ်သည်။ အကောင်းအဆိုး စရိုက်နှစ်မျိုးရှိသူ ဖြစ်၏။ ယင်းကြောင့် မိသားစု၏မိတ်ဆွေများသည် သူ၏အကြမ်းဖက်သည့် အကြောင်းများကို မယုံကြည်နိုင်စရာဖြစ်စေပေမည်။ သို့တိုင် အမှန်တရားမှာ ဇနီးကိုရိုက်နှက်တတ်သူသည် ဇနီးဖြစ်သူကို ချုပ်ကိုင်နည်းတစ်ခုအဖြစ် ရက်စက်ကြမ်းကြုတ်မှုကို ရွေးချယ်သည်။

• အမျိုးသမီးများသည် နှိပ်စက်သည်ကို မငြင်းဆန်ကြချေ။

ဤအယူအဆသည် ပြေးစရာနေရာမရှိသည့် အမျိုးသမီး၏ မျှော်လင့်ချက်မဲ့သည့်အခြေအနေကို နားမလည်ခြင်းမှ ပေါက်ဖွားလာပုံရသည်။ ရိုက်နှက်ခံနေရသည့်ဇနီး၌ သူ့ကိုတစ်ပတ်တန်တန်၊ နှစ်ပတ် တန်တန် ခေါ်ထားကြည့်ရှုပေးမည့် မိတ်ဆွေများရှိပေမည်၊ သို့သော် ယင်းနောက်ကော။ တစ်ဖက်က ကလေးများကို ကျွေးမွေးစောင့်ရှောက်ရင်း အခြားတစ်ဖက်မှလည်း အလုပ်တစ်ခုရှာကာ အိမ်လခပေးဖို့ဆိုသည်မှာ လက်မှိုင်ချစရာ အဟန့်များ ဖြစ်နေသည်။ ထို့အပြင် ဥပဒေက ကလေးများနှင့်ထွက်ပြေးခြင်းကို တားမြစ်ပေမည်။ တချို့မှာမူ ထွက်ပြေးခဲ့ကြသော်လည်း ရှာဖွေတွေ့ရှိသွား၍ အတင်းအကျပ်ဖြစ်စေ၊ ချော့မော့၍ဖြစ်စေ ပြန်ခေါ်ဆောင်ခံရသည်။ နားမလည်သည့်မိတ်ဆွေများသည် ထိုအမျိုးသမီးများအား နှိပ်စက်သည်ကို မငြင်းဆန်ဟု မှားယွင်းစွာ ယူဆမိနိုင်ပေသည်။